ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၁၀/၁ စာ. ၅-၈
  • သန့်ရှင်းသောဝိညာဉ်တော် ဟူသည် အဘယ်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သန့်ရှင်းသောဝိညာဉ်တော် ဟူသည် အဘယ်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “အမြင့်ဆုံးသောအရှင်၏ တန်ခိုးတော်”
  • ‘ယေဟောဝါဘုရားသခင်၏ စွမ်းအားတော်သည် ငါ့အပေါ်၌ တည်တော်မူ၏’
  • သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်လုံးဖော်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ‘သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ပထမရာစုနဲ့ ယနေ့ခေတ်မှာ ဘုရားသခင့်စွမ်းအားတော်လမ်းညွှန်မှုကိုခံယူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၁၀/၁ စာ. ၅-၈

သန့်ရှင်းသောဝိညာဉ်တော် ဟူသည် အဘယ်နည်း

ယေရှုသည် မိမိ၏တပည့်များကို တစ်ကြိမ်တွင် ဤသို့မိန့်ဆိုခဲ့သည်– “သင်တို့တွင် အဘဖြစ်သောသူ၌ သားသည် . . . ငါးကိုတောင်းလျှင် ငါးအစား၌ မြွေကိုပေးမည်လော။ ဥကိုတောင်းလျှင် ကင်းမြီးကောက်ကို ပေးမည်လော။” (လုကာ ၁၁:၁၁၊ ၁၂၊ သမ္မာကျမ်း) ဂါလိလဲနယ်မှ ကလေးများသည် ဥနှင့်ငါးများစားရသည်ကို ကြိုက်နှစ်သက်ကြပြီး မိမိတို့စားလိုသောအရာကိုလည်း သိရှိကြသည်။

ဆာလောင်နေသောကလေးတစ်ဦး အစားအစာတောင်းသကဲ့သို့ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ရရန် မလျှော့သောဇွဲဖြင့် တောင်းမြဲတောင်းသင့်ကြောင်း ယေရှု မိန့်ဆိုခဲ့သည်။ (လုကာ ၁၁:၉၊ ၁၃၊ သမ္မာကျမ်း) သန့်ရှင်းသောဝိညာဉ်တော် အဘယ်အရာဖြစ်သည်ကို သိထားခြင်းက ကျွန်ုပ်တို့၏အသက်တာတွင် ယင်းကိုရရှိရန် မည်မျှအရေးကြီးကြောင်း သဘောပေါက်စေပါလိမ့်မည်။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပတ်သက်၍ သမ္မာကျမ်းစာသွန်သင်ရာကို ဦးစွာဆန်းစစ်ကြည့်ကြပါစို့။

“အမြင့်ဆုံးသောအရှင်၏ တန်ခိုးတော်”

သန့်ရှင်းသောဝိညာဉ်တော်ဟူသည် မိမိ၏အလိုတော်ကို ပြီးမြောက်စေရန် ဘုရားသခင်အသုံးပြုသည့် စွမ်းအားဖြစ်ကြောင်း သမ္မာကျမ်းစာတွင် ရှင်းလင်းစွာ ဖော်ပြထားသည်။ ကောင်းကင်တမန် ဂါဗြေလက မာရိသည် အပျိုကညာတစ်ဦးဖြစ်သော်လည်း သားတစ်ဦးရလိမ့်မည်ဟု အသိပေးချိန်တွင် ဤသို့ဆိုသည်– “သန့်ရှင်းသောစွမ်းအားတော်သည် သင့်အပေါ်သက်ရောက်၍ အမြင့်ဆုံးသောအရှင်၏ တန်ခိုးတော်သည် သင့်ကို လွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် မွေးဖွားမည့်သူငယ်သည် ဘုရားသခင်၏သားတော်၊ သန့်ရှင်းတော်မူသောသူဟု ခေါ်ဆိုခြင်းကို ခံရလိမ့်မည်။” (လုကာ ၁:၃၅) ဂါဗြေလ၏စကားအရ သန့်ရှင်းသောစွမ်းအားတော်နှင့် “အမြင့်ဆုံးသောအရှင်၏ တန်ခိုးတော်” သည် ဆက်စပ်နေကြောင်း သိနိုင်ပါသည်။

ယင်းနှင့်ဆင်တူသော အယူအဆကို သမ္မာကျမ်းစာ၏ အခြားနေရာများတွင်လည်း ဖော်ပြထားသည်။ ‘ငါမူကား . . . ယေဟောဝါ၏ဝိညာဉ်တော် [“စွမ်းအားတော်၊” ကဘ] အားဖြင့် အရှိန်တန်ခိုး၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့်ပြည့်စုံ၏’ ဟုပရောဖက်မိက္ခာကဆိုသည်။ (မိက္ခာ ၃:၈) ‘သင်တို့အပေါ်သို့ သန့်ရှင်းသော စွမ်းအားတော် သက်ရောက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိကြလိမ့်မည်’ ဟုမိမိတပည့်များကို ယေရှုကတိပေးခဲ့၏။ (တမန်တော် ၁:၈) “သန့်ရှင်းသော စွမ်းအားတော်၏တန်ခိုး” အကြောင်း တမန်တော်ပေါလုလည်း ပြောခဲ့သည်။—ရောမ ၁၅:၁၃၊ ၁၉။

အထက်ပါဖော်ပြချက်များအရ ကျွန်ုပ်တို့ အဘယ်အရာ ကောက်ချက်ချနိုင်သနည်း။ သန့်ရှင်းသောစွမ်းအားတော်နှင့် ဘုရားသခင့်တန်ခိုးတော်သည် အလွန်ဆက်စပ်နေ၏ဟု ကောက်ချက်ချနိုင်သည်။ ယေဟောဝါသည် မိမိ၏တန်ခိုးတော်ကို သန့်ရှင်းသောစွမ်းအားတော်အားဖြင့် အသုံးပြုသည်။ ရိုးရိုးလေးပြောရလျှင် သန့်ရှင်းသောစွမ်းအားတော်သည် ဘုရားသခင် အသုံးပြုသည့် တန်ခိုး သို့မဟုတ် စွမ်းအားဖြစ်၏။ အံ့ဖွယ်စွမ်းအားပါတကား။ စကြ၀ဠာတစ်ခုလုံးကို ဖန်ဆင်းရာတွင် တန်ခိုးမည်မျှလိုအပ်ခဲ့ကြောင်း ကျွန်ုပ်တို့ နားလည်နိုင်မည်မဟုတ်ချေ။ အောက်ပါအချက်ကို ကျွန်ုပ်တို့စဉ်းစားဆင်ခြင်ရန် ပရောဖက်ဟေရှာယမှတစ်ဆင့် ယေဟောဝါမိန့်ဆိုသည်– “အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ [“ပြင်းထန်သောစွမ်းအင် အလျှံပယ်ရှိပြီး၊” ကဘ] ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။”—ဟေရှာယ ၄၀:၂၆။

ထို့ကြောင့် စကြ၀ဠာရှိ အရာခပ်သိမ်းသည် အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်၏ “ပြင်းထန်သောစွမ်းအင်” သို့မဟုတ် တန်ခိုးတော်ကြောင့် အစီအစဉ်ကျနပြီး သဟဇာတဖြစ်နေကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ ဘုရားသခင်အသုံးပြုသော စွမ်းအားသည် အလွန့်အလွန်ကြီးမားပြီး ယင်းကြောင့်သာ ကျွန်ုပ်တို့တည်ရှိနေရခြင်းဖြစ်သည်။—“သန့်ရှင်းသောစွမ်းအားတော်၏ လုပ်ဆောင်ချက်” လေးထောင့်ကွက်ကိုကြည့်ပါ။

ယေဟောဝါသည် မိမိ၏သန့်ရှင်းသောစွမ်းအားတော်ကို စကြ၀ဠာဖန်ဆင်းခြင်းတွင်ကဲ့သို့ ကြီးမားသောအတိုင်းအတာဖြင့် အသုံးပြုနိုင်သည်။ သို့သော် လူသားများအကျိုးအတွက်လည်း ယင်းကို ကိုယ်တော်အသုံးပြုနိုင်သည်။ သမ္မာကျမ်းစာတွင် မြေကြီးပေါ်ရှိ မိမိကျေးကျွန်များကို ဘုရားသခင် အစွမ်းခွန်အားပေးခဲ့သည့် ပုံနမူနာများစွာ ပါရှိသည်။

‘ယေဟောဝါဘုရားသခင်၏ စွမ်းအားတော်သည် ငါ့အပေါ်၌ တည်တော်မူ၏’

သန့်ရှင်းသောစွမ်းအားတော်သည် ဘုရားသခင့်ကျေးကျွန်များကို မည်သို့စွမ်းဆောင်စေနိုင်ကြောင်း ယေရှု၏ဓမ္မအမှုက စိတ်ဝင်စားဖွယ်အရိပ်အမြွက်ပေးသည်။ ‘ယေဟောဝါဘုရားသခင်၏ စွမ်းအားတော်သည် ငါ့အပေါ်၌ တည်တော်မူ၏’ ဟုနာဇရက်မြို့သားများကို ယေရှုမိန့်ဆိုခဲ့သည်။ (လုကာ ၄:၁၈) ယေရှုသည် “ဘုရားသခင့်တန်ခိုးတော်” ဖြင့် မည်သည့်အရာများ စွမ်းဆောင်နိုင်ခဲ့သနည်း။ (လုကာ ၄:၁၄) ကိုယ်တော်သည် အနာရောဂါအမျိုးမျိုးကို ကုသပေးခဲ့သည်၊ လှိုင်းလေထန်နေသည့်ပင်လယ်ကို ငြိမ်သက်စေခဲ့သည်၊ ထောင်နှင့်ချီသောလူများကို မုန့်နှင့်ငါးအနည်းငယ်ဖြင့် ကျွေးမွေးခဲ့သည့်အပြင် သေလွန်သူများကိုပင် ထမြောက်စေခဲ့သည်။ “ဘုရားသခင်သည် . . . တန်ခိုးများ၊ အတိတ်နိမိတ်နှင့် လက္ခဏာများကို ထိုသူ [ယေရှု] အားဖြင့် ပြုတော်မူကြောင်း” တမန်တော်ပေတရု ဖော်ပြခဲ့သည်။—တမန်တော် ၂:၂၂။

ယနေ့ခေတ်တွင် သန့်ရှင်းသောစွမ်းအားတော်သည် ယင်းသို့သောအံ့ဖွယ်အမှုများ ဖြစ်ပေါ်စေရန် မလုပ်ဆောင်တော့ပေ။ သို့သော် ယင်းသည် ကျွန်ုပ်တို့အတွက် ထူးခြားသောအရာများ လုပ်ဆောင်ပေးနိုင်ပါသည်။ တပည့်များကို ယေရှုစိတ်ချစေခဲ့သည့်အတိုင်း ယေဟောဝါဘုရားသခင်သည် မိမိအား ဝတ်ပြုကိုးကွယ်သူများကို သန့်ရှင်းသောစွမ်းအားတော် လိုလိုလားလား ပေးတော်မူ၏။ (လုကာ ၁၁:၁၃) ထို့ကြောင့် တမန်တော်ပေါလုက “ငါ့ကို တန်ခိုးပေးတော်မူသော ကိုယ်တော်အားဖြင့် အရာခပ်သိမ်းကို ငါတတ်စွမ်းနိုင်၏” ဟုဆိုနိုင်ခြင်းဖြစ်သည်။ (ဖိလိပ္ပိ ၄:၁၃) သန့်ရှင်းသောစွမ်းအားတော်သည် သင့်အသက်တာကိုလည်း ထိုသို့အကျိုးပြုနိုင်ပါသလော။ ယင်းမေးခွန်းကို နောက်ဆောင်းပါးတွင် ဖြေဆိုထားပါသည်။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်နှင့်ရုပ်ပုံ]

သန့်ရှင်းသောစွမ်းအားတော်သည် ပုဂ္ဂိုလ်တစ်ပါး အဘယ်ကြောင့်မဟုတ်

သမ္မာကျမ်းစာတွင် သန့်ရှင်းသောစွမ်းအားတော်ကို ရေနှင့် နှိုင်းယှဉ်ထားသည်။ ဘုရားသခင်သည် အနာဂတ်တွင် မိမိလူမျိုးတော်ကို ကောင်းချီးပေးမည်ဟု ကတိပြုစဉ် ဤသို့ဆိုသည်– “ရေငတ်သောသူအပေါ်မှာ ရေကိုငါသွန်းလောင်း၍ သွေ့ခြောက်သောမြေကို ရေလွှမ်းမိုးစေမည်။ သင်၏အမျိုးအပေါ်မှာ ငါ့ဝိညာဉ် [“စွမ်းအားတော်၊” ကဘ] ကိုလည်းကောင်း၊ သင်၏အနွယ်အပေါ်မှာ ငါ့ကောင်းချီးမင်္ဂလာကိုလည်းကောင်း ငါသွန်းလောင်းမည်။”—ဟေရှာယ ၄၄:၃။

မိမိကျေးကျွန်များအပေါ် စွမ်းအားတော်ကို ဘုရားသခင်သွန်းလောင်းစဉ် သူတို့သည် “သန့်ရှင်းသောစွမ်းအားတော်နှင့် ပြည့်၀” သို့မဟုတ် “သန့်ရှင်းသောစွမ်းအားတော်နှင့် ပြည့်” လာကြသည်။ ယေရှု၊ နှစ်ခြင်းဆရာယောဟန်၊ ပေတရု၊ ပေါလု၊ ဗာနဗနှင့် အေဒီ ၃၃ ပင်တေကုတ္တေပွဲနေ့တွင် စုရုံးလာသော တပည့်များသည် သန့်ရှင်းသောစွမ်းအားတော်နှင့် ပြည့်၀လျက်ရှိသည် သို့မဟုတ် ပြည့်သည်ဟု ဖော်ပြထား၏။—လုကာ ၁:၁၅; ၄:၁; တမန်တော် ၄:၈; ၉:၁၇; ၁၁:၂၂၊ ၂၄; ၁၃:၉။

ဤအချက်ကိုသုံးသပ်ကြည့်ပါ– ပုဂ္ဂိုလ်တစ်ဦးကို အခြားလူပုဂ္ဂိုလ်များစွာအပေါ် “သွန်းလောင်း” နိုင်ပါသလော။ ပုဂ္ဂိုလ်တစ်ဦးသည် လူအုပ်စုတစ်ခုလုံးအပေါ် “ပြည့်” နေသည်ဟု သင်ဆိုမည်လော။ ထိုသို့ဆိုပါက အဓိပ္ပာယ်ရှိမည်မဟုတ်ပေ။ လူတို့သည် ဉာဏ်ပညာ၊ သိနားလည်မှု သို့မဟုတ် တိကျမှန်ကန်သော အသိပညာဖြင့်ပင် ပြည့်နေသည်ဟု သမ္မာကျမ်းစာတွင် ဖော်ပြထားသော်လည်း လူတစ်ဦးသည် အခြားလူတစ်ဦးဖြင့် ပြည့်နေသည်ဟု မည်သည့်အခါမျှ မဖော်ပြထားပေ။ —ထွက်မြောက်ရာ ၂၈:၃; ၃ ဓမ္မရာဇဝင် ၇:၁၄; လုကာ ၂:၄၀; ကောလောသဲ ၁:၉။

“စွမ်းအားတော်” ဟုပြန်ဆိုထားသော ဂရိစကားလုံးသည် နျူမာဖြစ်ပြီး မမြင်နိုင်သောတန်ခိုးဟူသည့် သဘောဆောင်၏။ ဗိုင်း၏ဓမ္မသစ်ကျမ်းစကားလုံးများဆိုင်ရာ ရှင်းလင်းဖော်ပြချက်အဘိဓာန်အရ နျူမာဟူသော စကားလုံးသည် “လေကို အဓိက ရည်ညွှန်းခြင်းဖြစ်ပြီး . . . ထွက်သက်ဝင်သက်ကိုလည်း ရည်ညွှန်းသည်။ လေကဲ့သို့ပင် မမြင်နိုင်သော၊ အကောင်အထည်မရှိသော၊ တန်ခိုးရှိသော စွမ်းအားကို အထူးသဖြင့် ရည်ညွှန်းသည်။”

ထို့ကြောင့် သန့်ရှင်းသောစွမ်းအားတော်သည် ပုဂ္ဂိုလ်တစ်ဦးမဟုတ်ကြောင်း ရှင်းနေပါသည်။a

[အောက်ခြေမှတ်ချက်]

a ထပ်ဆင့်အချက်အလက်အတွက် ယေဟောဝါသက်သေများ ထုတ်ဝေသည့် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ် စာမျက်နှာ ၂၀၁–၂၀၄ တွင်ရှိ “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပတ်သက်သည့် အမှန်တရား” ကို ကြည့်ပါ။

[Credit Line]

Photodisc/​SuperStock

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ