ကျမ်းစာစံနှုန်းတွေအတိုင်း ဘာကြောင့် နေထိုင်ရ
ဖိုမကိစ္စနဲ့ပတ်သက်တဲ့ ကျမ်းစာအမြင်က ခေတ်နောက်ကျသွားပြီး မလိုအပ်ဘဲ ချုပ်ချယ်လွန်းတယ်လို့ ပြောလို့ရမလား။ ပြောလို့မရပါဘူး။ အဲဒီကိစ္စနဲ့ပတ်သက်တဲ့ ကျမ်းစာအမြင်က အောက်မှာဖော်ပြထားတဲ့ အရာတွေကနေ ကျွန်ုပ်တို့ကို ကာကွယ်ပေးပါတယ်။
▪ ဖိုမဆက်ဆံခြင်းကနေ ကူးစက်ခံရတဲ့ ရောဂါတွေ
▪ အဖေမပေါ်ဘဲ ရလာတဲ့ ကိုယ်ဝန်တွေ
▪ အိမ်ထောင်မင်္ဂလာကို ချိုးဖောက်တဲ့အတွက် ရရှိတဲ့နာကြည်းဖွယ် ဆိုးကျိုးတွေ
▪ အပြစ်ရှိတယ်လို့ ခံစားရတဲ့ သိစိတ်
▪ သူတစ်ပါးရဲ့ အသုံးတော်ခံလိုက်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိတော့ဘူးဆိုတဲ့ ခံစားချက်
ကျွန်ုပ်တို့ရဲ့ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်aက မိမိပေးထားတဲ့ဆုကျေးဇူးတွေကို ကျွန်ုပ်တို့ ကောင်းစွာအသုံးပြုပြီး ကောင်းကျိုးရရှိစေချင်တယ်။ ဘုရားသခင်ဟာ “သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်” ပေးတဲ့အရှင်ဖြစ်ပါတယ်။ (ဟေရှာယ ၄၈:၁၇) ဖိုမကိစ္စနဲ့ပတ်သက်တဲ့ ကျမ်းစာလမ်းညွှန်မှုတွေအတိုင်း နေထိုင်တဲ့သူဟာ အောက်မှာဖော်ပြထားတဲ့ ကောင်းကျိုးတွေကို ရရှိမှာဖြစ်တယ်။
▪ ဘုရားသခင်ရဲ့ မျက်နှာသာ
▪ စိတ်ငြိမ်သက်မှု
▪ မိသားစုနှောင်ကြိုး ပိုမိုခိုင်ခံ့မှု
▪ နာမည်ကောင်း
▪ ကိုယ့်ကိုယ်ကိုယ် လေးစားမူ
ဒါပေမဲ့ အခုလောလောဆယ် သင်ဟာ ကျမ်းစာစံနှုန်းတွေအတိုင်း မနေထိုင်ဘူးဆိုရင်ကော။ အဲဒီစံနှုန်းတွေဟာ သင့်ဘဝပုံစံကို ပြောင်းလဲပေးနိုင်ပါ့မလား။ သင့်ရဲ့အတိတ်က အပြုအမူတွေကို ဘုရားသခင် တေးမှတ်ထားမှာလား။
ဒီအချက်ကို သုံးသပ်ကြည့်ပါ– ပထမရာစုခရစ်ယာန်အသင်းတော်ထဲ ဝင်လာတဲ့သူတချို့ဟာ အရင်က တရားမဝင် ဖိုမဆက်ဆံတဲ့သူ၊ အိမ်ထောင်ရေးဖောက်ပြန်တဲ့သူ၊ လိင်တူဆက်ဆံတဲ့သူတွေဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်း သူတို့ရဲ့ဘဝပုံစံကို ပြောင်းလဲလိုက်တဲ့အခါ အကျိုးကျေးဇူးတွေရရှိခဲ့ပါတယ်။ (၁ ကောရိန္သု ၆:၉-၁၁) ကနေ့ ကမ္ဘာတစ်ဝန်းက ထောင်နဲ့ချီတဲ့လူတွေဟာ အဲဒီအတိုင်း ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ကြတယ်။ ဒါကြောင့် သူတို့ဟာ လူတကာနဲ့ လိင်ဆက်ဆံတဲ့ ဘဝပုံစံကနေ လွတ်ကင်းသွားပြီး ကျမ်းစာစံနှုန်းတွေနဲ့အညီ ပြုမူနေထိုင်တဲ့အတွက် ကောင်းကျိုးတွေ ခံစားနေရပါပြီ။ ဥပမာ၊ ပထမဆုံးဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ စဲရာရဲ့အဖြစ်အပျက်ကို သတိပြုပါ။
“ကျွန်မ ချက်ချင်းပဲ စိတ်သက်သာရာရသွားတယ်”
ပေါက်လွှတ်ပဲစားဘဝပုံစံက တမ်းတခဲ့တဲ့ လွတ်လပ်မှုနဲ့ စိတ်ကျေနပ်မှုကို မပေးဘူးဆိုတာ စဲရာ သိလိုက်ရတယ်။ သူဒီလိုပြောပြတယ်– “ကျွန်မရဲ့ သိစိတ်က ထုံထိုင်းလာတယ်။ ကိုယ်ဝန်များ ရသွားပြီလား၊ ကုရာနတ္တိဆေးမရှိတဲ့ ရောဂါတွေ ရလာပြီလားဆိုပြီး ရှက်ရွံ့၊ စိုးရိမ်ခဲ့ရတယ်။ ဘုရားသခင်ရှိတယ်ဆိုတာကို ကျွန်မ အမြဲတမ်း ယုံကြည်ထားတယ်။ ကျွန်မရွေးချယ်လိုက်တဲ့ ဘဝပုံစံက ကိုယ်တော့်ကို စိတ်ထိခိုက်စေတယ်ဆိုတာ သိထားတယ်။ ကျွန်မဟာ မသန့်ရှင်းတော့ဘူးလို့ ခံစားလာပြီး အဲဒီခံစားချက်က ကျွန်မကို လုံးပါးပါးစေတယ်။”
နောက်ဆုံးတော့ စဲရာဟာ သူ့ရဲ့ဘဝပုံစံပြောင်းလဲဖို့ ခွန်အားရရှိခဲ့တယ်။ ယေဟောဝါသက်သေတွေဖြစ်တဲ့ မိဘတွေဆီကနေ အကူအညီရဖို့ ကြိုးစားခဲ့တယ်။ ခရစ်ယာန်အသင်းတော်က အရည်အချင်းပြည့်မီတဲ့ အကြီးအကဲတွေဆီကနေလည်း အကူအညီတောင်းခဲ့တယ်။ “မိဘတွေနဲ့ အကြီးအကဲတွေဆီက နွေးထွေးမှုနဲ့မေတ္တာ ရရှိတာကြောင့် ကျွန်မ အံ့သြဝမ်းသာခဲ့ရတယ်။ ကျွန်မ ချက်ချင်းပဲ စိတ်သက်သာရာရသွားတယ်” လို့ စဲရာပြောပြတယ်။
အခု စဲရာဟာ သားတစ်ယောက်၊ သမီးတစ်ယောက်ကို ကျွေးမွေးစောင့်ရှောက်နေတယ်။ “ကလေးနှစ်ယောက်ကို ကျွန်မရဲ့ ရွေးချယ်မှုအကြောင်း မကွယ်မဝှက် အကုန်ပြောပြတယ်။ ဘုရားသခင်ရဲ့ စံနှုန်းတွေကို မကျင့်သုံးတဲ့အတွက် ကျွန်မ ဘယ်လောက်ထိ ထိခိုက်ခဲ့ရလဲဆိုတာ ကလေးတွေကို နားလည်စေချင်တယ်။ ကျွန်မရဲ့ရည်ရွယ်ချက်က ဖိုမကိစ္စနဲ့ပတ်သက်ပြီး ဘုရားသခင့်စံနှုန်းတွေနဲ့အညီ နေထိုင်မယ်ဆိုရင် ကာယရေး၊ စိတ်ဓာတ်ရေးရာတွေမှာ ရရှိတဲ့အကျိုးကျေးဇူးတွေကို ကလေးတွေ တန်ဖိုးထားလေးမြတ်စေဖို့ပါပဲ။ ဘုရားသခင်က ကျွန်မတို့ကို မထိခိုက်မနစ်နာစေချင်တဲ့အတွက် ကိုယ်ကျင့်တရားစံနှုန်းတွေ ပေးထားတယ်ဆိုတာ ကျွန်မ အခိုင်အမာ ယုံကြည်ပါတယ်” လို့စဲရာ ပြောပြတယ်။
ဘုရားသခင်ပေးထားတဲ့ မေတ္တာပါလမ်းညွှန်ချက်ကို လိုက်လျှောက်မယ်ဆိုရင် သင်လည်းပဲ အကျိုးကျေးဇူးတွေ ခံစားရနိုင်ပါတယ်။ သမ္မာကျမ်းစာမှာ ဒီလိုကတိပေးထားတယ်– ‘ထာဝရဘုရားသခင်၏ နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရဘုရားသခင်၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍ မျက်စိကို ရှင်းလင်းစေတတ်၏။ တရားစောင့်ခြင်းအကျိုးသည် ကြီးလှပါ၏။’—ဆာလံ ၁၉:၈၊ ၁၁။b
[အောက်ခြေမှတ်ချက်]
a ယေဟောဝါဆိုတာ ကျမ်းစာမှာဖော်ပြထားတဲ့ ဘုရားသခင်ရဲ့ ကိုယ်ပိုင်နာမည်ဖြစ်ပါတယ်။
b သမ္မာကျမ်းစာမှာပါတဲ့ လက်တွေ့ကျအကြံပြုချက်ကို ပိုပြီးသိချင်တယ်ဆိုရင် သင့်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေနဲ့ ကျေးဇူးပြု၍ ဆက်သွယ်ပါ။ ဒါမှမဟုတ် သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာစောင်ရဲ့ စာမျက်နှာ ၄ မှာဖော်ပြထားတဲ့ သင့်လျော်ရာလိပ်စာကို စာရေးနိုင်ပါတယ်၊ www.pr2711.com ဝက်ဘ်ဆိုက်ထဲမှာလည်း ၀င်ကြည့်နိုင်ပါတယ်။
[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]
ကျမ်းစာစံနှုန်းတွေကို မလိုက်လျှောက်တဲ့သူတွေဟာ စိတ်ထိခိုက်စရာတွေ ကြုံရနိုင်
[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]
ကျမ်းစာစံနှုန်းတွေနဲ့အညီ နေထိုင်တဲ့သူတွေဟာ သိစိတ်ကြည်လင်ပြီး မိသားစုနှောင်ကြိုး ပိုပြီးခိုင်မာလာ