ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၃/၁၅ စာ. ၂၈-၃၂
  • ယေရမိကဲ့သို့ နိုးကြားလျက်နေပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရမိကဲ့သို့ နိုးကြားလျက်နေပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရေးတကြီးဟောပြောရမယ့်သတင်း
  • လူတွေကိုချစ်မြတ်နိုးခြင်း
  • ဘုရားသခင်ပေးတဲ့ ရဲစွမ်းသတ္တိ
  • ဝမ်းမြောက်ရွှင်လန်းပါ
  • သင့်တာဝန်မှာ “နိုးကြားလျက်” နေပါ
  • “ငါသည် တိတ်ဆိတ်စွာမနေနိုင်”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ‘ဒီစကားကို သူတို့ကို သင်ပြောရမယ်’
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • “သင်၏နှုတ်၌ ငါ့စကားကို ငါသွင်းထားပြီ”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ဘယ်လိုမိတ်ဆွေတွေကို သင် ရွေးချယ်မလဲ
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၃/၁၅ စာ. ၂၈-၃၂

ယေရမိကဲ့သို့ နိုးကြားလျက်နေပါ

‘ငါ့စကားကိုပြည့်စုံစေခြင်းငှာ ငါ [ယေဟောဝါ] နိုးကြားလျက်နေမည်။’—ယေ. ၁:၁၂၊ ကဘ။

၁၊ ၂။ ဘာကြောင့် ယေဟောဝါရဲ့ “နိုးကြား” မှုကို ဗာတံပင်နဲ့ ဆက်စပ်ဖော်ပြနိုင်သလဲ။

လက်ဘနွန်နဲ့ အစ္စရေးကုန်းမြင့်ဒေသမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီဆိုရင် အရမ်းအေးတယ်။ အဲဒီအချိန်မှာ အပင်တွေ ပန်းမပွင့်ဘူး။ ဒါပေမဲ့ အယ်လ်မွန်လို့ခေါ်တဲ့ ဗာတံပင်ကတော့ အပွင့်ပွင့်တယ်။ ချစ်စရာကောင်းတဲ့ အဖြူရောင်နဲ့ ပန်းနုရောင်အပွင့်လေးတွေဖြစ်တယ်။ ဒါကြောင့် သူ့ရဲ့ ဟေဗြဲအမည်က “နိုးထလာတဲ့အပင်” ဖြစ်တယ်။

၂ ယေရမိကို ပရောဖက်အဖြစ် ယေဟောဝါခန့်အပ်ချိန်မှာ အရေးကြီးတဲ့အချက်တစ်ချက်ကို ဖော်ပြဖို့ ဗာတံပင်ကို သင့်လျော်စွာအသုံးပြုခဲ့တယ်။ သူ့ရဲ့ပရောဖက်တာဝန်အစပိုင်းမှာ ဗာတံကိုင်းအဆင်းအာရုံတစ်ခုကို မြင်တွေ့ခဲ့တယ်။ ဒါက ဘာအဓိပ္ပာယ်လဲ။ ယေဟောဝါ ဒီလိုရှင်းပြခဲ့တယ်– ‘ငါ့စကားကိုပြည့်စုံစေခြင်းငှာ ငါနိုးကြားလျက်နေမည်ဟု မိန့်တော်မူ၏။’ (ယေ. ၁:၁၁၊ ၁၂၊ ကဘ) ဗာတံပင်က စောစောဖူးပွင့်ဖို့ “နိုးထလာ” သလို ယေဟောဝါက မနာခံခြင်းရဲ့အကျိုးဆက်အကြောင်း မိမိလူမျိုးကို သတိပေးဖို့အတွက် ပရောဖက်တွေကိုစေလွှတ်ဖို့ ပုံဆောင်သဘောအရ “စောစောထ” ခဲ့တယ်။ (ယေ. ၇:၂၅) ကိုယ်တော်က ကိုယ်တော့်ပရောဖက်ပြုစကားတွေ မပြည့်စုံမချင်း အနားမယူဘဲ “နိုးကြားလျက်နေ” ခဲ့တယ်။ သတ်မှတ်ထားတဲ့အချိန်ဖြစ်တဲ့ ဘီစီအီး ၆၀၇ ရောက်လာတဲ့အခါ အယူဖောက်ပြန်တဲ့ ယုဒအပေါ် ယေဟောဝါရဲ့တရားစီရင်ချက် ကျရောက်လာတယ်။

၃။ ယေဟောဝါနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ဘယ်အချက်ကို အသေအချာ ယုံကြည်စိတ်ချနိုင်သလဲ။

၃ ယနေ့လည်း အလားတူပဲ ယေဟောဝါက နိုးကြားနေပြီး မိမိရဲ့အလိုတော်ပြည့်စုံဖို့ အာရုံစိုက်နေတော်မူတယ်။ ဒါကြောင့် ကိုယ်တော့်နှုတ်တော်ထွက်စကားတွေ ဧကန်အမှန် ပြည့်စုံလာမယ်ဆိုတာ သေချာတယ်။ ယေဟောဝါ အဲဒီလိုအာရုံစိုက်ခြင်းက သင့်အပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ။ ဒီ ၂၀၁၁ ခုနှစ်မှာလည်း ယေဟောဝါက မိမိရဲ့ကတိတော်တွေ ပြည့်စုံဖို့ “နိုးကြား” နေတယ်ဆိုတာ သင်ယုံကြည်သလား။ ယေဟောဝါရဲ့သေချာတဲ့ကတိတော်ကို သံသယဝင်နေတယ်ဆိုရင် အခုအချိန်က ငိုက်မျဉ်းရာကနေနိုးထပြီး နိုးနိုးကြားကြားရှိနေရမယ့်အချိန်ဖြစ်တယ်။ (ရော. ၁၃:၁၁) ယေဟောဝါရဲ့ပရောဖက်အနေနဲ့ ယေရမိက နိုးနိုးကြားကြားရှိဖို့ လုပ်ဆောင်ခဲ့ရတယ်။ ဘုရားသခင်ပေးအပ်ထားတဲ့တာဝန်ကို ယေရမိ ဘယ်လိုနဲ့ ဘာကြောင့် နိုးနိုးကြားကြား ထမ်းဆောင်နိုင်တယ်ဆိုတာကို သုံးသပ်ခြင်းက ယေဟောဝါပေးအပ်ထားတဲ့တာဝန်ကို ကျွန်ုပ်တို့ ဘယ်လို စွဲစွဲမြဲမြဲလုပ်ဆောင်နိုင်တယ်ဆိုတာ သိမြင်စေပါလိမ့်မယ်။

အရေးတကြီးဟောပြောရမယ့်သတင်း

၄။ ဘုရားသခင်ထံကသတင်းကို ကြေညာရာမှာ ယေရမိ ဘယ်လိုအခက်အခဲတွေ တွေ့ကြုံရသလဲ၊ ဘာကြောင့် အပူတပြင်း ကြေညာဖို့လိုသလဲ။

၄ ယေရမိကို ကင်းစောင့်အဖြစ် ယေဟောဝါတာဝန်ပေးချိန်မှာ သူ့အသက်က ၂၅ နှစ်ခန့်ပဲ ရှိဦးမယ်။ (ယေ. ၁:၁၊ ၂) အဲဒီအချိန်မှာ ယေရမိက မိမိကိုယ်ကို အစ္စရေးလူကြီးတွေ၊ အသက်ကြီးသူတွေနဲ့ အခွင့်အာဏာရှိသူတွေကို စကားပြောဆိုဖို့ အရည်အချင်းမရှိသေးတဲ့ သူငယ်ဖြစ်တယ်လို့ ယူမှတ်ခဲ့တယ်။ (ယေ. ၁:၆) သူက အထူးသဖြင့် ယဇ်ပုရောဟိတ်တွေ၊ ပရောဖက်အတုအယောင်တွေ၊ ဘုရင်တွေနဲ့ လူအများကြိုက်လမ်းစဉ်ကို လိုက်ပြီး “လမ်းလွဲ” နေသူတွေ၊ “ဖောက်ပြန်” တဲ့လမ်းစဉ်ကို တစိုက်မတ်မတ်လိုက်နေသူတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ကြောက်မက်ဖွယ်တရားစီရင်ချက်အကြောင်း ကြွေးကြော်ရမှာဖြစ်တယ်။ (ယေ. ၆:၁၃; ၈:၅၊ ၆) ကြွေးကြော်ရမယ့်သတင်းက အနှစ်လေးရာနီးပါး စစ်မှန်တဲ့ဝတ်ပြုရေးအတွက် အချက်အချာဖြစ်ခဲ့တဲ့ ဘုရင်ရှောလမုန်ရဲ့ ဝတ်ပြုရာအိမ်တော် ဖျက်ဆီးခံရမယ်။ ဂျေရုဆလင်နဲ့ ယုဒနယ်ဟာ လူမနေတဲ့ဖုန်းဆိုးမြေဖြစ်ပြီး လူတွေက သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမယ်။ ဒါကြောင့် ယေရမိက သူရ,ထားတဲ့သတင်းကို အပူတပြင်း ကြေညာရမယ်ဆိုတာ ထင်ရှားတယ်။

၅၊ ၆။ (က) ဒီနေ့ခေတ်မှာ ယေရမိအတန်းအစားကို ယေဟောဝါ ဘယ်လိုအသုံးပြုနေသလဲ။ (ခ) ကျွန်ုပ်တို့ ဘယ်အကြောင်းကို သုံးသပ်ကြမလဲ။

၅ ယနေ့ခေတ်မှာလည်း ယေဟောဝါက စွမ်းအားတော်နဲ့ ခန့်အပ်ထားတဲ့အုပ်စုတစ်စုကို မေတ္တာပါစွာ ပြင်ဆင်ပေးထားပြီး ဒီအုပ်စုက ပုံဆောင်ကင်းစောင့်အဖြစ် ဒီလောကအပေါ် ကျရောက်မယ့် ကိုယ်တော့်တရားစီရင်ချက်ကို ကြေညာတယ်။ ဒီယေရမိအတန်းအစားက ကျွန်ုပ်တို့အသက်ရှင်နေတဲ့ အချိန်ကာလကိုဂရုပြုဖို့ လူတွေကို ဆယ်စုနှစ်များစွာကြာ နှိုးဆော်တိုက်တွန်းခဲ့တယ်။ (ယေ. ၆:၁၇) မဟာအချိန်ထိန်းရှင်ဖြစ်တဲ့ ယေဟောဝါက နှောင့်နှေးမှာမဟုတ်ဘူးလို့ သမ္မာကျမ်းစာက အလေးပေးဖော်ပြတယ်။ ကိုယ်တော့်နေ့တော်ကြီးက လူတွေမထင်မှတ်တဲ့အချိန်မှာ အတိအကျရောက်လာမှာဖြစ်တယ်။—ဇေ. ၃:၈; မာ. ၁၃:၃၃; ၂ ပေ. ၃:၉၊ ၁၀။

၆ ယေဟောဝါက နိုးနိုးကြားကြားရှိနေပြီး ကိုယ်တော့် ဖြောင့်မတ်တဲ့ကမ္ဘာသစ်ကို ဆောင်ကြဉ်းပေးတော့မယ်ဆိုတာ စိတ်စွဲမှတ်ထားပါ။ ဒီအချက်ကိုသိထားခြင်းက ယေရမိအတန်းအစားနဲ့ သူတို့ရဲ့အပေါင်းပါအခြားသိုးတွေ သတင်းတရားကို အရေးတကြီးကြေညာဖို့ ပိုပြီးနိုးနိုးကြားကြား ရှိစေတယ်။ ဒါက သင်နဲ့ ဘယ်လိုပတ်သက်သလဲ။ အားလုံး ဘုရားသခင့်နိုင်ငံတော်ဘက်မှာ ရပ်တည်ဖို့လိုကြောင်း ယေရှုဖော်ပြခဲ့တယ်။ ပေးအပ်ထားတဲ့တာဝန်ကို နိုးနိုးကြားကြားလုပ်ဆောင်ဖို့ ယေရမိကိုကူညီပေးခဲ့ပြီး ကျွန်ုပ်တို့ကိုပါ ကူညီပေးနိုင်တဲ့ အရည်အသွေးသုံးခုကို သုံးသပ်ကြည့်ကြစို့။

လူတွေကိုချစ်မြတ်နိုးခြင်း

၇။ အခက်အခဲတွေကြားမှာဟောပြောဖို့ မေတ္တာက ယေရမိကို ဘယ်လို လှုံ့ဆော်ခဲ့သလဲဆိုတာ ရှင်းပြပါ။

၇ အခက်အခဲတွေကြားထဲမှာ ဟောပြောဖို့ ယေရမိကို ဘာက လှုံ့ဆော်ခဲ့သလဲ။ လူတွေကို ချစ်မြတ်နိုးခြင်းပဲဖြစ်တယ်။ ပရောဖက်အတုအယောင်တွေကြောင့် လူတွေ အခက်အခဲများစွာ ကြုံတွေ့ကြရတယ်ဆိုတာ ယေရမိသိတယ်။ (ယေ. ၂၃:၁၊ ၂) ဒီအချက်ကိုသိထားလို့ ယေရမိက သူ့တာဝန်ကို မေတ္တာ၊ ထောက်ထားစာနာမှုနဲ့ လုပ်ဆောင်ခဲ့တယ်။ သူက သူ့အမျိုးသားချင်းတွေကို ဘုရားသခင့်စကားတော်အကြောင်း ကြားသိစေလိုပြီး အဲဒီအတိုင်း အသက်ရှင်စေလိုခဲ့တယ်။ ယေရမိက သူတို့အတွက် ဘယ်လောက်အထိ စိုးရိမ်ပူပန်ခဲ့သလဲဆိုရင် သူတို့အပေါ်ကျရောက်တော့မယ့် ဘေးဆိုးတွေကြောင့် ငိုကြွေးခဲ့တယ်။ (ယေရမိ ၈:၂၁; ၉:၁ တို့ကိုဖတ်ပါ။) ယေရမိက ယေဟောဝါနဲ့ လူတွေကိုချစ်ကြောင်း ယေရမိမြည်တမ်းစကားမှာ အကြိမ်များစွာ ဖော်ပြထားတယ်။ (မြည်. ၄:၆၊ ၉) ယနေ့ လူတွေက “အရေဆုတ်ခြင်း၊ ပစ်ထားခြင်းခံရသည့် ထိန်းသူမဲ့သိုးများကဲ့သို့” ဖြစ်နေတာကို သင်မြင်တွေ့တဲ့အခါ သူတို့ကို ဘုရားသခင့်နိုင်ငံတော်သတင်းနဲ့ နှစ်သိမ့်ပေးလိုတဲ့ဆန္ဒ ပေါ်လာတယ်မဟုတ်လား။—မ. ၉:၃၆။

၈။ ဒုက္ခခံခဲ့ရပေမဲ့ ယေရမိ စိတ်မနာကြည်းခဲ့ဘူးဆိုတာ ဘယ်အချက်က ဖော်ပြသလဲ။

၈ ယေရမိက သူကူညီပေးလိုတဲ့လူတွေလက်ချက်နဲ့ ဒုက္ခရောက်ခဲ့ရပေမဲ့ လက်တုံ့ပြန်တာ၊ စိတ်နာကြည်းတာ မရှိခဲ့ဘူး။ သူတို့ကိုရော ဖောက်ပြန်တဲ့မင်းဆိုး ဇေဒကိအပေါ်မှာပါ စိတ်ရှည်ပြီး ကြင်နာမှုပြခဲ့တယ်။ ဘုရင်ဇေဒကိက သူ့ကိုသတ်မယ့်လူတွေလက်ထဲ အပ်ခဲ့တာတောင် ယေရမိက ဘုရင်ကို ဘုရားသခင့်စကားနားထောင်ဖို့ တောင်းပန်ခဲ့တယ်။ (ယေ. ၃၈:၄၊ ၅၊ ၁၉၊ ၂၀) ကျွန်ုပ်တို့ကော လူတွေအပေါ် ယေရမိလို မေတ္တာထားနိုင်မလား။

ဘုရားသခင်ပေးတဲ့ ရဲစွမ်းသတ္တိ

၉။ ယေရမိရဲ့ ရဲစွမ်းသတ္တိက ဘုရားသခင်ထံက ရရှိတာဖြစ်တယ်ဆိုတာ ဘယ်လိုသိရသလဲ။

၉ ယေဟောဝါ တာဝန်စပေးတုန်းက ယေရမိ ဆင်ခြေပေးပြီး နောက်ဆုတ်ဖို့ ကြိုးစားခဲ့တယ်။ ဒါကိုကြည့်ရင် နောက်ပိုင်း ယေရမိ တင်ပြခဲ့တဲ့ ရဲစွမ်းသတ္တိနဲ့ မြဲမြံတည်ကြည်မှုက မွေးရာပါမဟုတ်ဘူးဆိုတာ သိရတယ်။ ပရောဖက်တာဝန်ကို ထမ်းဆောင်စဉ် ယေရမိတင်ပြခဲ့တဲ့ ထူးခြားတဲ့အစွမ်းခွန်အားက ယေဟောဝါကို အကြွင်းမဲ့အားကိုးခြင်းကနေ ရရှိခဲ့ခြင်းဖြစ်တယ်။ အမှန်ပါပဲ၊ ယေဟောဝါက “အားကြီးသောသူကဲ့သို့” ပရောဖက်နဲ့အတူရှိခဲ့ပြီး ယေရမိကို ထောက်မပေးခဲ့၊ တာဝန်ကိုလုပ်ဆောင်နိုင်ဖို့ ခွန်အားပေးခဲ့တယ်။ (ယေ. ၂၀:၁၁) ယေရမိကို ရဲစွမ်းသတ္တိရှိသူလို့ လူတွေသိထားတဲ့အတွက် ယေရှုမြေကြီးဓမ္မအမှုဆောင်ချိန်မှာ ရဲစွမ်းသတ္တိတင်ပြတဲ့အခါ လူတွေက ယေရမိအသက်ပြန်ရှင်လာတယ်လို့ ထင်ခဲ့ကြတယ်။—မ. ၁၆:၁၃၊ ၁၄။

၁၀။ စွမ်းအားတော်ဖွားအကြွင်းအကျန်က “လူအမျိုးမျိုးတို့၏ တိုင်းနိုင်ငံများအပေါ်” မှာ ရှိတယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။

၁၀ “လူအမျိုးမျိုးတို့၏ဘုရင်” အနေနဲ့ ယေဟောဝါက တိုင်းနိုင်ငံတွေကို တရားစီရင်ချက်သတင်းကြေညာဖို့ ယေရမိကို တာဝန်ပေးခဲ့တယ်။ (ယေ. ၁၀:၆၊ ၇) ဒါပေမဲ့ စွမ်းအားတော်ဖွားအကြွင်းအကျန်တွေကို “လူအမျိုးမျိုးတို့၏ တိုင်းနိုင်ငံများ” အပေါ်မှာ ဘယ်နည်းနဲ့ ခန့်အပ်ခဲ့သလဲ။ (ယေ. ၁:၁၀) ရှေးပရောဖက်လိုပဲ ယေရမိအတန်းအစားကို စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်က တာဝန်အပ်နှင်းခြင်းဖြစ်တယ်။ ဒါကြောင့် ယေရမိအတန်းအစားက တိုင်းနိုင်ငံတွေကို တရားစီရင်မယ့်သတင်းကြေညာဖို့ တရားဝင်အခွင့်အာဏာရရှိထားတယ်။ ယေရမိအတန်းအစားက အကြီးမြတ်ဆုံးဘုရားသခင်အပ်နှင်းထားတဲ့ အခွင့်အာဏာနဲ့ ရှင်းလင်းပြတ်သားတဲ့ ကိုယ်တော့်နှုတ်တော်ထွက်တရားစကားကိုသုံးပြီး မျက်မှောက်ခေတ်တိုင်းနိုင်ငံတွေဟာ ဘုရားသခင်သတ်မှတ်ထားချိန်မှာ ကိုယ်တော့်နည်းလမ်းနဲ့ နုတ်ပယ်ဖြိုချ ဖျက်ဆီးခံရမယ်ဆိုတဲ့အကြောင်းကို ကြေညာကြတယ်။ (ယေ. ၁၈:၇-၁၀; ဗျာ. ၁၁:၁၈) ယေရမိအတန်းအစားက ယေဟောဝါရဲ့တရားစီရင်ချက်သတင်း ကမ္ဘာချီကြေညာခြင်းကို မဆုတ်မနစ်ဆက်လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။

၁၁။ ခက်ခဲတဲ့အခြေအနေတွေ ရင်ဆိုင်ရတဲ့အခါ လက်မလျှော့ဘဲဟောပြောဖို့ ဘာက ကျွန်ုပ်တို့ကို ကူညီပေးမလဲ။

၁၁ ဆန့်ကျင်မှုတွေ၊ လျစ်လျူရှုမှုတွေနဲ့ ခက်ခဲတဲ့အခြေအနေတွေမှာ စိတ်ဓာတ်ကျတာက သဘာဝပါပဲ။ (၂ ကော. ၁:၈) ဒါပေမဲ့ ယေရမိလို လက်မလျှော့ဘဲ ဆက်လုပ်ဆောင်ဖို့လိုတယ်။ ဒါကြောင့် ကျွန်ုပ်တို့တစ်ဦးစီဟာ အကူအညီအတွက် ဘုရားသခင်ကိုမျှော်ကိုးရင်း ကိုယ်တော့်ထံ တိုးလျှိုးအသနားခံ၊ ကိုယ်တော့်ကို မှီခိုအားကိုးပြီး “သတ္တိမွေး” ကြတယ်။ (၁ သက်. ၂:၂) အကြောင်းကတော့ စစ်မှန်တဲ့ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူတွေအနေနဲ့ ကျွန်ုပ်တို့က ဘုရားသခင်ပေးအပ်ထားတဲ့တာဝန်ကို ထမ်းဆောင်ရာမှာ နိုးနိုးကြားကြားရှိနေရမှာဖြစ်လို့ပဲ။ ရှေးသစ္စာမဲ့ဂျေရုဆလင်မြို့ ပျက်စီးခဲ့သလို ယနေ့ ခရစ်ယာန်ဘောင်လည်း ပျက်စီးမယ်ဆိုတဲ့အကြောင်းကို မတွန့်မဆုတ်ဆက်ဟောပြောဖို့ စိတ်ပိုင်းဖြတ်ထားဖို့လိုတယ်။ ယေရမိအတန်းအစားက ‘ယေဟောဝါရဲ့ မင်္ဂလာနှစ်’ အကြောင်းကိုသာမက “ငါတို့ဘုရားသခင် အပြစ်ပေးတော်မူရာနေ့ရက်ကာလ” အကြောင်းကိုပါ ဟောပြောဖို့ ရဲစွမ်းသတ္တိရှိတယ်။—ဟေရှာ. ၆၁:၁၊ ၂; ၂ ကော. ၆:၂။

ဝမ်းမြောက်ရွှင်လန်းပါ

၁၂။ ယေရမိက ရွှင်လန်းမှုကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဘာကြောင့်ပြောနိုင်သလဲ၊ သူ ဘာကြောင့် အဲဒီလိုလုပ်နိုင်ခဲ့သလဲ။

၁၂ ယေရမိက သူ့ရဲ့အလုပ်ကနေ ရွှင်လန်းမှု ခံစားခဲ့ရတယ်။ ယေဟောဝါကို သူဒီလိုပြောခဲ့တယ်– ‘ဘုရားသခင် ယေဟောဝါ အကျွန်ုပ်တွေ့သောနှုတ်မြွက်တော်စကားကို ခံယူပါပြီ။ နှုတ်မြွက်တော်သည် အကျွန်ုပ်ဝမ်းမြောက်ရွှင်လန်းစရာအကြောင်းဖြစ်ပါ၏။ နာမတော်ဖြင့် အကျွန်ုပ်ကိုခေါ်ဝေါ်ပါ၏။’ (ယေ. ၁၅:၁၆) ယေရမိက စစ်မှန်တဲ့ဘုရားသခင်ကို ကိုယ်စားပြုပြီး ကိုယ်တော့်စကားတော်အကြောင်း ဟောပြောခွင့်ရခြင်းကို အခွင့်ထူးအဖြစ် ယူမှတ်ခဲ့တယ်။ စိတ်ဝင်စားစရာက ယေရမိဟာ လူတွေရဲ့ ကဲ့ရဲ့ပြောင်လှောင်မှုကို အာရုံစိုက်မိတဲ့အခါ သူ့ရဲ့ရွှင်လန်းမှု ပျောက်ဆုံးသွားတယ်။ သူဟောနေတဲ့သတင်းစကားရဲ့ နှစ်လို့ဖွယ်ကောင်းမှုနဲ့ အရေးပါမှုကို ပြန်အာရုံစိုက်တဲ့အခါ ရွှင်လန်းမှုပြန်ခံစားခဲ့ရတယ်။—ယေ. ၂၀:၈၊ ၉။

၁၃။ ရွှင်လန်းမှုကိုထိန်းသိမ်းရာမှာ နက်နဲတဲ့ကျမ်းစာအမှန်တရားတွေကို လေ့လာဖို့ ဘာကြောင့်အရေးကြီးသလဲ။

၁၃ ယနေ့အချိန်မှာလည်း ဟောပြောခြင်းလုပ်ငန်းကနေ ရွှင်လန်းမှုခံစားရဖို့ “ကြေခဲသောအစာ” ဖြစ်တဲ့ နက်နဲတဲ့ကျမ်းစာအမှန်တရားတွေကို လေ့လာဖို့လိုတယ်။ (ဟေဗြဲ ၅:၁၄) ဒီလိုလေ့လာခြင်းက ယုံကြည်ခြင်းကို ခိုင်ခံ့စေတယ်။ (ကော. ၂:၆၊ ၇) ဒါ့အပြင် ကျွန်ုပ်တို့ရဲ့လုပ်ရပ်က ယေဟောဝါရဲ့ခံစားချက်အပေါ် အကျိုးသက်ရောက်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိမြင်နားလည်စေတယ်။ ကျမ်းစာကို ဖတ်ရှုလေ့လာဖို့ အချိန်မရဖြစ်နေမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ အချိန်အသုံးပြုပုံကို ပြန်ဆန်းစစ်သင့်တယ်။ နေ့တိုင်း မိနစ်အနည်းငယ် ဖတ်ရှု၊ တွေးတောဆင်ခြင်မယ်ဆိုရင် ယေဟောဝါနဲ့ ပိုရင်းနှီးလာမှာဖြစ်ပြီး ယေရမိလိုပဲ “ဝမ်းမြောက်ရွှင်လန်း” နိုင်ပါလိမ့်မယ်။

၁၄၊ ၁၅။ (က) ရရှိထားတဲ့တာဝန်ကို ယေရမိ သစ္စာရှိရှိလုပ်ဆောင်ခြင်းကနေ ဘာအသီးအပွင့်တွေရရှိခဲ့သလဲ။ (ခ) မျက်မှောက်ခေတ်ဘုရားသခင့်ကျေးကျွန်တွေက ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး ဘာကိုသိထားကြသလဲ။

၁၄ ယေရမိက ယေဟောဝါရဲ့သတိပေးချက်နဲ့ တရားစီရင်ချက်သတင်းကို လက်မလျှော့ဘဲ ကြေညာခဲ့သလို “တည်ဆောက်၊ စိုက်ပျိုး” ဖို့တာဝန်ကိုလည်း မမေ့ခဲ့ဘူး။ (ယေ. ၁:၁၀) သူ့ရဲ့ တည်ဆောက်၊ စိုက်ပျိုးမှုက အသီးကောင်းတွေ သီးပွင့်ခဲ့တယ်။ ဘီစီအီး ၆၀၇၊ ဂျေရုဆလင်ပျက်စီးချိန်မှာ ဂျူးတချို့နဲ့ ဂျူးမဟုတ်သူတချို့ အသက်ရှင်လွတ်မြောက်ခဲ့တယ်။ အဲဒီအထဲက ရေခပ်အမျိုးသား၊ ဧဗဒမေလက်နဲ့ ဗာရုတ်ကို ကျွန်ုပ်တို့သိကြတယ်။ (ယေ. ၃၅:၁၉; ၃၉:၁၅-၁၈; ၄၃:၅-၇) သစ္စာရှိပြီး ဘုရားသခင်ကိုကြောက်ရွံ့တဲ့ ယေရမိရဲ့မိတ်ဆွေတွေက ယနေ့ ယေရမိအတန်းအစားနဲ့ မိတ်ဖွဲ့ထားတဲ့ မြေကြီးမျှော်လင့်ချက်ရှိသူတွေကို ပုံဆောင်တယ်။ ယေရမိအတန်းအစားက ဒီ “လူအုပ်ကြီး” ရဲ့ယုံကြည်ခြင်းကို တည်ဆောက်ပေးရတဲ့အတွက် အလွန်ဝမ်းမြောက်ကြတယ်။ (ဗျာ. ၇:၉) အလားတူပဲ စွမ်းအားတော်ဖွားတွေရဲ့အပေါင်းပါတွေကလည်း စိတ်နှလုံးရိုးဖြောင့်သူတွေ အမှန်တရားသိလာဖို့ ကူညီပေးရာမှာ စိတ်ကျေနပ်မှု ခံစားကြရတယ်။

၁၅ သတင်းကောင်းဟောပြောခြင်းက လူထုအကျိုးပြု လုပ်ငန်းလောက်သာမဟုတ်ဘဲ ဘုရားသခင်ကိုဝတ်ပြုခြင်းဖြစ်တယ်ဆိုတာ ဘုရားသခင့်ကျေးကျွန်တွေ သိထားကြတယ်။ ဒါကြောင့် လူတွေနားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ သတင်းကောင်းဟောပြောခြင်းကနေ ကျွန်ုပ်တို့ ရွှင်လန်းမှုခံစားကြရတယ်။—ဆာ. ၇၁:၂၃; ရောမ ၁:၉ ကိုဖတ်ပါ။

သင့်တာဝန်မှာ “နိုးကြားလျက်” နေပါ

၁၆၊ ၁၇။ ဗျာ. ၁၇:၁၀ နဲ့ ဟဗက္ကုတ် ၂:၃ က ကျွန်ုပ်တို့အချိန်ရဲ့အရေးကြီးမှုနဲ့ပတ်သက်ပြီး ဘာဖော်ပြသလဲ။

၁၆ ဗျာဒိတ်ကျမ်း ၁၇:၁၀ မှာပါတဲ့ စွမ်းအားတော်နဲ့ရေးသားထားတဲ့ ပရောဖက်ပြုချက်ကို သုံးသပ်တဲ့အခါ ကျွန်ုပ်တို့အသက်ရှင်နေရတဲ့အချိန်ရဲ့အရေးကြီးမှုကို ပိုပြီးသိနားလည်လာတယ်။ သတ္တမမြောက်ကမ္ဘာ့အာဏာစက်ဖြစ်တဲ့ အင်္ဂလိပ်-အမေရိကန် ကြီးစိုးနေတယ်။ သူနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ဒီလိုဖတ်ရတယ်– “[သတ္တမမြောက်ကမ္ဘာ့အာဏာစက်] ရောက်လာသောအခါ တစ်ခဏသာ တည်ရလိမ့်မည်။” “တစ်ခဏသာ” ဆိုတဲ့အချိန်က ကုန်ဆုံးတော့မှာဖြစ်တယ်။ ပရောဖက် ဟဗက္ကုတ်က ဒီဆိုးညစ်တဲ့အစီအစဉ်စနစ်ရဲ့ နိဂုံးနဲ့ပတ်သက်ပြီး ဒီလိုအာမခံခဲ့တယ်– ‘ထိုအဆင်းအာရုံသည် ချိန်းချက်သောအချိန်ကို ဆိုလို၏။ ဆိုင်းသော်လည်းမျှော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်။’—ဟဗ. ၂:၃။

၁၇ မိမိကိုယ်ကို ဒီလိုမေးပါ– ‘ဒီအချိန်က အရေးကြီးတဲ့အချိန်ဖြစ်တယ်ဆိုတာကို ငါ့ရဲ့အသက်တာက ဖော်ပြသလား။ မကြာခင် အဆုံးရောက်လာတော့မယ်ဆိုတာ ငါ့အသက်ရှင်နေထိုင်ပုံက ဖော်ပြသလား။ ငါ့ဆုံးဖြတ်ချက်နဲ့ ဦးစားပေးရာတွေက အဆုံး ချက်ချင်းရောက်လာဦးမှာမဟုတ်ဘူး၊ ဒါမှမဟုတ် အဆုံး တကယ်ရောက်လာမလာ မသေချာဘူးဆိုတဲ့သဘောမျိုး တင်ပြနေသလား။’

၁၈၊ ၁၉။ အခုအချိန်က ဘာကြောင့် အရှိန်လျှော့ရမယ့်အချိန်မဟုတ်သလဲ။

၁၈ ကင်းစောင့်အတန်းအစားရဲ့တာဝန်က မပြီးဆုံးသေးပါဘူး။ (ယေရမိ ၁:၁၇-၁၉ ကိုဖတ်ပါ။) စွမ်းအားတော်ဖွားအကြွင်းအကျန်တွေက “သံတိုင်၊” “ခိုင်ခံ့သောမြို့” လို မယိမ်းမယိုင်ရပ်တည်နေတာကို မြင်တွေ့ရခြင်းက တကယ့်ကိုဝမ်းသာစရာပါပဲ။ သူတို့တွေက သူတို့ရဲ့တာဝန်ပြီးဆုံးတဲ့အထိ လုပ်ဆောင်နေစဉ် သမ္မာကျမ်းစာကနေ ခွန်အားရယူခြင်းအားဖြင့် “အမှန်တရားတည်းဟူသောခါးပန်းကိုစည်း” ထားကြတယ်။ (ဧ. ၆:၁၄) ယေရမိအတန်းအစားက ဘုရားသခင်ပေးအပ်ထားတဲ့တာဝန်ကို လုပ်ဆောင်နေစဉ်မှာ လူအုပ်ကြီးက အလားတူစိတ်ပိုင်းဖြတ်ချက်နဲ့ တက်ကြွစွာကူညီပေးနေကြတယ်။

၁၉ အခုအချိန်က ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းမှာ အရှိန်မလျှော့ဘဲ ယေရမိ ၁၂:၅ မှာပါတဲ့စကားတွေရဲ့ အရေးကြီးမှုကို သုံးသပ်ရမယ့်အချိန်ဖြစ်တယ်။ (ဖတ်ပါ။) ကျွန်ုပ်တို့အားလုံးက ခံနိုင်ရည်လိုအပ်တဲ့ စမ်းသပ်မှုတွေနဲ့ကြုံတွေ့နေရတယ်။ အဲဒီယုံကြည်ခြင်းစမ်းသပ်မှုတွေကို “ခြေသည်တို့နှင့်ပြိုင်ပြေး” ရတာနဲ့ နှိုင်းယှဉ်နိုင်တယ်။ “ကြီးစွာသောဒုက္ခ” ချဉ်းကပ်လာတာနဲ့အမျှ အခက်အခဲတွေလည်း တိုးများလာမယ်ဆိုတာ ကျွန်ုပ်တို့ မျှော်လင့်ထားကြတယ်။ (မ. ၂၄:၂၁) အနာဂတ်မှာရင်ဆိုင်ရမယ့် အခက်အခဲတွေကို ‘မြင်းတို့နှင့်ပြိုင်ပြေး’ ခြင်းနဲ့ နှိုင်းယှဉ်နိုင်တယ်။ ဒုန်းစိုင်းပြေးနေတဲ့မြင်းတွေနဲ့ ပြိုင်ပြေးရတဲ့လူတစ်ဦးက အစွမ်းခွန်အားနဲ့ ခံနိုင်ရည် ပိုလိုအပ်မှာဖြစ်တယ်။ ဒါကြောင့် အခုအချိန်မှာကြုံတွေ့ရတဲ့အခက်အခဲတွေကို ခံနိုင်ရည်ရှိရှိရင်ဆိုင်ခြင်းက အနာဂတ်မှာကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေအတွက် ကြိုတင်ပြင်ဆင်ထားရာရောက်တဲ့အတွက် အကျိုးရှိပါတယ်။

၂၀။ သင် ဘာလုပ်ဖို့ ဆုံးဖြတ်ထားသလဲ။

၂၀ ကျွန်ုပ်တို့အားလုံးက ယေရမိကိုတုပပြီး ကျွန်ုပ်တို့ရရှိထားတဲ့ ဟောပြောခြင်းတာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်ပါတယ်။ ယေရမိက မေတ္တာ၊ ရဲစွမ်းသတ္တိနဲ့ ရွှင်လန်းခြင်း စတဲ့အရည်အသွေးတွေကြောင့် သူ့တာဝန်ကို ၆၇ နှစ်ကြာ သစ္စာရှိရှိထမ်းဆောင်နိုင်ခဲ့တယ်။ လှပတဲ့ဗာတံပွင့်က ယေဟောဝါဟာ မိမိရဲ့စကားတော်အတိုင်း လုပ်ဆောင်ဖို့ “နိုးကြား” နေတယ်ဆိုတာ သတိရစေတယ်။ ကျွန်ုပ်တို့လည်း အလားတူလုပ်ဆောင်ဖို့ အကြောင်းကောင်းများစွာရှိပါတယ်။ ယေရမိ “နိုးကြား” ခဲ့သလို ကျွန်ုပ်တို့လည်း နိုးကြားနိုင်ပါတယ်။

သင် မှတ်မိသလား

• ရရှိထားတဲ့တာဝန်ကို ‘နိုးနိုးကြားကြား’ လုပ်ဆောင်ဖို့ မေတ္တာက ယေရမိကို ဘယ်လိုကူညီပေးခဲ့သလဲ။

• ကျွန်ုပ်တို့ ဘာကြောင့် ဘုရားသခင်ထံက ရဲစွမ်းသတ္တိ လိုအပ်သလဲ။

• ယေရမိကို ဘယ်အရာက ဆက်ပြီးရွှင်လန်းစေခဲ့သလဲ။

• သင် ဘာကြောင့် “နိုးကြားလျက်” နေလိုသလဲ။

[စာမျက်နှာ ၃၁ ပါရုပ်ပုံ]

ဆန့်ကျင်မှုတွေကြားမှာ သင် ဆက်ဟောနေမလား

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ