မြေထဲပင်လယ်ကို ကျော်လွန်သွားသော ရှေးခေတ်ရေကြောင်းခရီးစဉ်များ
တိုက်ကြီးတစ်တိုက်မှ တစ်တိုက်သို့ လေယာဉ်ဖြင့်သွားလာခြင်းသည် ယခုခေတ်ရှိ လူတို့အတွက် ဘာမျှမဆန်းချေ။ ကျမ်းစာခေတ်ကလူတို့ပင် ဝေးလံသောခရီးရှည်များကို သွားခဲ့ကြောင်း သင်သိရလျှင် အံ့သြသွားပေမည်။
ခရစ်တော်မပေါ်မီ အနှစ်တစ်ထောင်ခန့်တွင် ရှောလမုန်မင်းသည် သင်္ဘောများကို တည်ဆောက်ပြီး တိုင်ရာမင်း၏လူတို့နှင့်အတူ ရွက်လွှင့်ကာ တိုင်းတစ်ပါးမှ နှစ်သက်ဖွယ်ပစ္စည်းများကို သယ်ဆောင်လာသည်။ (၃ ဓမ္မရာဇဝင် ၉:၂၆-၂၈; ၁၀:၂၂) ဘီစီ ကိုးရာစု၌ ပရောဖက်ယောနသည် အစ္စရေးပြည်ရှိ မြေထဲပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ယုပ္ပေတွင် တာရှုမြို့သို့သွားသော သင်္ဘောကို စီးခဲ့သည်။a (ယောန ၁:၃) အေဒီ ပထမရာစုတွင် တမန်တော်ပေါလုသည် အစ္စရေးပြည်ရှိ ကဲသရိမြို့မှ အီတလီပြည်၊ နေပယ်လ်ပင်လယ်အော်ရှိ ပေါတယောလိမြို့ ယခုခေတ်အခေါ် ပေါ့ဇွာလီမြို့အထိ ရေကြောင်းခရီး ထွက်ခဲ့သည်။—တမန်တော် ၂၇:၁; ၂၈:၁၃။
ပေါလုခေတ်တွင် မြေထဲပင်လယ်ဒေသက ကုန်သည်များသည် ပင်လယ်နီကိုဖြတ်သန်းပြီး အိန္ဒိယပြည်သို့ ရွက်လွှင့်လေ့ရှိကြောင်း၊ ဒုတိယရာစုအလယ်တွင် ကုန်သည်အချို့သည် တရုတ်ပြည်အထိပင် ရောက်ရှိကြောင်း သမိုင်းပညာရှင်များ သိရှိခဲ့ကြသည်။b သို့သော် မြေထဲပင်လယ်ကိုကျော်လွန်ပြီး အနောက်ဘက်သို့သွားသော အစောပိုင်း ရေကြောင်းခရီးရှည်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့ အဘယ်အရာသိရှိရသနည်း။ ရှေးခေတ်သင်္ဘောသားများသည် အနောက်ဘက်သို့ မည်မျှအထိ ခရီးဝေးဝေးသွားခဲ့ကြသနည်း။
အစောပိုင်း ဖိုနီးရှားရေကြောင်းခရီးရှည်များ
ပေါလုခေတ်မတိုင်မီ ရာစုနှစ်များက ရေကြောင်းခရီးသွားလာသူများသည် အနောက်နိုင်ငံများတွင် ကူးသန်းရောင်းဝယ်ရန် ကိုလိုနီနယ်များကို တည်ထောင်ခဲ့ကြသည်။ ယနေ့ခေတ် လက်ဘနွန်နိုင်ငံတွင် နေထိုင်ခဲ့ကြသော ဖိုနီးရှားတို့သည် အတ္တလန္တိတ်သမုဒ္ဒရာသို့ ဘီစီ ၁၂၀၀ တွင် ရောက်ရှိခဲ့သည်ဟု ယူဆရသည်။ ဘီစီ ၁၁၀၀ ခန့်တွင် ဂျီဘရော်လ်တာရေလက်ကြားအလွန်ရှိ ယခုခေတ် စပိန်နိုင်ငံ၊ ကာဒစ်ဆိပ်ကမ်းမြို့ဖြစ်သည့် ဂါဒါမြို့ကို သူတို့တည်ထောင်ခဲ့သည်။ ထိုတွင်ရရှိနိုင်သော တွင်းထွက်ပစ္စည်းများမှာ ငွေနှင့် အတ္တလန္တိတ်ကုန်သည်များက တင်သွင်းသော သံဖြူတို့ဖြစ်သည်။
ဘီစီ ခုနစ်ရာစုတွင် အီဂျစ်ဘုရင် ဖာရောနေခေါသည် ဖိုနီးရှားသင်္ဘောသားများမောင်းနှင်သော ဖိုနီးရှားသင်္ဘောအုပ်စုတစ်စုကို ပင်လယ်နီအ၀ဘက်တွင် စုဝေးစေခဲ့သည်ဟု ဂရိသမိုင်းပညာရှင် ဟဲရိုဒိုတပ်စ်က မှတ်တမ်းတင်ခဲ့သည်။ ဖာရော၏ရည်ရွယ်ချက်မှာ အာဖရိကတိုက်ကို အရှေ့ဘက်မှ အနောက်ဘက်သို့ ပတ်သွားရန်ဖြစ်သည်။
ထိုအချိန်၌ ဖိုနီးရှားတို့သည် အာဖရိကပင်လယ်ကမ်းခြေတွင် ရာစုနှစ်များစွာ စူးစမ်းရှာဖွေခဲ့ကြသည်။ သို့သော် တိုက်ကြီး၏ အတ္တလန္တိတ်ကမ်းခြေတစ်လျှောက် တောင်ဘက်သို့ ရွက်လွှင့်ခဲ့ကြသော သင်္ဘောသားများသည် လေကြောင်းမသင့်မှုနှင့် ရေဆန်မှုတို့ကြောင့် ခရီးမတွင်ခဲ့ကြချေ။ ဖိုနီးရှားသည် ၎င်းတို့၏ဦးဆုံး လေ့လာစူးစမ်းမှုအတွက် ပင်လယ်နီမှစတင်၍ အာဖရိက အရှေ့ပိုင်းကမ်းရိုးတန်းအတိုင်း ရွက်လွှင့်လာရာ တောင်ဘက်ရှိအိန္ဒိယသမုဒ္ဒရာအတွင်းသို့ ရောက်ရှိသွားသည်ဟု ဟဲရိုဒိုတပ်စ်က ဖော်ပြ၏။ သူတို့သည် နှစ်လယ်လောက်တွင် ကုန်းပေါ်တက်၍ မျိုးစေ့ချကာ ရိတ်သိမ်းချိန်အထိ နေထိုင်ပြီးနောက် တစ်ဖန် ဆက်၍ရွက်လွှင့်သွားပြန်သည်။ တတိယနှစ်ရောက်သော် တိုက်ကြီးတစ်တိုက်လုံးကို သူတို့ ပတ်မိပြီးနောက် မြေထဲပင်လယ်သို့ဝင်ကာ အီဂျစ်ပြည်သို့ ပြန်သွားကြသည်ဟု ဟဲရိုဒိုတပ်စ်က ဆိုသည်။
အာဖရိကတိုက်၏ တောင်ဘက်စွန်းပိုင်းကို ပတ်သွားစဉ် နေကို လက်ယာဘက်၌ မြင်တွေ့ရသည်ဟူသောအချက်အပါအဝင် မယုံကြည်နိုင်လောက်ဖွယ်အချက်များကို ဖိုနီးရှားတို့မှတ်တမ်းတင်ခဲ့ကြောင်း ဖော်ပြကာ မှတ်တမ်းကို ဟဲရိုဒိုတပ်စ် နိဂုံးချုပ်ထားသည်။ ရှေးခေတ်ဂရိလူတို့သည် ယင်းကို ယုံကြည်ရန် အခက်တွေ့ပေမည်။ အီကွေတာ၏မြောက်ဘက်တွင် တစ်သက်တာလုံးနေထိုင်ခဲ့သူသည် နေကို တောင်ဘက်တွင် တွေ့ရလေ့ရှိ၏။ သို့ဖြစ်၍ အနောက်ဘက်သို့ သူ ဦးတည်သွားသည့်အခါ နေကို လက်ဝဲဘက်တွင် တွေ့ရသည်။ သို့သော် အီကွေတာ၏တောင်ဘက်တွင်ရှိသော ဂွတ်ဟုတ်အငူ၌ နေ့လယ်နေသည် မြောက်ဘက်တွင်ရှိသောကြောင့် အနောက်ဘက်သို့ ဦးတည်သွားသောအခါ နေကို လက်ယာဘက်တွင် တွေ့ရတတ်သည်။
ဟဲရိုဒိုတပ်စ်၏မှတ်တမ်းသည် ရာစုနှစ်များစွာအထိ သမိုင်းပညာရှင်များကြား အငြင်းပွားစရာဖြစ်ခဲ့သည်။ သင်္ဘောသားများသည် ကြာမြင့်စွာကတည်းက အာဖရိကတိုက်ကို ပတ်ပြီး ခရီးနှင်ခဲ့ကြောင်း လူများစွာ မယုံနိုင်ကြချေ။ သို့သော် ကျမ်းပညာရှင်များသည် ထိုခေတ်အခါက လူတို့၏ ကျွမ်းကျင်မှုနှင့် အသိသုတကို ထောက်ရှု၍ ထိုသို့သောစူးစမ်းရှာဖွေမှုပြုရန် ဖာရောနေခေါက တာဝန်ပေးအပ်ခဲ့ကြောင်း၊ ထိုသို့သောခရီးစဉ်များ ရှိခဲ့ကြောင်း ယူဆကြသည်။ “အဆိုပါ ရေကြောင်းခရီးစဉ်သည် ဖြစ်နိုင်၏။ ဖိုနီးရှားသင်္ဘောသားအုပ်စုသည် ဟဲရိုဒိုတပ်စ် ဖော်ပြခဲ့သော အချိန်ကာလအတွင်းတွင် သူဖော်ပြခဲ့သော နည်းလမ်းအတိုင်း ခရီးနှင်ခဲ့သည်ဟူသောအချက်ကို လက်မခံနိုင်စရာအကြောင်း မရှိချေ” ဟု သမိုင်းပညာရှင် လိုင်ရနယ်လ် ကာဆန်ကဆိုသည်။ ဟဲရိုဒိုတပ်စ်၏မှတ်တမ်းသည် မည်မျှအထိမှန်ကန်ကြောင်း အတိအကျမသိနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ယင်းမှတ်တမ်းကြောင့် ထိုအစောပိုင်းအချိန်က လူသိနည်းသော ဒေသများသို့ ပင်လယ်ခရီးဖြင့် ကြိုးစားပမ်းစား သွားရောက်ခဲ့ကြသည်ကို သိရှိခွင့်ရလိုက်သည်။
မြောက်ဘက်သို့ ပယ်သီယပ်စ် ရွက်လွှင့်ခဲ့
အနောက်ဘက်ရှိ အတ္တလန္တိတ်သမုဒ္ဒရာသို့ ခရီးဆန့်ခဲ့သည့် မြေထဲပင်လယ်ဒေသမှ အစောပိုင်းလူတို့တွင် ဖိုနီးရှားတို့သာ မဟုတ်ချေ။ မြေထဲပင်လယ်ဒေသဝန်းကျင်၌ ဂရိသင်္ဘောသားများ တည်ထောင်ခဲ့သည့် ကိုလိုနီနယ်များတွင် မာဆေးလီယာ (ယခု ပြင်သစ်နိုင်ငံရှိ မာဆေးမြို့) လည်း ပါဝင်သည်။ ထိုမြို့သည် ရေကြောင်း၊ ကုန်းကြောင်း ကုန်သွယ်မှုလုပ်ငန်းဖြင့် ကြီးပွားချမ်းသာသောမြို့ဖြစ်၏။ မာဆေးလီယာမြို့မှ ကုန်သည်များသည် မြေထဲပင်လယ်ဒေသထွက် ဝိုင်၊ ဆီနှင့် ကြေးညိုထည်တို့ကို မြောက်ဘက်ပိုင်းသို့ တင်ပို့ပြီး မြောက်ဘက်ပိုင်းမှ သတ္တုရိုင်းများနှင့် ပယင်းတို့ကို ပြန်တင်သွင်းကြသည်။ မာဆေးလီယာမြို့သားများသည် အဆိုပါကုန်ပစ္စည်းများ ထွက်ရှိရာဒေသကို စိတ်ဝင်စားကြမည်မှာ သေချာသည်။ ထို့ကြောင့် ဘီစီ ၃၂၀ ခန့်တွင် မာဆေးလီယာမြို့သား ပယ်သီယပ်စ်သည် ဝေးလံသော မြောက်ပိုင်းနိုင်ငံများသို့ တစ်ကိုယ်တည်း စတင်ခရီးထွက်ခဲ့သည်။
ပယ်သီယပ်စ် ပြန်လာသောအခါ သမုဒ္ဒရာအကြောင်း ဟူသောခေါင်းစဉ်ဖြင့် ခရီးသွားမှတ်တမ်းကို ရေးသားခဲ့၏။ သူ၏မူရင်းဂရိစာအုပ်သည် ယခု မရှိတော့သော်လည်း ရှေးခေတ်စာရေးဆရာ အနည်းဆုံး ၁၈ ဦးက ထိုစာအုပ်ကို ကိုးကားခဲ့သည်။ အဆိုပါကိုးကားချက်များတွင် ပယ်သီယပ်စ် အသေအချာ ဖော်ပြခဲ့သော ပင်လယ်၊ ဒီရေ၊ ပထဝီဝင်နှင့် လည်ပတ်ရောက်ရှိခဲ့သည့် ဒေသများမှ လူဦးရေတို့ ပါဝင်သည်။ သူသည် အရိပ်တိုင်းတံတစ်ခုတွင် ကျရောက်သောအရိပ်၏အလျားကို အသုံးပြုကာ မွန်းတည့်နေ၏တည်နေရာကို တွက်ချက်နိုင်ခဲ့သည်။ ဤနည်းဖြင့် သူသည် မြောက်ဘက်သို့ မည်မျှအထိ ခရီးဝေးဝေးသွားခဲ့ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။
ပယ်သီယပ်စ်စိတ်ဝင်စားရာမှာ သိပ္ပံပညာရပ်ဖြစ်သည်။ သို့သော် သူသွားခဲ့သော ရေကြောင်းခရီး၏ အဓိကရည်ရွယ်ချက်မှာ သိပ္ပံပညာစူးစမ်းရှာဖွေရန် မဖြစ်နိုင်ချေ။ ပယ်သီယပ်စ်ကို မာဆေးမြို့ရှိ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းရှင်များက ငွေကြေးထောက်ပံ့ပြီး စေလွှတ်လိုက်ခြင်းဖြစ်သည်ဟု သမိုင်းပညာရှင်များက ဆိုသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ပယင်းနှင့် သံဖြူတို့ကို ရရှိနိုင်ကြောင်း သူတို့သိထားသည့် ဝေးလံသောကမ်းခြေများသို့ သွားရောက်နိုင်မည့် ပင်လယ်ရေကြောင်းခရီးစဉ်ကို ရှာတွေ့ရန်ဖြစ်သည်။ သို့ဖြစ်လျှင် ပယ်သီယပ်စ်သည် မည်သည့်နေရာသို့ သွားခဲ့သနည်း။
ဘရစ်တနီ၊ ဗြိတိန်နိုင်ငံနှင့် ပို၍ဝေးလံသောဒေသများသို့
ပယ်သီယပ်စ်သည် အိုင်ဘီးရီးယားကျွန်းဆွယ်ကို ပတ်ပြီး ပြင်သစ်နိုင်ငံ၊ ဂေါလ်ကမ်းခြေရှိ ဘရစ်တနီဒေသအထိ ရွက်လွှင့်ကာ ထိုတွင် ကမ်းပေါ်တက်ခဲ့ပုံရသည်။ ထိုတွင် သူတွက်ချက်ခဲ့သော မွန်းတည့်နေ၏တည်နေရာအရ ယင်းသည် ဘရစ်တနီတောင်ပိုင်းတွင် ကျရောက်ကြောင်း ကျွန်ုပ်တို့ သိရှိရသည်။c
ဘရစ်တနီဒေသမှလူတို့သည် အတွေ့အကြုံရှိ သင်္ဘောဆောက်လုပ်သူများ၊ သင်္ဘောသားများဖြစ်ပြီး ဗြိတိန်နိုင်ငံနှင့် ကူးသန်းရောင်းဝယ်ခဲ့သူများဖြစ်သည်။ ဗြိတိန်နိုင်ငံ၏ အနောက်တောင်ဘက်စွန်းရှိ ကော်ဝေါလ်မြို့တွင် ကြေးညိုပြုလုပ်ရန် အဓိကအရေးပါသော သံဖြူများ ပေါကြွယ်ဝရာ ပယ်သီယပ်စ်သည် ထိုနေရာသို့လည်း သွားရောက်ခဲ့သည်။ သူ၏မှတ်တမ်းတွင် တြိဂံပုံထွက်နေသော ဗြိတိန်နိုင်ငံ၏အရွယ်အစားကို ဖော်ပြထားရာ ထိုကျွန်းကိုပတ်၍ သူ ရွက်လွှင့်ခဲ့ခြင်းဖြစ်နိုင်သည်။
ပယ်သီယပ်စ်၏ခရီးစဉ်ကို ကျွန်ုပ်တို့ အတိအကျမသိနိုင်သော်လည်း သူသည် ဗြိတိန်နှင့် အိုင်ယာလန်ကြား ရွက်လွှင့်ပြီး သူ၏ဒုတိယမြောက် နေ၏တည်နေရာ တိုင်းတာချက်နှင့် ကိုက်ညီသည့် လတ္တီတွဒ်ကျရောက်သော မဲန်ကျွန်းတွင် ကမ်းကပ်ခဲ့ခြင်းဖြစ်နိုင်သည်။ တတိယတိုင်းတာချက်သည် စကော့တလန်အနောက်ဘက်ကမ်းခြေ၏ တစ်ဖက်ကမ်းတွင်တည်ရှိသော ဟဲဘရိုက်စ်ကျွန်းစုရှိ လူးဝစ္စနယ်တွင် ကျရောက်သည်။ သူသည် ထိုနေရာမှ မြောက်ဘက်သို့ဆက်သွားခဲ့ရာ စကော့တလန်ကျွန်း၏မြောက်ဘက်ရှိ အော့ခ်နီကျွန်းသို့ ရောက်ရှိခဲ့ဟန်တူသည်။ အကြောင်းမှာ ရောမသမိုင်းပညာရှင် ပလင်နီအကြီးကိုးကားခဲ့သော ပယ်သီယပ်စ်၏မှတ်တမ်းတွင် ထိုနေရာ၌ ကျွန်းပေါင်း ၄၀ ရှိသည်ဟု ဖော်ပြထားသောကြောင့်ဖြစ်သည်။
ဗြိတိန်နိုင်ငံ၏မြောက်ဘက်သို့ ခြောက်ရက်ကြာ ရွက်လွှင့်ပြီးနောက် သူလေးဟူသောကျွန်းသို့ ဆိုက်ရောက်ကြောင်း ပယ်သီယပ်စ် ရေးသားခဲ့သည်။ သူလေးကျွန်းသည် ညသန်းခေါင်ယံအချိန်တွင်ပင် နေမဝင်သည့်ကျွန်းဖြစ်၏ဟူသော ပယ်သီယပ်စ်၏ဖော်ပြချက်ကို ရှေးခေတ်စာရေးဆရာအချို့က ရည်ညွှန်းခဲ့သည်။ နောက်တစ်နေ့တွင် ထိုနေရာမှ ရွက်လွှင့်ပြီးနောက် “ရေခဲဖုံးလွှမ်းသော” ပင်လယ်သို့ ဆိုက်ရောက်ကြောင်း ပယ်သီယပ်စ် ရေးသားထားသည်။ သူလေးကျွန်းဟု ပယ်သီယပ်စ်အမည်ပေးခဲ့သော ကျွန်းနေရာ အတိအကျနှင့်ပတ်သက်၍ လူများစွာ အငြင်းအခုံဖြစ်ခဲ့ကြသည်။ အချို့က ဖယ်ရိုကျွန်း၊ အချို့က နော်ဝေးနိုင်ငံ၊ အချို့က အိုက်စလန်ကျွန်းဟု ဆိုကြ၏။ သူလေးကျွန်းသည် မည်သည့်နေရာတွင်ရှိပါစေ၊ ထိုကျွန်းသည် “သိရှိထားသမျှ ဒေသများအနက် မြောက်ဘက်အကျဆုံး” နေရာတွင် တည်ရှိသည်ဟု ရှေးခေတ်စာရေးဆရာများက ယူဆကြသည်။
ဖြစ်နိုင်သည်မှာ ပယ်သီယပ်စ်သည် အသွားခရီးလမ်းကြောင်းအတိုင်း ဗြိတိန်နိုင်ငံသို့ ပြန်လာပြီး ထိုကျွန်းကို ရေကြောင်းဖြင့်လှည့်ပတ်သော သူ၏ခရီးစဉ် ပြီးဆုံးသွားသည်။ သူသည် မြေထဲပင်လယ်ဒေသသို့ ပြန်မလာမီ ဥရောပမြောက်ပိုင်းရှိ ကမ်းရိုးတန်းဒေသကို စူးစမ်းရှာဖွေမှု နောက်ထပ်ပြုလုပ်သည်၊ မပြုလုပ်သည်ကို ကျွန်ုပ်တို့ မသိကြချေ။ မည်သို့ပင်ဖြစ်ပါစေ ပယ်သီယပ်စ်သည် ပယင်းထွက်ရှိသောဒေသများကို ရှာဖွေတွေ့ရှိသူဖြစ်သည်ဟု ပလင်နီအကြီးက ဖော်ပြသည်။ အဆိုပါအဖိုးတန်သတ္တုတွေ့ရှိရာ ရှေးခေတ်ဒေသများသည် ဂျဲလဲန်ကျွန်းဆွယ်တွင် တည်ရှိသည်။ ထိုကျွန်းဆွယ်သည် ယနေ့ခေတ် ဒိန်းမတ်နိုင်ငံအဝင်ဖြစ်ပြီး ဘောလ်တစ်ပင်လယ်၏ တောင်ဘက်ကမ်းခြေတွင် တည်ရှိသည်။ ပယ်သီယပ်စ်သည် ဗြိတိန်နိုင်ငံအရှေ့ပိုင်းရှိ ဆိပ်ကမ်းတစ်ခုခုကို လည်ပတ်စဉ်က အဆိုပါဒေသများအကြောင်း သိရှိခဲ့ခြင်းဖြစ်နိုင်သည်။ ကျွန်ုပ်တို့သိရသလောက်မှာ သူသည် ထိုဒေသများသို့ ကိုယ်တိုင်သွားရောက်လည်ပတ်ခဲ့သည်ဟု မဖော်ပြခဲ့ချေ။
ဗြိတိန်နိုင်ငံသို့ လည်ပတ်ရောက်ရှိကြောင်း ရေးသားခဲ့သည့် နာမည်ကြီး မြေထဲပင်လယ်ခရီးသည်နောက်တစ်ဦးမှာ ဂျူးလီးယပ်စ် ဆီဇာဖြစ်သည်။ သူသည် ဘီစီ ၅၅ တွင် ဗြိတိန်နိုင်ငံ၏တောင်ဘက်သို့ ရောက်ရှိခဲ့သည်။ အေဒီ ၆ တွင် အခြားရောမစစ်တပ်များသည် ဂျဲလဲန်ကျွန်းဆွယ်တောင်ပိုင်းအထိ ရောက်ရှိခဲ့ကြသည်။
ကမ္ဘာ့ပထဝီဝင်အကြောင်း တိုး၍သိလာခြင်း
ဖိုနီးရှားနှင့်ဂရိတို့၏ စူးစမ်းရှာဖွေမှုကြောင့် မြေထဲပင်လယ်ဒေသကို ကျော်လွန်ပြီး အတ္တလန္တိတ်သမုဒ္ဒရာအပြင် တောင်ဘက်တွင် အာဖရိကတိုက်အထိ၊ မြောက်ဘက်တွင် အာတိတ်စက်ဝိုင်းဒေသများအထိ ကမ္ဘာ့ပထဝီဝင်အကြောင်း တိုး၍သိရှိလာခဲ့သည်။ ထိုခေတ်အခါက လူတို့သည် စူးစမ်းရှာဖွေခြင်း၊ ကူးသန်းရောင်းဝယ်ခြင်း၊ ကမ္ဘာ့အသိသုတကို တိုးချဲ့ခြင်း၊ အလွန်ဝေးလံသောဒေသများသို့ ခရီးသွားခြင်းတို့ ပြုခဲ့ကြသောကြောင့် အတွေးအမြင်နှင့် အသိသုတများ ကြွယ်ဝလာကြသည်။
ရှေးခေတ်စူးစမ်းရှာဖွေရေးနှင့်ပတ်သက်၍ ကျန်ရစ်သောမှတ်တမ်းများက ရဲရင့်သောသင်္ဘောသားများ အောင်မြင်စွာ သွားလာနိုင်ခဲ့သည့် ရေကြောင်းခရီးစဉ်အကြောင်း တစ်စိတ်တစ်ပိုင်းကိုသာ ဖော်ပြသည်။ မိမိတို့ရောက်ရှိခဲ့သည့်နေရာအကြောင်း တစ်ခါမျှမရေးသားဘဲ စတင်ထွက်ခွာသည့်နေရာသို့ ပြန်ရောက်ခဲ့ကြသော ရှေးခေတ်သင်္ဘောသား များစွာရှိခဲ့ပေမည်။ မိမိတို့ဇာတိမြေမှ ပင်လယ်ရပ်ခြားတိုင်းတစ်ပါးသို့ ထွက်သွားပြီး ပြန်မရောက်လာတော့သော သင်္ဘောသားများလည်း ရှိခဲ့ပေမည်။ ယင်းတို့ကို ကျွန်ုပ်တို့ အတိအကျ မသိကြပါ။ သို့သော် အစောပိုင်းခေတ်တွင် ခရစ်ယာန်အယူဝါဒ မည်သို့ပျံ့နှံ့သွားကြောင်းကိုမူ ကျွန်ုပ်တို့ ပိုင်းခြားသိမြင်နိုင်သည်။—စာမျက်နှာ ၂၉ ရှိ လေးထောင့်ကွက်ကို ကြည့်ပါ။
[အောက်ခြေမှတ်ချက်များ]
a ဂရိနှင့်ရောမ စာရေးဆရာများက အဆိုပါမြို့ကို တာတဲစက်စ်ဟုခေါ်သည့် စပိန်နိုင်ငံတောင်ပိုင်းရှိ ဒေသတစ်ခုနှင့် ဆက်စပ်ဖော်ပြလေ့ရှိသည်။
b အရှေ့တိုင်းသို့သွားသော ရေကြောင်းခရီးရှည်အကြောင်း ထပ်ဆင့်သိလိုလျှင် ၂၀၀၉၊ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင် တွင်ပါရှိသော“ခရစ်ယာန်သာသနာပြုများသည် အရှေ့တိုင်းရှိ မည်သည့်ဒေသအထိ သွားရောက်နိုင်ခဲ့သနည်း” ဆောင်းပါးကို ဖတ်ပါ။
c ခေတ်သုံးဝေါဟာရအရ ယင်းသည် မြောက်လတ္တီတွဒ် ၄၈˚ ၄၂’ တွင်ကျရောက်သည်။
[စာမျက်နှာ ၂၉ ပါလေးထောင့်ကွက်]
သတင်းကောင်းကို “အရပ်ရပ်ရှိလူတို့တွင် ဟောပြောခဲ့”
အေဒီ ၆၀-၆၁ ခန့်တွင် သတင်းကောင်းကို “ကောင်းကင်အောက် အရပ်ရပ်ရှိလူတို့တွင် ဟောပြောခဲ့ပြီ” ဟုတမန်တော်ပေါလု ရေးသားခဲ့သည်။ (ကောလောသဲ ၁:၂၃) ခရစ်ယာန်များသည် အိန္ဒိယနိုင်ငံ၊ ကမ္ဘာ့အရှေ့ဖျားနိုင်ငံများ၊ အာဖရိကတိုက်၊ စပိန်နိုင်ငံ၊ ဂေါလ် (ပြင်သစ်နိုင်ငံ)၊ ဗြိတိန်နိုင်ငံ၊ ဘောလ်တစ်ပင်လယ်နှင့် ပယ်သီယပ်စ်မှည့်ခဲ့သော သူလေးကျွန်းတို့တွင် ဟောပြောခဲ့ပြီးပြီဟု ပေါလု ဆိုလိုခဲ့သလော။ ထိုသို့ဖြစ်နိုင်ဖွယ်မရှိသော်လည်း ကျွန်ုပ်တို့ အတိအကျ မပြောနိုင်ချေ။
သို့ရာတွင် သတင်းကောင်းသည် နေရာအနှံ့ ရောက်ရှိခဲ့သည်မှာ သေချာ၏။ ဥပမာ၊ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲ (ကောက်ရိတ်သိမ်းပွဲ) ကို တက်ရောက်ခဲ့သော ဂျူးများနှင့် ခရစ်ယာန်အယူဝါဒကို သက်ဝင်ယုံကြည်လာသူများသည် ၎င်းတို့၏တွေ့ ရှိခါစယုံကြည်ချက်ကို အနည်းဆုံး ပါသိပြည်၊ ဧလံပြည်၊ မေဒိပြည်၊ မက်ဆိုပိုတေးမီးယားပြည်၊ အာရပ်ပြည်၊ အာရှမိုင်းနား၊ ကုရေနေမြို့အနီးရှိ လစ်ဗျားကျေးလက်ဒေသများနှင့် ရောမမြို့အထိ ပျံ့နှံ့စေခဲ့ကြသည်။ ထိုနေရာများသည် ပေါလု စာရေးခဲ့သူများ သိရှိထားသောနေရာများ ဖြစ်သည်။—တမန်တော် ၂:၅-၁၁။
[စာမျက်နှာ ၂၆၊ ၂၇ ပါဇယားနှင့်မြေပုံ]
(ကားချပ်အပြည့်အစုံများကို စာစောင်တွင်ကြည့်ပါ)
သင်္ဘောသားများသည် အာဖရိကတိုက်၏တောင်ဘက်စွန်းကို ပတ်သွားစဉ် နေကို လက်ယာဘက်၌ မြင်တွေ့ခဲ့ကြောင်း ဟဲရိုဒိုတပ်စ် ဖော်ပြခဲ့
[မြေပုံ]
အာဖရိက
မြေထဲပင်လယ်
အိန္ဒိယသမုဒ္ဒရာ
အတ္တလန္တိတ်သမုဒ္ဒရာ
[စာမျက်နှာ ၂၈၊ ၂၉ ပါဇယားနှင့်မြေပုံ]
(ကားချပ်အပြည့်အစုံများကို စာစောင်တွင်ကြည့်ပါ)
ဂရိသင်္ဘောသား ပယ်သီယပ်စ် သွားရောက်ခဲ့သည့် ဝေးလံသောပင်လယ်ရေကြောင်းခရီးစဉ်
[မြေပုံ]
အိုင်ယာလန်
အိုက်စလန်
နော်ဝေး
မြောက်ပင်လယ်
ဗြိတိန်
ဘရစ်တနီ
အိုင်ဘီးရီးယန်းကျွန်းဆွယ်
အာဖရိကမြောက်ဘက်ကမ်းရိုးတန်း
မြေထဲပင်လယ်
မာဆေး