ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၅/၁ စာ. ၁၉-၂၁
  • နတ်ဆိုးများ၏ ရန်မှ သင့်ကိုယ်သင် ကာကွယ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နတ်ဆိုးများ၏ ရန်မှ သင့်ကိုယ်သင် ကာကွယ်ပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နတ်ဆိုးများက အန္တရာယ်ပြုပုံ
  • ဘုရားသခင်မနှစ်သက်သော ဓလေ့များကို ခွဲခြားသိရှိခြင်း
  • သင် အဘယ်အရာပြုရမည်နည်း
  • နတ်ဆိုးတွေကို တွန်းလှန်ဖို့ ယေဟောဝါရဲ့ အကူအညီကို လက်ခံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ဆိုးညစ်သော နာမ်ဝိညာဉ်အင်အားစုကို တွန်းလှန်လော့
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ဝိညာဉ်သတ္တဝါတွေ—ကျွန်ုပ်တို့အပေါ် အကျိုးသက်ရောက်ပုံ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • နာမ်ဝိညာဉ်ဆိုးများ တန်ခိုးကြီး၏
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၅/၁ စာ. ၁၉-၂၁

နတ်ဆိုးများ၏ ရန်မှ သင့်ကိုယ်သင် ကာကွယ်ပါ

ဂျိမ်းစ်သည် စော်လမွန်ကျွန်းစုမှ မာလိုင်တာကျွန်း၏ အစွန်အဖျားဒေသတွင် ကြီးပြင်းလာသည်။ ငယ်ရွယ်စဉ်ကတည်းက နတ်များကို ရိုသေလေးစားရန် သင်ကြားခံခဲ့ရသည်။ “တခြားသူတွေကို ဒုက္ခပေးဖို့ နတ်တွေဆီ တစ်ခါမှ ဆုမတောင်းဖူးပါဘူး။ ဒါပေမဲ့ အန္တရာယ်တွေကနေ ကာကွယ်ပေးတဲ့ ရာရာဖော်နို [နတ်များထံမှ အကူအညီတောင်းသည့် ရိုးရာဓလေ့များ] ကိုမလုပ်ဘဲတော့ ပျော်ရွှင်တဲ့ဘဝရဖို့ မဖြစ်နိုင်ဘူးလို့ထင်တယ်” ဟုသူပြောသည်။

နတ်တို့သည် လူတစ်ဦးကို ကူညီပေးနိုင်သကဲ့သို့ အန္တရာယ်လည်းပြုနိုင်သည်ဟု ကမ္ဘာ့အခြားဒေသများရှိ လူများစွာကဲ့သို့ပင် စော်လမွန်ကျွန်းသားများလည်း ယုံကြည်ကြသည်။ အမှန်မှာ မယ်လနီးရှန်းလူမျိုးများသည် နတ်ကောင်းများဟုယူဆထားသည့်နတ်များကို ကြောက်ရွံ့စိတ်ဖြင့်မဟုတ်ဘဲ ကြည်ညိုလေးစားစိတ်ဖြင့် ချစ်ခင်ကြသည်။

နတ်တို့၏လှုပ်ရှားဆောင်ရွက်မှုကို ယုံကြည်ကြောင်း နည်းအမျိုးမျိုးတွင် တွေ့နိုင်သည်။ ဥပမာ၊ ဂျိမ်းစ် ကလေးဘဝတွင် သူ့ရွာရှိအမျိုးသမီးများသည် ကိုရိုကိုရိုငှက် (ဥသြငှက်တစ်မျိုး) အော်သံကြားတိုင်း သူတို့၏ကလေးများကို အိမ်တွင်းသို့အပြေးအလွှားဝင်စေကြသည်။ အဘယ်ကြောင့်နည်း။ ထိုငှက်အော်သံက တစ်စုံတစ်ယောက်အပေါ် အန္တရာယ်ကျရောက်တော့မည်ကိုပြသည်ဟု ယုံကြည်သောကြောင့်ဖြစ်သည်။

ရွာသားအချို့သည် သူတို့အိမ်တံခါးဝအပေါ်တွင် အထူးကျောက်တုံးအဖြူကို ထားကြသည်။ ဂျိမ်းစ်လည်း ထိုသို့ပြုလုပ်ထားသည်။ အကြောင်းမှာ ထိုကျောက်တုံးသည် နတ်ဆိုးတို့၏ရန်မှ သူ့ကိုကာကွယ်ပေးမည်ဟု ယုံကြည်သောကြောင့်ဖြစ်သည်။ ထို့ပြင် ဂျိမ်းစ်သည် အလုပ်တွင် နေ့လယ်စာစားပြီးနောက် အကြွင်းအကျန်များကို စုသိမ်းပြီး နောက်မှပစ်ရန် အိတ်တစ်အိတ်ထဲတွင် သိမ်းထားလေ့ရှိသည်။ အကြောင်းမှာ မှော်ဆရာသည် ထိုအကြွင်းအကျန်များကို တွေ့ပါက သူဖျားနာစေရန် ၎င်းတို့ဖြင့် ပြုစားနိုင်သောကြောင့်ဖြစ်သည်။

သင့်ဒေသတွင် ထိုအပြုအမူများကို ပြုလေ့ပြုထမရှိလျှင်ပင် နတ်ဆိုးများ၏ရန်မှ ကာကွယ်မှုရရန် သင့်ဒေသ၏ရိုးရာဓလေ့များကို လိုက်နာရန်လိုအပ်သည်ဟု ဂျိမ်းစ်ကဲ့သို့ပင် သင်ခံစားရပေမည်။ ထိုဓလေ့များကို လိုက်နာခြင်းသည် သင့်ကောင်းကျိုးအတွက် မရှိမဖြစ်လိုအပ်သည်ဟု သင်ယုံကြည်ပေမည်။

သင်သည် ကျမ်းစာကို လေးစားသူတစ်ဦးဖြစ်ပါက အောက်ပါမေးခွန်းများကို ကျမ်းစာမည်သို့ဖြေဆိုကြောင်း သိလိုမည်မှာသေချာသည်– (၁) သင့်ကို နတ်ဆိုးများ မည်သို့အန္တရာယ်ပြုနိုင်သနည်း။ (၂) ရိုးရာဓလေ့အချို့ကို လိုက်နာခြင်းက သင့်ကို နတ်ဆိုးများ၏ဩဇာအောက် အမှန်ကျရောက်စေနိုင်ပါသလော။ (၃) နတ်ဆိုးများ၏ရန်မှ အမှန် ကာကွယ်မှုရပြီး ပျော်ရွှင်နိုင်ပါသလော။

နတ်ဆိုးများက အန္တရာယ်ပြုပုံ

နတ်ဆိုးများသည် သေလွန်သူတို့၏ဝိညာဉ်များမဖြစ်နိုင်ဟု ကျမ်းစာကဖော်ပြသည်။ “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ” ဟုဘုရားသခင့်တရားစကားတော်ကဆိုသည်။ (ဒေ. ၉:၅) အမှန်မှာ နတ်ဆိုးများသည် လူသားများကို လမ်းလွဲစေရန် စာတန်နှင့်ပူးပေါင်းကြသော ပုန်ကန်သည့်ကောင်းကင်တမန်များဖြစ်သည်။—ဗျာ. ၁၂:၉။

ကျွန်ုပ်တို့သည် နတ်ဆိုးများ၏ရန်မှ ကာကွယ်မှုလိုအပ်ကြောင်း ကျမ်းစာက ရှင်းလင်းစွာဖော်ပြသည်။ တမန်တော်ပေါလုသည် ဧဖက်မြို့ရှိခရစ်ယာန်များထံ ဤသို့ရေး၏– “ငါတို့သည် အသွေးအသားဖြစ်သော လူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်နေကြသည်မဟုတ်။ . . . ကောင်းကင်အရပ်ရှိ နတ်ဆိုးများနှင့် . . . ဆိုင်ပြိုင်တိုက်လှန်နေကြ၏။” တမန်တော်ပေတရုကလည်း နတ်ဆိုးအားလုံး၏အရှင် စာတန်သည် “ဟောက်သောခြင်္သေ့ကဲ့သို့ တစ်ဦးတစ်ယောက်ကို မျိုရန် လှည့်လည်ရှာဖွေလျက်ရှိ၏” ဟုဖော်ပြထားသည်။—ဧဖက် ၆:၁၂; ၁ ပေတရု ၅:၈။

လူတို့ကို စာတန် အန္တရာယ်ပြုသည့် အဓိကနည်းမှာ သူတို့ကို လမ်းလွဲစေခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အား တော်လှန်ပုန်ကန်ရန် လူသားများကို လိမ်လည်လှည့်စားသည် သို့မဟုတ် သွေးဆောင်သည်။ စာတန်သည် “အလင်း၏ကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏” ဟုကျမ်းစာဆို၏။ (၂ ကောရိန္သု ၁၁:၁၄) သူသည် ကာကွယ်ပေးသောနတ်ဖြစ်ယောင်ဆောင်သော်လည်း အမှန်အားဖြင့် သူ၏စိတ်ရင်းမှာ ဆိုးညစ်သည်။ စာတန်သည် သူနှင့်ပတ်သက်သောအမှန်တရား၊ ဘုရားသခင်နှင့်ပတ်သက်သောအမှန်တရားတို့ကို မမြင်နိုင်ရန် လူတို့၏ဉာဏ်မျက်စိကို ကွယ်စေ၏။ (၂ ကောရိန္သု ၄:၄) လူတို့ကို လမ်းလွဲစေရသည့် သူ၏အဓိကရည်ရွယ်ချက်မှာ အဘယ်နည်း။

စာတန်သည် အလွန်ဝတ်ပြုခံလို၏။ ထို့ကြောင့် သိလျက်နှင့်ဖြစ်စေ၊ မသိဘဲဖြစ်စေ လူတို့ မိမိအား ထိုသို့ဝတ်ပြုသည်ကို လိုလား၏။ ဘုရားသခင်၏သားတော်ယေရှု မြေကြီးပေါ်ရှိစဉ်တွင်ပင် ကိုယ်တော့်အား သူ့ကို “တစ်ကြိမ်သာ ပျပ်ဝပ်၍ကိုးကွယ်” စေလိုခဲ့သည်။ ယေရှုက “အချင်းစာတန်၊ ထွက်သွားလော့။ ‘သင်၏ဘုရားသခင် ယေဟောဝါကို ကိုးကွယ်ရမည် . . .’ ဟူ၍ ကျမ်းစာ၌ရေးထားသည်” ဟုမိန့်တော်မူ၏။ (မဿဲ ၄:၉၊ ၁၀) ဝတ်ပြုမှုပုံစံဖြစ်နိုင်ပြီး စာတန်ကိုလက်အောက်ခံသည့် အဓိပ္ပာယ်သက်ရောက်နိုင်သော အပြုအမူတစ်ခုကိုမျှ မပြုမူရန် ယေရှုငြင်းဆိုခဲ့သည်။

ယေဟောဝါသည် နာမ်ဝိညာဉ်သတ္တဝါအားလုံးတွင် တန်ခိုးအရှိဆုံးဖြစ်ပြီး မိမိအားနာခံသူတို့ကို ထာဝစဉ်ဘေးပြုမည့် မည်သည့်အရာကိုမျှ ခွင့်ပြုမည်မဟုတ်ပေ။ (ဆာလံ ၈၃:၁၈; ရောမ ၁၆:၂၀) သို့သော် ကျွန်ုပ်တို့သည် ယေရှုကဲ့သို့ ယေဟောဝါဘုရားသခင်၏စိတ်တော်ကို ရွှင်လန်းစေလိုပါက စာတန် သို့မဟုတ် သူ၏နတ်ဆိုးများကို လက်အောက်ခံသည့် ဝတ်ပြုမှုပုံစံမှန်သမျှကို ရှောင်ရှားရန်လို၏။ ထိုသို့ရှောင်ရှားနိုင်ရန် နတ်ဆိုးများကို ဂုဏ်တင်ဝတ်ပြုသည့် ရိုးရာဓလေ့များကို ခွဲခြားသိရှိရမည်။ သင် မည်သို့သိရှိနိုင်သနည်း။

ဘုရားသခင်မနှစ်သက်သော ဓလေ့များကို ခွဲခြားသိရှိခြင်း

ယေဟောဝါဘုရားသခင်သည် ရှေးခေတ်မှ မိမိလူမျိုးဖြစ်သော အစ္စရေးလူတို့အား ပတ်ဝန်းကျင်နိုင်ငံများ၏ ရိုးရာဓလေ့အချို့ကို အတုမခိုးရန် သတိပေးခဲ့၏။ “သင်တို့တွင် . . . အနာဂတ်ကိုဟောပြောသောသူ၊ နတ်ဝိဇ္ဇာအတတ်ကိုလေ့လာသောသူ၊ ဗေဒင်ဟောသောသူ၊ ပြုစားသောသူ၊ . . . စုန်းလုပ်သောသူ၊ . . . တစ်စုံတစ်ယောက်မျှမရှိရ” ဟုကိုယ်တော်မိန့်ဆိုသည်။ ထိုဓလေ့များကို လိုက်စားသူများနှင့်ပတ်သက်၍ ‘ထိုသို့ပြုသောသူအပေါင်းတို့ကို ယေဟောဝါစက်ဆုပ်ရွံရှာတော်မူ၏’ ဟုကျမ်းစာဆိုသည်။—တရားဟောရာ ၁၈:၁၀-၁၂၊ သမ္မာ။

ထို့ကြောင့် သင့်ဒေသတွင်ပျံ့နှံ့နေသောဓလေ့များနှင့်ပတ်သက်၍ အောက်ပါမေးခွန်းများကို သုံးသပ်ကြည့်ပါ– ဒီဓလေ့က အတိတ်နိမိတ်ကောက်တဲ့ဗေဒင်အတတ်ကို ယုံတဲ့သဘော သက်ရောက်သလား။ ဒီဓလေ့က မှော်အတတ်သုံးပြီးကာကွယ်နိုင်တဲ့အစွမ်းကို သက်မဲ့ပစ္စည်းတွေအပေါ် သက်ရောက်စေသလား။ ဒီဓလေ့ထဲမှာ အန္တရာယ်ကျရောက်စေဖို့ ဒါမှမဟုတ် အကာအကွယ်ရဖို့ ပြုစားတာတွေပါသလား။ ယေဟောဝါ ဒါမှမဟုတ် ကိုယ်တော်ခန့်အပ်ထားတဲ့ ကိုယ်စားလှယ်ယေရှုကလွဲလို့ တခြားနာမ်ဝိညာဉ်ပုဂ္ဂိုလ်တစ်ဦးကို လက်အောက်ခံတဲ့အပြုအမူ ပါမလား။—ရောမ ၁၄:၁၁; ဖိလိပ္ပိ ၂:၉၊ ၁၀။

ထိုအပြုအမူများကို အားပေးအားမြှောက်ပြုသည့် ဓလေ့အားလုံးကို သင်ငြင်းပယ်ရန် မရှိမဖြစ်လိုအပ်သည်။ အဘယ်ကြောင့်နည်း။ ‘“ယေဟောဝါဘုရားသခင်၏စားပွဲ” နှင့် နတ်ဆိုးတို့၏စားပွဲ နှစ်မျိုးလုံးတွင် သင်တို့ မသုံးဆောင်နိုင်ကြ’ ဟုစွမ်းအားတော်လမ်းညွှန်မှုဖြင့် တမန်တော်ပေါလု ရေးခဲ့သည်။ ဘုရားသခင်ကိုရော အခြားနတ်များကိုပါ ကျေနပ်စေရန် ကြိုးပမ်းသူတို့သည် ‘ယေဟောဝါ၏အမျက်တော်ကို . . . နှိုးဆွနေ’ ခြင်းဖြစ်သည်ဟု သူသတိပေးခဲ့သည်။ (၁ ကောရိန္သု ၁၀:၂၀-၂၂) ယေဟောဝါဘုရားသခင်သည် အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုမှုကို တောင်းဆိုထားပြီး ရလည်းရထိုက်ပါသည်။—ထွက်မြောက်ရာ ၂၀:၄၊ ၅။

ဤမေးခွန်းကိုလည်း သုံးသပ်ကြည့်ပါဦး– လူတစ်ယောက်မှာ သူ့အပြုအမူတွေအတွက် တာဝန်မရှိဘူးဆိုတဲ့ အတွေးအခေါ်ကို ဒီဓလေ့က မြေတောင်မြှောက်ပေးသလား။ ဥပမာ၊ လူများစွာသည် အိမ်ထောင်ရေးဖောက်ပြန်ခြင်းနှင့် လက်မထပ်မီ လိင်ဆက်ဆံခြင်းကို မနှစ်သက်သည့်အပြင် ကျမ်းစာကလည်း ယင်းကိုပြစ်တင်ရှုတ်ချထားသည်။ (၁ ကောရိန္သု ၆:၉၊ ၁၀) သို့သော် ပစိဖိတ်ကျွန်းအချို့၏ယဉ်ကျေးမှုများတွင် မိန်းကလေးတစ်ဦးက မိမိသည် ပြုစားခံထားရaသောကြောင့် လိင်စိတ်ပြင်းပြနေသည်ဟုဆိုခြင်းသည် လက်ခံဖွယ်ဖြစ်သည်။

သို့သော် ကျမ်းစာက ကျွန်ုပ်တို့၏အပြုအမူများအတွက် ကျွန်ုပ်တို့တွင်တာဝန်ရှိသည်ဟု သွန်သင်သည်။ (ရောမ ၁၄:၁၂; ဂလာတိ ၆:၇) ဥပမာ၊ ပထမလူမိန်းမဧဝက ဘုရားသခင်အား မနာခံရန် မိမိကို စာတန်လှည့်စားသည်ဟု ထင်သောကြောင့် “မြွေသည် ကျွန်တော်မကိုလှည့်စား၍ ကျွန်တော်မသည် စားမိပါပြီ” ဟုဆို၏။ သို့သော် ယေဟောဝါသည် ဧဝအား သူ၏အပြုအမူအတွက် တာဝန်ယူစေခဲ့သည်။ (ကမ္ဘာဦး ၃:၁၃၊ ၁၆၊ ၁၉) ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြုအမူများအတွက်လည်း ကျွန်ုပ်တို့ကို တာဝန်ယူစေသည်။—ဟေဗြဲ ၄:၁၃။

သင် အဘယ်အရာပြုရမည်နည်း

သင်သည် ဘုရားသခင်၏စိတ်တော်ကို ရွှင်လန်းစေလိုပြီး ကျမ်းစာမူများနှင့်အညီ အသက်ရှင်လိုပါက စာတန်နှင့်သူ၏နတ်ဆိုးများရန်မှ သင့်ကိုယ်သင်ကာကွယ်ရန် အတတ်နိုင်ဆုံးကြိုးစားဖို့ လိုသည်။ ယင်းနှင့်ပတ်သက်၍ ပထမရာစုရှိ ဧဖက်မြို့မှ စိတ်ရိုးဖြောင့်သူများသည် ပုံသက်သေကောင်းချမှတ်ခဲ့၏။ နတ်ဆိုးများ၏ ဩဇာလွှမ်းမိုးမှုမခံရရန် သူတို့သည် နတ်ဆိုးပညာနှင့်ဆက်နွှယ်နေသော စာအုပ်အားလုံးကို စုစည်းကာ “လူအားလုံးရှေ့တွင် မီးရှို့လိုက်ကြ၏။”—တမန်တော် ၁၉:၁၉။

ထိုစာအုပ်များကို မီးမရှို့မီ သူတို့သည် “လာ၍ မိမိတို့အကျင့်များကို အတိအလင်း ဖော်ပြဝန်ခံကြ၏။” (တမန်တော် ၁၉:၁၈) ခရစ်တော်နှင့်ပတ်သက်သော ပေါလု၏သွန်သင်ချက်ကို စိတ်စွဲမှတ်သွားရာ သူတို့သည် နတ်ဆိုးပညာနှင့်ဆိုင်သောစာအုပ်များကို ဖျက်ဆီးပစ်ရန် လှုံ့ဆော်ခံရကြသည်။ ထို့ပြင် ရိုးရာဓလေ့များအပေါ်ထားရှိသည့် သူတို့၏ခံစားချက်များကိုပါ ပြောင်းလဲပစ်ခဲ့ကြသည်။

မှန်ပါသည်၊ ရိုးရာဓလေ့များကို စွန့်ပစ်ခြင်းသည် လွယ်ကူမည်တော့မဟုတ်ပေ။ အစောပိုင်းတွင်ဖော်ပြခဲ့သော ဂျိမ်းစ်အတွက် ယင်းသို့ပြုရန် ခက်ခဲခဲ့သည်။ သူသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာစလေ့လာပြီး သိရှိလာရာများကို နှစ်ခြိုက်၏။ သို့သော် ရာရာဖော်နိုဓလေ့ကိုလည်း ဆက်ပြုလုပ်ခဲ့သည်။ ထိုဓလေ့များအပေါ်ထားရှိသည့် သူ၏ခံစားချက်များကို ဆန်းစစ်ကြည့်ရာ သူသည် အနာဂတ်နှင့်ပတ်သက်သော ယေဟောဝါ၏ကတိများကိုယုံကြည်သော်လည်း အန္တရာယ်မှ အကာအကွယ်ရရန် ရိုးရာဓလေ့များကို ဆက်အားထားရန်လိုအပ်သည်ဟု ခံစားနေရကြောင်း သိရှိလာသည်။

အဘယ်အရာက သူ၏အမြင်ကို ပြောင်းလဲစေခဲ့သနည်း။ သူဤသို့ဆို၏– “ကျွန်တော့်ကို ကာကွယ်ပေးဖို့၊ ကိုယ်တော့်ကို ယုံကြည်ကိုးစားနိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီဆုတောင်းတယ်။ တစ်ချိန်တည်းမှာ ကျွန်တော့်ရိုးရာဓလေ့တွေကိုလည်း စွန့်ပစ်လိုက်တယ်။” သူ့အပေါ် အန္တရာယ်တစ်စုံတစ်ခု ကျရောက်ခဲ့သလော။ “မကျရောက်ခဲ့ပါဘူး။ နောက်ဆုံးတော့ ယေဟောဝါကို ယုံကြည်ကိုးစားတတ်လာတယ်။ မိတ်ဆွေတစ်ယောက်အဖြစ် ယေဟောဝါနဲ့ ဘယ်လောက်နီးကပ်နိုင်တယ်ဆိုတာ ကျွန်တော်သိမြင်ခံစားခဲ့ရတယ်” ဟုဂျိမ်းစ်ပြောပြသည်။ လွန်ခဲ့သောခုနစ်နှစ်မှစ၍ ဂျိမ်းစ်သည် အခြားသူများ ကျမ်းစာသွန်သင်ရာများကို သိရှိလာဖို့ ကူညီပေးရန် အချိန်ပြည့်အမှုဆောင်တစ်ဦးအဖြစ် အမှုဆောင်နေသည်။

ဂျိမ်းစ်၏ပုံသက်သေကို လိုက်လျှောက်ပါလေ။ သင့်ဒေသတွင်ပျံ့နှံ့နေသော ဓလေ့များကို ဆန်းစစ်ပါ။ ယင်းတို့သည် “ဘုရားသခင့် အလိုတော်” နှင့်ညီမညီသိရှိရန် သင်၏ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကိုအသုံးပြုပါလေ။ (ရောမ ၁၂:၁၊ ၂) ထို့နောက် အယူသီးသောဓလေ့များနှင့် သီးခြားနေရန် သတ္တိမွေးပါ။ သင်ထိုသို့ပြုလုပ်ပါက သင့်ကို ယေဟောဝါ “လက်ခံ” ပြီး ကာကွယ်ပေးမည်ကို ယုံကြည်စိတ်ချလာပါလိမ့်မည်။ (၂ ကောရိန္သု ၆:၁၆-၁၈) ‘ယေဟောဝါ၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့် လုံခြုံစွာနေရကြ၏’ ဟူသောကျမ်းစာကတိတော်၏ မှန်ကန်မှုကို ဂျိမ်းစ်ကဲ့သို့ပင် သင်ခံစားရပါလိမ့်မည်။—သု. ၁၈:၁၀။

[အောက်ခြေမှတ်ချက်]

a ယင်းသည် အထူးအပင်တစ်မျိုး၏အရွက် သို့မဟုတ် အထူးစားစရာတစ်မျိုးဖြင့် ဆေးလုပ်သည့်ဓလေ့ကို ရည်ညွှန်းသည်။ ထို့နောက် ယင်းကို မိန်းကလေးတစ်ဦးအား ကျွေးသည်။ ထိုအရွက် သို့မဟုတ် အစာသည် မိန်းကလေးတစ်ဦးအား ယောက်ျားတစ်ဦးကို စွဲလမ်းစေသည်ဟု ဆိုကြသည်။ ယင်းသည် မိန်းကလေးတစ်ဦးကို မသိမသာ ဆေးကျွေးပြီး အတင်းအဓမ္မလိင်ဆက်ဆံစေခြင်းနှင့် မတူပေ။ ထိုကိစ္စမျိုးတွင် မိန်းကလေးမှာ အပြစ်မဲ့သောသားကောင်ဖြစ်သည်။

[စာမျက်နှာ ၁၉ ပါရုပ်ပုံ]

“ကိုရိုကိုရို”

[Credit Line]

Courtesy of Dr. Bakshi Jehangir

[စာမျက်နှာ ၁၉ ပါရုပ်ပုံ]

စားကြွင်းစားကျန်များကိုသုံးပြီး မပြုစားနိုင်စေရန် ယင်းတို့ကို မိန်းကလေးတစ်ဦး ကောက်သိမ်းနေ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ