ယနေ့ ဘုရားသခင့်ရည်ရွယ်ချက်နှင့်အညီ အသက်ရှင်ခြင်း
“[ခရစ်တော်သည်] လူအပေါင်းတို့အတွက် အသေခံတော်မူသဖြင့် အသက်ရှင်သူတို့သည် ကိုယ့်အတွက် အသက်မရှင် တော့မည် . . . အကြောင်းတည်း။”—၂ ကောရိန္သု ၅:၁၅၊ ကဘ။
၁။ ခရစ်ယာန်သာသနာပြုတစ်ဦး၏တွေ့ကြုံမှုကို ပြန်ပြောပြပါ။
အေရုန်aအမည်ရှိ ခရစ်ယာန်သာသနာပြုတစ်ဦး ဤသို့ပြောသည်– “ပြည်တွင်းစစ်ပြီးတဲ့နောက် စစ်ကားပဲဝင်ခွင့်ရတဲ့ ဝေးခေါင်တဲ့အာဖရိကရွာထဲကို ကျွန်တော်တို့ရဲ့ကား ဦးဆုံးဝင်နိုင်ခဲ့တယ်။ အဲဒီမှာရှိတဲ့ အသင်းတော်ငယ်လေးနဲ့ အဆက်အသွယ်ပြတ်နေတဲ့အတွက် ညီအစ်ကိုတွေရဲ့လိုအပ်ရာတွေကို ဖြည့်ဆည်းပေးဖို့လိုတယ်။ အစားအစာ၊ အဝတ်အထည်၊ ကျမ်းစာစာပေတွေအပြင် ယေဟောဝါသက်သေများ—နာမည်နောက်ဝယ်ရှိအဖွဲ့အစည်းb ဗီဒီယိုအခွေကိုလည်း ယူသွားကြတယ်။ ရွာထဲက မြက်ခြောက်တဲကြီးမှာ တီဗွီအောက်စက်နဲ့ အဲဒီဗီဒီယိုအခွေကိုပြတဲ့အခါ စိတ်ဝင်စားသူတွေအများကြီး လာကြည့်လို့ နှစ်ခါတောင်ပြရတယ်။ နှစ်ခါစလုံးမှာ ကျမ်းစာသင်အံမှုတွေအများကြီးရတယ်။ ကျွန်တော်တို့ ကြိုးစားရကျိုးနပ်ခဲ့တယ်။”
၂။ (က) ခရစ်ယာန်များသည် မိမိတို့အသက်တာကို ဘုရားသခင့်လုပ်ငန်းတော်တွင် အသုံးပြုရန် အဘယ်ကြောင့် စိတ်ပိုင်းဖြတ်ထားကြသနည်း။ (ခ) အဘယ်မေးခွန်းများကို ကျွန်ုပ်တို့သုံးသပ်ကြမည်နည်း။
၂ အေရုန်နှင့်သူ၏အဖော်များသည် ဤမျှခက်ခဲသောတာဝန်ကို အဘယ်ကြောင့် ထမ်းဆောင်ခဲ့သနည်း။ အကြောင်းမှာ ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်သကာကို ကျေးဇူးတင်လေးမြတ်စိတ်ဖြင့် သူတို့၏အသက်တာကို ဘုရားသခင်ထံအပ်နှံကာ ကိုယ်တော့်ရည်ရွယ်ချက်နှင့်အညီ အသက်ရှင်လိုသောကြောင့်ဖြစ်၏။ သူတို့နည်းတူ အပ်နှံထားသောခရစ်ယာန်အားလုံးလည်း “ကိုယ့်အတွက် အသက်မရှင်တော့” ဘဲ “ဧဝံဂေလိတရား” အတွက် မိမိတို့လုပ်ဆောင်နိုင်ရာမှန်သမျှကို လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားကြသည်။ (၂ ကောရိန္သု ၅:၁၅၊ ကဘ; ၁ ကောရိန္သု ၉:၂၃) ဤအစီအစဉ်စနစ်အဆုံးတိုင်သောအခါ လောကရှိ ငွေကြေးနှင့်ဂုဏ်ပကာသနမှန်သမျှသည် တန်ဖိုးမဲ့သွားမည်ကို သူတို့သိထားသည်။ ထို့ကြောင့် အသက်ရှင်နေပြီး ကျန်းမာရေးအတော်အတန်ကောင်းနေသရွေ့ ဘုရားသခင်၏ရည်ရွယ်ချက်နှင့်အညီ အသက်ရှင်လိုကြသည်။ (ဒေ. ၁၂:၁) ယင်းကို မည်သို့လုပ်ဆောင်နိုင်သနည်း။ ထိုသို့လုပ်ဆောင်နိုင်ရန် လိုအပ်သောရဲစွမ်းသတ္တိနှင့် အစွမ်းခွန်အားကို မည်သို့ရရှိနိုင်သနည်း။ အဘယ်လုပ်ငန်းတော်အခွင့်အရေးများ ရရှိနိုင်သနည်း။
လက်တွေ့ကျသောခြေလှမ်းများကို အဆင့်ဆင့်တက်လှမ်းခြင်း
၃။ ဘုရားသခင့်အလိုတော်ဆောင်ခြင်းတွင် လှမ်းရမည့်အခြေခံခြေလှမ်းများကား အဘယ်နည်း။
၃ ခရစ်ယာန်စစ်များအတွက် ဘုရားသခင့်အလိုတော် ထမ်းဆောင်ခြင်းသည် တစ်သက်တာလုံးလုပ်ဆောင်ရမည့်အရာဖြစ်၏။ ယင်းသည် များသောအားဖြင့် သီအိုကရက်တစ်ကျောင်းတွင် စာရင်းပေးသွင်းခြင်း၊ ကျမ်းစာကိုနေ့စဉ်ဖတ်ခြင်း၊ ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ခြင်းနှင့် နှစ်ခြင်းခံနိုင်သည့်အထိ တက်လှမ်းခြင်းကဲ့သို့သော အခြေခံခြေလှမ်းတို့ဖြင့် အစပြုလေ့ရှိသည်။ တိုးတက်လာသည်နှင့်အမျှ တမန်တော်ပေါလု၏ ဤစကားများကို ကျွန်ုပ်တို့မှတ်ကျုံးထားကြသည်– “သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အားထင်ရှားစေခြင်းငှာ ဤအရာများကိုစိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့။” (၁ တိမောသေ ၄:၁၅) ထိုတိုးတက်မှုများသည် မိမိတို့ကိုယ်ကို အမွှမ်းတင်ရန်မဟုတ်ဘဲ ဘုရားသခင့်အလိုတော်ကို ကိုယ်ကျိုးစွန့်ထမ်းရွက်ရန် စိတ်ပိုင်းဖြတ်ချက်ကို ဖော်ပြသည်။ ထိုသို့သောလမ်းစဉ်ကို လိုက်လျှောက်ခြင်းက မိမိတို့၏ဘဝကဏ္ဍတိုင်းတွင် ဘုရားသခင်၏လမ်းညွှန်မှုကို ခံယူနေကြောင်း ဖော်ပြသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ထက် သာလွန်ကောင်းမွန်စွာ လမ်းညွှန်ပေးနိုင်သည်။—ဆာလံ ၃၂:၈။
၄။ မလိုအပ်သောစိုးရိမ်ပူပန်မှုများကို မည်သို့ဖယ်ရှားနိုင်သနည်း။
၄ သို့သော် ချီတုံချတုံဖြစ်ခြင်း သို့မဟုတ် ကိုယ့်ကိုယ်ကို အလွန်အမင်းစိုးရိမ်ပူပန်ခြင်းက ဘုရားသခင့်အမှုဆောင်ရန် တက်လှမ်းမှုကို အတားအဆီးဖြစ်စေသည်။ (ဒေ. ၁၁:၄) ထို့ကြောင့် ဘုရားသခင့်အမှုဆောင်ခြင်းနှင့် အခြားသူတို့၏အကျိုးကို ထမ်းရွက်ခြင်းမှ ပျော်ရွှင်မှုမခံစားရမီ မိမိတို့ကိုယ်တိုင်၏ စိုးရိမ်ပူပန်မှုများကို ဦးစွာကျော်လွှားရပေမည်။ ဥပမာ၊ အဲရစ်ခ်သည် နိုင်ငံခြားဘာသာစကားပြောအသင်းတော်တွင် အမှုဆောင်ဖို့ စဉ်းစားနေသည်။ သို့သော် ‘သူတို့ကြားထဲမှာ ငါဝင်ဆံ့ပါ့မလား။ အဲဒီညီအစ်ကိုတွေက ငါ့စိတ်နဲ့တွေ့ပါမလား။ သူတို့ ငါ့ကိုသဘောကျပါ့မလား’ ဟုစိုးရိမ်ပူပန်မိသည်။ သူဤသို့ပြောပြ၏– “ကိုယ့်ကိုယ်ကိုထက် ညီအစ်ကိုတွေအရေးကို ပိုထည့်စဉ်းစားဖို့လိုအပ်တယ်ဆိုတာ နောက်ဆုံး ကျွန်တော်နားလည်လာတယ်။ ဒါကြောင့် မစိုးရိမ်တော့ဘဲ တခြားသူတွေအတွက် ဘယ်အရာကိုမဆို ကိုယ်ကျိုးမဖက်၊ အတတ်နိုင်ဆုံးပေးဆက်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ အကူအညီအတွက် ဆုတောင်းပြီး တက်လှမ်းခဲ့တယ်။ အခု အဲဒီမှာအမှုဆောင်ရတာ သိပ်ပျော်တယ်။” (ရောမ ၄:၂၀) မှန်ပါသည်၊ ဘုရားသခင်နှင့် အခြားသူတို့အတွက် ကိုယ်ကျိုးမဖက်ဘဲ ပိုအမှုဆောင်လေ ကျေနပ်ပျော်ရွှင်မှု ပိုခံစားရလေဖြစ်သည်။
၅။ ဘုရားသခင့်ရည်ရွယ်ချက်နှင့်အညီ အသက်ရှင်ခြင်းတွင် ဂရုတစိုက်အစီအစဉ်ရေးဆွဲခြင်း အဘယ်ကြောင့်လိုအပ်သနည်း။ ဥပမာပေးပါ။
၅ ဘုရားသခင့်ရည်ရွယ်ချက်နှင့်အညီ အောင်မြင်စွာအသက်ရှင်နိုင်ရန် ကိစ္စရပ်များကို ဂရုတစိုက်အစီအစဉ်ဆွဲဖို့လိုသည်။ ဤအစီအစဉ်စနစ်၏ ကျွန်ဘဝရောက်သွားစေနိုင်ပြီး ဘုရားသခင့်အမှုတော်ကို အကန့်အသတ်နှင့်သာ ဆောင်ရွက်စေနိုင်သည့် အကြွေးလည်ပင်းနစ်ခြင်းကို ကျွန်ုပ်တို့ ပညာရှိစွာရှောင်ကြသည်။ “ချေးငှားယူသောသူသည် ချေးငှားပေးသောသူ၌ ကျွန်ဖြစ်၏” ဟုကျမ်းစာကဆိုသည်။ (သု. ၂၂:၇) ယေဟောဝါကို ယုံကြည်ကိုးစားပြီး ကိုယ်တော့်အမှုဆောင်ခြင်းကို ရှေးဦးထားခြင်းက ကိစ္စရပ်များကို ရှင်းရှင်းလင်းလင်းခွဲခြားသိမြင်နိုင်ရန် ကူညီပေးသည်။ ဥပမာ၊ ဂိုမင်၊ သူ့အစ်မ၊ ညီအစ်မနှင့်မိခင်တို့သည် အိမ်ဈေးမြင့်ပြီး တည်မြဲသောအလုပ်အကိုင်လည်းရှားပါးသည့် ဒေသတွင် နေထိုင်ကြသည်။ သို့သော် ငွေကို ဂရုတစိုက်ဝေမျှသုံးစွဲခြင်းဖြင့် မိသားစုဝင်အချို့ အလုပ်မရှိသည့်အချိန်တွင်ပင် ဘဝလိုအပ်ရာများ ရရှိနိုင်ကြသည်။ ဂိုမင်ဤသို့ပြောပြသည်– “တစ်ခါတလေ မိသားစုဝင်တချို့က ဝင်ငွေမရှိဘူး။ ဒါတောင် ကျွန်တော်တို့ ရှေ့ဆောင်ဆက်လုပ်နိုင်ပြီး အမေ့ကိုလည်း ကောင်းကောင်းကြည့်ရှုစောင့်ရှောက်နိုင်ကြတယ်။ အမေက သူဇိမ်ကျကျနေနိုင်ဖို့ ကျွန်တော်တို့ရဲ့ရှေ့ဆောင်လုပ်ငန်းနဲ့ အသင်းတော်လုပ်ငန်းတွေကို မစွန့်လွှတ်ခိုင်းတဲ့အတွက် အမေ့ကိုအရမ်းကျေးဇူးတင်တယ်။”—၂ ကောရိန္သု ၁၂:၁၄; ဟေဗြဲ ၁၃:၅။
၆။ ဘုရားသခင်၏ရည်ရွယ်ချက်နှင့်အညီ အသက်ရှင်နိုင်ကြောင်း အဘယ်ဥပမာက ဖော်ပြသနည်း။
၆ ငွေရေးကြေးရေး သို့မဟုတ် အခြားသောလောကလိုက်စားမှုများတွင် သင်အလွန်အကျွံပါဝင်နေပါက ဘုရားသခင့်ရည်ရွယ်ချက်ကို ရှေးဦးထားနိုင်ရန် ကြီးမားသောပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ဖို့ လိုအပ်ပေမည်။ ထိုသို့သောပြောင်းလဲမှုများကို တစ်ရက်တည်းနှင့်ပြုလုပ်နိုင်မည်မဟုတ်ပေ။ ဦးဆုံးအကြိမ် သင့်ကြိုးပမ်းမှုများတွင် အမှားများပြုလုပ်မိပါကလည်း ရှုံးနိမ့်ခြင်းဟု မယူဆသင့်ပေ။ အပန်းဖြေမှုတွင် အချိန်များစွာအသုံးပြုသည့် ကိုအိချီအကြောင်း သုံးသပ်ကြည့်ပါ။ ဆယ်ကျော်သက်အရွယ်တွင် ကျမ်းစာလေ့လာခဲ့သော ကိုအိချီသည် ဗီဒီယိုဂိမ်းကစားခြင်းကို နှစ်ပေါင်းများစွာ စွဲလမ်းခဲ့သည်။ တစ်နေ့တွင် ကိုအိချီသည် မိမိကိုယ်ကို ဤသို့ပြော၏– ‘မင်းဘာလုပ်နေတာလဲ။ အသက်က ၃၀ ကျော်နေပြီ၊ ဘဝမှာရည်ရွယ်ချက်ရှိတဲ့အရာတစ်ခုမှ မလုပ်သေးဘူး။’ ကိုအိချီသည် ကျမ်းစာပြန်လေ့လာပြီး အသင်းတော်မှအကူအညီကို လက်ခံခဲ့သည်။ ချက်ချင်းမပြောင်းလဲနိုင်သော်လည်း သူအလျှော့မပေးခဲ့ပေ။ အကြိမ်ကြိမ်ဆုတောင်းခြင်းနှင့် အခြားသူတို့၏ မေတ္တာပါအားပေးထောက်မမှုတို့ဖြင့် နောက်ဆုံး မိမိ၏စွဲလမ်းမှုကို ကျော်လွှားနိုင်ခဲ့သည်။ (လုကာ ၁၁:၉) ယခု ကိုအိချီသည် ဓမ္မအမှုထမ်းအဖြစ် ပျော်ရွှင်စွာအမှုဆောင်နေသည်။
မျှတမှုရှိရန် သင်ယူပါ
၇။ ဘုရားသခင့်အမှုတော်ထမ်းဆောင်ရာတွင် အဘယ်ကြောင့် မျှတမှုရှိဖို့လိုသနည်း။
၇ ဘုရားသခင့်ရည်ရွယ်ချက်နှင့်အညီ အသက်ရှင်နိုင်ရန် နှလုံးအကြွင်းမဲ့ ကြိုးစားအားထုတ်သင့်သည်။ ထိုသို့ပြုလုပ်ရာတွင် မည်သည့်အခါမျှ မိမိကိုယ်ကိုသက်ညှာခြင်း သို့မဟုတ် ပျင်းရိခြင်း မဖြစ်သင့်ပေ။ (ဟေဗြဲ ၆:၁၁၊ ၁၂) သို့တိုင် စိတ်ရောကိုယ်ပါ အလွန်ပင်ပန်းနွမ်းနယ်သွားသည့်အထိ ကျွန်ုပ်တို့ကိုယ်ကို အတင်းအကျပ်စေခိုင်းခြင်းကို ယေဟောဝါမလိုလားပေ။ ကျွန်ုပ်တို့၏ကိုယ်ပိုင်အစွမ်းခွန်အားဖြင့် ဘုရားသခင့်အမှုတော်ကို မထမ်းဆောင်နိုင်ကြောင်း ကျိုးနွံစွာအသိအမှတ်ပြုခြင်းသည် ကိုယ်တော့်ကိုဂုဏ်တင်ရာရောက်သည့်အပြင် မျှတမှုရှိကြောင်းလည်း ဖော်ပြရာရောက်သည်။ (၁ ပေတရု ၄:၁၁) ယေဟောဝါ၏အလိုတော်ကို ထမ်းဆောင်ရာတွင် လိုအပ်သောအစွမ်းခွန်အားကို ကိုယ်တော်ပေးမည်ဟု ကတိပြုထားသည်။ သို့သော် ကျွန်ုပ်တို့ထံမှ ကိုယ်တော် မမျှော်လင့်ထားသောအရာများကို လုပ်ဆောင်ရန် မိမိတို့ကိုယ်ကို တတ်နိုင်သည်ထက် အတင်းအကျပ်စေခိုင်းခြင်း မပြုရပေ။ (၂ ကောရိန္သု ၄:၇) ကျွန်ုပ်တို့ကိုယ်ကို အားအင်ကုန်ခမ်းသွားခြင်းမဖြစ်စေဘဲ ဘုရားသခင်ကို ဆက်အမှုဆောင်နိုင်ရန် ကျွန်ုပ်တို့၏ခွန်အားကို ပညာရှိစွာချင့်ချိန်အသုံးပြုဖို့လိုသည်။
၈။ လောကအတွက်ကော ယေဟောဝါအတွက်ပါ အကောင်းဆုံးပေးဆက်ရန် ကြိုးစားသော ခရစ်ယာန်လူငယ်တစ်ဦး မည်သို့ဖြစ်ခဲ့သနည်း၊ အဘယ်ပြုပြင်ပြောင်းလဲမှု ပြုလုပ်ခဲ့သနည်း။
၈ ဥပမာ၊ အရှေ့အာရှတွင်နေထိုင်သော ဂျီဟီးသည် ရှေ့ဆောင်လုပ်ရင်း အလွန်ပင်ပန်းသောအလုပ်တစ်ခုလည်း လုပ်ကိုင်သည်။ သူဤသို့ပြောပြသည်– “ယေဟောဝါကိုရော လောကကိုပါ အကောင်းဆုံးပေးဆက်ဖို့ ကျွန်မကြိုးစားခဲ့တယ်။ ဒါကြောင့် တစ်ညမှာ ငါးနာရီပဲအိပ်ချိန်ရှိတယ်။ နောက်ဆုံးတော့ ယေဟောဝါရဲ့အမှုတော်မှာ ကျွန်မ စိတ်မပါတော့ဘူး၊ ပျော်လည်းမပျော်တော့ဘူး။” ဂျီဟီးသည် ယေဟောဝါကို “စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်” အမှုဆောင်နိုင်ရန် သိပ်မပင်ပန်းသောအလုပ်ကိုရှာခဲ့သည်။ (မာကု ၁၂:၃၀) သူဤသို့ပြောပြသည်– “ငွေများများရှာဖို့ မိသားစုက တွန်းအားပေးပေမဲ့ ဘုရားသခင့်ရည်ရွယ်ချက်ကို ဦးစားထားဖို့ ကျွန်မကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကြည့်ပျော်ရှုပျော်ရှိတဲ့အဝတ်အစားလိုမျိုး အခြေခံလိုအပ်ရာတွေအတွက် ငွေလောက်ပါတယ်။ အိပ်ရေးဝဝအိပ်ရလို့လည်း ပိုပြီးကျန်းမာပျော်ရွှင်လာတယ်။ အမှုဆောင်လုပ်ငန်းမှာလည်း ပျော်ရွှင်လာပြီး အခုဆို ယေဟောဝါနဲ့ဆက်ဆံရေး ပိုကောင်းလာတယ်။ အကြောင်းကတော့ လောကရဲ့ဆွဲဆောင်မှုတွေနဲ့ အာရုံပျံ့လွင့်စရာတွေအတွက် အချိန်သိပ်မပေးတဲ့အတွက်ဖြစ်တယ်။”—ဒေ. ၄:၆; မဿဲ ၆:၂၄၊ ၂၈-၃၀။
၉။ ကျွန်ုပ်တို့၏ကြိုးစားလုပ်ဆောင်မှုများသည် ရပ်ကွက်ရှိလူတို့ကို မည်သို့အကျိုးသက်ရောက်နိုင်သနည်း။
၉ လူတိုင်း အချိန်ပြည့် အမှုဆောင်နိုင်မည်မဟုတ်ပေ။ သင်သည် အသက်အရွယ်ကြီးရင့်ခြင်း၊ ကျန်းမာရေးမကောင်းခြင်း သို့မဟုတ် အခြားကန့်သတ်မှုများကို ရင်ဆိုင်နေရပါက သင်၏သစ္စာရှိမှုနှင့် နှလုံးအကြွင်းမဲ့အမှုဆောင်ခြင်းကို ယေဟောဝါ တန်ဖိုးထားလေးမြတ်ကြောင်း အမှတ်ရပါ။ (လုကာ ၂၁:၂၊ ၃) ထို့ကြောင့် ကျွန်ုပ်တို့၏ကြိုးစားမှုများသည် အကန့်အသတ်ပင်ဖြစ်ပါစေ အခြားသူများအပေါ် ယင်း၏အကျိုးသက်ရောက်နိုင်မှုကို မည်သူမျှ လျှော့မတွက်သင့်ပေ။ ဥပမာ၊ ကျွန်ုပ်တို့ တစ်အိမ်မှတစ်အိမ်သွားရာတွင် သတင်းကောင်းကို စိတ်ဝင်စားသူတစ်ဦးမျှမတွေ့ရဟု ဆိုပါစို့။ အိမ်ရှင်များသည် တံခါးမဖွင့်ပေးလျှင်ပင် ကျွန်ုပ်တို့ထွက်သွားပြီးနောက် သက်သေခံများအကြောင်း အချိန်အတော်ကြာ ပြောဆိုကြပေမည်။ သတင်းကောင်းကိုကြားနာသူတိုင်း ကောင်းစွာတုံ့ပြန်လိမ့်မည်ဟု ကျွန်ုပ်တို့ မမျှော်လင့်သော်လည်း အချို့မှာ တုံ့ပြန်ကြပေလိမ့်မည်။ (မဿဲ ၁၃:၁၉-၂၃) အချို့သည် ကမ္ဘာ့အခြေအနေ သို့မဟုတ် ဘဝအခြေအနေ ပြောင်းလဲပြီးနောက် တုံ့ပြန်ကြပေမည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့သည် ဓမ္မအမှုလုပ်ငန်းတွင် အတတ်နိုင်ဆုံးပါဝင်ခြင်းဖြင့် ကိုယ်တော့်အမှုတော်ကို ထမ်းဆောင်နေကြပြီး “ဘုရားသခင့်ထံ၌ အလုပ်လုပ်သောသူချင်း” ဖြစ်ကြသည်။—၁ ကောရိန္သု ၃:၉။
၁၀။ အသင်းတော်ရှိသူတိုင်းအတွက် အဘယ်အခွင့်ထူးများ ပွင့်လျက်ရှိသနည်း။
၁၀ ထို့ပြင် ကျွန်ုပ်တို့အားလုံးသည် မိသားစုဝင်များ၊ ညီအစ်ကိုညီအစ်မများကို ထောက်ကူပေးနိုင်ကြသည်။ (ဂလာတိ ၆:၁၀) ကျွန်ုပ်တို့သည် အခြားသူတို့အပေါ် ကောင်းသောသြဇာလွှမ်းမိုးပါက ရေရှည်အကျိုးတည်မြဲနိုင်သည်။ (ဒေ. ၁၁:၁၊ ၆) အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် တာဝန်များကို ဇွဲရှိရှိထမ်းဆောင်ခြင်းဖြင့် အသင်းတော်ရှိသူများကို ယေဟောဝါနှင့်ကောင်းသောဆက်ဆံရေးရှိရန် ကူညီပေးပြီး အသင်းတော်ကို တိုးတက်စေသည်။ “သခင်ဘုရား၏အမှုတော်၌ လုပ်ကိုင်စရာများစွာရှိ” ပြီး ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုသည် “အချည်းနှီးမဖြစ်ကြောင်း” ကျွန်ုပ်တို့စိတ်ချကြသည်။—၁ ကောရိန္သု ၁၅:၅၈၊ ကဘ။
ဘုရားသခင့်ရည်ရွယ်ချက်နှင့်အညီ အသက်ရှင်ခြင်းကို အသက်မွေးလုပ်ငန်းဖြစ်စေခြင်း
၁၁။ ဒေသခံအသင်းတော်တွင် အမှုဆောင်ခြင်းအပြင် အခြားအဘယ်အခွင့်ထူးများ ပွင့်လျက်ရှိသနည်း။
၁၁ ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည် အသက်ရှင်ရသည်ကို မွေ့လျော်ကြပြီး လုပ်ဆောင်လေသမျှတွင် ဘုရားသခင်ကို ဂုဏ်တင်လိုကြသည်။ (၁ ကောရိန္သု ၁၀:၃၁) ယေရှုမိန့်မှာသမျှကို အခြားသူများလိုက်နာနိုင်ရန် ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းတွင် သစ္စာရှိရှိပါဝင်သောအခါ ကျွန်ုပ်တို့ကိုပျော်ရွှင်စေသည့် အခြားလုပ်ငန်းတော်အခွင့်ထူးများစွာ ပွင့်လျက်ရှိသည်ကို တွေ့ရပါလိမ့်မည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ဒေသခံအသင်းတော်တွင် အမှုဆောင်ခြင်းအပြင် အခြားရပ်ကွက် သို့မဟုတ် အခြားနိုင်ငံတွင်ဖြစ်စေ၊ ဘာသာခြားစကားပြောအသင်းတော်တွင်ဖြစ်စေ သာ၍လိုအပ်သောနေရာတွင် အမှုဆောင်နိုင်သည့် အခွင့်အလမ်းများရှိသည်။ အရည်အချင်းရှိသော တစ်ကိုယ်ရေ အကြီးအကဲများ၊ ဓမ္မအမှုထမ်းများသည် ဓမ္မအမှုသင်တန်းကျောင်းတက်ရန် ဖိတ်ခေါ်ခံရနိုင်သည်။ ထို့နောက် မိမိတို့နိုင်ငံတွင်ဖြစ်စေ၊ တိုင်းတစ်ပါးတွင်ဖြစ်စေ ရင့်ကျက်သောခရစ်ယာန်များလိုအပ်သော အသင်းတော်များတွင် အမှုဆောင်နိုင်ပါသည်။ အချိန်ပြည့်ဓမ္မအမှုလုပ်ငန်းတွင် ပါဝင်နေသော မောင်နှံစုံများသည် ဂိလဒ်ကျောင်းတက်ပြီး တိုင်းတစ်ပါးတွင် အမှုဆောင်ရန် အရည်အချင်းပြည့်မီနိုင်သည်။ ဗေသလတွင် တာဝန်အမျိုးမျိုးထမ်းဆောင်ရန်၊ စည်းဝေးခန်းမများနှင့် ဌာနခွဲအဆောက်အဦများဆောက်လုပ်ကာ ပြုပြင်ထိန်းသိမ်းရန် စေတနာ့ဝန်ထမ်းများ အမြဲလိုအပ်နေသည်။
၁၂၊ ၁၃။ (က) အဘယ်အမှုဆောင်လုပ်ငန်းအား ရွေးချယ်လိုက်စားမည်ကို မည်သို့ဆုံးဖြတ်နိုင်သနည်း။ (ခ) တာဝန်တစ်ခုမှရရှိသော အတွေ့အကြုံက အခြားတာဝန်များအတွက် မည်သို့အသုံးဝင်ကြောင်း ဖော်ပြပါ။
၁၂ အဘယ်အမှုဆောင်လုပ်ငန်းကို သင်ရွေးချယ်လိုက်စားသင့်သနည်း။ ယေဟောဝါကိုအပ်နှံထားသူတစ်ဦးအနေဖြင့် သင်သည် လမ်းညွှန်မှုအတွက် ကိုယ်တော်နှင့် ကိုယ်တော့်အဖွဲ့အစည်းကို အစဉ်မျှော်ကိုးပါ။ ကိုယ်တော်၏စွမ်းအားတော်သည် မှန်ကန်သောဆုံးဖြတ်ချက်ချနိုင်ရန် ထောက်ကူပေလိမ့်မည်။ (နေဟမိ ၉:၂၀) တာဝန်တစ်ခုသည် နောက်ထပ်တာဝန်များ ရရှိနိုင်ရန် လမ်းဖွင့်ပေးသည်။ လုပ်ငန်းတော်တာဝန်တစ်ခုတွင် ရရှိသောအတွေ့အကြုံနှင့် ကျွမ်းကျင်မှုများသည် နောက်ပိုင်းရရှိမည့် တာဝန်များအတွက် အသုံးဝင်နိုင်သည်။
၁၃ ဥပမာ၊ ဒဲန်းနစ္စနှင့် သူ၏ဇနီးဂျဲနီသည် နိုင်ငံတော်ခန်းမဆောက်လုပ်ရေးစီမံကိန်းတွင် အမြဲပင်ကူညီပေးသည်။ အမေရိကန်တောင်ပိုင်းတွင် ကက်ထရီနာမုန်တိုင်း ကျရောက်ပြီးနောက် သူတို့သည် ကယ်ဆယ်ရေးလုပ်ငန်းတွင် စေတနာ့ဝန်ထမ်းခဲ့သည်။ ဒဲန်းနစ္စ ဤသို့ပြောပြ၏– “နိုင်ငံတော်ခန်းမဆောက်လုပ်ရေးကနေ ရရှိခဲ့တဲ့ ကျွမ်းကျင်မှုတွေကို အသုံးပြုပြီး ညီအစ်ကိုညီအစ်မတွေကို ကူညီပေးတဲ့အခါ သိပ်ပျော်တယ်။ ကျွန်တော်တို့ ကူညီပေးလိုက်တဲ့သူတွေ ဖော်ပြတဲ့ ကျေးဇူးတင်လေးမြတ်မှုကြောင့်လည်း အရမ်းပျော်ရတယ်။ တခြားကယ်ဆယ်ရေးအဖွဲ့တွေလည်း အိမ်ရာတွေပြန်ဆောက်ပေးပေမဲ့ သိပ်မအောင်မြင်ခဲ့ဘူး။ ယေဟောဝါသက်သေတွေကျတော့ အိမ်ပေါင်း ၅,၃၀၀ ကျော်နဲ့ ဘုရားသခင့်နိုင်ငံတော်ခန်းမအများကြီးကို ပြုပြင်တည်ဆောက်ပေးနိုင်ခဲ့တယ်။ အဲဒါကိုသတိပြုမိသူတွေက အခုဆို သတင်းကောင်းကို ပိုစိတ်ဝင်စားလာကြတယ်။”
၁၄။ အချိန်ပြည့်အမှုဆောင်လုပ်ငန်းကို သင်ရွေးချယ်လိုပါက အဘယ်အရာပြုလုပ်နိုင်သနည်း။
၁၄ သင်သည် အချိန်ပြည့်အမှုဆောင်လုပ်ငန်းကို အသက်မွေးလုပ်ငန်းအဖြစ် ရွေးချယ်ခြင်းဖြင့် ဘုရားသခင့်ရည်ရွယ်ချက်နှင့်အညီ အသက်ရှင်နိုင်သလော။ သို့ဆိုလျှင် ကောင်းချီးများစွာ ခံစားရပါလိမ့်မည်။ သင့်လက်ရှိအခြေအနေက ခွင့်မပြုသည့်တိုင် ယင်းကို ပြုပြင်ပြောင်းလဲနိုင်ပါသည်။ နေဟမိသည် အရေးကြီးတာဝန်ကို ထမ်းဆောင်လိုသောအခါ “အိုဘုရားရှင် . . . ကိုယ်တော်ကျွန်ကို . . . ကောင်းချီးပေးတော်မူပါ” ဟုဆုတောင်းခဲ့သည့်နည်းတူ ကျွန်ုပ်တို့လည်း တောင်းလျှောက်နိုင်ပါသည်။ (နေဟမိ ၁:၁၁) ‘ဆုတောင်းစကားကိုနားထောင်တော်မူသော ဘုရားသခင်’ ကို ယုံကြည်စိတ်ချလျက် ဆုတောင်းချက်နှင့်အညီ လုပ်ဆောင်ပါ။ (ဆာလံ ၆၅:၂) ယေဟောဝါ၏အမှုတော်ကို ပို၍အပြည့်အဝထမ်းဆောင်ရာတွင် ကိုယ်တော်၏ကောင်းချီးခံစားရရန် ဦးစွာ ကြိုးစားအားထုတ်ရမည်။ အချိန်ပြည့်အမှုဆောင်ရန် ဆုံးဖြတ်ပြီးသည်နှင့် ထိုဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ပါ။ အချိန်ကြာလာသည်နှင့်အမျှ သင်သည် အတွေ့အကြုံရင့်ကျက်လာပြီး ပို၍ပျော်ရွှင်လာပါလိမ့်မည်။
အမှန်အဖိုးထိုက်သည့်အသက်တာ
၁၅။ (က) နှစ်ပေါင်းများစွာအမှုဆောင်ခဲ့သူများနှင့် စကားပြောဆိုခြင်း၊ သူတို့အကြောင်း ဖတ်ရှုခြင်းမှ မည်သို့အကျိုးခံစားရသနည်း။ (ခ) သင့်ကို အထူးအားရှိစေသော ဘဝအတ္ထုပ္ပတ္တိကိုဖော်ပြပါ။
၁၅ ဘုရားသခင့်ရည်ရွယ်ချက်နှင့်အညီ အသက်ရှင်ခြင်းမှ အဘယ်အကျိုးကျေးဇူးရရန် မျှော်လင့်နိုင်သနည်း။ အထူးသဖြင့် အချိန်ပြည့်လုပ်ငန်းတွင် နှစ်ပေါင်းများစွာထမ်းဆောင်ခဲ့သူများနှင့် စကားပြောကြည့်ပါ။ သူတို့၏အသက်တာသည် အလွန်ကြွယ်ဝပြီး အဓိပ္ပာယ်ပြည့်ဝလှသည်။ (သု. ၁၀:၂၂) ခက်ခဲသည့်အချိန်တွင်ပင် မိမိတို့အမှန်လိုအပ်ရာနှင့် အခြားအရာများရရှိရန် ယေဟောဝါအမြဲကူညီခဲ့ကြောင်း သူတို့ပြောပြပေလိမ့်မည်။ (ဖိလိပ္ပိ ၄:၁၁-၁၃) လွန်ခဲ့သောဆယ်စုနှစ်အတွင်း ကင်းမျှော်စင်သည် သစ္စာရှိသူများ၏ ဘဝအတ္ထုပ္ပတ္တိများစွာကို ထုတ်ဝေခဲ့သည်။ ယင်းတို့အားလုံးတွင် ဇွဲနှင့်ရွှင်လန်းမှု ပေါ်လွင်နေသောကြောင့် တမန်တော်ကျမ်းမှတ်တမ်းကို ပြန်အမှတ်ရစေသည်။ ထိုစိတ်လှုပ်ရှားဖွယ် အတ္ထုပ္ပတ္တိများကို ဖတ်ရှုခြင်းက ‘ငါလိုချင်တာ ဒီလိုအသက်တာမျိုးပဲ’ ဟုပြောဆိုရန် လှုံ့ဆော်ပေးလိမ့်မည်။
၁၆။ အဘယ်အရာက ခရစ်ယာန်တစ်ဦး၏အသက်တာကို ရည်ရွယ်ချက်ရှိစေပြီး ပျော်ရွှင်စေသနည်း။
၁၆ အထက်တွင်ဖော်ပြခဲ့သော အေရုန် ဤသို့ပြောပြ၏– “အာဖရိကမှာ ကျွန်တော်အမှုဆောင်တုန်းက ဘဝရည်ရွယ်ချက်ကို ရှာဖွေနေတဲ့လူငယ်တွေနဲ့ မကြာခဏတွေ့တယ်။ အများစုက အဲဒီရည်ရွယ်ချက်ကို မတွေ့ကြဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ သတင်းကောင်းဟောပြောခြင်းအားဖြင့် ဘုရားသခင့်ရည်ရွယ်ချက်အတိုင်း လုပ်ဆောင်တဲ့အတွက် ခက်ခဲပေမဲ့ ရည်ရွယ်ချက်ရှိတဲ့အသက်တာကို ပိုင်ဆိုင်ထားကြတယ်။ ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်ဆိုတာ ခံစားခဲ့ရတယ်။”—တမန်တော် ၂၀:၃၅။
၁၇။ ယနေ့ ဘုရားသခင့်ရည်ရွယ်ချက်နှင့်အညီ အဘယ်ကြောင့်အသက်ရှင်ရမည်နည်း။
၁၇ အသင်ကော။ ဘဝတွင် အဘယ်ရည်ရွယ်ချက်အတိုင်း လုပ်ဆောင်နေသနည်း။ သင့်တွင် ဘုရားသခင့်ရည်ရွယ်ချက်နှင့်အညီ အသက်ရှင်ရန် ကူညီပေးသည့်ပန်းတိုင် အတိအကျမရှိလျှင် အခြားလိုက်စားမှုများက အလျင်အမြန်နေရာယူသွားပါလိမ့်မည်။ သင်၏အဖိုးထိုက်သောအသက်တာကို စာတန်၏ စိတ်ကူးယဉ်ဆန်သောလောကတွင် အဘယ်ကြောင့်ဖြုန်းတီးပစ်မည်နည်း။ နီးကပ်လျက်ရှိသောအနာဂတ်တွင် ‘ကြီးစွာသောဆင်းရဲခြင်း’ ကျရောက်သောအခါ ရုပ်ပစ္စည်းကြွယ်ဝမှုများနှင့် ရာထူးအဆင့်အတန်းများသည် တန်ဖိုးမဲ့သွားပေလိမ့်မည်။ အရေးပါသောအရာမှာ ကျွန်ုပ်တို့နှင့် ယေဟောဝါ၏ဆက်ဆံရေးဖြစ်ပေမည်။ ထို့ကြောင့် ယခုအချိန်တွင် ယေဟောဝါ၏အမှုတော်နှင့် အခြားသူများ၏အကျိုးကို ထမ်းဆောင်ပြီး အသက်တာတွင် ဘုရားသခင့်ရည်ရွယ်ချက်နှင့်အညီ အပြည့်အဝအသက်ရှင်ခဲ့သဖြင့် အလွန်ကျေးဇူးတင်ကြပါလိမ့်မည်။—မဿဲ ၂၄:၂၁; ဗျာ. ၇:၁၄၊ ၁၅။
[အောက်ခြေမှတ်ချက်]
a နာမည်အချို့ပြောင်းထားသည်။
b ယေဟောဝါသက်သေများ ထုတ်ဝေသည်။
သင်ရှင်းပြနိုင်သလော
• ယေဟောဝါသည် မိမိအတွက် လူတို့အမှုဆောင်ခြင်းကို မည်သို့သဘောထားသနည်း။
• လက်တွေ့ကျခြင်းနှင့် မျှတမှုရှိခြင်းက ဘုရားသခင်နှင့် အခြားသူများအတွက် အမှုဆောင်ရာတွင် မည်သို့ အကူအညီပေးသနည်း။
• အဘယ်လုပ်ငန်းတော်အခွင့်ထူးများ ပွင့်လျက်ရှိသနည်း။
• အမှန်တကယ် ရည် ရွယ်ချက်ရှိသောအသက်တာကို ယခုပင် မည်သို့ရရှိနိုင်သနည်း။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံများ]
ယေဟောဝါ၏အမှုတော်ကို နှလုံးအကြွင်းမဲ့ ထမ်းဆောင်နေနိုင်ရန် မျှတမှုလိုအပ်
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံများ]
မြင့်မြတ်သောလုပ်ငန်းတော်တွင် ကဏ္ဍအမျိုးမျိုးရှိ