ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၉/၁ စာ. ၁၈-၂၂
  • ယေဟောဝါ၏နာမတော်ကို အမှီပြုလျက် သွားလာကြကုန်အံ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏နာမတော်ကို အမှီပြုလျက် သွားလာကြကုန်အံ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကြမ်းဖက်မှုပြန်ပေါ်လာ
  • ယေဟောဝါ၏သတိပေးချက်များကို ကျွန်ုပ်တို့ဂရုပြု
  • ကသောင်းကနင်းနိုင်သောကာလတွင် ဘုရားသခင်နှင့်အတူ သွားလာနေလော့
  • ငါတို့သည် ရွေ့လျော့သောသူမဟုတ်
  • ယုံကြည်ခြင်းအားဖြင့် လောကကိုသင်အပြစ်တင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • နောဧသည် အဘယ်ကြောင့် ဘုရားသခင့်စိတ်တော်နှင့်တွေ့ခဲ့—ယင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • “ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်းသူ”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • နောဧ၏ယုံကြည်ခြင်းသည် လောကကို ပြစ်တင်ရှုတ်ချ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၉/၁ စာ. ၁၈-၂၂

ယေဟောဝါ၏နာမတော်ကို အမှီပြုလျက် သွားလာကြကုန်အံ့

‘ငါတို့မူကား ငါတို့၏ဘုရားသခင် ယေဟောဝါ၏နာမတော်ကို အမှီပြုလျက် ကာလအစဉ်အမြဲ လိုက်လျှောက်ကြလိမ့်သတည်း။’—မိက္ခာ ၄:၅၊ သမ္မာ။

၁။ နောဧခေတ်တွင် ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ မည်သို့ရှိခဲ့သနည်း၊ နောဧနှင့် မည်သို့ကွာခြားသနည်း။

သမ္မာကျမ်းစာက ဧနောက်သည် ဘုရားသခင်နှင့်အတူ ပထမဦးဆုံးသွားလာသူဖြစ်သည်ဟုဖော်ပြ၏။ ဒုတိယမှာ နောဧဖြစ်သည်။ “နောဧသည် ဖြောင့်မတ်သောသူ၊ မိမိကာလ၌ရှိသောလူတို့တွင် စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့်အတူ သွားလာ၏” ဟုမှတ်တမ်းကဆိုသည်။ (ကမ္ဘာဦး ၆:၉၊ သမ္မာ) နောဧခေတ်တိုင်လေသော် လူအများစုသည် စစ်မှန်သောဝတ်ပြုရေးနှင့် ဝေးကွာနေကြ၏။ သစ္စာမရှိသည့်ကောင်းကင်တမန်များသည် လူ့သမီးများနှင့် စုံဖက်ကြပြီး “အားကြီးသောသူ၊” “ကျော်စောသောသူ” များဖြစ်သည့် နက်ဖလင်များကို မွေးဖွားခဲ့သောကြောင့် အခြေအနေပိုဆိုးရွားသွားလေသည်။ သို့ဖြင့် ကမ္ဘာမြေကြီးသည် အကြမ်းဖက်မှုများနှင့် ပြည့်နှက်နေ၏။ (ကမ္ဘာဦး ၆:၂၊ ၄၊ ၁၁) ထိုသို့ဖြစ်နေလျက်ပင် နောဧသည် အပြစ်တင်ခွင့်နှင့်ကင်းအောင်နေ၍ “ဖြောင့်မတ်ခြင်းတရားကိုဟော” ခဲ့သည်။ (၂ ပေတရု ၂:၅) ဘုရားသခင်သည် အသက်ကယ်ရန် သင်္ဘောဆောက်ခိုင်းသည့်အခါ နောဧသည် အမိန့်တော်နာခံလျက် ‘ဘုရားသခင်မှာထားတော်မူသည်အတိုင်း ပြုလေ၏။’ (ကမ္ဘာဦး ၆:၂၂) နောဧသည် ဘုရားသခင်နှင့်အတူ အမှန်ပင်သွားလာခဲ့၏။

၂၊ ၃။ နောဧသည် ယနေ့ ကျွန်ုပ်တို့အတွက် အဘယ်နည်းဖြင့်ပုံသက်သေကောင်းဖြစ်သနည်း။

၂ ပေါလုသည် သစ္စာရှိသက်သေခံများစာရင်းတွင် နောဧအကြောင်းကိုလည်း ဤသို့ရေးသားဖော်ပြခဲ့သည်၊ ‘နောဧသည် မမြင်သေးသောအမှုအရာတို့ကိုဖော်ပြသော အမြင်အာရုံကိုတွေ့ပြီးမှ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့သောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှာ သင်္ဘောကိုတည်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် လောကသားတို့ကိုအပြစ်တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သောဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ၏။’ (ဟေဗြဲ ၁၁:၇) အလွန်ကောင်းသည့်ပုံသက်သေပါတကား။ ယေဟောဝါ၏စကားတော်သည် အမှန်တကယ်ဖြစ်ပျက်လာမည်ကို နောဧ ယုံကြည်စိတ်ချသောကြောင့် သူ၏အချိန်၊ ခွန်အားနှင့် ဥစ္စာအင်ခွင်တို့ကို အသုံးပြု၍ ဘုရားသခင်၏အမိန့်တော်နာခံခဲ့သည်။ ထိုနည်းတူ၊ ယနေ့ လူများစွာသည် ဤလောကတွင် တိုးတက်ဖို့ မရွေးချယ်ဘဲ သူတို့၏အချိန်၊ ခွန်အားနှင့် ဥစ္စာတို့ကို ယေဟောဝါ၏အမိန့်တော်နာခံဖို့ အသုံးပြုကြသည်။ သူတို့၏ယုံကြည်ခြင်းသည် မှတ်သားထိုက်ပြီး ယင်းကြောင့် သူတို့နှင့် တခြားသူများကိုပါ ကယ်တင်နိုင်ခြင်းဖြစ်၏။—လုကာ ၁၆:၉; ၁ တိမောသေ ၄:၁၆။

၃ ရှေ့ဆောင်းပါးတွင် ဆွေးနွေးခဲ့သည့် နောဧ၏ဘေးဖြစ်သူ ဧနောက်ကဲ့သို့ပင် နောဧနှင့်သူ၏မိသားစုသည် ယုံကြည်ခြင်းတင်ပြကြရန် အခက်တွေ့ခဲ့ပေမည်။ ဧနောက်ခေတ်မှာကဲ့သို့ နောဧခေတ်တွင်လည်း စစ်မှန်သောဘာသာကို ဝတ်ပြုသူများသည် လူရှစ်ဦးသာရှိပြီး ထိုလူနည်းစုသည် သစ္စာရှိခဲ့ကြ၍ ရေလွှမ်းမိုးဘေးကို ကပ်ကျော်ခဲ့ကြသည်။ အကြမ်းဖက်ပြီး အကျင့်ပျက်ပြားသောလောကတွင် ဖြောင့်မတ်ခြင်းတရားကို နောဧဟောပြောခဲ့၏။ ထို့ပြင် ယခင်က ရေလွှမ်းမိုးခြင်းကို မည်သူမျှမတွေ့ခဲ့ဖူးကြသော်လည်း နောဧနှင့် သူ၏မိသားစုသည် ကမ္ဘာချီရေလွှမ်းမိုးခြင်းဘေးမှ လွတ်မြောက်ရန် ဧရာမသင်္ဘောကြီးကို ဆောက်နေကြသည်။ ၎င်းက သူတို့ကို စောင့်ကြည့်နေကြသူများအတွက် အလွန်ထူးဆန်းနေပုံရခဲ့ပေမည်။

၄။ ယေရှုသည် နောဧ၏တစ်ခေတ်တည်းသားများ၏ အဘယ်ပျက်ကွက်မှုကို အလေးပေးဖော်ပြခဲ့သနည်း။

၄ နောဧခေတ်ကို ယေရှုညွှန်းသောအခါ အလွန်ဆိုးရွားလှသည့် အကြမ်းဖက်မှု၊ မှားယွင်းသောဘာသာတရား၊ အကျင့်ယိုယွင်းမှုတို့အကြောင်း မပြောဆိုခဲ့ချေ။ ယင်းအစား လူတို့သည် သတိပေးချက်ကို ဂရုမစိုက်ခဲ့ကြောင်းကို ယေရှုအလေးပေးဖော်ပြခဲ့၏။ “နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်နေ” ကြသည်ဟု ကိုယ်တော်မိန့်ဆိုခဲ့၏။ စားသောက်ခြင်း၊ ထိမ်းမြားစုံဖက်ခြင်းတို့သည် မှားသလော။ သူတို့သည် “သာမန်” ဘဝပုံစံဖြင့်သာ အသက်ရှင်နေထိုင်ခဲ့ကြသည်။ မကြာမီ ရေလွှမ်းမိုးတော့မည်ဖြစ်ရာ နောဧသည် ဖြောင့်မတ်ခြင်းတရားကို ဟောပြောလျက်ရှိ၏။ သူ၏စကားနှင့် အပြုအမူတို့ကို သူတို့ သတိပြုသင့်ကြသည်။ သို့ရာတွင် သူတို့သည် “ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့်တိုင်အောင် သတိမဲ့နေကြသည်။”—မဿဲ ၂၄:၃၈၊ ၃၉။

၅။ နောဧနှင့် သူ၏မိသားစုသည် အဘယ်အရည်အချင်းများ တင်ပြဖို့လိုခဲ့သနည်း။

၅ ထိုခေတ်အခါကို ပြန်ပြောင်းကြည့်လျှင် နောဧ၏ဘဝလမ်းစဉ်သည် ပညာရှိလမ်းစဉ်ဖြစ်၏။ သို့သော် ရေလွှမ်းမိုးခြင်းမတိုင်မီအချိန်တွင် အခြားသူများနှင့်မတူရန် သတ္တိရှိဖို့လို၏။ နောဧနှင့် သူ၏မိသားစုသည် ဧရာမသင်္ဘောကြီးကိုဆောက်ပြီး တိရစ္ဆာန်တစ်မျိုးစီကို အစုံလိုက် သင်္ဘောထဲသွင်းရန် ခိုင်ခံ့သောယုံကြည်ခြင်းရှိဖို့လည်းလို၏။ တစ်ခါတစ်ရံ အဆိုပါသစ္စာရှိလူနည်းစုမှ တစ်ဦးတစ်ယောက်က အခြားသူများကဲ့သို့ပင် “သာမန်” ဘဝပုံစံဖြင့် နေထိုင်လိုစိတ်ရှိခဲ့ပါသလော။ ထိုသို့သောအတွေးမျိုး ဝင်ခဲ့ဖူးလျှင်ပင် သူတို့၏သမာဓိကို မချိုးဖျက်ခဲ့ကြချေ။ နောဧသည် နှစ်ပေါင်းများစွာ ယုံကြည်ခြင်းတင်ပြခဲ့သောကြောင့် ရေလွှမ်းမိုးဘေးကို ကပ်ကျော်ခဲ့ကြသည်၊ သူ၏ယုံကြည်ခြင်းအတွက် ခံရပ်ခဲ့ရသည့်နှစ်များလောက် ဤအစီအစဉ်စနစ်မှ ကျွန်ုပ်တို့ တစ်ယောက်မျှ ခံရပ်ကြရမည်မဟုတ်ချေ။ သို့သော် “သာမန်” ဘဝပုံစံဖြင့် နေထိုင်ပြီး အချိန်ကာလ၏အရေးကြီးမှုကို ဂရုမစိုက်ကြသူအားလုံးကို ယေဟောဝါ တရားစီရင်ခဲ့သည်။

အကြမ်းဖက်မှုပြန်ပေါ်လာ

၆။ ရေလွှမ်းမိုးပြီးနောက် အဘယ်အခြေအနေ ဆက်ရှိခဲ့သနည်း။

၆ ရေလွှမ်းမိုးဘေးပြီးနောက် လူ့ဘဝ အသစ်ပြန်စတင်ခဲ့သည်။ သို့သော် လူတို့သည် မစုံလင်ကြသေးချေ၊ “ငယ်သောအရွယ်မှစ၍ စိတ်နှလုံးအကြံအစည်ဆိုး” မြဲဆိုးနေကြဆဲပင်။ (ကမ္ဘာဦး ၈:၂၁) ထို့ပြင် နတ်ဆိုးများသည် လူယောင်မဖန်ဆင်းနိုင်တော့သော်လည်း သောင်းကျန်းနေဆဲရှိသည်။ ဘာသာတရားကင်းမဲ့သည့် ထိုလူ့လောကသည် ‘စာတန်၏လက်၌ရှိကြောင်း’ မကြာမီထင်ရှားလာပြီး ယနေ့ကဲ့သို့ပင် စစ်မှန်သောဘာသာကို ဝတ်ပြုသူများသည် ‘စာတန်၏ပရိယာယ်တို့ကို’ တိုက်လှန်ခဲ့ကြရသည်။—၁ ယောဟန် ၅:၁၉; ဧဖက် ၆:၁၁၊ ၁၂။

၇။ ရေလွှမ်းမိုးပြီးနောက် အကြမ်းဖက်မှုများ မည်သို့တိုးလာသနည်း။

၇ ရေလွှမ်းမိုးပြီးနောက် အနည်းဆုံး နိမ်ရောဒအချိန်မှစ၍ ဤကမ္ဘာပေါ်တွင် အကြမ်းဖက်မှုများ ပြန်ပေါ်လာ၏။ လူဦးရေတိုးလာပြီး စက်မှုပညာထွန်းကားလာသည်နှင့်အမျှ အကြမ်းဖက်မှုသည်လည်း တိုးများသည်ထက်တိုးများလာလေပြီ။ ရှေးယခင်က ဓား၊ လှံ၊ လေးနှင့်မြား၊ စစ်ရထားတို့ရှိခဲ့သည်။ များမကြာမီတွင် ပြောင်းချောသေနတ်နှင့် အမြောက်တို့ပေါ်လာပြီး ၎င်းနောက် ရိုင်ဖယ်သေနတ်နှင့် ၂၀ ရာစုအစောပိုင်းတွင် ခေတ်မီဆန်းပြားလာသော အမြောက်လက်နက်တို့ကို တွေ့ရှိခဲ့ကြရ၏။ ပထမကမ္ဘာစစ်တွင်မူ လေယာဉ်ပျံ၊ သံချပ်ကာကား၊ ရေငုပ်သင်္ဘောနှင့် အဆိပ်ဓာတ်ငွေ့အစရှိသော ကြောက်မက်ဖွယ်လက်နက်များကို စတင်အသုံးပြုခဲ့ကြသည်။ ထိုစစ်ပွဲတွင် အဆိုပါလက်နက်များကြောင့် အသက်ပေါင်းများစွာ သေကျေပျက်စီးခဲ့ကြရသည်။ ထို့သို့ဖြစ်လိမ့်မည်ဟု မသိကြ၍လော။ မဟုတ်ပါ။

၈။ ဗျာ. ၆:၁-၄ သည် မည်သို့ပြည့်စုံနေသနည်း။

၈ ဘုရားသခင့်ကောင်းကင်နိုင်ငံတော် ဘုရင်အဖြစ် ယေရှု စိုးစံခဲ့သည့် ၁၉၁၄ ခုနှစ်တွင် “သခင်ဘုရားနေ့” စတင်လာလေသည်။ (ဗျာ. ၁:၁၀) ဗျာ. ကျမ်းတွင် မှတ်တမ်းတင်ထားသော အမြင်အာရုံတစ်ခု၌ ဘုရင်အဖြစ် အောင်ပွဲခံလျက် မြင်းဖြူစီးလာသူ ယေရှုကို မြင်တွေ့ရ၏။ ကိုယ်တော်၏နောက်တွင် လိုက်ပါလာသော တခြားမြင်းစီးသူအသီးသီးသည် ကပ်ဘေးတစ်မျိုးစီကို ကိုယ်စားပြု၏။ မြင်းနီစီးလာသူသည် “ငြိမ်ဝပ်ခြင်းကို မြေကြီးက ရုပ်သိမ်းခြင်းငှာလည်းကောင်း၊ မြေကြီးသားတို့ကို အချင်းချင်း အသေသတ်စေခြင်းငှာလည်းကောင်း အခွင့်ရ၏။ သူ၌ ဓားကြီးကိုပေးတော်မူ၏။” (ဗျာ. ၆:၁-၄) အဆိုပါမြင်းနှင့် မြင်းစီးသူသည် စစ်မက်ရေးရာကို သရုပ်ဖော်ပြီး ဓားကြီးမှာမူ တစ်ခါမျှမကြုံဖူးသည့် အဖျက်စွမ်းအားကြီးမားသော လက်နက်များကို ပုံဆောင်သည်။ ယနေ့ အဆိုပါလက်နက်များတွင် နျူကလီးယားထိပ်ဖူးများပါရှိပြီး ထိုထိပ်ဖူးတစ်ခုစီက လူသန်းပေါင်းများစွာ၏အသက်ကို ခြွေယူနိုင်သည်၊ ဒုံးကျည်များသည် နျူကလီးယားထိပ်ဖူးများကို မိုင်ထောင်ချီကွာဝေးသည့် ပစ်မှတ်များသို့ ထိမှန်အောင် ပစ်နိုင်စွမ်းရှိ၏၊ ထို့ပြင် ခေတ်မီဆန်းပြားသော ဓာတု၊ ဇီဝလက်နက်များသည် လူတို့ကို အစုလိုက်အပြုံလိုက်သေစေနိုင်၏။

ယေဟောဝါ၏သတိပေးချက်များကို ကျွန်ုပ်တို့ဂရုပြု

၉။ ယနေ့ လောက၏အခြေအနေနှင့် ရေလွှမ်းမိုးခြင်းမတိုင်မီက အခြေအနေကို နှိုင်းယှဉ်သော် မည်သို့နည်း။

၉ နောဧခေတ်တွင် နက်ဖလင်တို့၏ သွေးထိုးပေးမှုကြောင့် ဆိုးသွမ်းသူများသည် အလွန်အမင်းအကြမ်းဖက်လာကြသဖြင့်လူအပေါင်းကို ယေဟောဝါ ဖျက်ဆီးခဲ့ရသည်။ ယနေ့ကော။ ကမ္ဘာမြေကြီးသည် ထိုအချိန်ကလောက် မဆိုးဟုဆိုမည်လော။ ဝေးလေစွ။ ထို့ပြင် နောဧခေတ်ကကဲ့သို့ ယနေ့ လူတို့သည် သူတို့၏လုပ်ငန်းဆောင်တာများနှင့်သာ လုံးပန်းနေကြပြီး သတိပေးချက်များကို ဂရုမစိုက်ကြဘဲ “သာမန်” ဘဝပုံစံဖြင့် နေထိုင်ရန် ကြိုးစားနေကြသည်။ (လုကာ ၁၇:၂၆၊ ၂၇) သို့ဖြစ်၍ လူတို့ကို ယေဟောဝါ နောက်တစ်ဖန်ဖျက်ဆီးရန် အကြောင်းရှိသလော။ ရှိပါသည်။

၁၀။ (က) သမ္မာကျမ်းစာပရောဖက်ပြုချက်တွင် အဘယ်သတိပေးချက်ကို ထပ်တလဲလဲ ဖော်ပြထားသနည်း။ (ခ) ယနေ့ တစ်ခုတည်းသော ပညာရှိလမ်းစဉ်ကား အဘယ်နည်း။

၁၀ ရေလွှမ်းမိုးခြင်းမတိုင်မီ ရာနှင့်ချီနှစ်များက ဧနောက်သည် ကျွန်ုပ်တို့၏ခေတ်တွင် ဖြစ်လတ္တံ့သော ဖျက်ဆီးခြင်းအကြောင်း ပရောဖက်ပြုခဲ့သည်။ (ယုဒ ၁၄၊ ၁၅) ယေရှုသည်လည်း လာလတ္တံ့သော ‘ကြီးစွာသောဆင်းရဲခြင်း’ အကြောင်းမိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၂၁) တခြားပရောဖက်များလည်း အဆိုပါအချိန်အခါအကြောင်း သတိပေးခဲ့သည်။ (ယေဇကျေလ ၃၈:၁၈-၂၃; ဒံယေလ ၁၂:၁; ယောလ ၂:၃၁၊ ၃၂) ဗျာ. ကျမ်းတွင်လည်း ဤနောက်ဆုံးဖျက်ဆီးခြင်းအကြောင်း ကွင်းကွင်းကွက်ကွက် ဖော်ပြထားသည်ကို ကျွန်ုပ်တို့ဖတ်ရှုကြရ၏။ (ဗျာ. ၁၉:၁၁-၂၁) ကျွန်ုပ်တို့တစ်ဦးစီသည် နောဧကိုတုပကာ ဖြောင့်မတ်ခြင်းတရားကို တက်ကြွစွာ ဟောပြောနေကြ၏။ ယေဟောဝါ၏သတိပေးချက်များကို ကျွန်ုပ်တို့ဂရုပြုကာ အိမ်နီးချင်းများကိုလည်း ထိုသို့ဂရုပြုကြရန် မေတ္တာပါစွာ ကူညီပေးလျက်ရှိကြ၏။ ထို့ကြောင့် နောဧနည်းတူ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူ သွားလာကြသည်။ သို့ဖြစ်၍ အသက်ရှင်လိုသူ မည်သူမဆို ဘုရားသခင်နှင့်အတူ သွားလာနေဖို့ အရေးကြီး၏။ နေ့စဉ်နှင့်အမျှ ကျွန်ုပ်တို့ကြုံတွေ့နေရသော ဖိစီးမှုများကြား ထိုသို့မည်သို့သွားလာနိုင်ကြမည်နည်း။ ဘုရားသခင်၏ရည်ရွယ်တော်မူချက် အမှန်ပင်ပြည့်စုံလာမည်ကို အခိုင်အမာယုံကြည်ခြင်းရှိဖို့လိုသည်။—ဟေဗြဲ ၁၁:၆။

ကသောင်းကနင်းနိုင်သောကာလတွင် ဘုရားသခင်နှင့်အတူ သွားလာနေလော့

၁၁။ ကျွန်ုပ်တို့သည် ပထမရာစုရှိ ခရစ်ယာန်များကို မည်သို့တုပကြသနည်း။

၁၁ ပထမရာစုတွင် ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ခရစ်တော်၏လမ်းစဉ်အတိုင်း လျှောက်ခဲ့ကြသည်ဟုဆို၏။ သူတို့၏ဘဝလမ်းစဉ်တစ်ခုလုံးသည် ယေဟောဝါနှင့် ယေရှုခရစ်တို့ကို ယုံကြည်အားထားခြင်းအပေါ် အခြေပြုခဲ့သည်။ သူတို့၏သခင် လျှောက်လှမ်းခဲ့သည့်လမ်းအတိုင်း လျှောက်ခဲ့ကြသည်။ ယနေ့ သစ္စာရှိခရစ်ယာန်များလည်း ထိုနည်းတူလျှောက်လှမ်းနေကြ၏။

၁၂။ ယေရှုသည် လူအုပ်ကို အံ့ဖွယ်နည်းဖြင့် အစာကျွေးပြီးနောက် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။

၁၂ ယေရှုဓမ္မအမှုဆောင်ခဲ့ချိန်အတွင်း အဖြစ်အပျက်တစ်ခု၌ ယုံကြည်ခြင်း၏အရေးပါးမှုကို တွေ့ရှိခဲ့ရသည်။ တစ်ခါက ယေရှုသည် အမျိုးသား ၅,၀၀၀ ခန့်ကို အံ့ဖွယ်နည်းဖြင့် အစာကျွေးခဲ့သည်။ လူတို့ အလွန်အံ့သြဝမ်းသာခဲ့ကြ၏။ သို့သော် ဆက်ပြီး အဘယ်အရာဖြစ်ပျက်ခဲ့သည်ကို သတိပြုပါ။ “ထိုသို့ယေရှုပြုတော်မူသော နိမိတ်လက္ခဏာကို ထိုလူများတို့သည် မြင်လျှင် ‘ဤသူကား ဤလောကသို့ကြွလာရသော ပရောဖက်အမှန်ဖြစ်သည်’ ဟုဆိုကြ၏။ ထိုသူတို့သည် ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှာလာ၍ အနိုင်အထက်ပြုကြမည်အကြောင်းကို ယေရှုသည် သိတော်မူလျှင် တောင်ပေါ်သို့ တစ်ယောက်တည်း ကြွတော်မူပြန်၏” ဟုကျွန်ုပ်တို့ ဖတ်ရသည်။ (ယောဟန် ၆:၁၀-၁၅) ထိုည၌ပင် ကိုယ်တော်သည် နောက်တစ်နေရာသို့ ထွက်သွားလေသည်။ ဘုရင့်အရိုက်အရာကို ယေရှုငြင်းပယ်ခဲ့သဖြင့် လူများစွာ စိတ်ပျက်အားလျော့သွားပုံရှိ၏။ ကိုယ်တော်သည် ဘုရင်ဖြစ်နိုင်သည့် ဉာဏ်ပညာအလုံအလောက်ရှိပြီး လူတို့ကို ကာယရေးအရထောက်ပံ့နိုင်စွမ်းရှိကြောင်းထင်ရှားသည်။ သို့သော် ယေဟောဝါသည် ယေရှုကို ဘုရင်အဖြစ်ချီးမြှောက်ရန် အချိန်မတန်သေးချေ။ ထို့ပြင် ယေရှု၏နိုင်ငံတော်သည် မြေကြီးတွင်မဟုတ်ဘဲ ကောင်းကင်တွင်ဖြစ်သည်။

၁၃၊ ၁၄။ လူအများသည် အဘယ်စိတ်ထားကို ဖော်ပြခဲ့ကြသနည်း၊ သူတို့၏ယုံကြည်ခြင်းသည် မည်သို့စမ်းသပ်ခံခဲ့ရသနည်း။

၁၃ မည်သို့ပင်ဖြစ်စေ၊ လူအုပ်သည် ယေရှုနောက် တကောက်ကောက်လိုက်ခဲ့ကြရာ ယောဟန်ပြောသည့်အတိုင်း “အိုင်တစ်ဖက်၌” ကိုယ်တော့်ကို တွေ့လေသည်။ ဘုရင်တင်မြှောက်ခြင်းကို ကိုယ်တော်ငြင်းပယ်ပြီးနောက်၌ပင် ကိုယ်တော်နောက် သူတို့ အဘယ်ကြောင့်လိုက်ခဲ့ကြသနည်း။ မောရှေခေတ်က တောကန္တာရတွင် ကာယအစာကို ယေဟောဝါ ကျွေးမွေးခဲ့ခြင်းအကြောင်း ထောက်ပြခြင်းဖြင့် သူတို့၏ဇာတိစိတ် ပေါ်လွင်လာ၏။ သူတို့ဆိုလိုသည်မှာ ယေရှုသည်လည်း မိမိတို့ကို ကာယအစာပေးသင့်သည်ဟု ဖြစ်၏။ သူတို့ အမြင်မှားနေသည်ကို ယေရှုတွေ့မြင်ပြီး တည့်မတ်ပေးရန် ဝိညာဉ်ရေးအမှန်တရားများကို သူတို့အားသွန်သင်ပေးလေတော့သည်။ (ယောဟန် ၆:၁၇၊ ၂၄၊ ၂၅၊ ၃၀၊ ၃၁၊ ၃၅-၄၀) ထိုအခါ ယေရှုက “ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင်တို့၌အသက်မရှိ။ ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည် ထာဝရ အသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်” ဟူ၍ ပုံဥပမာပေး၍မိန့်ဆိုချိန်တွင် အချို့သည် ကိုယ်တော့်ကို အပြစ်တင်ညည်းညူခဲ့ကြသည်။—ယောဟန် ၆:၅၃၊ ၅၄။

၁၄ ယေရှု၏ပုံဥပမာများက လူတို့ ဘုရားသခင်နှင့်အတူ သွားလာလိုစိတ်ရှိမရှိ ဖော်ထုတ်ပေးလေ့ရှိ၏။ ဤပုံဥပမာသည်လည်း ထိုနည်းအတိုင်းပင်ဖြစ်၏။ ယင်းကြောင့် သူတို့၏တုံ့ပြန်မှုသည် အတော်ပင်ပြင်းထန်သွားလေသည်။ ကျွန်ုပ်တို့ဖတ်ရှုကြရသည်မှာ ‘တပည့်အများတို့သည် ကြားလျှင် “ထိုစကားသည် အလွန်ခက်လှ၏။ အဘယ်သူ နားခံနိုင်မည်နည်း” ဟုဆိုကြ၏။’ ထိုအခါ ယေရှုက မိမိမိန့်ဆိုသမျှ၏ ဝိညာဉ်ရေးဆိုလိုချက်ကို သဘောပေါက်ဖို့ကြိုးစားသင့်ကြောင်း ဆက်ရှင်းပြသည်။ ကိုယ်တော်က “ဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်းမတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏” ဟုမိန့်ဆိုခဲ့သည်။ ထိုသို့မိန့်ဆိုသည့်တိုင် လူအများသည် နားမထောင်လိုကြရာ ‘ထိုအခါမှစ၍ တပည့်အများတို့သည် ကိုယ်တော်နှင့်မပေါင်းဖော်ဘဲ ဆုတ်သွားကြ၏’ ဟုမှတ်တမ်းကဆိုသည်။—ယောဟန် ၆:၆၀၊ ၆၃၊ ၆၆။

၁၅။ ယေရှု၏နောက်လိုက်အချို့တွင် အဘယ်တော်မှန်သောစိတ်ထားရှိသနည်း။

၁၅ မည်သို့ပင်ဖြစ်ပါစေ ယေရှု၏တပည့်အားလုံး ထိုသို့မတုံ့ပြန်ခဲ့ကြချေ။ သစ္စာရှိတပည့်များသည်လည်း ယေရှုမိန့်ဆိုခဲ့သောစကားကို အပြည့်အဝ နားမလည်ခဲ့ကြသည်မှာ မှန်၏။ သို့ဖြစ်လျက်ပင် သူတို့သည် ကိုယ်တော့်ကို အခိုင်အမာဆက်လက်ယုံကြည်ကြသည်။ သစ္စာရှိတပည့်တို့အနက် တစ်ဦးဖြစ်သူ ပေတရုက “သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့သွားရပါမည်နည်း။ ထာဝရအသက်နှင့်ယှဉ်သောစကားသည် ကိုယ်တော်၌တည်ပါ၏” ဟုပြောဆိုခဲ့စဉ် ကိုယ်တော့်ကို မစွန့်ခဲ့သော တပည့်အားလုံး၏စိတ်ထားကို ဖော်ပြခဲ့သည်။ (ယောဟန် ၆:၆၈) တကယ့်ကို ချီးကျူးထိုက်သောစိတ်ထားနှင့် တကယ့်ကိုကောင်းသော ပုံသက်သေပါတကား။

၁၆။ ကျွန်ုပ်တို့သည် မည်သို့စမ်းသပ်ခံရမည်နည်း၊ အဘယ်တော်မှန်သောစိတ်ထားကို ကျွန်ုပ်တို့မွေးမြူသင့်သနည်း။

၁၆ ထိုအစောပိုင်းတပည့်များကဲ့သို့ ယနေ့ ကျွန်ုပ်တို့လည်း စမ်းသပ်ခံရကြပေလိမ့်မည်။ ကျွန်ုပ်တို့ကိစ္စတွင် ယေဟောဝါ၏ကတိတော်များသည် ကျွန်ုပ်တို့မျှော်လင့်ထားသကဲ့သို့ အလျင်အမြင် ဖြစ်မလာသည့်အတွက် စိတ်ဓာတ်ကျနိုင်ပေသည်။ သမ္မာကျမ်းစာအခြေပြုစာပေများပါ ကျမ်းစာရှင်းလင်းချက်များသည် နားလည်ရခက်သည်ဟု ယူမှတ်နိုင်ကြပေမည်။ ခရစ်ယာန်ချင်းတစ်ဦး၏အပြုအမူသည် စိတ်ပျက်အားလျော့စရာ ဖြစ်နေပေမည်။ ဤသို့သောအကြောင်းများကြောင့် ဘုရားသခင်နှင့်အတူ မသွားလာတော့ဘဲ နေသင့်သလော။ ဝေးလိုက်လေခြင်း။ ယေရှုကို စွန့်ခွာသွားခဲ့ကြသော တပည့်များတွင် ဇာတိစိတ်ထားရှိကြောင်း ထင်ရှား၏။ ကျွန်ုပ်တို့သည် ထိုသို့မပြုသင့်ကြပါ။

ငါတို့သည် ရွေ့လျော့သောသူမဟုတ်

၁၇။ ဘုရားသခင်နှင့်အတူ ကျွန်ုပ်တို့မည်သို့သွားလာနေနိုင်ကြမည်နည်း။

၁၇ တမန်တော်ပေါလုက “ကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်” ၏ဟု ရေးသားခဲ့သည်။ (၂ တိမောသေ ၃:၁၆) ယေဟောဝါသည် သမ္မာကျမ်းစာအားဖြင့် ကျွန်ုပ်တို့ကို “ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌သွားလော့” ဟုမိန့်ဆိုလျက်ရှိသည်။ (ဟေရှာယ ၃၀:၂၁) သမ္မာကျမ်းစာ၏မိန့်မှာချက်ကို နားထောင်ခြင်းဖြင့် ကျွန်ုပ်တို့ မည်သို့သွားလာရမည်ကို စေ့စေ့သတိပြုစေသည်။ (ဧဖက် ၅:၁၅) သမ္မာကျမ်းစာကို လေ့လာပြီး ဖတ်ရှုသိရှိလာရာများကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် အမှန်တရားအတိုင်း သွားလာနိုင်မည်ဖြစ်သည်။ (၃ ယောဟန် ၃) ယေရှုမိန့်ဆိုခဲ့သည့်အတိုင်း “ဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်းမတတ်နိုင်” ချေ။ ကျွန်ုပ်တို့၏ခြေလှမ်းများကို တည့်မတ်ပေးစေနိုင်သည့် ယုံကြည်စိတ်ချရသော တစ်ခုတည်းသောလမ်းညွှန်ချက်မှာ ယေဟောဝါ၏နှုတ်တော်ထွက်စကားတော်၊ ဝိညာဉ်တော်နှင့် ကိုယ်တော်၏အဖွဲ့အစည်းမှတစ်ဆင့် ရရှိသော ဝိညာဉ်ရေးလမ်းညွှန်ချက်ဖြစ်၏။

၁၈။ (က) အချို့သည် ပညာမဲ့စွာ မည်သို့လုပ်ဆောင်နေကြသနည်း။ (ခ) အဘယ်ယုံကြည်ခြင်းမျိုးကို ကျွန်ုပ်တို့ မွေးမြူကြရမည်နည်း။

၁၈ ယနေ့ ဇာတိစိတ်ကြောင့်၊ သို့မဟုတ် မျှော်လင့်သည့်အတိုင်းဖြစ်မလာသောကြောင့် စိတ်ပျက်အားလျော့လာသူများသည် ဤလောကကမ်းလှမ်းသည့်အရာများကို အပြည့်အဝရယူရန် ကြိုးစားလေ့ရှိကြသည်။ သူတို့တွင်ရှိခဲ့သည့် အရေးတကြီးစိတ်ထား ပျောက်ဆုံးသွားပြီဖြစ်ရာ “စောင့်နေ” ရန်မလိုဟု သူတို့ယူမှတ်လာကြ၏၊ ထိုအခါ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ဦးစားမထားတော့ဘဲ ကိုယ်ကျိုးရှာပန်းတိုင်များကိုမီဖို့ ကြိုးစားကြလေတော့သည်။ (မဿဲ ၂၄:၄၂) ထိုသို့လျှောက်လှမ်းခြင်းသည် အမှန်တကယ်ပင်ပညာမဲ့သည်။ တမန်တော်ပေါလုက “ငါတို့မူကား၊ ပျက်စီးခြင်းသို့ရောက်အံ့သောငှာ ရွေ့လျော့သောသူမဟုတ်။ စိတ်ဝိညာဉ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ ယုံကြည်သောသူဖြစ်ကြ၏” ဟု ရေးသားခဲ့သည်ကို သတိပြုပါ။ (ဟေဗြဲ ၁၀:၃၉) ဧနောက်နှင့် နောဧတို့ကဲ့သို့ ကျွန်ုပ်တို့လည်း ကသောင်းကနင်းနိုင်သောကာလတွင် အသက်ရှင်နေထိုင်ကြရ၏၊ သို့ဖြစ်လျက်ပင် သူတို့နည်းတူ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူ သွားလာနိုင်ခွင့်ရှိကြသည်။ ထိုသို့သွားလာကြခြင်းအားဖြင့် ယေဟောဝါ၏ကတိတော်များ မကြာမီပြည့်စုံလာပြီး မတရားမှုများ ပျက်စီးသွားကာ ဖြောင့်မတ်သောကမ္ဘာသစ် တည်ထောင်လာသည်ကို ယုံကြည်စိတ်ချစွာ မျှော်လင့်နိုင်ကြ၏။ တကယ့်ကိုကောင်းသည့် အနာဂတ်ပါတကား။

၁၉။ မိက္ခာသည် စစ်မှန်သောဘာသာကို ဝတ်ပြုသူများ၏လမ်းစဉ်အကြောင်း မည်သို့ဖော်ပြသနည်း။

၁၉ လောကသားများသည် “အသီးအသီး ကိုယ်ဆိုင်ရာဘုရား၏နာမကိုအမှီပြုလျက် လိုက်လျှောက်တတ်ကြ၏” ဟုပရောဖက်မိက္ခာက ဆိုသည်။ ထို့နောက် မိမိကိုယ်တိုင်နှင့် တခြားသစ္စာရှိဝတ်ပြုသူများနှင့်ပတ်သက်၍ သူက ‘ငါတို့မူကား ငါတို့၏ဘုရားသခင် ယေဟောဝါ၏နာမတော်ကို အမှီပြုလျက် ကာလအစဉ်အမြဲ လိုက်လျှောက်ကြလိမ့်သတည်း’ ဟုဆိုခဲ့သည်။ (မိက္ခာ ၄:၅၊ သမ္မာ) အကယ်၍ သင်သည် မိက္ခာနည်းတူ ဆုံးဖြတ်ထားမည်ဆိုလျှင် ဤလောကသည် မည်မျှပင်ကသောင်းကနင်းနိုင်ပါစေ ယေဟောဝါနှင့် အနီးကပ်နေထိုင်ပါ။ (ယာကုပ် ၄:၈) ယခုရော၊ နောင်အနာဂတ်တွင်ပါ ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါနှင့်အတူ ထာဝစဉ်သွားလာလိုစိတ် အမြဲပြင်းပြနေပါလေစေ။

သင်မည်သို့ဖြေဆိုမည်နည်း

• နောဧခေတ်နှင့် ယခုခေတ်တွင် အဘယ်ဆင်တူချက်များရှိသနည်း။

• နောဧနှင့် သူ၏မိသားစုသည် အဘယ်လမ်းစဉ်ကို လိုက်လျှောက်ခဲ့သနည်း၊ သူတို့၏ယုံကြည်ခြင်းကို ကျွန်ုပ်တို့မည်သို့တုပနိုင်သနည်း။

• ယေရှု၏နောက်လိုက်အချို့သည် မည်သို့အမြင်မှားခဲ့ကြသနည်း။

• စစ်မှန်သောခရစ်ယာန်များသည် အဘယ်သို့လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြသနည်း။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံများ]

နောဧခေတ်ကကဲ့သို့ ယနေ့ လူတို့သည် နေ့စဉ်လုပ်ငန်းဆောင်တာများနှင့်လုံးပန်းလျက်နေကြ

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများအနေနှင့် ကျွန်ုပ်တို့သည် “ရွေ့လျော့သောသူ” များမဟုတ်ကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ