“ဘဝမှာ အကောင်းဆုံးနေ့ရက်တစ်ရက်ပဲ”
စိတ်ဓာတ်ကျခြင်းသည် လူငယ်တို့တွင် အဖြစ်အများဆုံးနှင့် အရေးကြီးဆုံး စိတ်ကျန်းမာရေးပြဿနာဖြစ်ဖွယ်ရှိသည်” ဟုသြစတြေးလျနိုင်ငံရှိ ဘီယောန်ဘလူး (စိတ်ဓာတ်ကျနေသူများကို အကူအညီပေးရေး) အစိုးရအေဂျင်စီက ဆိုသည်။ လေ့လာချက်များအရလည်း နှစ်စဉ် ဩစတြေးလျလူငယ် ၁၀၀,၀၀၀ ကျော်သည် စိတ်ကျဝေဒနာခံစားနေရကြောင်း ဖော်ပြနေသည်။
ခရစ်ယာန်လူငယ်များလည်း စိတ်ဓာတ်ကျတတ်သည်။ သို့သော် ယေဟောဝါအား ယုံကြည်ကိုးစားခြင်းက အပျက်သဘောထားကို ဖျောက်ဖျက်နိုင်ပြီး လူငယ့်ဘဝကို အောင်မြင်စေခဲ့ပြီ။ ဤသို့ဖြင့် အခြားသူများအား စွဲမှတ်သွားစေသည်။ မည်သို့အားဖြင့်နည်း။
၁၈ နှစ်အရွယ် ခလဲ၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူနှင့်သူ့မိခင်သည် မဲလ်ဘုန်းမြို့ရှိ ယေဟောဝါသက်သေတို့၏အသင်းတော်တွင် အစည်းအဝေးများ တက်ရောက်နေသည်။ ဖခင်က မိသားစုကိုစွန့်ပစ်သွားသည့်အခါ ခလဲ အလွန်စိတ်ဓာတ်ကျလာသည်။ သို့သော် သူ၏ကောင်းကင်ခမည်းတော် ယေဟောဝါရှင်အပေါ် ယုံကြည်ကိုးစားစိတ်က ထက်သန်နေဆဲပင်။ တစ်နေ့၊ မိသားစုဆရာဝန် လေးဒီယာသည် ခလဲ၏မိခင်ဖျားနေသောကြောင့် ကြည့်ပေးရန် အိမ်သို့ရောက်လာသည်။ ပြီးနောက် ဈေးသွားရန် ခလဲကိုကမ်းလှမ်းခဲ့သည်။ လမ်းတွင် ခလဲအား ရည်းစားရှိမရှိမေးမြန်းခဲ့သည်။ ယေဟောဝါသက်သေတစ်ဦးဖြစ်၍ ယောက်ျားလေးများနှင့် အပျော်ချိန်းမတွေ့ပါဟု ခလဲရှင်းပြခဲ့သည်။ ယင်းကို ဆရာဝန် အံ့အားသင့်သွားသည်။ ထို့နောက် ဘဝတွင် ပညာရှိဆုံးဖြတ်ချက်များချရန် သမ္မာကျမ်းစာက မည်သို့ကူညီပေးကြောင်း ခလဲ ရှင်းပြခဲ့သည်။ နောက်ဆုံးတွင် ခလဲက မိမိအား အလွန်အထောက်အကူပြုခဲ့သည့် ကျမ်းစာအခြေပြုစာပေတစ်အုပ် ယူလာပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ စာအုပ်ခေါင်းစဉ်မှာ လူငယ်များအမေး—တာသွားသည့်အဖြေ ဖြစ်သည်။
လေးဒီယာက စာအုပ်ရရှိပြီး သုံးရက်အကြာတွင် အလွန်ဖတ်၍ကောင်းကြောင်း ခလဲ၏မိခင်ထံ ဖုန်းဆက်ပြောခဲ့သည်။ သူ၏အလုပ်ဖော်များအတွက် နောက်ထပ်ခြောက်အုပ်တောင်းဆိုခဲ့သည်။ ခလဲ စာအုပ်များပေးသည့်အခါ ခလဲ၏ယုံကြည်ချက်ကို အလွန်အထင်ကြီးသွားကြောင်း ဆရာဝန်က ရှင်းပြခဲ့သည်။ ခလဲသည် ဆရာဝန်အား ကျမ်းစာလေ့လာရန် ကမ်းလှမ်းခဲ့ရာ သူလက်ခံခဲ့သည်။
လနှင့်ချီကြာသည်အထိ ခလဲသည် ဆရာဝန်များ နေ့လယ်စာစားချိန်တွင် ကျမ်းစာသင်အံမှု ကျင်းပပေးခဲ့သည်။ လူငယ်များစိတ်ကျခြင်းအကြောင်း ဆွေးနွေးဖလှယ်ပွဲတွင် ခလဲပါဝင်ဆွေးနွေးနိုင်မည်လောဟု လေးဒီယာ မေးခဲ့သည်။ ခလဲသည် စိတ်ထင့်နေသော်ငြား လက်ခံခဲ့သည်။ ဆွေးနွေးပွဲကို လူ ၆၀ ကျော်တက်ရောက်ခဲ့သည်။ လူကြီးများဖြစ်ကြသော စိတ်ရောဂါကုဆရာဝန်ကြီးလေးဦးက ပရိသတ်ကို မိန့်ခွန်းပြောသည်။ ထို့နောက် ခလဲ၏အလှည့်ရောက်လာသည်။ လူငယ်များ ဘုရားသခင်နှင့်ဆက်ဆံရေးကောင်းဖို့ မည်မျှအရေးကြီးကြောင်း သူအလေးပေးဖော်ပြခဲ့သည်။ ယေဟောဝါဘုရားသခင်သည် လူငယ်များကို အလွန်အရေးစိုက်ကြောင်း၊ ကိုယ်တော်ထံမှထောက်မမှုနှင့် နှစ်သိမ့်မှုရလိုသူအားလုံးကို ကူညီတော်မူကြောင်း ရှင်းပြခဲ့သည်။ ထို့ပြင် ယေဟောဝါသည် ကာယပိုင်း၊ စိတ်ဓာတ်ပိုင်း ဖျားနာမှုမှန်သမျှကို မကြာမီဖယ်ရှားပေးမည်ကို သူယုံကြည်ကြောင်း ပြောပြခဲ့သည်။ (ဟေရှာယ ၃၃:၂၄) ဤသက်သေခံချက်ကောင်းကြောင့် အဘယ်အကျိုးရခဲ့သနည်း။
“ဆွေးနွေးပွဲပြီးတာနဲ့ လူတွေအများကြီး ကျွန်မဆီလာကြပြီး လူငယ်တစ်ယောက်က ဘုရားသခင်အကြောင်းပြောတာ ကြားရလို့ အတော်လေး မှတ်သားစရာဖြစ်သွားတယ်လို့ပြောခဲ့တယ်။ လူငယ်များအမေးစာအုပ် ၂၃ အုပ်ဝေခဲ့ရပြီး ပရိသတ်ထဲက မိန်းကလေးသုံးယောက်က သူတို့ရဲ့ဖုန်းနံပါတ်ကို ပေးတယ်။ မိန်းကလေးတစ်ယောက်ကတော့ အခု ကျမ်းစာလေ့လာနေပြီ။ ဒါဟာ ကျွန်မဘဝမှာ အကောင်းဆုံးနေ့ရက်တစ်ရက်ပဲ” ဟု ခလဲပြောခဲ့သည်။