ဘုရားသခင်သည် မည်သူနည်း
ထိုမေးခွန်းကို သင်မည်သို့ဖြေဆိုမည်နည်း။ လူအများစုသည် ဘုရားသခင်တည်ရှိကြောင်း ယုံကြည်ပြီး ကိုယ်တော့်ကို ကြည်ညိုကိုးကွယ်ကာ ကြောက်ရွံ့ကြသည်။ သို့သော် သူတို့သည် ဘုရားသခင်အကြောင်း ကောင်းစွာမသိချေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦးဖြစ်ပါက အောက်ပါမေးခွန်းများကို မည်သို့ဖြေဆိုမည်နည်း။
၁။ ဘုရားသခင်သည် တန်ခိုးကြီးစွမ်းအားတစ်ခုလော။
၂။ ဘုရားသခင်၌ နာမတော်ရှိပါသလော။
၃။ ယေရှုသည် အတိုင်းအဆမဲ့တန်ခိုးရှင်ဘုရားသခင်လော။
၄။ ဘုရားသခင်သည် ကျွန်ုပ်ကို ဂရုစိုက်တော်မူသလော။
၅။ ဘုရားသခင်သည် ဝတ်ပြုကိုးကွယ်မှုပုံစံအားလုံးကို လက်ခံပါသလော။
ထိုမေးခွန်းများကို အခြားသူတို့အား သင်မေးမြန်းကြည့်ပါက အဖြေအမျိုးမျိုး ထွက်လာပါလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်နှင့်ပတ်သက်၍ ဒဏ္ဍာရီဆန်သော၊ မှားယွင်းသောအယူအဆအမျိုးမျိုးရှိနေခြင်းသည် အံ့ဩစရာမဟုတ်ချေ။
အဖြေများသည် အလွန်အရေးကြီး
ယေရှုခရစ်သည် ဘုရားသခင်ကိုယုံကြည်သော အမျိုးသမီးတစ်ဦးနှင့် စကားပြောဆိုစဉ် ဘုရားသခင်နှင့်ပတ်သက်သည့်အမှန်တရားကိုသိရှိရန် လိုအပ်သည်ဟူသည့်အချက်ကို အလေးပေးပြောခဲ့သည်။ ယေရှုသည် ပရောဖက်တစ်ဦးဖြစ်ကြောင်း ထိုအမျိုးသမီး လက်ခံသည်။ သို့သော် ယေရှု၏ဘာသာသည် သူ၏ဘာသာနှင့်မတူညီဟူသည့်အချက်က သူ့စိတ်ကို ဘဝင်မကျဖြစ်စေသည်။ ထို့ကြောင့် ယေရှုကို ထိုအကြောင်းပြောပြရာ ကိုယ်တော်က “သင်တို့သည် မသိသောအရာကို ကိုးကွယ်ကြ၏” ဟုပွင့်လင်းစွာပြောခဲ့သည်။ (ယောဟန် ၄:၁၉-၂၂) လူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်အကြောင်း အမှန်တကယ် မသိကျွမ်းကြဟု ယေရှုဆိုလိုနေခြင်းဖြစ်သည်။
ယေရှု၏အဆိုပါစကားက မည်သူမျှ ဘုရားသခင်ကို အမှန်တကယ် မသိကျွမ်းနိုင်ဟု ဆိုလိုပါသလော။ မဆိုလိုပါ။ “စစ်မှန်သောကိုးကွယ်သူတို့သည် စွမ်းအားတော်၏လမ်းပြမှုကိုခံယူ၍ အမှန်တရားနှင့်အညီ ခမည်းတော်ကို ကိုးကွယ် . . . လိမ့်မည်။ အကြောင်းမူကား ထိုသို့ကိုးကွယ်မည့်သူတို့ကို ခမည်းတော်ရှာတော်မူ၏” ဟု ထိုအမျိုးသမီးကို ကိုယ်တော်ဆက်ပြောခဲ့သည်။ (ယောဟန် ၄:၂၃) သင်သည် “စွမ်းအားတော်၏လမ်းပြမှုကို ခံယူ၍ အမှန်တရားနှင့်အညီ” ဘုရားသခင်ကို ကိုးကွယ်နေသလော။
ထိုမေးခွန်း၏အဖြေမှန်ကို သိရှိရန် အလွန်အရေးကြီးသည်။ အဘယ်ကြောင့်နည်း။ ယေရှုသည် ဆုတောင်းစဉ်တွင် တိကျမှန်ကန်သောအသိပညာရှိရန် လိုအပ်ရသည့်အကြောင်းရင်းကို ဤသို့အလေးပေးဖော်ပြခဲ့သည်– “ထာဝရအသက်ရရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်။” (ယောဟန် ၁၇:၃) မှန်ပါသည်၊ အနာဂတ်တွင် သင်အသက်ရှင်ခွင့်သည် ဘုရားသခင်နှင့်ပတ်သက်သောအမှန်တရားကို သင် သိရှိခြင်းအပေါ် မူတည်သည်။
ဘုရားသခင်နှင့်ပတ်သက်သည့်အမှန်တရားကို သိကျွမ်းရန် ဖြစ်နိုင်ပါမည်လော။ ဖြစ်နိုင်ပါသည်။ မည်သို့သိကျွမ်းနိုင်မည်နည်း။ “ငါသည် လမ်းခရီးဖြစ်၏။ အမှန်တရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲ အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” ဟုယေရှုမိန့်ဆိုခဲ့သည်။ (ယောဟန် ၁၄:၆) ထို့ပြင် “ခမည်းတော်ကား မည်သူဖြစ်တော်မူသည်ကို သားတော်နှင့် သားတော်ဖော်ပြလိုသူမှတစ်ပါး မည်သူမျှမသိ” ဟူ၍လည်း ကိုယ်တော်မိန့်ဆိုခဲ့သည်။—လုကာ ၁၀:၂၂။
ထို့ကြောင့် ဘုရားသခင်ကိုသိကျွမ်းနိုင်မည့်နည်းလမ်းများကို ဘုရားသခင့်သားတော် ယေရှုခရစ်၏သွန်သင်ချက်များတွင် တွေ့ရှိနိုင်သည်။ ကိုယ်တော်ဤသို့ကတိပြုခဲ့၏– “သင်တို့သည် ငါ၏တရား၌ တည်နေလျှင် ငါ့တပည့် အမှန်ဖြစ်ကြ၏။ အမှန်တရားကို သင်တို့သိကြလိမ့်မည်။ ထိုအမှန်တရားသည်လည်း သင်တို့ကိုလွှတ်လိမ့်မည်။”—ယောဟန် ၈:၃၁၊ ၃၂။
သို့ဆိုလျှင် ယေရှုသည် အစပိုင်းတွင်ဖော်ပြထားသော မေးခွန်းငါးခုကို မည်သို့ဖြေဆိုမည်နည်း။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
သင်သည် အမှန်တကယ်မသိကျွမ်းသောဘုရားသခင်ကို ကိုးကွယ်နေသလော