ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၁၁/၁ စာ. ၂၆-၃၀
  • ကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • သမ္မာကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၁၁/၁ စာ. ၂၆-၃၀

ကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ

မူးယစ်ဆေးသုံးစွဲခြင်းနှင့် အားကစားလိုက်စားခြင်းတို့ဖြင့်သာ အချိန်ကုန်နေသော ဆိုင်ကယ်သရဲတစ်ဦးသည် အချိန်ပြည့်ဓမ္မအမှုလုပ်ငန်းကို အဘယ်ကြောင့်ရွေးချယ်ခဲ့သနည်း။ စွဲစွဲမြဲမြဲလုပ်ခဲ့သော လောင်းကစားအလုပ်ကို စွန့်ပြီး ရိုးသားသောအလုပ်ဖြင့် မိသားစုကို ထောက်ပံ့ကျွေးမွေးရန် ကြေးစားလောင်းကစားသမားတစ်ဦးကို အဘယ်အရာက လှုံ့ဆော်ပေးခဲ့သနည်း။ ယေဟောဝါသက်သေတစ်ဦးအဖြစ် ကြီးပြင်းလာသော်လည်း ကျမ်းစာစံနှုန်းများကို မလိုက်လျှောက်ခဲ့သော အမျိုးသမီးတစ်ဦးအား မိမိဘ၀ပုံစံကို ပြန်လည်ဆန်းစစ်ရန် အဘယ်အရာက လှုံ့ဆော်ပေးခဲ့သနည်း။ သူတို့ပြောဆိုခဲ့ရာများကို သုံးသပ်ကြည့်ပါ။

ကိုယ်ရေးမှတ်တမ်းအကျဉ်း

အမည်– တဲရဲန့်စ် ဂျေ အိုဘရိုင်ရန်

အသက်– ၅၇

နိုင်ငံ– ဩစတြေးလျ

ဘ၀နောက်ခံ– မူးယစ်ဆေးသုံးစွဲဖူးသူ၊ ဆိုင်ကယ်သရဲ

အတိတ်– ကျွန်တော် ကလေးဘ၀တုန်းက ကွင်းစလဲန်ပြည်နယ်ရဲ့ မြို့တော် ဘရစ္စဘိန်းမှာနေတယ်။ မိသားစုက ကက်သလစ်ဘာသာဝင်တွေပါ။ ဒါပေမဲ့ ကျွန်တော် အသက်ရှစ်နှစ်အရွယ်ရောက်တဲ့အခါ တစ်မိသားစုလုံး ချာ့ချ်မတက်တော့တဲ့အပြင် ဘာသာရေးအကြောင်းကိုလည်း ဘယ်တော့မှ မဆွေးနွေးကြတော့ဘူး။ ကျွန်တော် အသက် ၁၀ နှစ်မှာ ဩစတြေးလျမှာရှိတဲ့ ဂိုလ်းကို့စ်မြို့ကို မိသားစုလိုက် ပြောင်းသွားတယ်။ ပင်လယ်ကမ်းခြေနားမှာ နေထိုင်ကြတာဖြစ်လို့ ရေကူးတာ၊ ရေလွှာလှိုင်းစီးတာတွေနဲ့ ကျွန်တော့်အသက် ဆယ့်သုံး၊ ဆယ့်လေးနှစ်ဘ၀ကို ဖြတ်သန်းခဲ့ရတယ်။

ဒါပေမဲ့ ကျွန်တော့်ရဲ့ကလေးဘ၀က ပျော်စရာသိပ်ကောင်းခဲ့တာတော့ မဟုတ်ဘူး။ ကျွန်တော် အသက်ရှစ်နှစ်မှာ အဖေက မိသားစုကို ပစ်သွားတယ်။ အမေက နောက်အိမ်ထောင်ပြုလိုက်တယ်။ အရက်သောက်ပြီး စကားများတာက မိသားစုမှာ ဖြစ်နေကျပဲ။ တစ်ညမှာ မိဘတွေ အကြီးအကျယ်ရန်ဖြစ်ပြီးသွားတဲ့အခါ ကျွန်တော် အိပ်ရာပေါ်ထိုင်ပြီး သန္နိဋ္ဌာန်ချလိုက်မိတယ်။ ကျွန်တော်သာ အိမ်ထောင်ပြုခဲ့ရင် ကျွန်တော့်ဇနီးနဲ့ ဘယ်တော့မှ ရန်မဖြစ်ဘူးဆိုပြီးတော့လေ။ အိမ်ထောင်ရေးပြဿနာတွေရှိပေမဲ့ အမေ၊ ပထွေးနဲ့ သားသမီးခြောက်ယောက်ရှိတဲ့ ကျွန်တော်တို့မိသားစုကတော့ အတူတူနေထိုင်ကြတုန်းပဲ။

ကျွန်တော့်အသက် ဆယ့်ရှစ်၊ ဆယ့်ကိုးနှစ်လောက်မှာ ရွယ်တူချင်းအများစုက အာဏာပိုင်တွေကို ပုန်ကန်ကြတယ်။ သူတို့က ဆေးခြောက်၊ ဆေးရွက်ကြီးနဲ့ တခြားမူးယစ်ဆေးတွေ သုံးပြီး အရက် အလွန်အကျွံသောက်ကြတယ်။ ကျွန်တော်လည်း သူတို့လိုပဲ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားဘ၀ပုံစံနဲ့ နေခဲ့တယ်။ ဆိုင်ကယ်စီးတာကိုလည်း ကြိုက်တယ်။ ဒဏ်ရာပြင်းပြင်းထန်ထန် နှစ်ကြိမ်ရခဲ့ပေမဲ့ ဆိုင်ကယ်ဆက်စီးနေတုန်းပဲ၊ ဩစတြေးလျတိုက်ကို ဆိုင်ကယ်နဲ့ ပတ်ဖို့တောင် ဆုံးဖြတ်ခဲ့တယ်။

အဲဒီလိုလွတ်လွတ်လပ်လပ်နေခဲ့ရပေမဲ့ ကမ္ဘာ့အခြေအနေအကြောင်း၊ လူ့ပြဿနာတွေကို လူအများစု ဥပေက္ခာပြုလွန်းတဲ့အကြောင်း စဉ်းစားလိုက်ရင် ကျွန်တော် ခဏခဏ စိတ်ဓာတ်ကျမိတယ်။ ဘုရားသခင်၊ ဘာသာရေး၊ ကမ္ဘာ့အခြေအနေတွေနဲ့ပတ်သက်တဲ့ အမှန်တရားကို သိပ်သိချင်ခဲ့တယ်။ ကက်သလစ်ဘုန်းကြီးတွေကို မေးကြည့်ပေမဲ့ သူတို့ရဲ့အဖြေတွေက စိတ်ပျက်စရာပဲ။ ပရိုတက်စတင့်ဓမ္မဆရာတွေနဲ့လည်း ဒီအကြောင်းတွေ ဆွေးနွေးကြည့်ပေမဲ့ သူတို့ရဲ့တုံ့ပြန်ပုံကြောင့် စိတ်ပျက်ရပြန်တယ်။ ဒါနဲ့ သူငယ်ချင်းတစ်ယောက်က အယ်ဒီဆိုတဲ့ ယေဟောဝါသက်သေတစ်ယောက်နဲ့တွေ့ဖို့ စီစဉ်ပေးတယ်။ အယ်ဒီနဲ့ လေးကြိမ်ဆွေးနွေးခဲ့တယ်၊ ဆွေးနွေးတိုင်း ကျွန်တော့်ရဲ့မေးခွန်းတွေကို ကျမ်းစာသုံးပြီးတော့ပဲ သူဖြေတယ်။ ပထမအကြိမ်ဆွေးနွေးကတည်းက သိပ်ကောင်းတဲ့အရာတစ်ခုခုကို ရှာတွေ့ပြီဆိုတာ ကျွန်တော်သိလိုက်ရတယ်။ ဒါပေမဲ့ ကျွန်တော့်ဘ၀ပုံစံကို ပြောင်းလဲဖို့လိုတယ်ဆိုတာ အဲဒီတုန်းက သဘောမပေါက်ခဲ့ဘူး။

ကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့ပုံ– ဩစတြေးလျကို ဆိုင်ကယ်နဲ့ပတ်မောင်းတဲ့ ခရီးစဉ်မှာ သက်သေခံနောက်တစ်ယောက်နဲ့တွေ့ပြီး ထပ်ဆွေးနွေးဖြစ်ပြန်တယ်။ ဒါပေမဲ့ ကျွန်တော် ကွင်းစလဲန်ကို ပြန်လာလိုက်တော့ သက်သေခံတွေနဲ့ ခြောက်လလောက် အဆက်အသွယ်ပြတ်သွားတယ်။

တစ်နေ့ အလုပ်ကနေ ကျွန်တော် အိမ်ပြန်လာတဲ့အခါ သပ်သပ်ရပ်ရပ်ဝတ်စားထားတဲ့ လူနှစ်ယောက် လက်ဆွဲအိတ်တွေကိုင်ပြီး လမ်းလျှောက်သွားနေတာ တွေ့လိုက်တယ်။ သူတို့က ယေဟောဝါသက်သေတွေ ဖြစ်ရမယ်ဆိုပြီး ကျွန်တော် ခန့်မှန်းလိုက်တယ်။ ဒါနဲ့ သူတို့ဆီသွားပြီး မေးကြည့်တဲ့အခါ ကျွန်တော် ထင်တဲ့အတိုင်းပဲ သက်သေခံတွေဖြစ်နေကြတယ်။ ကျွန်တော့်ကို ကျမ်းစာသင်ပေးဖို့ သူတို့ကို တောင်းဆိုလိုက်တယ်။ သက်သေခံတွေ ကျင်းပတဲ့အစည်းအဝေးတွေကို ကျွန်တော် ချက်ချင်း စတက်ခဲ့တယ်။ ၁၉၇၃ ခုနှစ်၊ ဆစ်ဒနီမြို့မှာ ကျင်းပတဲ့ စည်းဝေးကြီးကိုတောင် ကျွန်တော် တက်လိုက်သေးတယ်။ ဒါပေမဲ့ ကျွန်တော့်မိသားစု၊ အထူးသဖြင့် အမေက ဒီအကြောင်း သိသွားတဲ့အခါ စိတ်ပျက်သွားကြတယ်။ အဲဒီအပြင် တခြားအကြောင်းတွေကြောင့် သက်သေခံတွေကို ကျွန်တော် အဆက်အသွယ် ဖြတ်လိုက်တယ်။ အဲဒီနောက် ခရစ်ကက်ကစားတာကို တစ်နှစ်လောက် အရူးအမူး ဖြစ်လိုက်သေးတယ်။

ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာခဲ့တဲ့အချိန်တုန်းကပဲ စစ်မှန်တဲ့ပျော်ရွှင်မှုကို ခံစားခဲ့ရပါလားဆိုတာ နောက်ဆုံးမှာ ကျွန်တော် သိလာတယ်။ ဒါကြောင့် သက်သေခံတွေကို ပြန်ဆက်သွယ်ပြီး အစည်းအဝေးတွေ စတက်ခဲ့တယ်။ မူးယစ်ဆေးသုံးတဲ့ အပေါင်းအသင်းတွေကိုလည်း ကျွန်တော် အဆက်ဖြတ်လိုက်တယ်။

ဒီလိုပြောင်းလဲလာဖို့ ကျွန်တော့်ကို တကယ်လှုံ့ဆော်ပေးခဲ့တာကတော့ ကျမ်းစာထဲက ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ ယောဘအကြောင်းပေါ့။ ဘီလ်ဆိုတဲ့သက်သေခံတစ်ယောက်က ကျွန်တော့်ကို ကျမ်းစာအကြောင်း ပုံမှန်ဆွေးနွေးပေးတယ်။ သူက သဘောကောင်းပြီး ခိုင်မာပြတ်သားတဲ့ လူကြီးတစ်ယောက်ပဲ။ ယောဘအကြောင်း ကျွန်တော်တို့ဆွေးနွေးပြီးတဲ့နောက် ဘီလ်က ကျွန်တော့်ကို မေးတယ်။ ဘုရားသခင်ကို စိတ်မပါ့တပါနဲ့ ကိုးကွယ်နေတာဆိုပြီး စာတန်စွပ်စွဲတဲ့သူတွေထဲမှာ ဘယ်သူပါသေးသလဲတဲ့။ (ယောဘ ၂:၃-၅) ကျွန်တော် သိသလောက် ကျမ်းစာဇာတ်ကောင်တွေရဲ့နာမည်အားလုံးကို ပြောပြတဲ့အခါ ဘီဘ်က “ဟုတ်တယ်၊ သူတို့တွေလည်း ပါတယ်” ဆိုပြီး စိတ်ရှည်ရှည်နဲ့ ပြန်ပြောတယ်။ ပြီးတဲ့နောက် ကျွန်တော့်မျက်လုံးကို သူ တည့်တည့်စိုက်ကြည့်ပြီး “စာတန်စွပ်စွဲတဲ့သူတွေထဲမှာ ခင်ဗျားလည်းပါတယ်” လို့ပြောတယ်။ ကျွန်တော် အကြီးအကျယ် အံ့ဩသွားတယ်။ ကျွန်တော် သင်ယူနေတဲ့အကြောင်းအရာတွေက မှန်တယ်ဆိုတာ ဒီမတိုင်ခင်က သိထားတယ်။ ဒါပေမဲ့ သင်ယူနေတဲ့အရာကို ဘာကြောင့်လက်တွေ့ကျင့်ဖို့လိုအပ်တယ်ဆိုတာ ခုမှပဲ ကျွန်တော် သဘောပေါက်တော့တယ်။ လေးလကြာပြီးနောက် ယေဟောဝါသက်သေတစ်ယောက်အဖြစ် ကျွန်တော် နှစ်ခြင်းခံခဲ့တယ်။

အကျိုးကျေးဇူးရခဲ့ပုံ– ကျမ်းစာစံနှုန်းတွေအတိုင်း နေထိုင်ဖို့မသင်ယူခဲ့ဘူးဆိုရင် ကျွန်တော့်ဘ၀ ဘယ်လိုဖြစ်နေမယ်ဆိုတာ မတွေးရဲဘူး။ ခုလို အသက်ရှင်ချင်မှ ရှင်နိုင်မှာ။ ကျွန်တော့်အပေါင်းအသင်းဟောင်းအများစုဆိုရင် မူးယစ်ဆေး ဒါမှမဟုတ် အရက်ကြောင့် သေကုန်ကြပြီ။ အိမ်ထောင်ရေးလည်း အဆင်မပြေကြဘူး။ ကျွန်တော့်ဘ၀လည်း သူတို့လိုပဲ ဖြစ်နေမှာပဲဆိုတာ ခန့်မှန်းမိပါတယ်။

အခု ကျွန်တော် အိမ်ထောင်ကျနေပြီ။ ကျွန်တော့်ဇနီး မာဂရက်နဲ့ကျွန်တော်က ဩစတြေးလျနိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးမှာ အမှုဆောင်နေပါတယ်။ ကျွန်တော့်မိသားစုဝင်တစ်ယောက်မှ ယေဟောဝါကို မကိုးကွယ်ကြဘူး။ ဒါပေမဲ့ မာဂရက်နဲ့ကျွန်တော်က နှစ်တွေတစ်လျှောက်မှာ လူတော်တော်များများနဲ့စုံတွဲတချို့ကို ကျမ်းစာသင်ပေးရတဲ့အတွက် ပျော်ရွှင်မှုခံစားရတယ်။ သူတို့တွေက ကျွန်တော့်လိုပဲ ဘ၀အသက်တာကို ပြောင်းလဲခဲ့ကြတယ်လေ။ ဒီအတောအတွင်းမှာ မိတ်ဆွေကောင်းတွေ အများကြီး ရခဲ့တယ်။ အဲဒီအပြင် သက်သေခံတစ်ယောက်အဖြစ် ကြီးပြင်းခဲ့တဲ့ မာဂရက်က လွန်ခဲ့တဲ့အနှစ်လေးဆယ်နီးပါးလောက်တုန်းက ကျွန်တော်ချခဲ့တဲ့ သန္နိဋ္ဌာန်အတိုင်း နေထိုင်ဖို့ ကူညီပေးတယ်။ သာယာပျော်ရွှင်တဲ့အိမ်ထောင်တစ်ခုကို တည်ဆောက်ခဲ့တာ ၂၅ နှစ်ရှိပြီ။ တစ်ခါတလေ သဘောထား မတိုက်ဆိုင်တာတွေရှိပေမဲ့ ခုချိန်ထိတော့ ကျွန်တော်တို့ ရန်မဖြစ်ဖူးဘူး။ ဒါက ကျမ်းစာစံနှုန်းတွေကြောင့်ပဲဆိုတာ ကျွန်တော်တို့နှစ်ယောက်စလုံး နားလည်ထားတယ်။

ကိုယ်ရေးမှတ်တမ်းအကျဉ်း

အမည်– မာဆာဟီရို အိုကာဘာရာရှီ

အသက်– ၃၉

နိုင်ငံ– ဂျပန်

ဘ၀နောက်ခံ– လောင်းကစားသမား

အတိတ်– ကျွန်တော်က အီဝါကူရာမြို့မှာ ကြီးပြင်းလာတာပါ။ နာဂိုရာမြို့ကနေ တစ်နာရီခွဲလောက် ရထားစီးပြီးသွားရတဲ့ မြို့လေးပေါ့။ အဖေနဲ့အမေ နှစ်ယောက်စလုံးက သိပ်သဘောကောင်းကြတယ်ဆိုတာ ကျွန်တော်မှတ်မိတယ်။ ဒါပေမဲ့ အဖေက ယာကူဇာလူဆိုးဂိုဏ်းဝင်တစ်ယောက်ဆိုတာ နောက်ပိုင်းမှာ ကျွန်တော်သိလိုက်ရတယ်။ အဖေက လိမ်လည်မှုတွေ ကျူးလွန်ပြီး မိသားစုငါးယောက်ကို ထောက်ပံ့ကျွေးမွေးနေတာ။ နေ့တိုင်း အရက်မူးအောင် သောက်တတ်တယ်။ ဒီလိုနဲ့ ကျွန်တော် အသက် ၂၀ မှာ အဖေက အသည်းရွတ်ရောဂါရပြီး ဆုံးသွားတယ်။

အဖေက ကိုရီးယားလူမျိုးဖြစ်လို့ ဆွေမျိုးအသိုင်းအဝိုင်းတွေက ကျွန်တော်တို့မိသားစုကို အမြဲလိုလို နှိမ်ပြီးဆက်ဆံကြတယ်။ ဒီအချက်ကြောင့်အပြင် တခြားပြဿနာတွေကြောင့် ကျွန်တော့်ရဲ့ဆယ်ကျော်သက်ဘ၀က စိတ်မချမ်းသာစရာတွေချည်းပဲ။ အထက်တန်းကျောင်းတက်ဖို့ စာရင်းသွင်းထားပေမဲ့ တစ်ခါတလေမှပဲ ကျောင်းတက်တယ်။ တစ်နှစ်လောက်ကြာပြီးတဲ့နောက် ကျောင်းထွက်လိုက်တယ်။ ရဲဌာနမှာ ကျွန်တော့်မှတ်တမ်းရှိတဲ့အပြင် ကိုရီးယားစပ်တဲ့ကပြားဖြစ်နေလို့ အလုပ်ရဖို့ သိပ်ခက်တယ်။ နောက်ဆုံးမှာ အလုပ်တစ်ခု ရခဲ့ပေမဲ့ ဒူးခေါင်းမှာ ဒဏ်ရာရသွားလို့ အားစိုက်ရတဲ့အလုပ်တွေ မလုပ်နိုင်တော့ဘူး။

သံဘောစေ့ကလေးတွေကို လှိမ့်ချပြီး ကစားရတဲ့ ပါချင်ခိုလောင်းကစားနည်းနဲ့ ကျွန်တော် စပြီး ငွေရှာတယ်။ အဲဒီတုန်းက မိန်းကလေးတစ်ယောက်နဲ့ ကျွန်တော် အတူတူနေတာ။ သူက ကျွန်တော့်ကို တရားဥပဒေနဲ့မငြိစွန်းတဲ့ အလုပ်တစ်ခုလုပ်ပြီး သူ့ကိုလက်ထပ်စေချင်တယ်။ ဒါပေမဲ့ ကျွန်တော်က လောင်းကစားလုပ်ပြီး ငွေအများကြီးရနေတော့ ကိုယ့်ရဲ့ဘ၀ပုံစံကို မပြောင်းချင်ခဲ့ဘူး။

ကျမ်းစာက ကျွန်တော့်ဘ၀ကို ပြောင်းလဲစေခဲ့ပုံ– တစ်နေ့မှာ အိမ်ကို ယေဟောဝါသက်သေတစ်ယောက် ရောက်လာပြီး အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော ဆိုတဲ့စာအုပ် ပေးခဲ့တယ်။ အရင်က ဒီမေးခွန်းကို ကျွန်တော် တစ်ခါမှ မစဉ်းစားဖူးဘူး။ ဒီစာအုပ်ကို ဖတ်ပြီးသွားတဲ့အခါ ကျမ်းစာအကြောင်း ပိုသိအောင် လေ့လာဖို့ ကျွန်တော် သဘောတူလိုက်တယ်။ လူသေပြီးနောက် ဘာဖြစ်သွားသလဲဆိုတာ ကျွန်တော် အမြဲတွေးနေခဲ့တာ။ ဒီအချက်နဲ့ တခြားအကြောင်းအရာတွေကို ကျမ်းစာထဲမှာ ရှင်းရှင်းလင်းလင်း အဖြေပေးထားတာကို တွေ့ရတဲ့အခါ မျက်စိထဲက အကြေးခွံတွေ ကွာကျသွားသလို ခံစားလိုက်ရတယ်။

ကျမ်းစာကနေ သင်ယူခဲ့တာတွေကို လက်တွေ့ကျင့်ဖို့လိုတယ်ဆိုတာ ကျွန်တော် သိလာတယ်။ ဒါကြောင့် တရားဝင်မင်္ဂလာဆောင်တယ်၊ ဆေးလိပ်ဖြတ်တယ်။ ရွှေရောင်ဆိုးထားတဲ့ ဆံပင်ရှည်ကို ညှပ်ပစ်လိုက်တယ်။ မျက်နှာသွင်ပြင်ကို သပ်ရပ်သန့်ရှင်းသွားအောင် လုပ်လိုက်တယ်။ ပြီးတော့ လောင်းကစားအလုပ်ကိုလည်း စွန့်လိုက်တယ်။

ဒီလိုပြုပြင်ပြောင်းလဲရတာ ကျွန်တော့်အတွက် မလွယ်လှဘူး။ ဥပမာ၊ ဆေးရွက်ကြီးဖြတ်ဖို့ ကိုယ့်ခွန်အားနဲ့ မတတ်နိုင်ဘူး။ ယေဟောဝါဘုရားသခင်ကို ထက်ထက်သန်သန် ဆုတောင်းပြီး မှီခိုအားထားခဲ့လို့သာ ဖြတ်နိုင်ခဲ့တာ။ အဲဒီအပြင် လောင်းကစားအလုပ်ကို စွန့်ပြီးတဲ့နောက် ပထမဆုံးအလုပ်က ကျွန်တော့်အတွက် တကယ်ခက်တယ်။ လောင်းကစားလုပ်ပြီးရတဲ့ငွေရဲ့ ထက်ဝက်ပဲ ကျွန်တော် ရတဲ့အပြင် အလုပ်ကလည်း ပင်ပန်းပြီး ဖိစီးမှုသိပ်များတယ်။ ဒီလိုခက်ခဲတဲ့အချိန်တွေမှာ ကျွန်တော့်ကို ခွန်အားဖြစ်စေခဲ့တဲ့ ကျမ်းချက်တစ်ချက်ကတော့ ဖိလိပ္ပိ ၄:၆၊ ၇ ပဲ။ “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာတွင် ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်” လို့ဆိုထားတယ်။ ဒီကတိပြုချက်က ကျွန်တော့်အတွက် တကယ်မှန်တယ်ဆိုတာ ဖြစ်ရပ်တော်တော်များများကနေ သိခဲ့တယ်။

အကျိုးကျေးဇူးရခဲ့ပုံ– ယေဟောဝါသက်သေတွေနဲ့ ကျွန်တော် ကျမ်းစာစလေ့လာတဲ့အခါ ကျွန်တော့်ဇနီးက မကြိုက်ဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ပြုမူကျင့်ကြံပုံတွေ အများကြီးပြောင်းလဲလာတာကို သူတွေ့တဲ့အခါ ကျွန်တော်နဲ့အတူ ကျမ်းစာလေ့လာပြီး ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကို လိုက်တက်လာတယ်။ အခုတော့ ကျွန်တော်တို့နှစ်ယောက်စလုံး ယေဟောဝါသက်သေတွေဖြစ်နေကြပြီ။ ဘုရားသခင်ကို အတူဝတ်ပြုနိုင်တာက တကယ့်ကောင်းချီးတစ်ခုပါပဲ။

ကျွန်တော် ပျော်ပါတယ်လို့ ကျမ်းစာမလေ့လာခင်က ထင်ခဲ့တယ်။ ဒါပေမဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုက ဘာလဲဆိုတာ ခုမှပဲ သိတော့တယ်။ ကျမ်းစာစံနှုန်းတွေအတိုင်း နေထိုင်ရတာ မလွယ်လှပေမဲ့ ဒါက ဘ၀အတွက် အကောင်းဆုံးလမ်းစဉ်ပဲဆိုတာ သေချာတယ်။

ကိုယ်ရေးမှတ်တမ်းအကျဉ်း

အမည်– အယ်လီဇဘက် ဂျိန်း စကော့ဖီးလ်

အသက်– ၃၅

နိုင်ငံ– အင်္ဂလန်နိုင်ငံ

ဘ၀နောက်ခံ– အပျော်အပါးလိုက်စားခြင်းဖြင့်သာ အချိန်ကုန်နေသူ

အတိတ်– ကျွန်မက စကော့တလန်နိုင်ငံ၊ ဂလပ်စကိုမြို့ရဲ့အပြင်ဘက်မှာရှိတဲ့ ဟာ့ဒ်ဂိတ်မြို့လေးမှာ ကြီးပြင်းခဲ့တာပါ။ အသက်ခုနစ်နှစ်အရွယ်မှာ အမေက ယေဟောဝါသက်သေတစ်ယောက်ဖြစ်လာပြီး ကျွန်မကို ကျမ်းစာအကြောင်း စသင်ပေးခဲ့တယ်။ အသက် ၁၇ နှစ်အရွယ်ရောက်လာတဲ့အခါ ကျောင်းကသူငယ်ချင်းတွေနဲ့ နိုက်ကလပ်သွားဖို့၊ ဟဲဗီးမယ်တဲလ်သီချင်းတွေ နားထောင်ဖို့နဲ့ အရက်သောက်ဖို့လောက်ပဲ စိတ်ဝင်စားတယ်။ ဘုရားသခင်နဲ့ သမ္မာကျမ်းစာအကြောင်းတွေကိုတော့ လုံး၀စိတ်မဝင်စားဘူး။ အားလပ်ရက်တွေမှာ လည်ဖို့ပတ်ဖို့လောက်ပဲ ကျွန်မ သိတယ်။ ဒါပေမဲ့ အသက် ၂၁ နှစ်ရောက်လာတဲ့အခါ အားလုံးပြောင်းလဲသွားတော့တယ်။

မြောက်ပိုင်းအိုင်ယာလန်မှာရှိတဲ့ ဆွေမျိုးတချို့ဆီ ကျွန်မ သွားလည်တယ်။ အဲဒီမှာ ရှိနေတုန်း ပရိုတက်စတင့်တွေ စီတန်းလှည့်လည်တာကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရတယ်။ အဲဒီပွဲမှာ ပရိုတက်စတင့်နဲ့ ကက်သလစ်တွေရဲ့ မုန်းတီးမှုနဲ့တစ်ယူသန်မှုတွေကို တွေ့ရတဲ့အခါ ကျွန်မ အကြီးအကျယ် ထိတ်လန့်သွားတယ်။ ဒီအဖြစ်အပျက်ကြောင့် ကိစ္စရပ်တွေကို ကျိုးကြောင်းဆင်ခြင်မိလာတယ်။ အမေသင်ပေးခဲ့တဲ့ ကျမ်းစာထဲက အကြောင်းတွေကို ပြန်သတိရလာတဲ့အပြင် ဘုရားသခင်က ကိုယ်တော်ရဲ့ မေတ္တာပါတဲ့စံနှုန်းတွေကို လျစ်လျူရှုတဲ့သူတွေကို လုံး၀မကြိုက်ဘူးဆိုတာ ကျွန်မ သိတယ်။ ပြီးတော့ ကျွန်မက ကိုယ်စိတ်ဝင်စားရာတွေကိုပဲ လိုက်စားနေပြီး ကျွန်မကို ဘုရားသခင် ဘယ်လိုအသက်ရှင်စေချင်တယ်ဆိုတာကိုတော့ လျစ်လျူရှုထားပါလားဆိုတာ သဘောပေါက်လိုက်တယ်။ ဒါကြောင့် စကော့တလန်ပြန်ရောက်တာနဲ့ ကျမ်းစာကို အလေးအနက်ထားပြီး လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။

ကျမ်းစာက ကျွန်မရဲ့ဘ၀ကို ပြောင်းလဲစေခဲ့ပုံ– ဇာတိမြို့လေးမှာ ယေဟောဝါသက်သေတွေရဲ့အစည်းအဝေးကို ပထမဆုံးအကြိမ် ပြန်တက်တဲ့အခါ ကျွန်မ စိတ်တွေလှုပ်ရှားပြီး တော်တော် ကသိကအောက်ဖြစ်မိတယ်။ အားလုံးက ကျွန်မကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ ကျမ်းစာထဲကနေ သိလာတဲ့အရာတွေကို စပြီး လက်တွေ့ကျင့်သုံးတဲ့အခါ အသင်းတော်မှာရှိတဲ့ သိပ်သဘောကောင်းတဲ့ ညီမတစ်ယောက်က ကျွန်မကို အများကြီး ကူညီပေးခဲ့တယ်။ ကျွန်မက အသင်းတော်အဝင်တစ်ယောက်ဖြစ်တယ်ဆိုတဲ့ ခံစားချက်ပြန်ဝင်လာအောင် သူကူညီပေးခဲ့တယ်။ အရင်ကပေါင်းသင်းခဲ့တဲ့ သူငယ်ချင်းတွေက နိုက်ကလပ်တွေတက်ဖို့ ကျွန်မကို ခေါ်တယ်။ ဒါပေမဲ့ ကျမ်းစာမူတွေအတိုင်း တကယ်နေထိုင်တော့မယ်ဆိုပြီး သူတို့ကို ပြောလိုက်တယ်။ နောက်ပိုင်းမှာ ကျွန်မကို သူတို့ မဆက်သွယ်တော့ဘူး။

ကျမ်းစာက စည်းမျဉ်းစည်းကမ်းတွေ ရေးထားတဲ့စာအုပ်ပဲလို့ အရင်က ထင်ခဲ့တာ။ ခုတော့ ကျွန်မရဲ့သဘောထားတွေ ပြောင်းလဲသွားပြီ။ ကျမ်းစာဇာတ်ကောင်တွေက ကျွန်မလိုပဲ ခံစားချက်တွေ၊ အားနည်းချက်တွေရှိတဲ့ တကယ့်ပုဂ္ဂိုလ်တွေပဲဆိုတာ သိလာတယ်။ သူတို့လည်း အမှားတွေ လုပ်ခဲ့ပေမဲ့ စစ်မှန်တဲ့နောင်တရတဲ့အခါ ယေဟောဝါဘုရားသခင် ခွင့်လွှတ်ခဲ့တယ်။ ကျွန်မလည်း ဘုရားသခင်ကို ငယ်ရွယ်တုန်းက ကျောခိုင်းခဲ့ပေမဲ့ ကိုယ်တော့်အလိုတော်နဲ့တွေ့ဖို့ ကြိုးစားမယ်ဆိုရင် ဘုရားသခင်က ကျွန်မကို ခွင့်လွှတ်ပြီး အရင်ကအမှားတွေကို မေ့ပစ်မယ်ဆိုတာ ယုံကြည်စိတ်ချသွားတယ်။

အမေ့ရဲ့ ကျင့်ကြံပြုမူပုံကိုလည်း စိတ်ထဲစွဲမှတ်သွားတယ်။ ကျွန်မက ဘုရားသခင်ကို စွန့်ခွာခဲ့ပေမဲ့ အမေကတော့ တစ်ခါမှ မစွန့်ခွာခဲ့ဘူး။ ယေဟောဝါဘုရားသခင်ရဲ့အမှုတော်ကို ထမ်းဆောင်ရတာက လုပ်ရကျိုးနပ်တဲ့အရာပဲဆိုတာကို မယိမ်းမယိုင်တည်ကြည်ခဲ့တဲ့ အမေ့ရဲ့ပုံသက်သေကြောင့် နားလည်ခဲ့ရတယ်။ ကျွန်မငယ်ငယ်တုန်းက အမေနဲ့အတူ တစ်အိမ်တက်ဆင်းဟောတဲ့အခါ လုံး၀မပျော်ခဲ့တဲ့အပြင် လူတွေကို ဟောပြောတဲ့အလုပ်မှာ အချိန်အများကြီးအသုံးပြုဖို့ဆိုတာ စဉ်းတောင်မစဉ်းစားခဲ့ဘူး။ ဒါပေမဲ့ အခုတော့ မဿဲ ၆:၃၁-၃၃ မှာပါတဲ့ ယေရှုရဲ့ကတိကို စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ်တော် ဒီလိုကတိပေးထားတယ်– “‘အဘယ်သို့ စားရမည်နည်း။ အဘယ်သို့ သောက်ရမည်နည်း။ အဘယ်သို့ ဝတ်ရမည်နည်း’ ဟုဆို၍ ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်။ . . . ဤအရာအားလုံးကို သင်တို့လိုအပ်ကြောင်း ကောင်းကင်ဘုံရှိ သင်တို့၏အဖ သိတော်မူ၏။ သို့ဖြစ်၍ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာ ရှာလျက်နေကြလော့။ နောက်မှ ထိုအရာအားလုံးကို ထပ်၍ပေးတော်မူမည်။” ကျွန်မက ယေဟောဝါသက်သေတစ်ယောက်အဖြစ် နှစ်ခြင်းခံပြီးတဲ့နောက် အချိန်ပြည့်အလုပ်ကနေ ထွက်လိုက်တယ်၊ ပြီးတော့ အချိန်ပိုင်းအလုပ်လုပ်ရင်း ဓမ္မအမှုမှာ အချိန်ပြည့်ပါဝင်ခဲ့တယ်။

အကျိုးကျေးဇူးရခဲ့ပုံ– ကျွန်မ ငယ်ရွယ်တုန်းက ပျော်ပါးခဲ့ပေမဲ့ စိတ်ကျေနပ်မှု မခံစားခဲ့ရဘူး။ ဘ၀က ဘာအဓိပ္ပာယ်မှ မရှိဘူး။ အခု ယေဟောဝါဘုရားသခင်အတွက် အမှုဆောင်တဲ့လုပ်ငန်းမှာ အပြည့်အ၀ပါဝင်တဲ့အခါ ကျေနပ်ရောင့်ရဲမှု ခံစားရတယ်။ ဘ၀က အဓိပ္ပာယ်ရှိလာတယ်။ ခုဆို ကျွန်မ အိမ်ထောင်ကျနေပြီ။ ကျွန်မရဲ့ခင်ပွန်းနဲ့ ကျွန်မက ယေဟောဝါသက်သေတွေရဲ့ အသင်းတော်တွေဆီကို အပတ်တိုင်း သွားပြီးအားပေးနေတယ်။ ဒီအလုပ်က ဘ၀မှာရတဲ့ အကောင်းဆုံးအခွင့်အရေးကြီးတစ်ခုပဲလို့ ယူဆတယ်။ ကျွန်မကို အခွင့်အရေး နောက်တစ်ကြိမ် ပေးတဲ့အတွက် ယေဟောဝါဘုရားသခင်ကို ကျေးဇူးအများကြီးတင်တယ်။

[စာမျက်နှာ ၂၇ ပါ အကျဉ်းဖော်ပြချက်]

“သိပ်ကောင်းတဲ့အရာတစ်ခုခုကို ရှာတွေ့ ပြီဆိုတာ ပထမအကြိမ်ဆွေးနွေးကတည်းက ကျွန်တော်သိလိုက်တယ်။ ဒါပေမဲ့ ကျွန်တော့် ဘ၀ပုံစံကို ပြောင်းလဲဖို့လိုတယ်ဆိုတာ အဲဒီတုန်းက သဘောမပေါက်ခဲ့ဘူး”

[စာမျက်နှာ ၂၉ ပါ အကျဉ်းဖော်ပြချက်]

“ဆေးရွက်ကြီးဖြတ်ဖို့ ကိုယ့်ခွန်အားနဲ့ မတတ်နိုင်ဘူး။ ယေဟောဝါဘုရားသခင်ကို ထက်ထက်သန်သန် ဆုတောင်းပြီး မှီခိုအားထားခဲ့လို့သာ ဖြတ်နိုင်ခဲ့တာ”

[စာမျက်နှာ ၃၀ ပါ အကျဉ်းဖော်ပြချက်]

“ကျမ်းစာက စည်းမျဉ်းစည်းကမ်းတွေ ရေးထားတဲ့စာအုပ်ပဲလို့ အရင်က ထင်ခဲ့တာ။ ခုတော့ ကျွန်မရဲ့သဘောထားတွေ ပြောင်းလဲသွားပြီ။ ကျမ်းစာဇာတ်ကောင်တွေက ကျွန်မလိုပဲ ခံစားချက်တွေ၊ အားနည်းချက်တွေရှိတဲ့ တကယ့်ပုဂ္ဂိုလ်တွေပဲ ဆိုတာ သိလာတယ်”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ