စာရှုသူများထံမှမေးခွန်းလွှာ
ကောင်းကင်ဆိုင်ရာမျှော်လင့်ချက်ရှိသူ ခရစ်ယာန်များအား ဖိတ်ခေါ်ခြင်းသည် မည်သည့်အချိန်တွင်ရပ်တန့်မည်နည်း။
သမ္မာကျမ်းစာတွင် ယင်းမေးခွန်း၏အဖြေကို တိတိကျကျဖော်ပြမထားပါ။ ကောင်းကင်ဆိုင်ရာအမွေခံရန် မျှော်လင့်ချက်ဖြင့် ယေရှု၏တပည့်တို့အပေါ် ဝိညာဉ်တော်သွန်းလောင်းခြင်းသည် အေဒီ ၃၃ တွင်စတင်ခဲ့ကြောင်း ကျွန်ုပ်တို့သိရှိရသည်။ (တမန်တော် ၂:၁-၄) တမန်တော်များသေဆုံးပြီးနောက် စစ်မှန်သောဝိညာဉ်တော်ဖွားခရစ်ယာန် “စပါးပင်” တို့သည် “တောမျိုးစေ့” ဖြစ်သောအရေခြုံခရစ်ယာန်များနှင့် “အတူကြီးပွား” ခဲ့ကြောင်းကိုလည်းသိရှိကြသည်။ (မဿဲ ၁၃:၂၄-၃၀) ထို့နောက် ၁၈၀၀ ပြည့်လွန်နှစ်များနှောင်းပိုင်းမှစပြီး ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် တစ်ဖန်ပြန်လည်၍ထင်ထင်ရှားရှားလှုပ်ရှားလာခဲ့သည်။ ၁၉၁၉ ခုနှစ်၌ နောက်ဆုံးဝိညာဉ်တော်ဖွားများကို စုသိမ်းခြင်းအပါအဝင် ‘မြေကြီးတွင်ရိတ်သိမ်းခြင်း’ ကိုစတင်ခဲ့သည်။—ဗျာ. ၁၄:၁၅၊ ၁၆။
၁၈၀၀ ပြည့်လွန်နှစ်များနှောင်းပိုင်းမှ ၁၉၃၁ ခုနှစ်အထိ ဟောပြောခြင်းလုပ်ငန်း၏အဓိကရည်ရွယ်ချက်မှာ ခရစ်တော်၏ခန္ဓာကိုယ်အဝင် အကြွင်းအကျန်များကို စုသိမ်းခြင်းဖြစ်သည်။ ၁၉၃၁ ခုနှစ်တွင် ကျမ်းစာကျောင်းသားများသည် ယေဟောဝါသက်သေများဟူသည့် ကျမ်းစာအခြေပြုနာမည်ကို ခံယူခဲ့သည်၊ ၁၉၃၃၊ နိုဝင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်တွင် ဤထူးမြတ်သောနာမည်သည် မဿဲ ၂၀:၁-၁၆ တွင်မှတ်တမ်းတင်ထားသော ယေရှု၏ပုံဥပမာထဲမှ “ဒေနာရိ” ကိုရည်ညွှန်းသည်ဟူသည့်အယူအဆကို ဖော်ပြခဲ့သည်။ ပုံဥပမာထဲမှ ၁၂ နာရီသည် ၁၉၁၉ မှ ၁၉၃၁ ခုနှစ်ထိဖြစ်သောနှစ်ပေါင်း ၁၂ နှစ်နှင့်ဆက်နွှယ်သည်ဟု ယုံကြည်ခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ၁၉၃၁ ခုနှစ်တွင် ကောင်းကင်နိုင်ငံတော်သို့ခေါ်တော်မူခြင်းသည် အဆုံးတိုင်ခဲ့သည်ဟုယုံကြည်ခဲ့ကာ ၁၉၃၀ နှင့် ၁၉၃၁ ခုနှစ်တွင် ခရစ်တော်နှင့်အတူ ပူးတွဲအမွေခံရန် ခေါ်တော်မူခြင်းခံရသူများသည် ‘နောက်ဆုံး’ ခေါ်တော်မူခြင်းခံရသူများဖြစ်ကြောင်း ယုံကြည်ခဲ့သည်။ (မဿဲ ၂၀:၆-၈) သို့သော် ၁၉၆၆ ခုနှစ်တွင် ထိုပုံဥပမာအပေါ် ပြန်လည်ပြင်ဆင်ထားသောနားလည်မှုကို တင်ဆက်ခဲ့ကာ ယင်းပုံဥပမာသည် ဝိညာဉ်တော်ဖွားများ၏ ခေါ်တော်မူခြင်းအဆုံးနှင့်မည်သို့မျှမပတ်သက်ကြောင်း ရှင်းလင်းလာခဲ့သည်။
၁၉၃၅ ခုနှစ်တွင် ဗျာ. ၇:၉-၁၅ မှလူအုပ်ကြီးသည် “အခြားသိုး” ဖြစ်ကြောင်းနားလည်ခဲ့သည်၊ ယင်းခရစ်ယာန်များသည် “နောက်ဆုံးကာလ” ၌ကမ္ဘာ့မြင်ကွင်းတွင်ပေါ်လာသူတို့ဖြစ်ပြီး မြေကြီးဆိုင်ရာမျှော်လင့်ချက်ရှိကာ အာမဂေဒုန်ကို ကျော်နင်းမည့်အုပ်စုဖြစ်သည်။ (ယောဟန် ၁၀:၁၆; ၂ တိမောသေ ၃:၁၊ ကဘ; ဗျာ. ၂၁:၃၊ ၄) ယင်းနှစ်နောက်ပိုင်းတွင် တပည့်ဖြစ်စေခြင်းလုပ်ငန်း၏ရည်ရွယ်ချက်သည် လူအုပ်ကြီးကိုစုသိမ်းခြင်းသို့ပြောင်းသွားသည်။ သို့ဖြင့် ကောင်းကင်ဆိုင်ရာခေါ်တော်မူခြင်းသည် ၁၉၃၅ ခုနှစ်တွင်ရပ်ဆိုင်းသွားသည်ဟု အထူးသဖြင့် ၁၉၆၆ ခုနှစ်နောက်ပိုင်းတွင် ယုံကြည်ခဲ့ကြသည်။ ၁၉၃၅ ခုနှစ်နောက်ပိုင်း နှစ်ခြင်းခံခဲ့သူအားလုံးနီးပါးသည် မြေကြီးဆိုင်ရာမျှော်လင့်ချက်ရှိသူများဖြစ်သည်ဟု ခံစားခဲ့ကြသောအခါ ယင်းသည်ခိုင်မာပုံပေါက်ခဲ့သည်။ ယင်းနောက်ပိုင်း ကောင်းကင်ဆိုင်ရာမျှော်လင့်ချက်သို့ခေါ်တော်မူခြင်းခံရသူများသည် သစ္စာမဲ့သွားသောဝိညာဉ်တော်ဖွားခရစ်ယာန်များကို အစားထိုးခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။
ဝိညာဉ်တော်ဖွားတစ်ဦးသည် နောင်တရခြင်းမရှိဘဲဝေးကွာသွားပါက သူ၏နေရာတွင်နောက်တစ်ဦးကို ယေဟောဝါခေါ်တော်မူသည်မှာ ယုံမှားဖွယ်မရှိချေ။ (ရောမ ၁၁:၁၇-၂၂) သို့သော် သစ္စာမဲ့သွားသည့် စစ်မှန်သောဝိညာဉ်တော်ဖွားများအရေအတွက်သည် များပုံမရချေ။ အခြားတစ်ဖက်တွင် အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ၁၉၃၅ ခုနှစ်နောက်ပိုင်း နှစ်ခြင်းခံခဲ့သောခရစ်ယာန်အချို့သည် ကောင်းကင်ဆိုင်ရာမျှော်လင့်ချက်ရှိကြောင်း ဝိညာဉ်တော်၏သက်သေခံမှုရရှိခဲ့ကြသည်။ (ရောမ ၈:၁၆၊ ၁၇) ထို့ကြောင့် ကောင်းကင်ဆိုင်ရာမျှော်လင့်ချက်ရှိသူ ခရစ်ယာန်များကို ဖိတ်ခေါ်ခြင်း အဆုံးသတ်သည့်သတ်သတ်မှတ်မှတ်နေ့ စွဲကို မသတ်မှတ်နိုင်ပုံပေါက်သည်။
လူတစ်ဦးက ယခု မိမိသည် ဝိညာဉ်တော်ဖွားဖြစ်ကြောင်းသူ၏နှလုံး၌ပိုင်းဖြတ်ကာ အောက်မေ့ရာပွဲနေ့တွင် အထိမ်းအမှတ်များကိုစတင်သုံးဆောင်ပါက သူ့အား မည်သို့ရှုမြင်သင့်သနည်း။ သူ့ကိုတရားမစီရင်သင့်ချေ။ ယင်းသည် သူနှင့်ယေဟောဝါစပ်ကြားကိစ္စဖြစ်သည်။ (ရောမ ၁၄:၁၂) သို့သော် စစ်မှန်သောဝိညာဉ်တော်ဖွားခရစ်ယာန်များသည် အထူးအာရုံစိုက်ရန် မတောင်းဆိုကြပါ။ သူတို့သည် ဝိညာဉ်တော်ဖွားဖြစ်ခြင်းကြောင့် လူအုပ်ကြီးအဖွဲ့ဝင်များထဲမှ အတွေ့အကြုံရှိသူတချို့တွင်ရှိနိုင်သော “ထိုးထွင်းသိမြင်ခြင်း” ထက်ပင်ပို၍အထူးရရှိထားသည်ဟု မယုံကြည်ကြပါ။ သူတို့သည် မိမိတို့၏အခြားသိုးအပေါင်းပါများထက် သန့်ရှင်းသောဝိညာဉ်တော်ကို ပို၍ရရှိသင့်သည်ဟု မယုံကြည်ကြပါ။ သူတို့ကိုအထူးပြုစုဆက်ဆံရန်လည်းကောင်း၊ အထိမ်းအမှတ်များကိုသုံးဆောင်ခြင်းကြောင့် အသင်းတော်ရှိခန့်အပ်ခံအကြီးအကဲများအထက်၌ မိမိတို့ရှိသည်ဟုလည်းကောင်း မယူမှတ်ကြပါ။ ပထမရာစု ရှိ ဝိညာဉ်တော်ဖွားအမျိုးသားအချို့သည် အကြီးအကဲများ သို့မဟုတ် ဓမ္မအမှုထမ်းများအဖြစ် အမှုထမ်းရန်အရည်အချင်းမပြည့်မီခဲ့ကြောင်း သူတို့နှိမ့်ချစွာသတိရကြသည်။ (၁ တိမောသေ ၃:၁-၁၀၊ ၁၂၊ ၁၃; တိတု ၁:၅-၉; ယာကုပ် ၃:၁) အချို့သောဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ဝိညာဉ်ရေး၌ပင်အားနည်းခဲ့ကြသည်။ (၁ သက်သာလောနိတ် ၅:၁၄) ညီအစ်မများသည် ဝိညာဉ်တော်ဖွားဖြစ်ကြသော်လည်း အသင်းတော်တွင် မသွန်သင်ခဲ့ကြပါ။—၁ တိမောသေ ၂:၁၁၊ ၁၂။
ထို့ကြောင့် ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် သူတို့၏အပေါင်းပါများနှင့်အတူ ဝိညာဉ်ရေးသန်စွမ်းရန်၊ ဝိညာဉ်အသီးမွေးမြူရန်နှင့် အသင်းတော်၏ငြိမ်သက်မှုအတွက်လုပ်ဆောင်ရန် ကြိုးပမ်းကြသည်။ ဝိညာဉ်တော်ဖွားဖြစ်စေ၊ အခြားသိုးဖြစ်စေ ခရစ်ယာန်အားလုံးသည် အုပ်ချုပ်ရေးအဖွဲ့၏ညွှန်ကြားမှုအောက် သတင်းကောင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို အားထုတ်လုပ်ဆောင်ကြသည်။ ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ဘုရားသခင့်အလိုတော်ရှိသရွေ့ ယေဟောဝါ၏ကျေးကျွန်များအဖြစ် မြေကြီးပေါ်တွင်ရှိစဉ် ယင်းကိုလုပ်ဆောင်ရန် ကျေနပ်လျက်ရှိကြသည်။