၂ ဘုရားသခင်နှင့်ဆိုင်သော တိကျမှန်ကန်သည့် အသိပညာကို ဆည်းပူးပါ
“ထာဝရအသက်ရရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် . . . ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်။”—ယောဟန် ၁၇:၃။
အတားအဆီးကား အဘယ်အရာနည်း။ ဘုရားသခင်မရှိဟု လူအချို့ဆိုကြသည်။ ဘုရားသခင်သည် တကယ့်ပုဂ္ဂိုလ်တစ်ပါးမဟုတ်ဘဲ တန်ခိုးကြီးစွမ်းအင်တစ်ခုသာဖြစ်သည်ဟု ထင်မှတ်ကြသူများလည်းရှိသည်။ ဘုရားသခင်ကို တကယ့်ပုဂ္ဂိုလ်တစ်ပါးအဖြစ် ယုံကြည်သူအချို့ကမူ ဘုရားသခင်သည် မည်သူဖြစ်ကြောင်း၊ ကိုယ်တော်တင်ပြသည့် အရည်အသွေးများအကြောင်း ရှုပ်ထွေးသောအယူဝါဒများကို သွန်သင်ပေးကြပြန်သည်။
ထိုအတားအဆီးကို သင် မည်သို့ကျော်လွှားနိုင်သနည်း။ ဘုရားသခင်နှင့်ဆိုင်သော အသိပညာကို ဆည်းပူးနိုင်သည့်နည်းလမ်းတစ်ခုမှာ ကိုယ်တော်ဖန်ဆင်းထားရာများကို လေ့လာကြည့်ရှုခြင်းဖြစ်သည်။ “ဖန်ဆင်းထားရာများကိုထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ဘုရားသခင့်အဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ဂုဏ်ရည်တော်များသည် လောကဖန်ဆင်းချိန်မှစ၍ ထင်ရှားစွာသိမြင်ရ၏” ဟု တမန်တော်ပေါလုဆိုခဲ့သည်။ (ရောမ ၁:၂၀) ဘုရားသခင်ဖန်ဆင်းထားသော သဘာဝရုပ်လောကကို သင်အသေအချာ ကြည့်ရှုလေ့လာပါက ဖန်ဆင်းရှင်၏ဉာဏ်ပညာနှင့် တန်ခိုးတော်အကြောင်း ပို၍သိလာနိုင်သည်။—ဆာလံ ၁၀၄:၂၄; ဟေရှာယ ၄၀:၂၆။
၌သို့သော် ဘုရားသခင်သည် မည်သို့သောအရှင်ဖြစ်ကြောင်း တိကျမှန်ကန်စွာသိနိုင်ရန် ကျွန်ုပ်တို့တစ်ဦးစီသည် ကိုယ်တော်၏တရားစကားတော်သမ္မာကျမ်းစာကိုဖွင့်ပြီး ကိုယ်တိုင်လေ့လာဆန်းစစ်ရမည်။ အခြားသူများက သင့်တွေးတောဆင်ခြင်မှုကို ပုံသွင်းရန် ခွင့်မပြုလိုက်ပါနှင့်။ “သင်တို့သည် လောကစနစ်၏ပုံစံကို မလိုက်ကြနှင့်တော့။ ဘုရားသခင့် အလိုတော်အတိုင်း ကောင်းမြတ်တော်မူသောအရာ၊ လက်ခံတော်မူဖွယ်သောအရာ၊ စုံလင်တော်မူသောအရာတို့ကို သိမှတ်နိုင်မည်အကြောင်း သင်တို့၏စိတ်သဘောကို ပြုပြင်ပြောင်းလဲကြလော့” ဟူသောကျမ်းစာအကြံပြုချက်ကို လိုက်နာပါ။ (ရောမ ၁၂:၂) ဥပမာ၊ ဘုရားသခင်နှင့်ပတ်သက်၍ ကျမ်းစာတွင် ဖော်ပြထားသည့် အောက်ပါအချက်များကို လေ့လာဆန်းစစ်ကြည့်ပါ။
ဘုရားသခင်၌ နာမတော်ရှိသည်။ ဘုရားသခင့်နာမတော်သည် မူရင်းကျမ်းစာတစ်အုပ်လုံးတွင် အကြိမ်ပေါင်းထောင်နှင့်ချီ၍ ပါဝင်သည်။ ဆရာယုဒသန်ပြန်ဆိုသော သမ္မာကျမ်းစာတွင် ‘ဤအမှုကိုပြုသောဘုရားသခင်၊ ဤအမှုကို ဖန်ဆင်းစီရင်သောဘုရားသခင်၊ ယေဟောဝါအမည်ရှိသော ထာဝရဘုရားသခင်’ ဟူ၍ကိုယ်တော့်နာမတော်ကို ထည့်သွင်းဖော်ပြထားသည်။—ယေရမိ ၃၃:၂။
ယေဟောဝါဘုရားသခင်သည် ခံစားချက်ရှိသောအရှင်ဖြစ်ပြီး လူသားတို့၏လုပ်ရပ်များသည် ကိုယ်တော့်အပေါ်သက်ရောက်မှုရှိ၏။ ယေဟောဝါသည် အစ္စရေးလူမျိုးကို အီဂျစ်ပြည်၏ ကျွန်ဘဝမှလွတ်မြောက်စေပြီးနောက်ပိုင်းတွင် သူတို့သည် ကိုယ်တော်၏ပညာရှိသွန်သင်ချက်များကို တစ်ခါတစ်ရံ လျစ်လျူရှုခဲ့ကြသည်။ သူတို့၏ပုန်ကန်သည့်လမ်းစဉ်နှင့် လုပ်ရပ်များသည် သန့်ရှင်းတော်မူသောဘုရားသခင်ကို “စိတ်တော်နာ” စေခဲ့ကြသည်။—ဆာလံ ၇၈:၄၀။
ယေဟောဝါသည် ကျွန်ုပ်တို့တစ်ဦးစီကို ဂရုစိုက်တော်မူ၏။ တပည့်များကို ယေရှုဤသို့ဆိုသည်– “စာငှက်နှစ်ကောင်ကို ငွေတစ်ပြားနှင့် ရောင်းရသည်မဟုတ်လော။ ကောင်းကင်ဘုံရှိ သင်တို့၏အဖမသိဘဲ ထိုစာငှက်တစ်ကောင်မျှ မြေသို့မကျရ။ သင်တို့၏ဆံပင်များကိုလည်း အကုန်အစင် ရေတွက်ထား၏။ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများထက် သာ၍မြတ်ကြ၏။”—မဿဲ ၁၀:၂၉-၃၁။
ဘုရားသခင်သည် လူမျိုးတစ်မျိုး သို့မဟုတ် ယဉ်ကျေးမှုတစ်မျိုးကို အခြားတစ်မျိုးထက်ပို၍ မျက်နှာသာပေးခြင်းမရှိပါ။ ဘုရားသခင်သည် “လူတစ်ဦးတည်းမှ လူအမျိုးမျိုးကို ဖန်ဆင်းတော်မူ၍ မြေတစ်ပြင်လုံးတွင် နေထိုင်စေတော်မူ၏” ဟူ၍ အေသင်မြို့ရှိဂရိလူမျိုးများကို တမန်တော်ပေါလုဆိုခဲ့သည်။ ထို့ပြင် ဘုရားသခင်သည် “ငါတို့တွင် မည်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်” ဟုလည်းသူဆိုခဲ့သည်။ (တမန်တော် ၁၇:၂၆၊ ၂၇) တမန်တော်ပေတရုကလည်း “ဘုရားသခင်သည် မျက်နှာလိုက်တော်မမူ . . . ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရား ကျင့်သုံးသောသူကို နှစ်သက်လက်ခံတော်မူ၏” ဟု ဆိုခဲ့သည်။—တမန်တော် ၁၀:၃၄၊ ၃၅။
အကျိုးကျေးဇူးကား အဘယ်နည်း။ လူအချို့သည် “ဘုရားသခင်ဘက်၌ စိတ်အားထက်သန်ကြသည် . . . ။ သို့သော် တိကျမှန်ကန်သော အသိပညာအတိုင်းမဟုတ်။” (ရောမ ၁၀:၂) ဘုရားသခင်နှင့်ပတ်သက်၍ ကျမ်းစာအမှန်တကယ်သွန်သင်ရာကို သင်သိရှိပါက လှည့်စားခံရသည့်အဖြစ်ကို ရှောင်ရှားပြီး “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်” နိုင်ပါလိမ့်မည်။—ယာကုပ် ၄:၈။
ထပ်ဆင့်သိလိုပါက သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ် အခန်း ၁၊ “ဘုရားသခင်နှင့်ပတ်သက်သော အမှန်တရားကား အဘယ်နည်း” တွင်ကြည့်ပါ။a
[အောက်ခြေမှတ်ချက်]
a ယေဟောဝါသက်သေများ ထုတ်ဝေသည်။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ဘုရားသခင်နှင့်ဆိုင်သောအသိပညာကို ဆည်းပူးနိုင်သည့်နည်းလမ်းတစ်ခုမှာ ကိုယ်တော်ဖန်ဆင်းထားရာများကို လေ့လာကြည့်ရှုခြင်းဖြစ်