ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၈ ၇/၁ စာ. ၄-၉
  • ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ခံရပ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ခံရပ်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဝမ်းနည်းပူဆွေးမှုဟူသည် အဘယ်နည်း
  • ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ခံရပ်ခြင်း
  • ဘုရားသခင်၌ချဉ်းကပ်ကြလော့
  • ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်
  • ပူဆွေးသောကနှင့် ကျွန်ုပ်မည်သို့ စခန်းသွားရမည်နည်း
    သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ
  • “ငိုကြွေးသူတွေနဲ့အတူ ငိုကြွေးပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ဒီစာစောင်မှာ– ဝမ်းနည်းပူဆွေးသူများအတွက် အကူအညီ
    နိုးလော့!—၂၀၁၈
  • နိဒါန်း
    နိုးလော့!—၂၀၁၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
က၀၈ ၇/၁ စာ. ၄-၉

ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ခံရပ်ခြင်း

“သားသမီးအပေါင်းတို့သည် အဘ[ယာကုပ်]ကို နှစ်သိမ့်စေခြင်းငှာ ကြိုးစားသော်လည်း သူသည် နှစ်သိမ့်စေသော စကားကို နားမထောင်ဘဲ ‘ငါ့သားရှိရာမရဏာနိုင်ငံသို့ စိတ်မသာညည်းတွားလျက် ဆင်းသက်တော့မည်’ ဟု ဆိုလေ၏။ ထိုသို့ ယောသပ်အဘသည် သားကြောင့် ငိုကြွေးမြည်တမ်းလျက် နေလေ၏။”—ကမ္ဘာဦး ၃၇:၃၅။

ဘိုးဘေးယာကုပ်သည် သားဖြစ်သူ သေဆုံးသွားပြီဟုထင်သောကြောင့် အလွန်ဝမ်းနည်းပူဆွေးခဲ့သည်။ သူသေဆုံးချိန်အထိ ထိုသို့ဝမ်းနည်းပူဆွေးရတော့မည်ဟု ထင်မှတ်ခဲ့သည်။ ယာကုပ်ကဲ့သို့ပင် သင်လည်း ချစ်ရသူတစ်ဦး ဆုံးပါးသွားသည့်အတွက် စိတ်ထိခိုက်နာကျင်မှုသည် အလွန်ပြင်းထန်လှသောကြောင့် ယင်းကို မည်သည့်အခါမျှ ဖျောက်ဖျက်နိုင်မည်မဟုတ်ဟု ခံစားမိပေမည်။ ထိုသို့အကြီးအကျယ်ဝမ်းနည်းပူဆွေးခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းကင်းမဲ့ကြောင်း ဖော်ပြရာရောက်သလော။ လုံးဝမဟုတ်ပေ။

ယာကုပ်ကို ယုံကြည်ခြင်းရှိသူအဖြစ် ကျမ်းစာတွင်ဖော်ပြထားသည်။ အဘိုးအာဗြဟံ၊ ဖခင်ဣဇာက်တို့နှင့်အတူ ယာကုပ်ကိုလည်း သူ၏ထူးခြားသည့်ယုံကြည်ခြင်းအတွက် ချီးမွမ်းထားသည်။ (ဟေဗြဲ ၁၁:၈၊ ၉၊ ၁၃) တစ်ကြိမ်တွင် သူသည် ဘုရားသခင်ထံမှကောင်းချီးရနိုင်ရန် ကောင်းကင်တမန်တစ်ပါးနှင့် တစ်ညလုံးပင် နပန်းလုံးခဲ့သည်။ (ကမ္ဘာဦး ၃၂:၂၄-၃၀) ထို့ကြောင့် ယာကုပ်သည် ဘုရားသခင်နှင့် အလွန်ရင်းနှီးသောဆက်ဆံရေးရှိခဲ့သည်မှာ ရှင်းနေပါသည်။ သို့ဆိုလျှင် ယာကုပ်၏ဝမ်းနည်းပူဆွေးမှုမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။ ချစ်ရသူတစ်ဦးဆုံးပါးသွားသည့်အခါ အလွန်အမင်းပူဆွေးပြီး ဝမ်းနည်းကြေကွဲရခြင်းသည် ဘုရားသခင်အပေါ် ခိုင်မြဲသောယုံကြည်ခြင်းမရှိသောကြောင့် မဟုတ်ပါ။ ထိုဝမ်းနည်းပူဆွေးမှုသည် ချစ်ရသူတစ်ဦး ဆုံးပါးသွားသည့်အတွက် ဖြစ်ရိုးဖြစ်စဉ်၊ သာမန်တုံ့ပြန်မှုပင်ဖြစ်သည်။

ဝမ်းနည်းပူဆွေးမှုဟူသည် အဘယ်နည်း

ဝမ်းနည်းပူဆွေးမှုသည် ကျွန်ုပ်တို့ကို နည်းအမျိုးမျိုးဖြင့် ထိခိုက်စေနိုင်သော်လည်း လူများစွာအတွက် အပြင်းထန်ဆုံးခံစားချက်မှာ အကြီးအကျယ် စိတ်ထိခိုက်နာကျင်ခြင်းဖြစ်သည်။ လီယိုနာဒို၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူ ၁၄ နှစ်အရွယ်တွင် ဖခင်ဖြစ်သူမှာ နှလုံးနှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကြောင့် ရုတ်တရက် ကွယ်လွန်သွားသည်။ အဒေါ်ဖြစ်သူက သူ့အား ထိုသတင်းပြောပြသည့်နေ့ကို လီယိုနာဒို မေ့နိုင်မည်မဟုတ်ပါ။ ထိုသတင်းကိုကြားကြားချင်း သူ မယုံနိုင်ခဲ့ချေ။ ဈာပနအခမ်းအနားတွင် ဖခင်၏ရုပ်အလောင်းကိုတွေ့ရသည့်တိုင် အဖြစ်မှန်ကို လက်ခံနိုင်ပုံမရပေ။ နောက်ခြောက်လခန့်ကြာသည့်တိုင် သူ မငိုကြွေးနိုင်ပါ။ ထို့ပြင် ဖခင်ဖြစ်သူ အလုပ်မှအိမ်ပြန်အလာကို ယောင်ယမ်းပြီးစောင့်မျှော်နေလေ့ရှိသည်။ တစ်နှစ်ကျော်ကုန်လွန်သွားတော့မှ အဖြစ်မှန်ကို လက်ခံယုံကြည်နိုင်လေသည်။ ထိုသို့လက်ခံလိုက်ချိန်တွင် သူသည် အလွန်ပင် အထီးကျန်သွားသည်ဟု ခံစားလိုက်ရသည်။ အပြင်မှပြန်ရောက်လာသောအခါ အိမ်တွင် မည်သူမျှမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေခြင်းစသည့် သာမန်ကိစ္စလေးကအစ ဖခင်ဖြစ်သူမရှိတော့ပြီကို အမှတ်ရစေသည်။ ထိုအခါမျိုးတွင် သူသည် စိတ်မထိန်းနိုင်တော့ဘဲ ငိုချလေ့ရှိသည်။ ဖခင်ဖြစ်သူကို အလွန်ပင် လွမ်းဆွတ်တမ်းတနေရှာသည်။

လီယိုနာဒို၏ဖြစ်ရပ်တွင် ဖော်ပြသည့်အတိုင်း ဝမ်းနည်းပူဆွေးခြင်းသည် အလွန်ပင် ပြင်းထန်နိုင်ပါသည်။ ထိုအခြေအနေမှ ကျွန်ုပ်တို့နာလန်ပြန်ထူနိုင်သည်မှာ ဝမ်းသာစရာပင်။ သို့သော် ယင်းသည် အတော်ပင်အချိန်ယူရပေမည်။ အလွန်ရင်းနေသောဒဏ်ရာတစ်ခုသည် အနာကျက်ရန် အချိန်ယူရသည့်နည်းတူ ဝမ်းနည်းပူဆွေးမှုကို ကုစားနိုင်ရန်လည်း အချိန်ယူရသည်။ နာလန်ပြန်ထူနိုင်ရန် လနှင့်ချီ၊ နှစ်နှင့်ချီ သို့မဟုတ် ထို့ထက်ပင် ပို၍အချိန်ယူရပေမည်။ အစပိုင်းတွင်ခံစားရသော ပြင်းပြင်းထန်ထန်ထိခိုက်နာကျင်မှုသည် အချိန်ကြာလာသည်နှင့်အမျှ လျော့ပါးသွားပြီး ဘဝသည် မျှော်လင့်ချက်နှင့်အဓိပ္ပာယ်ကင်းမဲ့သည်ဟူသော ခံစားချက်မှာလည်း တဖြည်းဖြည်းချင်း လျော့ပါးလာပေမည်။

ဝမ်းနည်းပူဆွေးမှုသည် နာလန်ပြန်ထူနိုင်ရန်နှင့် အခြေအနေသစ်တွင် နေသားကျနိုင်ရန် အရေးပါသောအရာဖြစ်သည်ဟု ဆိုနိုင်ပါသည်။ လူသားတစ်ဦး ကျင်လည်လှုပ်ရှားခဲ့သောနေရာသည် ဟာတာတာနှင့်ဗလာသက်သက်ဖြစ်ချေပြီ။ ဘဝတွင် ထိုပုဂ္ဂိုလ်မရှိဘဲ အသက်ဆက်ရှင်သန်နိုင်ရန် ကျင့်သားရဖို့လိုသည်။ ဝမ်းနည်းပူဆွေးမှုက စိတ်ထွက်ပေါက်ရစေနိုင်သည်။ လူတို့၏ဝမ်းနည်းပူဆွေးမှုသည် တစ်ပုံစံတည်းမတူညီနိုင်ပါ။ သို့သော် တူညီသည့်အချက်မှာ သင်၏ဝမ်းနည်းပူဆွေးမှုကို မျိုသိပ်ထားပါက စိတ်ရောကိုယ်ပါ ထိခိုက်နာကျင်စေနိုင်ခြင်းဖြစ်၏။ သို့ဆိုလျှင် ဝမ်းနည်းပူဆွေးမှုကို မည်သည့်နည်းများဖြင့် နည်းမှန်လမ်းကျထုတ်ဖော်နိုင်သနည်း။ ကျမ်းစာတွင် လက်တွေ့ကျသောအကြံဉာဏ်အချို့ ပါရှိသည်။a

ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ခံရပ်ခြင်း

ရင်ဖွင့်ပြောဆိုခြင်းသည် စိတ်သက်သာရာရစေနိုင်ကြောင်း ဝမ်းနည်းပူဆွေးသူများစွာ တွေ့ရှိခဲ့ကြသည်။ ဥပမာ၊ ကျမ်းစာတွင်ဖော်ပြထားသော ယောဘ၏စကားများကို သုံးသပ်ကြည့်ပါ။ သူ၏သားသမီး ဆယ်ဦးစလုံးသေဆုံးသွားပြီး အခြားအဖြစ်ဆိုးများစွာကိုလည်း သူခံစားခဲ့ရသည်။ “ငါသည် ကိုယ်တိုင်အသက်ရှင်ခြင်းကို ရွံရှာ၏။ ညည်းတွားခြင်းကို မချုပ်တည်းဘဲပြုမည်။ စိတ်အလွန်ညှိုးငယ်၍ ပြောရမည်” ဟုသူဆိုခဲ့၏။ (ယောဘ ၁:၂၊ ၁၈၊ ၁၉; ၁၀:၁၊ သမ္မာ) ယောဘသည် သူ၏ညည်းတွားခြင်းကို “မချုပ်တည်းဘဲပြုမည်” ဟုဆိုခဲ့ကြောင်း သတိပြုပါ။ သူ မည်သို့လုပ်ဆောင်မည်နည်း။ “ပြောရမည်” ဟု သူအဖြေပေးခဲ့သည်။

မိခင်ဖြစ်သူဆုံးပါးသွားသော ပေါလူ ဤသို့ဆိုသည်– “ကျွန်တော့်အတွက် အကူအညီဖြစ်စေတာက အမေ့အကြောင်းကို ရင်ဖွင့်ပြောလိုက်တာပဲ။” ယုံကြည်စိတ်ချရသောမိတ်ဆွေတစ်ဦးထံ သင်၏ခံစားချက်များကို ရင်ဖွင့်ပြောဆိုလိုက်ခြင်းက အတိုင်းအတာတစ်ခုအထိ စိတ်သက်သာရာရစေနိုင်သည်။ (သု. ၁၇:၁၇) မိခင်ဖြစ်သူဆုံးပါးသွားပြီးနောက် ယွန်းသည် ခရစ်ယာန်ညီအစ်ကိုညီအစ်မများအား မိမိအိမ်သို့ မကြာခဏလာလည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်။ “စကားစမြည်ပြောဆိုတာက စိတ်ထိခိုက်နာကျင်မှုကို သက်သာစေတယ်” ဟု သူပြောပြသည်။ သင်လည်း စာနာနားလည်တတ်သူတစ်ဦးဦးထံ သင့်ခံစားချက်များကို ရင်ဖွင့်ပြောဆိုခြင်းဖြင့် ပို၍ရင်ဆိုင်ခံရပ်နိုင်ပေမည်။

စာရေးခြင်းကလည်း စိတ်သက်သာရာရစေနိုင်သည်။ မိမိတို့၏ခံစားချက်ကို ထုတ်ဖော်ပြောဆိုရန် အခက်တွေ့နေသူအချို့သည် ထိုခံစားချက်များကို စာဖြင့်ချရေးရန် ပိုလွယ်ကူကြောင်း တွေ့ရှိခဲ့ပေမည်။ သစ္စာရှိပုဂ္ဂိုလ်ဒါဝိဒ်သည် ရှောလုနှင့်ယောနသန် သေဆုံးသွားသောအခါ သူ၏ဝမ်းနည်းကြေကွဲမှုကို လွမ်းဆွေးဖွယ်တေးတစ်ပုဒ် ရေးစပ်ခဲ့သည်။ ထိုကြေကွဲဖွယ်ငိုချင်းကို ဓမ္မရာဇဝင်ဒုတိယစာစောင်မှ ကျမ်းပိုဒ်များတွင် မှတ်တမ်းတင်ထားသည်။—၂ ဓမ္မရာဇဝင် ၁:၁၇-၂၇။

ငိုချလိုက်ခြင်းသည်လည်း စိတ်သက်သာရာရစေနိုင်သည်။ “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ . . . ငိုရသောအချိန် . . . လည်းရှိ၏” ဟုကျမ်းစာတွင် ဆိုထားသည်။ (ဒေ. ၃:၁၊ ၄) ကျွန်ုပ်တို့၏ချစ်ရသူတစ်ဦး သေဆုံးသွားချိန်သည် “ငိုရသောအချိန်” ပင်ဖြစ်၏။ ဝမ်းနည်းမျက်ရည်ကျခြင်းသည် ရှက်စရာမဟုတ်ပေ။ ဝမ်းနည်းပူဆွေး၍ငိုကြွေးခဲ့သော သစ္စာရှိအမျိုးသားအမျိုးသမီးများ၏ ပုံနမူနာများစွာ သမ္မာကျမ်းစာတွင်ပါရှိသည်။ (ကမ္ဘာဦး ၂၃:၂; ၂ ဓမ္မရာဇဝင် ၁:၁၁၊ ၁၂) ယေရှုခရစ်သည် မကြာသေးမီက သေဆုံးသွားသော ချစ်မိတ်ဆွေလာဇရု၏ သင်္ချိုင်းဂူအနီးသို့ ရောက်သောအခါ “မျက်ရည်ကျတော်မူ၏။”—ယောဟန် ၁၁:၃၃၊ ၃၅။

ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ခံရပ်နိုင်ရန် စိတ်ရှည်ဖို့လိုသည်၊ အကြောင်းမှာ သင်သည် စိတ်အပြောင်းအလဲမြန်သည်ဟု ခံစားမိနိုင်သောကြောင့်ဖြစ်၏။ မျက်ရည်ကျခြင်းသည် ရှက်စရာမဟုတ်ကြောင်း အမှတ်ရပါ။ မျက်ရည်ကျခြင်းသည် သာမန်ကိစ္စဖြစ်ပြီး ပြန်နာလန်ထူနိုင်ရန် အရေးပါသောအရာဖြစ်ကြောင်း သစ္စာရှိပုဂ္ဂိုလ်များစွာ တွေ့ရှိခဲ့ကြသည်။

ဘုရားသခင်၌ချဉ်းကပ်ကြလော့

“ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်” ဟုသမ္မာကျမ်းစာက ဆိုသည်။ (ယာကုပ် ၄:၈) ဘုရားသခင်ထံချဉ်းကပ်နိုင်သည့် အဓိကနည်းလမ်းတစ်ခုမှာ ဆုတောင်းခြင်းဖြစ်၏။ ယင်း၏တန်ဖိုးကို လျှော့မတွက်လိုက်ပါနှင့်။ ‘ထာဝရဘုရားသခင်သည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏’ ဟူ၍ ကျမ်းစာတွင် ကတိပေးထားသည်မှာ အားရှိဖွယ်ပင်။ (ဆာလံ ၃၄:၁၈) ‘ထမ်းရွက်ရသောဝန်ကို ထာဝရဘုရားသခင်၌ ချထားလော့။ သင့်ကိုမစတော်မူမည်’ ဟူ၍လည်း အာမခံထားသည်။ (ဆာလံ ၅၅:၂၂) အောက်ပါအချက်ကို စဉ်းစားကြည့်ပါ။ အစပိုင်းတွင် ကျွန်ုပ်တို့သတိပြုမိခဲ့သည့်အတိုင်း လူများစွာသည် မိမိတို့၏ခံစားချက်များကို ယုံကြည်အားထားရသောမိတ်ဆွေထံ ရင်ဖွင့်ပြောဆိုခြင်းဖြင့် အကူအညီရရှိခဲ့ကြသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့၏စိတ်နှလုံးကိုသက်သာစေမည်ဟု ကတိပြုထားသော ဘုရားသခင်ထံ သင်၏ခံစားချက်များကို ဖွင့်ချခြင်းသည် ပို၍ပင် အကူအညီဖြစ်စေမည်မဟုတ်လော။—၂ သက်သာလောနိတ် ၂:၁၆၊ ၁၇။

အစောပိုင်းတွင်ဖော်ပြခဲ့သော ပေါလူ ဤသို့ဆိုသည်– “စိတ်ထိခိုက်နာကျင်မှုကို မခံရပ်နိုင်တော့ဘူးလို့ ခံစားမိတဲ့အခါ ဒူးထောက်ပြီး ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ အကူအညီပေးပါလို့ ကိုယ်တော်ကို တောင်းပန်ခဲ့တယ်။” သူ၏ဆုတောင်းချက်က အလွန်ပင် အထောက်အကူဖြစ်စေကြောင်း ပေါလူယုံကြည်စိတ်ချသည်။ သင်၏ ဇွဲမလျှော့တမ်းဆုတောင်းချက်ကို တုံ့ပြန်သည့်အနေဖြင့် “သက်သာခြင်းအမျိုးမျိုးတို့၏အရှင်” ဘုရားသခင်သည် သင်ခံရပ်နိုင်ရန် ရဲစွမ်းသတ္တိနှင့်ခွန်အားပေးမည်ဖြစ်ကြောင်း တွေ့ရှိရပေလိမ့်မည်။—၂ ကောရိန္သု ၁:၃၊ ၄; ရောမ ၁၂:၁၂။

ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်

“ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်” ဟုယေရှုဆိုခဲ့သည်။ (ယောဟန် ၁၁:၂၅) သေလွန်သူတို့ ပြန်အသက်ရှင်လာမည်ဟု ကျမ်းစာသွန်သင်သည်။b ယေရှုသည် မြေကြီးပေါ်ရှိစဉ် သေလွန်သူများကို ထမြောက်ပေးနိုင်စွမ်းရှိကြောင်း ဖော်ပြခဲ့သည်။ တစ်ကြိမ်တွင် ကိုယ်တော်သည် အသက် ၁၂ နှစ်အရွယ်မိန်းမငယ်ကို ရှင်ပြန်ထမြောက်ပေးခဲ့သည်။ သူ၏မိဘများ မည်သို့တုံ့ပြန်ကြသနည်း။ သူတို့သည် “အလွန်မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။” (မာကု ၅:၄၂) ကောင်းကင်ဘုရင်ယေရှုခရစ်သည် ကိုယ်တော်အုပ်စိုးမည့်နိုင်ငံတော်၌ လူသန်းပေါင်းများစွာကို ငြိမ်သက်မှုနှင့်ဖြောင့်မတ်မှုပြည့်လွှမ်းနေသော ကမ္ဘာပေါ်တွင် ရှင်ပြန်ထမြောက်စေမည်ဖြစ်၏။ (တမန်တော် ၂၄:၁၅; ၂ ပေတရု ၃:၁၃) သေလွန်သူများ ရှင်ပြန်ထမြောက်လာကာ သူတို့ချစ်မြတ်နိုးရသူများနှင့် ပြန်လည်ဆုံဆည်းရချိန်ဝယ် မည်မျှပီတိဖြစ်စရာကောင်းလိုက်မည်ကို မြင်ယောင်ကြည့်ပါ။

လေယာဉ်ပျက်ကျမှုကြောင့် သားဖြစ်သူဆုံးပါးသွားသော ကလောဒီသည် ရေခဲသေတ္တာပေါ်တွင် သား၏ဓာတ်ပုံကို တင်ထားသည်။ ထိုဓာတ်ပုံကို မကြာခဏကြည့်ကာ ‘သားလေး ရှင်ပြန်ထမြောက်လာချိန်မှာ အမေတို့ ပြန်ဆုံဆည်းရမှာပါ’ ဟုပြောလေ့ရှိသည်။ လီယိုနာဒိုသည် ဘုရားသခင်ကတိပြုထားသော ကမ္ဘာသစ်တွင် သူ၏ဖခင် ပြန်အသက်ရှင်လာမည်ကို မြင်ယောင်လျက်ရှိသည်။ မှန်ပါသည်၊ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်သည် ချစ်ရသူတို့ကိုဆုံးရှုံးခဲ့ရသော သူတို့နှင့် မရေမတွက်နိုင်သောအခြားသူတို့အတွက် စစ်မှန်သောနှစ်သိမ့်မှုတစ်ရပ်ပင်။ သင့်အတွက်လည်း အလားတူဖြစ်နိုင်ပါသည်။

[အောက်ခြေမှတ်ချက်များ]

a ချစ်ရသူတစ်ဦးဆုံးပါးသွားခြင်းကို ရင်ဆိုင်ခံရပ်နိုင်ရန် သားသမီးများအား ကူညီနိုင်ပုံနှင့်ပတ်သက်၍ ဤမဂ္ဂဇင်း၏ စာမျက်နှာ ၁၈ မှ ၂၀ တွင်ပါသော “ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ခံရပ်နိုင်ရန် သင့်ကလေးအား ကူညီပေးပါ” ဆောင်းပါးကိုရှု။

b ကျမ်းစာပါ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်နှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးချက်ကို ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်မှ အခန်း ၇ ကိုရှု။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်နှင့်ဓာတ်ပုံ]

“သက်သာခြင်းအမျိုးမျိုးတို့၏အရှင်”

“သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်းအမျိုးမျိုးတို့၏ အရှင်တည်းဟူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။”—၂ ကောရိန္သု ၁:၃။

ဘုရားသခင်သည် မိမိ၏သစ္စာရှိကျေးကျွန်များ ရင်ဆိုင်ရနိုင်သော အခက်အခဲ သို့မဟုတ် စိန်ခေါ်ချက်မှန်သမျှကို ရင်ဆိုင်ခံရပ်နိုင်ရန် ကူညီပေးနိုင်သည်ဟု ကျမ်းစာကဖော်ပြသည်။ ယေဟောဝါသည် ကျွန်ုပ်တို့ကို ထောက်ကူနိုင်သည့်နည်းတစ်နည်းမှာ ယုံကြည်ခြင်းတူသော မိတ်ဆွေ သို့မဟုတ် ချစ်ရသူတစ်ဦးမှ တစ်ဆင့် နှစ်သိမ့်မှုပေးခြင်းဖြစ်၏။

ဖခင်ဖြစ်သူဆုံးပါးသွားသော လီယိုနာဒိုသည် သူ့အား ခွန်အားနှင့်နှစ်သိမ့်မှုရရှိစေသော အတွေ့အကြုံတစ်ခုကို အမှတ်ရနေသည်။ သူသည် အပြင်မှအိမ်သို့ပြန်ရောက်ခါစဖြစ်ပြီး အိမ်တွင် မည်သူမျှမရှိကြောင်း သတိရသွားသောအခါ ရှိုက်ကြီးတငင် ငိုချလိုက်သည်။ ထို့နောက် အနီးရှိပန်းခြံတစ်ခုသို့သွားပြီး ခုံတန်းရှည်ပေါ်ထိုင်ကာ ဆက်ငိုနေမိသည်။ သူသည် မျက်ရည်စက်လက်ဖြင့် ဘုရားသခင်၏အကူအညီကို အသနားခံခဲ့သည်။ ရုတ်တရက်၊ သူ့အနားသို့ ဗန်ကားတစ်စီး ဆိုက်ရောက်လာသည်။ ယာဉ်မောင်းသူမှာ ခရစ်ယာန်ညီအစ်ကိုတစ်ဦးဖြစ်ကြောင်း လီယိုနာဒို သိလိုက်သည်။ ထိုညီအစ်ကိုသည် ဖောက်သည်များထံ ပစ္စည်းများလိုက်လံဖြန့်ဖြူးနေပြီး လမ်းကြောင်းမှားကာ ဤနေရာသို့ရောက်လာခြင်းဖြစ်၏။ ထိုညီအစ်ကို အနားတွင်ရှိနေခြင်းကပင် လီယိုနာဒိုအတွက် စိတ်သက်သာရာရစေသည်။

တစ်ခါက၊ မုဆိုးဖိုတစ်ဦးသည် အထီးကျန်သည်ဟုခံစားရပြီး အလွန်စိတ်ဓာတ်ကျနေ၏။ အရာရာမှာ မျှော်လင့်ချက်မဲ့နေပုံရသောကြောင့် သူမျက်ရည်မဆည်နိုင်အောင်ဖြစ်နေသည်။ သို့နှင့် အကူအညီပေးပါရန် ဘုရားသခင်ထံ တိုးလျှိုးတောင်းပန်လေသည်။ ထိုသို့ဆုတောင်းနေစဉ် ဖုန်းမြည်လာသည်။ သူ၏မြေးမလေးထံမှဖြစ်သည်။ “မြေးလေးနဲ့ ခဏလောက်စကားပြောရရုံနဲ့ ခွန်အားတွေပြန်ပြည့်လာတယ်။ ဒီလိုဖုန်းဆက်လာတာက အကူအညီပေးဖို့ ကျွန်တော့်ရဲ့ဆုတောင်းချက်ကို ဘုရားသခင်အဖြေပေးလိုက်တာပဲလို့ ခံစားမိတယ်” ဟုသူပြန်ပြောပြသည်။

[စာမျက်နှာ ၉ ပါပုံစာ]

အခြားသူများကို နှစ်သိမ့်ပေးခြင်း

“ငါတို့သည် ဘုရားသခင်၏ နှစ်သိမ့်ပေးခြင်းကို ကိုယ်တိုင်ခံရသကဲ့သို့ ဆင်းရဲဒုက္ခအမျိုးမျိုး ခံရသူတို့အား နှစ်သိမ့်ပေးနိုင်မည်အကြောင်း ဘုရားသခင်သည် ဆင်းရဲဒုက္ခရှိသမျှ၌ ငါတို့ကို နှစ်သိမ့်ပေးတော်မူ၏။”—၂ ကောရိန္သု ၁:၄၊ ကဘ။

အထက်ပါစကားများ၏အဓိပ္ပာယ်ကို ခရစ်ယာန်စစ်များစွာ ကိုယ်တွေ့ ကြုံဖူးခဲ့ကြသည်။ ချစ်ရသူတစ်ဦးဆုံးပါးသွားခြင်းကို ရင်ဆိုင်ခံရပ်နိုင်ရန် နှစ်သိမ့်မှုရရှိခြင်းဖြင့် သူတို့ကိုယ်တိုင်လည်း သူတစ်ပါးကို နှစ်သိမ့်ပေးနိုင်ကြောင်း သိရှိခဲ့ကြသည်။

ကလောဒီ၏ဖြစ်ရပ်ကို သုံးသပ်ကြည့်ပါ။ သူသည် အခြားသူများထံ မှန်မှန်လည်ပတ်ကာ ကျမ်းစာအခြေပြုယုံကြည်ချက်များကို ဝေမျှလေ့ရှိသည်။ သူသည် သားဖြစ်သူမသေဆုံးမီက အမျိုးသမီးတစ်ဦးထံ သွားလည်ပတ်ခဲ့သည်။ ထိုအမျိုးသမီး၏သားမှာ သွေးကင်ဆာဖြင့် သေဆုံးသွားပြီဖြစ်၏။ ထိုအမျိုးသမီးသည် ကလောဒီ၏လည်ပတ်မှုကို သဘောကျသော်လည်း ကလောဒီအနေဖြင့် မိမိ၏စိတ်ထိခိုက်မှုကို မည်သည့်အခါမျှ အပြည့်အဝနားလည်ပေးနိုင်မည်မဟုတ်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ကလောဒီ၏သား ဆုံးပါးသွားပြီးနောက် မကြာမီတွင် ထိုအမျိုးသမီးသည် ကလောဒီ၏ယုံကြည်ခြင်း ယခင်ကနည်းတူ ခိုင်မာနေမနေသိလို၍ လာလည်ပတ်ခဲ့သည်။ ကလောဒီ၏ခိုင်မြဲသောယုံကြည်ခြင်းကို အထင်ကြီးလေးစားသွားကာ သူနှင့် ပုံမှန်ကျမ်းစာလေ့လာပြီး သမ္မာကျမ်းစာမှနှစ်သိမ့်မှုများစွာ ရရှိနေသည်။

လီယိုနာဒိုသည် သူ၏ဖခင် ဆုံးပါးသွားပြီးနောက် လက်ဟန်ပြဘာသာစကားကို သင်ယူခဲ့သည်၊ သို့နှင့် နားမကြားသူတို့အား ကျမ်းစာမှ နှစ်သိမ့်မှုဖြစ်စေသောသတင်းတရားကို ဝေမျှနိုင်ခဲ့သည်။ နားမကြားသူများကို ကြိုးစားကူညီခြင်းသည် သူ့အတွက် များစွာအကျိုးပြုကြောင်း သိရှိလာသည်။ သူ ဤသို့ပြောပြ၏– “နားမကြားသူတွေကို ယေဟောဝါအကြောင်း သိလာအောင် ကူညီပေးလိုတဲ့ဆန္ဒက ကျွန်တော့်ရဲ့ပူဆွေးသောကတွေကို လျော့ပါးစေတယ်။ သူတို့ကို အချိန်နဲ့ခွန်အား အများကြီးစိုက်ထုတ်ပြီး ကူညီပေးခဲ့တယ်။ ကျွန်တော့်ရဲ့ဦးဆုံးကျမ်းစာသင်သား နှစ်ခြင်းခံတာကို မြင်တွေ့ရချိန်မှာ ဝမ်းနည်းကြေကွဲမှုတွေ လျော့ပါးပြီး ပျော်ရွှင်မှုခံစားခဲ့ရတယ်။ တကယ်တော့ အဖေဆုံးသွားတဲ့အချိန်ကစပြီး ဦးဆုံးအကြိမ် ပျော်ရွှင်မှုအစစ်အမှန် ခံစားခဲ့ရတာ။”—တမန်တော် ၂၀:၃၅။

[စာမျက်နှာ ၅ ပါရုပ်ပုံ]

သင့်ခံစားချက်ကို ရင်ဖွင့်ပြောဆိုလိုက်ခြင်းက အတော်အတန်စိတ်သက်သာမှုရစေနိုင်

[စာမျက်နှာ ၆ ပါရုပ်ပုံ]

စာရေးခြင်းက ဝမ်းနည်းပူဆွေးမှုကို ဖော်ထုတ်ရန် အကူအညီဖြစ်စေနိုင်

[စာမျက်နှာ ၆ ပါရုပ်ပုံ]

ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အကြောင်း ဖတ်ရှုခြင်းက စစ်မှန်သောနှစ်သိမ့်မှုရစေနိုင်

[စာမျက်နှာ ၈ ပါရုပ်ပုံ]

မိမိကိုယုံကြည်ကြောင်း တင်ပြသူတို့အား ရှင်ပြန်ထမြောက်စေမည်ဟု ယေရှုကတိပြုခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ