သစ္စာစောင့်သိခြင်းသည် အကျိုးရှိ
နိုင်ငံတချို့တွင် ကလေးတို့သည် ကစားဖော်များ၏ သိုးမွေးအင်္ကျီပေါ် ကပ်စေးနှဲသီးများကပ်၍ ကျီစယ်ရသည်ကို နှစ်သက်ကြသည်။ ကစားဖော်က လမ်းလျှောက်၊ ပြေးလွှား၊ လှုပ်ခါ၊ ခုန်ပေါက်သည့်တိုင် ကပ်စေးနှဲသီးများသည် သိုးမွေးပေါ်တွယ်ကပ်နေသည်။ ယင်းတို့ကိုဖယ်ရှားနိုင်မည့် တစ်ခုတည်းသောနည်းမှာ တစ်ခုချင်းစီ ဆွဲဖြုတ်ခြင်းဖြစ်၏။ ယင်းကစားနည်းက ကလေးများအတွက် အလွန်ပျော်စရာကောင်း၏။
မိမိအင်္ကျီပေါ်တွင် ကပ်စေးနှဲသီးကပ်နေသည်ကို မည်သူကမျှ နှစ်သက်မည်မဟုတ်ပေ၊ သို့သော် ကပ်စေးနှဲသီး၏တွယ်ကပ်နိုင်စွမ်းကို လူတိုင်း အံ့အားသင့်ကြသည်။ သစ္စာစောင့်သိသူတစ်ဦးတွင်လည်း အလားတူ အရည်အသွေးမျိုးရှိသည်။ သစ္စာစောင့်သိသူသည် တစ်စုံတစ်ဦးနှင့် ဆက်ဆံရေးခိုင်မြဲနေတတ်သည်။ သူသည် ခက်ခဲသောအခြေအနေများတွင်ပင် ဆက်ဆံရေးခိုင်မြဲနေစေရန် ပြုလုပ်ရမည့် တာဝန်နှင့်ဝတ္တရားများကို သစ္စာရှိရှိလုပ်ဆောင်သည်။ “သစ္စာစောင့်သိခြင်း” ဟူသည့်စကားလုံးက ဟုတ်မှန်ခြင်း၊ သစ္စာခံခြင်း၊ ဆည်းကပ်မြှုပ်နှံခြင်းကဲ့သို့သော အကျင့်ကောင်းများကို စိတ်ထဲမြင်ယောင်စေသည်။ လူတို့က သင့်အပေါ် သစ္စာစောင့်သိသည်ကို သင်လေးမြတ်မည်ဖြစ်သော်လည်း အခြားသူအပေါ် သစ္စာစောင့်သိရန် သင် စိတ်ပိုင်းဖြတ်ထားပါသလော။ သို့ဆိုလျှင် မည်သူတို့ကို သစ္စာစောင့်သိသင့်သနည်း။
အိမ်ထောင်တွင် သစ္စာရှိခြင်းသည် အခြေခံလိုအပ်ချက်ဖြစ်
အိမ်ထောင်ရေးဟူသည် သစ္စာစောင့်သိဖို့ မရှိမဖြစ်လိုအပ်သော နယ်ပယ်တစ်ခုဖြစ်သော်လည်း အိမ်ထောင်တွင် မကြာခဏ သစ္စာမဲ့ကြခြင်းမှာ ဝမ်းနည်းစရာပင်။ လက်ထပ်ကတိကို သစ္စာစောင့်သည့် လင်ယောက်ျားနှင့် ဇနီးဖြစ်သူသည် အတူတကွနေထိုင်ကာ တစ်ယောက်အကျိုး တစ်ယောက်သယ်ပိုးကြသည်၊ ယင်းသည် ပျော်ရွှင်မှုနှင့် လုံခြုံမှုရရှိရန် အရေးကြီးသောခြေလှမ်းကို လှမ်းနေကြခြင်းဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ လူတို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်သစ္စာစောင့်သိရန် ဖန်ဆင်းခံရသောကြောင့်ဖြစ်သည်။ ဧဒင်ဥယျာဉ်တွင် အာဒံနှင့်ဧဝကို ထိမ်းမြားပေးခဲ့ချိန်က ဘုရားသခင် ဤသို့မိန့်ဆိုခဲ့သည်– “ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်။” ဇနီးဖြစ်သူလည်း ထို့အတူပင်၊ သူသည် ကိုယ့်ခင်ပွန်းကို မှီဝဲနေရမည်။ ခင်ပွန်းနှင့်ဇနီးဖြစ်သူတို့သည် အချင်းချင်းသစ္စာရှိပြီး ပူးပေါင်းလုပ်ဆောင်ကြရမည်။—ကမ္ဘာဦး ၂:၂၄; မဿဲ ၁၉:၃-၉။
ယင်းသည် နှစ်ပေါင်းထောင်ချီ ကြာခဲ့သည်မှာ မှန်ပါသည်။ ယင်းက ယနေ့ အိမ်ထောင်တွင် သစ္စာစောင့်သိခြင်းသည် ခေတ်နောက်ကျနေပြီဟု ဆိုလိုသလော။ မဆိုလိုပါဟု အများက ဖြေကြပေမည်။ အိမ်ထောင်ရေးတွင် သစ္စာရှိခြင်းသည် အလွန်အရေးကြီးသည်ဟု ၈၀ ရာခိုင်နှုန်းက ယူဆကြောင်း ဂျာမနီရှိသုတေသီများ တွေ့ရှိခဲ့ကြသည်။ အမျိုးသားနှင့် အမျိုးသမီးတို့၏ အနှစ်သက်ဆုံး အရည်အသွေးများကိုဖော်ထုတ်ရန် ဒုတိယအကြိမ် ဆန်းစစ်မှုတစ်ရပ်ပြုခဲ့သည်။ အမျိုးသားတစ်စုအား အမျိုးသမီးများထံမှ မိမိတို့အနှစ်သက်ဆုံး အရည်အသွေးငါးမျိုးကို ချရေးစေပြီး အမျိုးသမီးတစ်စုအား အမျိုးသားများထံမှ မိမိတို့အနှစ်သက်ဆုံး အရည်အသွေးငါးမျိုးကို ချရေးစေသည်။ အမျိုးသမီးရော၊ အမျိုးသားများပါ အလွန့်အလွန်တန်ဖိုးထားကြသည့် မွန်မြတ်သောအရည်အသွေးမှာ သစ္စာရှိခြင်းဖြစ်သည်။
မှန်ပါသည်၊ သစ္စာရှိခြင်းသည် အောင်မြင်သောအိမ်ထောင်ရေးအတွက် ခိုင်ခံ့သောအုတ်မြစ် တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သို့တိုင် ရှေ့ဆောင်းပါးတွင် ကျွန်ုပ်တွေ့ခဲ့ရသည့်အတိုင်း သစ္စာစောင့်သိခြင်းကို အများက နှစ်သက်သော်လည်း ကျင့်သုံးသူနည်းလှသည်။ ဥပမာ၊ နိုင်ငံများစွာတွင် ကွာရှင်းပြတ်စဲနှုန်း မြင့်မားနေခြင်းက သစ္စာမဲ့မှု နေရာတကာပျံ့နှံ့နေကြောင်း ထင်ရှားသည်။ အိမ်ထောင်ဖက်များသည် ယင်းသဘောထားကို မည်သို့တွန်းလှန်နိုင်မည်နည်း၊ အချင်းချင်းသစ္စာစောင့်သိနေဖို့ မည်သို့ပြုနိုင်မည်နည်း။
သစ္စာစောင့်သိခြင်းက အိမ်ထောင်ကို တည်တံ့ခိုင်မြဲစေ
အိမ်ထောင်ဖက်တစ်ဦးနှင့်တစ်ဦး အပြန်အလှန်သစ္စာနှံထားကြောင်းတင်ပြသော အခွင့်အရေးများရှာသည့်အခါတွင် သစ္စာစောင့်သိကြောင်း ဖော်ပြကြသည်။ ဥပမာ၊ “ငါ” ဟုပြောဆိုခြင်းထက် “တို့မိတ်ဆွေ၊” “တို့ကလေးတွေ၊” “တို့အိမ်၊” “တို့အဖြစ်အပျက်” အစရှိသဖြင့် “တို့” ဟုဆိုခြင်းက အများအားဖြင့် ပိုသင့်လျော်ပါသည်။ နေအိမ်၊ အလုပ်အကိုင်၊ သားသမီးမွေးမြူခြင်း၊ အပန်းဖြေခြင်း၊ အားလပ်ရက်များ၊ ဘာသာရေးလုပ်ဆောင်မှုများနှင့်စပ်လျဉ်း၍ အစီအစဉ်ဆွဲ၊ ဆုံးဖြတ်သည့်အခါ ခင်ပွန်းနှင့်ဇနီးဖြစ်သူတို့သည် အချင်းချင်း၏ သဘောထား၊ ထင်မြင်ယူဆချက်များကို ထည့်သွင်းစဉ်းစားသင့်သည်။—သု. ၁၁:၁၄; ၁၅:၂၂။
အိမ်ထောင်ဖက်အချင်းချင်း တစ်ဦးကိုတစ်ဦး မရှိမဖြစ်လိုအပ်ကြောင်း ခံစားရစေသည့်အခါ သစ္စာစောင့်သိကြောင်း ဖော်ပြကြသည်။ အိမ်ထောင်သည်တစ်ဦးသည် မိမိ၏အိမ်ထောင်ဖက်ဖြစ်သူက လိင်ခြားသူတစ်ဦးနှင့် အလွန်ရင်းနှီးသောအပြုအမူမျိုး ပြုသည့်အခါ စိတ်အားငယ်တတ်ကြသည်။ သမ္မာကျမ်းစာတွင် “အသက်အရွယ်ပျိုစဉ်ကာလ ပေါင်းဖော်သောမယား” အပေါ်သစ္စာရှိရန် အမျိုးသားများကို အကြံပေးထားသည်။ ခင်ပွန်းဖြစ်သူသည် မိမိဇနီးထက် အခြားအမျိုးသမီးကို ပိုချီးမွမ်းအလေးပေးသောဆန္ဒမျိုး မရှိသင့်ပါ။ သူသည် အခြားအမျိုးသမီးတစ်ဦးနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်စေနိုင်သော အခြေအနေမျိုးကို လုံးဝရှောင်ကြဉ်သင့်သည်။ “သူ့မယားကိုပြစ်မှားသောသူသည် ဉာဏ်မရှိ။ ထိုသို့ပြုသောသူသည် မိမိအသက်ကိုဖျက်ဆီးတတ်၏” ဟူ၍သမ္မာကျမ်းစာက သတိပေးထားသည်။ ဇနီးဖြစ်သူလည်း ထပ်တူသစ္စာရှိမှုဆိုင်ရာ မြင့်မားသည့်စံနှုန်းကို တင်ပြရမည်။—သု. ၅:၁၈; ၆:၃၂။
အိမ်ထောင်တွင် သစ္စာရှိခြင်းသည် အကျိုးရှိသလော။ အမှန်အကျိုးရှိပါသည်။ ယင်းက အိမ်ထောင်ကို တည်တံ့ခိုင်မြဲစေပြီး အိမ်ထောင်ဖက်နှစ်ဦးစလုံးကို အကျိုးခံစားရစေသည်။ သာဓကအနေနှင့် ခင်ပွန်းဖြစ်သူက ဇနီး၏ကောင်းကျိုးအတွက် သစ္စာရှိရှိ တာဝန်ယူလုပ်ဆောင်သည့်အခါ ဇနီးဖြစ်သူမှာ လုံခြုံသည်ဟုခံစားရပြီး မိမိဘက်မှလည်း အတတ်နိုင်ဆုံးအရည်အသွေးကောင်းတို့ကို တင်ပြစေသည်။ ခင်ပွန်းဖြစ်သူလည်း ထို့အတူပင်။ မိမိ၏ဇနီးအပေါ် သစ္စာရှိမည်ဟု စိတ်ပိုင်းဖြတ်ထားခြင်းက ဘဝကဏ္ဍအားလုံးတွင် ဖြောင့်မတ်သောမူများနှင့်အညီ ကျင့်ကြံရန် အကူအညီဖြစ်စေသည်။
ခင်ပွန်းနှင့် ဇနီးဖြစ်သူတို့ အခက်အခဲများကြုံတွေ့ရသော် သစ္စာစောင့်သိခြင်းက နှစ်ဦးစလုံးကို လုံခြုံမှုခံစားစေပါလိမ့်သည်။ အခြားတစ်ဖက်တွင်မူ သစ္စာမရှိသောအိမ်ထောင်တွင် ပြဿနာပေါ်လာသည့်အခါ ခွဲနေရန်၊ ကွာရှင်းရန် အကြောင်းရှာတတ်ကြသည်။ ထိုအခြေအနေမျိုးက ပြဿနာကိုပြေလည်စေမည့်အစား အခြားပြဿနာများသာ ဖြစ်ပေါ်စေသည်။ ၁၉၈၀ ပြည့်လွန်နှစ်များက နာမည်ကြီး ဖက်ရှင်အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးသည် ဇနီး၊ မိသားစုတို့နှင့် လမ်းခွဲခဲ့သည်။ လူလွတ်တစ်ဦးအနေနှင့် သူပျော်ရွှင်ခဲ့သလော။ အနှစ်နှစ်ဆယ်ကြာပြီးနောက် ဤသို့လမ်းခွဲခဲ့ခြင်းကြောင့် “အထီးကျန်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရကာ ကလေးများကို ညအိပ်ရာဝင်ချိန် နှုတ်ဆက်စကားပြောလို၍ အိပ်မပျော်နိုင်” ဖြစ်ရကြောင်း သူဝန်ခံခဲ့သည်။
မိဘနှင့် သားသမီးစပ်ကြား သစ္စာစောင့်သိခြင်း
မိဘအချင်းချင်း သစ္စာစောင့်သိကြသောအခါ ကလေးများထံ ယင်းအရည်အသွေး ကူးစက်သွားပေမည်။ သစ္စာမေတ္တာလွှမ်းခြုံသော မိသားစုမှ ကြီးပြင်းလာသည့် ကလေးများသည် နောက်ပိုင်းတွင် ၎င်းတို့၏အိမ်ထောင်ဖက်နှင့် အိုမင်းမစွမ်းမိဘများအပေါ် တာဝန်သိသိ ပြုမူဆောင်ရွက်ရန် ပို၍လွယ်ကူကြောင်း တွေ့ရပေမည်။—၁ တိမောသေ ၅:၄၊ ၈။
မိဘများသာ ဦးဆုံး မစွမ်းမသန်ဖြစ်တတ်ကြသည်မဟုတ်ပေ။ တစ်ခါတစ်ရံ ကလေးတစ်ဦးကိုလည်း သစ္စာရှိရှိ ဂရုစိုက်ပေးဖို့လိုသည်။ ယေဟောဝါသက်သေများဖြစ်သည်မှာ အနှစ် ၄၀ ကျော်ပြီဖြစ်သော ဟာဘတ်နှင့် ဂါထရွတ်တို့၏ အခြေအနေမှာ ထိုသို့ဖြစ်ခဲ့သည်။ သူတို့၏သားလေး ဒီထ်မာသည် ကြွက်သားကြုံလှီရောဂါကို ဘဝတစ်လျှောက်လုံး ခံစားခဲ့ရသည်။ ၂၀၀၂၊ နိုဝင်ဘာလတွင် ဒီထ်မာကွယ်လွန်ခဲ့သည်၊ သူမကွယ်လွန်မီ ခုနစ်နှစ်လုံးလုံး နေ့ရောညပါ ဂရုစိုက်စောင့်ရှောက်ပေးဖို့ လိုအပ်ခဲ့သည်။ မိဘများသည် သူ၏လိုအပ်ရာကို မေတ္တာဖြင့် ဂရုစိုက်ဖြည့်ဆည်းပေးခဲ့သည်။ ဆေးပစ္စည်းကိရိယာများပင် အိမ်တွင် တပ်ဆင်ပြီး ဆေးပညာအကြောင်း သင်ယူခဲ့ကြသည်။ မိသားစုတွင်း သစ္စာစောင့်သိခြင်း၏ ပုံနမူနာကောင်းပင်!
မိတ်ဆွေဖွဲ့ရာတွင် သစ္စာရှိခြင်း အရေးပါ
“လူတစ်ယောက်ဟာ အိမ်ထောင်ဖက်မရှိလည်း ပျော်ရွှင်နိုင်ပေမဲ့ မိတ်ဆွေတစ်ယောက်မှမရှိရင် ပျော်ရွှင်နိုင်မှာမဟုတ်ဘူး” ဟုဘရစ်ဂျစ် ပြောခဲ့သည်။ သင် သဘောတူပေလိမ့်မည်။ သင်သည် အိမ်ထောင်သည်ဖြစ်စေ၊ လူလွတ်ဖြစ်စေ မိတ်ဆွေကောင်းတစ်ဦး၏ သစ္စာစောင့်သိမှုက သင့်အား စိတ်ကြည်နူးစေပြီး ဘဝကို ပြီးပြည့်စုံစေသည်။ သင်သည် အိမ်ထောင်သည်ဖြစ်ပါက သင်၏အရင်းနှီးဆုံးမိတ်ဆွေသည် သင့်အိမ်ထောင်ဖက်ပင် ဖြစ်သင့်သည်။
မိတ်ဆွေဟူသည် အသိအကျွမ်းမျှသာ မဟုတ်ပါ။ ကျွန်ုပ်တို့တွင် အိမ်နီးချင်းများ၊ အလုပ်ဖော်များ၊ ရံဖန်ရံခါတွေ့ဆုံရသူများစသော အသိအကျွမ်းများရှိပေမည်။ မိတ်စစ်ဆွေစစ်ဟူသည် အချိန်၊ ခွန်အား၊ စိတ်ပိုင်းအပ်နှံမှုတို့ ပေးဆပ်ရသည်။ တစ်ဦးတစ်ယောက်၏ မိတ်ဆွေဖြစ်ရခြင်းသည် ဂုဏ်ယူစရာပင်။ မိတ်ဆွေဖြစ်ခြင်းသည် အကျိုးကျေးဇူးများရှိသကဲ့သို့ လုပ်ဆောင်ရမည့်တာဝန်များလည်း ရှိသည်။
ကျွန်ုပ်တို့၏မိတ်ဆွေများနှင့် ကောင်းသောဆက်သွယ်ရေးရှိခြင်းက မရှိမဖြစ်ပေ။ အဆိုပါဆက်သွယ်ရေးသည် အခြေအနေအရ လိုအပ်သလို ဆက်သွယ်ပြောဆိုခြင်းဖြစ်နိုင်သည်။ “ကျွန်မတို့ တစ်ယောက်ယောက်မှာ ပြဿနာရှိရင် ကျွန်မသူငယ်ချင်းနဲ့ တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ် ဖုန်းဆက်ပြောဆိုကြတယ်။ သူရှိနေတယ်၊ သူနားထောင်ပေးနေတယ်ဆိုတာ သိရလို့ စိတ်သက်သာရာရတယ်” ဟုဘရစ်ဂျစ် ရှင်းပြခဲ့သည်။ အလှမ်းဝေးမှုက မိတ်ဆွေဖြစ်ခြင်းကို အဟန့်အတားမဖြစ်စေပါ။ ဂါဒါနှင့် ဟဲလ်ဂါသည် မိုင်ထောင်ချီဝေးကွာသောနေရာတွင် နေထိုင်ကြသော်လည်း ၃၅ နှစ်ကျော်သည့်တိုင် မိတ်ဆွေကောင်းဖြစ်နေကြဆဲဖြစ်သည်။ “ကျွန်မတို့ စာမှန်မှန်ရေးပြီး ဆက်သွယ်ကြတယ်၊ အတွေ့အကြုံတွေ ပြန်ပြောပြတယ်၊ ဝမ်းသာစရာဖြစ်ဖြစ်၊ ဝမ်းနည်းစရာဖြစ်ဖြစ် ရင်တွင်းခံစားချက်တွေကို ရေးကြတယ်။ ဟဲလ်ဂါရဲ့စာတွေက ကျွန်မကို အရမ်းစိတ်ချမ်းသာစေတယ်။ ကျွန်မတို့တွေးခေါ်ပုံဟာ တစ်ထပ်တည်းပဲ” ဟု ဂါဒါပြောခဲ့သည်။
သစ္စာစောင့်သိမှုသည် မိတ်ဆွေဖွဲ့ရာတွင် အရေးပါသည်။ သစ္စာမဲ့ခြင်းက ကြာရှည်တည်မြဲခဲ့သော ဆက်ဆံရေးကိုပင် ပျက်စီးစေနိုင်သည်။ မိတ်ဆွေအချင်းချင်း အတွင်းရေးတို့ပင် ရင်ဖွင့်တတ်ကြသည်မှာ ထုံးစံပင်။ မိတ်ဆွေတို့သည် အထင်သေးခံရမည်၊ သစ္စာဖောက်ခံရမည်ကို စိုးရိမ်မနေဘဲ ရင်ဖွင့်ပြောဆိုကြပေလိမ့်မည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏။”—သု. ၁၇:၁၇။
မိတ်ဆွေများက ကျွန်ုပ်တို့စဉ်းစားပုံ၊ ခံစားချက်နှင့် လုပ်ရပ်တို့အပေါ် အကျိုးသက်ရောက်နိုင်သောကြောင့် မိမိနှင့်သဟဇာတဖြစ်သော ဘဝပုံစံမျိုးရှိသူတို့နှင့် မိတ်ဆွေဖြစ်ဖို့ အရေးကြီးသည်။ ဥပမာ၊ ယုံကြည်ခြင်းတူသူ၊ ကိုယ်ကျင့်တရားရှုထောင့်တူသူ၊ အမှားနှင့်အမှန်သတ်မှတ်သော စံနှုန်းချင်းတူသူတို့နှင့် မိတ်ဆွေဖွဲ့ရန် သေချာစေရမည်။ သင့်ပန်းတိုင်များသို့ အရောက်လှမ်းနိုင်ရန် အဆိုပါမိတ်ဆွေမျိုးက ကူညီပေးပါလိမ့်မည်။ သို့ဆိုလျှင် ကျွန်ုပ်တို့နှင့် စံနှုန်းချင်း၊ ကိုယ်ကျင့်တရားချင်း မတူသူတစ်ဦးကို အဘယ်ကြောင့် ရင်းနှီးလိုမည်နည်း။ မိတ်ဆွေစစ်ရွေးချယ်ခြင်း၏ အရေးကြီးပုံကို သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏၊ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။”—သု. ၁၃:၂၀။
သစ္စာစောင့်သိခြင်းကို သင်ယူနိုင်
ကလေးတစ်ဦးသည် ကပ်စေးနှဲသီးများကို တစ်စုံတစ်ဦး၏ အဝတ်အစားပေါ်တွင် တွယ်ကပ်အောင်ပြုခြင်းကို တတ်သိလာသည့်အခါ ယင်းသို့ မကြာခဏ ကစားလိုပေမည်။ သစ္စာစောင့်သိသူလည်း ထိုနည်းထပ်တူပင်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သစ္စာစောင့်သိမှုကို တင်ပြလေလေ၊ သစ္စာစောင့်သိမှုကိုတင်ပြရန် ပိုလွယ်ကူလာလေလေဖြစ်သောကြောင့်တည်း။ လူတစ်ဦးသည် ငယ်စဉ်ကပင် မိသားစုတွင် သစ္စာစောင့်သိမှုကို သင်ယူခဲ့ပါက နောက်ပိုင်း မိတ်ဆွေချင်းဆက်ဆံရေးတွင် သစ္စာရှိဖို့လွယ်ကူကြောင်း တွေ့ရှိလာမည်။ အချိန်တန်သော် အဆိုပါ ခိုင်မြဲတည်တံ့သောဆက်ဆံရေးက အိမ်ထောင်ရေးတွင် သစ္စာရှိရန် လမ်းဖွင့်ပေးပေမည်။ ယင်းက အရေးတကာ့အရေးကြီးဆုံး ဆက်ဆံရေးတွင် သစ္စာစောင့်သိနိုင်ရန် ကူညီပေလိမ့်မည်။
အကြီးမြတ်ဆုံးပညတ်မှာ ယေဟောဝါဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်ရန်ဖြစ်သည်ဟု ယေရှုမိန့်ဆိုခဲ့၏။ (မာကု ၁၂:၃၀) ယင်းက ဘုရားသခင်အား လုံးလုံးလျားလျား သစ္စာစောင့်သိရမည်ဟု ဆိုလိုသည်။ ယေဟောဝါဘုရားသခင်အား သစ္စာစောင့်သိခြင်းသည် ကြွယ်ဝသော ကောင်းချီးခံစားရစေသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ဘယ်သောအခါမျှ စိတ်ဓာတ်ကျစေမည်၊ စိတ်ပျက်စေမည်မဟုတ်ပေ၊ အကြောင်းမှာ ကိုယ်တော်တိုင် ဤသို့မိန့်ဆိုခဲ့သည်– “ငါသည် သစ္စာစောင့်သိတော်မူ၏။” (ယေရမိ ၃:၁၂၊ ကဘ) မှန်ပါသည်၊ ဘုရားသခင်အပေါ် သစ္စာရှိခြင်း၊ သစ္စာစောင့်သိခြင်းသည် ထာဝရကောင်းချီးများ ခံစားရစေသည်။—၁ ယောဟန် ၂:၁၇။
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
မိတ်ဆွေကောင်းတစ်ဦး၏ သစ္စာစောင့်သိမှုကသင့်အား စိတ်ကြည်နူးစေ
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
သစ္စာစောင့်သိသော မိသားစုဝင်များသည် တစ်ဦး၏လိုအပ်ရာကို တစ်ဦးက ဂရုစိုက်ဖြည့်ဆည်းကြ