မသန်မစွမ်းဖြစ်သည့်ကြားမှ ပျော်ရွှင်
ပေါလက်ဂက်စ်ပါ ပြောပြသည်
ကျွန်မကိုမွေးတုန်းက ကျွန်မရဲ့ကိုယ်အလေးအချိန်ခြောက်ပေါင်ရှိပေမဲ့ တစ်ခုခုတော့ အကြီးအကျယ်မှားနေပြီဆိုတာ ဆရာဝန်ကသိတယ်။ ကျွန်မကို မီးဖွားချိန်အတွင်းမှာ ကျွန်မအရိုးတချို့အက်ကုန်တယ်။ အရိုးကြွပ်ဆတ်ရောဂါကို ကျွန်မခံစားနေရတာဖြစ်တယ်။ အမြန်ခွဲစိတ်ခဲ့ပေမဲ့ ဆရာဝန်တွေမှာ မျှော်လင့်ချက်သိပ်မရှိဘူး။ ၂၄ နာရီအတွင်းမှာ ကျွန်မသေမယ်လို့ သူတို့ထင်ကြတယ်။
ကျွန်မကို ဩစတြေးလျနိုင်ငံရဲ့မြို့တော်၊ ကင်ဘာရာမှာ ၁၉၇၂၊ ဇွန် ၁၄ ရက်တုန်းက မွေးဖွားခဲ့ပါတယ်။ အားလုံးထင်ထားသလို မွေးမွေးချင်းနေ့မှာ ကျွန်မ,မသေခဲ့ဘူး။ ဒါပေမဲ့ အဆုတ်ရောင်ရောဂါဖြစ်ခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မသေမှာပဲလို့ တွက်ထားတဲ့အတွက် ဆရာဝန်တွေက ဘာဆေးမှမကျွေးဘဲ “ဒီအတိုင်းထားလိုက်ဖို့” ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မ,မသေဘဲ အသက်ရှင်ခဲ့တယ်။
အဲဒီအချိန်မှာ ကျွန်မမိဘတွေအတွက် ဘယ်လောက်ခက်ခဲမလဲဆိုတာ ကျွန်မသိပါတယ်။ ကျွန်မအသက်ရှင်ဖို့ ဖြစ်နိုင်ခြေနည်းလွန်းလို့ စိတ်ရင်းကောင်းတဲ့ဆေးဝန်ထမ်းတွေက ကျွန်မကိုသိပ်သံယောဇဉ်မတွယ်မိစေဖို့ မိဘတွေကို အကြံပေးတယ်။ ဆေးရုံတက်နေရတဲ့ ပထမသုံးလအတွင်း ကျွန်မကိုတို့ထိဖို့တောင် သူတို့ကို ခွင့်မပြုခဲ့ကြဘူး။ ကျွန်မဒဏ်ရာရသွားဖို့ သိပ်လွယ်တာကိုး။ ကျွန်မ,မသေနိုင်တော့ဘူးဆိုတာ သိသာလာတော့ ဆရာဝန်တွေက ကျွန်မကို မသန်မစွမ်းကလေးရိပ်သာမှာ ပို့ထားဖို့ ကျွန်မမိဘတွေကို အကြံပေးကြတယ်။
ဒါပေမဲ့ သူတို့က ကျွန်မကို အိမ်ပြန်ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ တကယ်တော့ ကျွန်မအမေက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာနေတာလေ။ သိရှိလာတဲ့အရာတွေကြောင့် ကျွန်မကိုဂရုစိုက်ရမယ့်တာဝန်ရှိတယ်လို့ ပိုခံစားလာရတယ်။ ဒါပေမဲ့ စိတ်ရောကိုယ်ပါ ခွန်အားစိုက်ထုတ်ပြီး ကျွန်မကို ဂရုစိုက်ရလို့ ကျွန်မနဲ့ရင်းနှီးလာဖို့ အမေ့အတွက်တော်တော်ခက်မှာပဲ။ ကျွန်မကို မကြာခဏ ဆေးရုံခေါ်သွားရတယ်။ ရေချိုးတာလို ရိုးရိုးလေးကိစ္စတွေကြောင့် ကျွန်မအရိုးကျိုးတတ်တယ်။ နှာချေရင်တောင် အရိုးအက်နိုင်တယ်။
စိတ်ဓာတ်ကျလာ
ကျွန်မကြီးပြင်းလာတာနဲ့အမျှ ကျွန်မရဲ့ထာဝရအဖော်က ဘီးတပ်ကုလားထိုင်ပဲ။ လမ်းလျှောက်ဖို့ဆိုတာကတော့ ဝေလာဝေးပဲ။ ခက်ခဲတဲ့ကြားက ကျွန်မမိဘတွေက ကျွန်မရဲ့ခန္ဓာပိုင်းလိုအပ်ရာတွေကို အရမ်းဂရုစိုက်ပေးကြတယ်။
အဲဒီအပြင် အမေက ကျမ်းစာထဲက နှစ်သိမ့်မှုဖြစ်စေတဲ့သတင်းကို အတတ်နိုင်ဆုံးသင်ပေးခဲ့တယ်။ ဥပမာ၊ ဘုရားသခင်က အနာဂတ်မှာ မြေကြီးကို ပရဒိသုဖြစ်အောင် ပြန်လုပ်ပေးမယ်။ အဲဒီမှာ လူတိုင်းက ဝိညာဉ်ရေး၊ စိတ်ဓာတ်ရေးနဲ့ ခန္ဓာပိုင်းမှာ လုံးဝကျန်းမာလာကြလိမ့်မယ်ဆိုပြီး သင်ပေးတယ်။ (ဆာလံ ၃၇:၁၀၊ ၁၁; ဟေရှာယ ၃၃:၂၄) ဒါပေမဲ့ အဲဒီအချိန်မရောက်မချင်း ကျွန်မဘဝက တစ်နည်းနည်းနဲ့ပျော်စရာကောင်းလာမှာကို လုံးဝတွေးကြည့်လို့မရဘူးဆိုပြီး အမေဝန်ခံတယ်။
ပထမတော့ မသန်မစွမ်းကျောင်းမှာ ကျွန်မတက်တယ်။ ဆရာတွေက ကျွန်မအတွက် ဘာပန်းတိုင်မှမထားပေးလို့ ကျွန်မလည်း ဘာပန်းတိုင်မှမထားခဲ့ဘူး။ တကယ်တော့ ကျောင်းတက်နေရတာက ကျွန်မအတွက် အကြီးမားဆုံးအခက်အခဲပဲ။ အဲဒီမှာရှိတဲ့ကလေးအတော်များများက ကျွန်မအပေါ် သိပ်ရက်စက်ကြတယ်။ နောက်ပိုင်း ရိုးရိုးကျောင်းကို ပြောင်းတက်ခဲ့တယ်။ တခြားသူတွေနဲ့ ဆက်ဆံတတ်အောင်သင်ရတာက စိတ်ရောကိုယ်ပါ ပင်ပန်းလိုက်တာ။ ဒါပေမဲ့ ပညာသင်နှစ် ၁၂ နှစ်အထိ အပြီးတက်ဖို့ ကျွန်မဆုံးဖြတ်ခဲ့တယ်။
အထူးသဖြင့် အထက်တန်းကျောင်းတက်တဲ့အချိန်အတွင်းမှာ ကျွန်မအတန်းဖော်တွေရဲ့အသက်တာက ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး ဗလာကျင်းနေလဲဆိုတာ တွေးမိတယ်။ အမေသင်ပေးတဲ့ ကျမ်းစာအကြောင်းတွေကိုလည်း တွေးမိလာတယ်။ အမေပြောတာတွေက အမှန်တရားဖြစ်တယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမဲ့ ကျမ်းစာသွန်သင်ချက်တွေက အဲဒီအချိန်တုန်းက ကျွန်မနှလုံးသားထဲမရောက်သေးဘူး။ မနက်ဖြန်အတွက် လုံးဝမစဉ်းစားဘဲ ဒီနေ့မှာ ပျော်ပျော်နေဖို့ပဲ ဆုံးဖြတ်ခဲ့တယ်။
အသက် ၁၈ နှစ်ရောက်တော့ မိဘအိမ်မှာမနေတော့ဘဲ တခြားမသန်မစွမ်းအုပ်စုနဲ့အတူ ပြောင်းနေတယ်။ အဲဒီမှာသွားနေတာက စိတ်လှုပ်ရှားစရာကောင်းသလို ကြောက်စရာလည်းကောင်းတယ်။ မရဖူးတဲ့လွတ်လပ်မှုတွေရလာပြီး သူငယ်ချင်းတွေနဲ့ အဖွဲ့ကျနေတာ တကယ့်ကိုပျော်စရာပဲ။ ကျွန်မသူငယ်ချင်းအများစုက အိမ်ထောင်သည်တွေလေ။ ကျွန်မလည်း အိမ်ထောင်ဖက်တစ်ယောက်နဲ့ မေတ္တာကို တောင့်တလာတယ်။ ဒါပေမဲ့ ကျွန်မရဲ့မသန်မစွမ်းဖြစ်မှုကြောင့် အိမ်ထောင်ဖက်တစ်ယောက်တွေ့ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ အဲဒီအမှန်တရားက ကျွန်မကို အရမ်းဝမ်းနည်းစေတယ်။
ဒါပေမဲ့ ကျွန်မရဲ့အခြေအနေအတွက် ဘုရားသခင်ကို လုံးဝအပြစ်မတင်ခဲ့ပါဘူး။ ဘုရားသခင်က မတရားတာကို လုံးဝမလုပ်ဘူးဆိုတဲ့အကြောင်း ကျွန်မသိထားတယ်လေ။ (ယောဘ ၃၄:၁၀) ဒါကြောင့် ကျွန်မဘဝကို အရှိအတိုင်းမြင်ဖို့ ကြိုးစားခဲ့တယ်။ ဒါတောင် ကျွန်မအကြီးအကျယ်စိတ်ဓာတ်ကျခဲ့တယ်။
တဖြည်းဖြည်း နာလန်ထလာ
ကျွန်မအခြေအနေကို အမေသတိပြုမိပြီး ကျွန်မအိမ်နဲ့အနီးအနားမှာနေတဲ့ အသင်းတော်အကြီးအကဲတစ်ယောက်ကို ဆက်သွယ်ခဲ့လို့ ကျေးဇူးတင်စရာပဲ။ သူက ကျွန်မဆီဖုန်းဆက်ပြီး ယေဟောဝါသက်သေတွေရဲ့ ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမမှာ ခရစ်ယာန်အစည်းအဝေးတွေတက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ အဲဒီအပြင် အသင်းတော်က ညီအစ်မတစ်ယောက်ကလည်း ကျွန်မကို အပတ်တိုင်း ကျမ်းစာစသင်ပေးတယ်။
လွန်ခဲ့တဲ့နှစ်တွေတုန်းက အမေသင်ပေးခဲ့တဲ့ ကျမ်းစာအမှန်တရားတွေကို ပြန်အမှတ်ရလာတာနဲ့အမျှ ဘဝအပေါ် ရှုမြင်ပုံလည်း တိုးတက်ပြောင်းလဲလာတယ်။ ခရစ်ယာန်ချင်းတွေနဲ့ပေါင်းသင်းရတာကို ပျော်လာတယ်။ ဒါပေမဲ့ စိတ်ထိခိုက်ရမှာကို ကြောက်တဲ့အတွက် ကျွန်မခံစားချက်တွေကိုတော့ မပြောခဲ့ဘူး။ အဲဒါက ဘုရားသခင်ကိုနှစ်နှစ်ကာကာချစ်လာဖို့ အတားအဆီးဖြစ်စေတယ်လို့ ကျွန်မထင်တယ်။ ဒါပေမဲ့ ကျွန်မအသက်တာကို ကိုယ်တော့်ဆီအပ်နှံတာက မှန်တယ်ဆိုတာတော့ ကျွန်မသိတယ်။ ဒီလိုနဲ့ ၁၉၉၁၊ ဒီဇင်ဘာလမှာ အပ်နှံပြီးကြောင်းပြဖို့ နှစ်ခြင်းခံခဲ့တယ်။
မသန်မစွမ်းအဖော်တွေနဲ့အတူမနေတော့ဘဲ တိုက်ခန်းတစ်ခုကို ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ ဒီအပြောင်းအလဲကြောင့် အကျိုးကျေးဇူးတွေကော၊ ပြဿနာတွေပါ ဖြစ်လာတယ်။ ဥပမာ၊ ကျွန်မ အရမ်းအထီးကျန်ခဲ့ရတယ်။ သူစိမ်းယောက်ျားတွေ ဝင်လာမလားဆိုတဲ့အတွေးက ကျွန်မကိုခြောက်လှန့်နေတယ်။ ဒါကြောင့် ထပ်ပြီးစိတ်ဓာတ်ကျလာတယ်။ အပေါ်ယံမှာတော့ သတ္တိရှိတဲ့အပြုံးမျက်နှာနဲ့၊ အထဲမှာတော့ အဲဒီလိုမဟုတ်ဘူး။ အမြဲတမ်းရှိနေမယ့် မိတ်ဆွေကောင်းတစ်ယောက်ကို ကျွန်မ အရမ်းလိုအပ်နေတာ။
အဲဒီလိုမိတ်ဆွေတစ်ယောက်ရဖို့ ယေဟောဝါဘုရားသခင် ပြင်ဆင်ပေးတယ်လို့ ကျွန်မထင်တယ်။ ဒေသခံအသင်းတော်အကြီးအကဲတွေက စူဇီလို့ခေါ်တဲ့ အိမ်ထောင်သည်ညီအစ်မကို ကျွန်မနဲ့ကျမ်းစာဆက်သင်ဖို့ စီစဉ်ပေးကြတယ်။ စူဇီက ကျွန်မရဲ့ ဆရာထက်မကပါဘူး။ ကျွန်မအရမ်းချစ်ရတဲ့ အရင်းနှီးဆုံးမိတ်ဆွေတစ်ယောက်ဖြစ်လာတယ်။
သိရှိလာတာတွေကို တစ်အိမ်မှတစ်အိမ်ဓမ္မအမှုအပြင် အလွတ်သဘောနဲ့ပါ တခြားသူတွေကို ပြောပြဖို့ စူဇီလေ့ကျင့်ပေးတယ်။ အခုဆို ဘုရားသခင်ရဲ့အရည်အသွေးတွေကို စပြီးတန်ဖိုးထားတတ်လာတယ်။ ကျွန်မက နှစ်ခြင်းခံပြီးပေမဲ့ ဘုရားသခင်ကို နှစ်နှစ်ကာကာမချစ်သေးဘူး။ တစ်ခေါက်ကဆို ကိုယ်တော့်ကို မဝတ်ပြုတော့ဖို့တောင် စဉ်းစားမိတယ်။ အဲဒီအကြောင်း စူဇီကိုပြောပြတော့ ကြီးမားတဲ့ဒီအခက်အခဲကို ကျော်လွှားနိုင်အောင် ကူညီပေးခဲ့တယ်။
ယေဟောဝါကို နှစ်နှစ်ကာကာမချစ်တဲ့သူတချို့နဲ့ ပေါင်းသင်းနေလို့ များသောအားဖြင့် ကျွန်မ မပျော်မရွှင်ဖြစ်ရတယ်ဆိုတာကို နားလည်လာဖို့လည်း စူဇီကူညီပေးခဲ့တယ်။ ဒါကြောင့် ဝိညာဉ်ရေးမှာ ရင့်ကျက်တဲ့သူတွေ၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ပေါင်းသင်းခဲ့တယ်။ အမေနဲ့လည်း ဆက်ဆံရေးသိပ်မကောင်းတော့ အမေနဲ့ကော၊ အစ်ကိုနဲ့ပါ ဆက်ဆံရေးပြန်ကောင်းလာဖို့ ကျွန်မကြိုးစားခဲ့တယ်။ အရင်ကမရခဲ့ဖူးတဲ့ ပျော်ရွှင်မှု ခံစားလာရလို့ အရမ်းအံ့သြရတယ်။ အသင်းတော်က ညီအစ်ကိုညီအစ်မတွေနဲ့ ကျွန်မမိသားစုအပြင် အထူးသဖြင့် ယေဟောဝါကြောင့် ကျွန်မဝမ်းမြောက်မှုခံစားရပြီး ခွန်အားရှိလာတယ်။—ဆာလံ ၂၈:၇။
အလုပ်အသစ်
အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုမှာ လူအတော်များများရရှိတဲ့ ရွှင်လန်းမှုတွေအကြောင်း အလေးပေးဖော်ပြတဲ့ ဟောပြောချက်ကို ခရိုင်စည်းဝေးကြီးတစ်ခုမှာ ကြားပြီးတဲ့နောက် ‘ငါဘာလို့ အဲဒီလိုမလုပ်နိုင်ရမှာလဲ’ လို့တွေးမိတယ်။ ကျွန်မအတွက် အဲဒီလိုလုပ်ဖို့အရမ်းခက်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဆုတောင်းစဉ်းစားပြီးတဲ့နောက် ကျမ်းစာအကြောင်း အချိန်ပြည့်သွန်သင်သူတစ်ယောက်ဖြစ်လာဖို့ လျှောက်လွှာတင်မယ်လို့ဆုံးဖြတ်လိုက်ပြီး ၁၉၉၈၊ ဧပြီမှာ ရှေ့ဆောင်တစ်ယောက်အဖြစ် အမှုဆောင်ခဲ့တယ်။
ကျွန်မရဲ့ခန္ဓာပိုင်းအခြေအနေနဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ဘယ်လိုပါဝင်မလဲ။ ကျွန်မရဲ့ပင်ကို,ကိုက အရမ်းလွတ်လွတ်လပ်လပ်နေတတ်ပြီး လူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှာ၊ သွားရေးလာရေးနဲ့ တခြားအကူအညီတွေအတွက် သူတစ်ပါးကိုမှီခိုနေရမှာ လုံးဝမကြိုက်ဘူး။ ဒါကြောင့် စူဇီနဲ့သူ့အမျိုးသားမိုက်ကယ်က ဆိုင်ကယ်တစ်စီးဝယ်ဖို့ အကြံပေးတယ်။ ကျွန်မက ဆိုင်ကယ် ဘယ်လိုစီးနိုင်မှာလဲ။ ဒါပေမဲ့ ပူးတွဲပါရုပ်ပုံမှာပြထားတဲ့အတိုင်း ဆိုင်ကယ်ကို ကျွန်မအတွက် အထူးပြုလုပ်ထားတာလေ။ အလေးချိန် ၄၂ ပေါင်ရှိတဲ့ ကျွန်မခန္ဓာကိုယ်လေးကို ဘီးတပ်ကုလားထိုင်ပေါ်ကနေ ရွှေ့ဖို့တောင်မလိုဘူး။
ဒီအထူးဆိုင်ကယ်ကြောင့် လူတွေဆီလည်ပတ်နိုင်ပြီး ကျွန်မအတွက်ကော သူတို့အတွက်ပါ အဆင်ပြေမယ့်အချိန်မှာ ကျမ်းစာလေ့လာနိုင်လာတယ်။ ဆိုင်ကယ်စီးရတာ၊ ကျွန်မမျက်နှာကို လေတိုးတာကိုခံစားရတာ ကျွန်မအရမ်းကြိုက်တယ်။ ဒါက ကျွန်မဘဝရဲ့ပျော်ရွှင်မှုလေးတွေပါပဲ။
လမ်းပေါ်မှာ လူတွေနဲ့စကားစမြည်စပြောရတာကို နှစ်သက်လာတယ်။ သူတို့အများစုက ယဉ်ကျေးသိမ်မွေ့ပြီး ကျွန်မကိုလည်း တလေးတစားရှိကြတယ်။ ကျမ်းစာအကြောင်း တခြားသူတွေ သိလာအောင် ကူညီပေးရတာ သိပ်ပျော်ဖို့ကောင်းတယ်။ အရပ်သိပ်ရှည်တဲ့အဖော်တစ်ယောက်နဲ့အတူ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုမှာ ပါဝင်ရတဲ့တစ်ခေါက်ကို ကျွန်မမှတ်မိနေတုန်းပဲ။ သူက အိမ်ရှင်ကိုနှုတ်ဆက်လိုက်တယ်။ ဒါပေမဲ့ အိမ်ရှင်က ကျွန်မကို အံ့သြတကြီးနဲ့စိုက်ကြည့်ပြီး “သူစကားပြောနိုင်လား” လို့ ကျွန်မအဖော်ကို မေးလိုက်တယ်။ ကျွန်မတို့နှစ်ယောက်စလုံး ရယ်လိုက်ကြတာ။ ကျွန်မ အိမ်ရှင်ကိုလည်းဟောပြီးရော ကျွန်မတကယ်စကားပြောနိုင်တာ သူသိသွားတယ်။
အခုဆို ကျွန်မဘဝကို ပျော်မွေ့နေပါပြီ။ ယေဟောဝါဘုရားသခင်ကိုလည်း ချစ်တတ်လာပြီ။ ကျမ်းစာအမှန်တရားတွေကို သင်ကြားပေးခဲ့တဲ့အတွက် အမေ့ကို သိပ်ကျေးဇူးတင်တယ်။ ကျွန်မရဲ့ခန္ဓာကိုယ်သေးသေးလေးအပါအဝင် “အရာခပ်သိမ်းကို” ဘုရားသခင် “အသစ်ပြုလုပ်” မယ့် မဝေးတော့တဲ့အနာဂတ်ကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ ကျွန်မစောင့်စားနေပါတယ်။—ဗျာ. ၂၁:၄၊ ၅။
[စာမျက်နှာ ၃၀ ပါ အကျဉ်းဖော်ပြချက်]
“ကျွန်မဘဝကို အရှိအတိုင်းမြင်ဖို့ ကြိုးစားခဲ့တယ်။ ဒါတောင် ကျွန်မအကြီးအကျယ်စိတ်ဓာတ်ကျခဲ့တယ်”