ယေရှုသည် အတိုင်းအဆမဲ့ တန်ခိုးရှင်ဘုရားသခင်လော
လူအများစု၏ ဖြေဆိုချက်များ–
◼ “ဟုတ်တယ်၊ ယေရှုက အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်ပဲ။”
◼ “ယေရှုက အသွေးအသားခန္ဓာကိုယ်နဲ့ကြွလာတဲ့ ဘုရားသခင်ပဲ။”
ယေရှု ပြောဆိုခဲ့ရာများ
◼ “သင်တို့သည် ငါ့ကိုအမှန်ချစ်လျှင် ခမည်းတော်ထံ ငါသွားမည်ကို ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား ခမည်းတော်သည် ငါ့ထက် သာ၍ကြီးမြတ်တော်မူ၏။” (ယောဟန် ၁၄:၂၈) ယေရှုက မိမိသည် ခမည်းတော်နှင့်တန်းတူမဟုတ်ကြောင်း အတိအလင်းဝန်ခံခဲ့သည်။
◼ ‘ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင် ထံတော်သို့ ငါတက်ရမည်။’ (ယောဟန် ၂၀:၁၇) ယေရှုက မိမိသည် ဘုရားသခင်ဖြစ်သည်ဟု မပြောခဲ့ပေ၊ ယင်းအစား ဘုရားသခင်ကို သီးခြားပုဂ္ဂိုလ်တစ်ပါး အနေဖြင့်သာ ပြောခဲ့သည်။
◼ “ငါသည် ကိုယ့်သဘောအတိုင်း ဟောပြောသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် မည်သို့ဟောပြောရမည်ကို ပညတ်ထားတော်မူပြီ။” (ယောဟန် ၁၂:၄၉) ယေရှု၏သွန်သင်ချက်များသည် သူကိုယ်တိုင်ထံမှ မဟုတ်ဘဲ ခမည်းတော်ထံမှလာခြင်းဖြစ်သည်။
ယေရှုက မိမိသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း၊ အတိုင်းအဆမဲ့တန်ခိုးရှင်မဟုတ်ကြောင်း အခိုင်အမာပြောဆိုခဲ့၏။ ယေရှုသည် ဘုရားသခင်ဖြစ်ပါက မြေကြီးပေါ်ရှိစဉ် မည်သူ့ထံ ကိုယ်တော်ဆုတောင်းနေခြင်းနည်း။ (မဿဲ ၁၄:၂၃; ၂၆:၂၆-၂၉) ယေရှုသည် အခြားသူတစ်ဦးကို စကားပြောဟန်ဆောင်သည်ဟုယူဆလျှင် ယုတ္တိရှိမည်မဟုတ်ပေ။
တပည့်နှစ်ဦးက ကိုယ်တော့်နိုင်ငံတော်တွင် မိမိတို့ကို အထူးအခွင့်အရာပေးရန် တောင်းဆိုသောအခါ ယေရှုဤသို့ဆို၏– “ငါ၏လက်ယာဘက်၊ လက်ဝဲဘက်၌ ထိုင်ရသောအခွင့်ကိုမူ ငါပေးပိုင်ခွင့်မရှိ။ ငါ့ခမည်းတော် ပြင်ဆင်ပေးထားသူတို့အတွက်သာ ဖြစ်သည်။” (မဿဲ ၂၀:၂၃) သူတို့၏တောင်းဆိုချက်ကို မိမိဖြည့်ဆည်းပေးပိုင်ခွင့်မရှိကြောင်း ယေရှုပြောဆိုနေခြင်းဖြစ်ရာ ကိုယ်တော် လိမ်ညာနေခြင်းလော။ လုံးဝမဖြစ်နိုင်ပေ။ ထိုသို့ဆုံးဖြတ်ပိုင်ခွင့်ရှိသူမှာ ဘုရားသခင်တစ်ပါးတည်းသာဖြစ်ကြောင်း ကိုယ်တော် နှိမ့်ချစွာအသိအမှတ်ပြုနေခြင်းဖြစ်သည်။ ထို့ပြင် မိမိနှင့်အခြားကောင်းကင်တမန်များမသိ၊ ခမည်းတော်တစ်ပါးတည်းသာသိတော်မူသော အကြောင်းအရာများရှိကြောင်းကိုလည်း ယေရှုရှင်းပြခဲ့သည်။—မာကု ၁၃:၃၂။
ယေရှုသည် မြေကြီးပေါ်ရှိစဉ်အခါသာ ဘုရားသခင်ကို လက်အောက်ခံခြင်းလော။ မဟုတ်ပါ။ ယေရှုသည် သေဆုံးကာ ရှင်ပြန်ထမြောက်ပြီးနောက်၌ပင် ဘုရားသခင်ကို ဆက်၍လက်အောက်ခံခဲ့ကြောင်း ကျမ်းစာတွင် ဖော်ပြထားသည်။ “ခရစ်တော်၏ဦးခေါင်းကား ဘုရားသခင် ဖြစ်တော်မူ၏” ဟုတမန်တော်ပေါလုပြောခဲ့သည်။ (၁ ကောရိန္သု ၁၁:၃) ထို့ပြင် အနာဂတ်တွင် “အရာခပ်သိမ်းကို သားတော်အောက်၌ ချထားတော်မူပြီးနောက် အရာခပ်သိမ်းကို ချထားတော်မူသောအရှင်ကို သားတော်ကိုယ်တိုင် လက်အောက်ခံတော်မူလိမ့်မည်။ ထိုအခါ ဘုရားသခင်သည် လူခပ်သိမ်း၌ အရာခပ်သိမ်း ဖြစ်တော်မူမည်” ဟုကျမ်းစာက ဖော်ပြသည်။—၁ ကောရိန္သု ၁၅:၂၈။
ယေရှုသည် အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်မဟုတ်ကြောင်း ရှင်းနေပါသည်။ ထို့ကြောင့်ပင် ကိုယ်တော်က ခမည်းတော်ကို “ငါ၏ဘုရားသခင်” ဟုပြောခဲ့ခြင်းဖြစ်သည်။—ဗျာ. ၃:၂၊ ၁၂; ၂ ကောရိန္သု ၁:၃၊ ၄။a
[အောက်ခြေမှတ်ချက်]
a ဤအကြောင်းအရာနှင့်စပ်လျဉ်း၍ ထပ်ဆင့်သိလိုလျှင် ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ် စာမျက်နှာ ၂၀၁-၂၀၄ တွင်ကြည့်ပါ။
[စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]
မိမိနှင့်ကောင်းကင်တမန်များမသိ၊ ခမည်းတော် တစ်ပါးတည်းသာ သိတော်မူသော အကြောင်းအရာများရှိကြောင်း ယေရှုပြောခဲ့