ဘုရားသခင့်စကားတော်မှ သင်ယူပါ
ဘုရားသခင့်နာမည်ကို ဘာကြောင့် အသုံးပြုသင့်သလဲ
ဒီဆောင်းပါးမှာ သင် မေးကောင်းမေးခဲ့ဖူးတဲ့ မေးခွန်းတွေ တင်ပြထားပြီး အဖြေတွေကို သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာ တွေ့ရှိနိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဆွေးနွေးလိုကြပါတယ်။
၁။ ဘုရားသခင်က ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် နာမည်ပေးခဲ့တာလဲ။
သင့်ကို “ဟိုတစ်ယောက်၊” “ဟိုလူ၊” “ဟိုအမျိုးသား၊” “ဟိုအမျိုးသမီး” လို့ ခေါ်တာထက် သင့်ရဲ့နာမည်ကိုပဲ ခေါ်စေချင်မှာ သေချာပါတယ်။ နာမည်က သင့်ကို ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ခွဲခြားသိမြင်စေပါတယ်။ ဘုရားသခင်ကို “အချုပ်အခြာအာဏာ ပိုင်သအုပ်စိုးရှင်၊” “အနန္တတန်ခိုးရှင် ဘုရားသခင်၊” “ဖန်ဆင်းတော်မူသောအရှင်” အစရှိတဲ့ ဘွဲ့အမည်တွေတပ်ပြီး ခေါ်ဆိုကြတယ်။ (တမန်တော် ၄:၂၄; ကမ္ဘာဦး ၁၇:၁; ဒေသနာ ၁၂:၁) ဒါပေမဲ့ ဘုရားသခင်ဟာ ကျွန်ုပ်တို့နဲ့ နှစ်ကိုယ်ကြားရင်းနှီးမှုရှိစေဖို့ ကိုယ့်ကိုယ်ကိုယ် နာမည်ပေးထားပါတယ်။ ဘုရားသခင်ရဲ့နာမည်က မြန်မာလို ယေဟောဝါဖြစ်ပါတယ်။—ယေရမိ ၃၃:၂ ကိုဖတ်ပါ။
ကျမ်းစာဘာသာပြန်သူ အတော်များများက ဘုရားသခင့်နာမည်ကို “ဘုရားသခင်၊” “သခင်” ဆိုတဲ့စကားလုံးတွေနဲ့ အစားထိုးခဲ့ပေမဲ့လည်း ရှေးခေတ် ဟီဘရူးလက်ရေးစာမူတွေမှာ ဘုရားသခင်ရဲ့နာမည်ကို အကြိမ် ၇,၀၀၀ နီးပါး တွေ့ရှိရပါတယ်။ ဒါကြောင့် ဘုရားသခင်က လူတွေကို သူ့ရဲ့နာမည် သိစေချင်တယ်ဆိုတာ ထင်ရှားပါတယ်။—ဟေရှာယ ၁၂:၄ ကိုဖတ်ပါ။
၂။ ဘုရားသခင်ရဲ့နာမည်ကို သိရှိဖို့ ဘာကြောင့် အရေးကြီးတာလဲ။
ဘုရားသခင်ရဲ့နာမည်ကို သိရှိခြင်းဆိုတာ အသံထွက်ကို သိရုံလောက်ပဲ မဟုတ်ပါဘူး။ ဘုရားသခင်ကို နာမည်နဲ့တကွ သိရှိခြင်းဆိုတာ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိခြင်းဖြစ်ပါတယ်။ ယေဟောဝါဆိုတဲ့နာမည်က “ကိုယ်တော်ဖြစ်လာစေသည်” လို့အဓိပ္ပာယ်ရတယ်။ အဲဒီအဓိပ္ပာယ်က ဘုရားသခင်ဟာ သူ့ရဲ့ရည်ရွယ်ချက် ပြည့်စုံစေဖို့ လိုအပ်တဲ့အရာမှန်သမျှကို ဖြစ်လာစေမယ်ဆိုတဲ့ အာမခံချက်တစ်ခုပဲ။ ဒါကြောင့် ဘုရားသခင့်နာမည်ကို သိရှိခြင်းက ဘုရားသခင်ဟာ သူ့ရဲ့ကတိတော်တွေကို ပြည့်စုံစေမယ်ဆိုတာ ယုံကြည်တဲ့ သဘောသက်ရောက်စေပါတယ်။ (ဆာလံ ၉:၁၀) ဘုရားသခင့်နာမည်ကိုသိပြီး အသုံးပြုတဲ့သူတွေရဲ့ ယုံကြည်ခြင်းက ဘုရားသခင်ကို ယုံကြည်ကိုးစားပြီး သူတို့ရဲ့ဘဝမှာ ပထမနေရာထားဖို့ သူတို့ကို လှုံ့ဆော်ပေးပါတယ်။ ယေဟောဝါဘုရားသခင်ကလည်း အဲဒီလိုလူတွေကို ကာကွယ်ပေးသွားမှာဖြစ်တယ်။—ဆာလံ ၉၁:၁၄ ကိုဖတ်ပါ။
၃။ ဘုရားသခင်က လူတွေကို ဘာကြောင့် မိမိရဲ့နာမည် သိစေချင်တာလဲ။
ဘုရားသခင်က လူတွေကို မိမိရဲ့နာမည် သိစေချင်ပါတယ်၊ ဒါမှသာ သူတို့ အကျိုးခံစားရမှာဖြစ်တယ်။ ဘုရားသခင်ကို နာမည်နဲ့တကွ သိမှသာ ဘုရားသခင်နဲ့မိတ်ဆွေဖြစ်လာမယ်၊ ထာဝစဉ်အသက်ရှင်ခွင့် မျှော်လင့်ချက်လည်း ရှိလာပါလိမ့်မယ်။ ဒါကြောင့် ယေဟောဝါဘုရားသခင်ဟာ လူတွေကို သူ့နာမည်သိစေချင်တာ အံ့ဩစရာမဟုတ်ပါဘူး။—ယောဟန် ၁၇:၃; ရောမ ၁၀:၁၃၊ ၁၄ တို့ကိုဖတ်ပါ။
ယေရှုဟာ လူတွေကို ဘုရားသခင်ရဲ့နည်းလမ်းတော်တွေ၊ ပညတ်တွေနဲ့ ကတိတော်တွေအကြောင်း သွန်သင်ပေးခြင်းအားဖြင့် ဘုရားသခင့်နာမည်ကို ကြားသိစေခဲ့ပါတယ်။ ကနေ့ခေတ် ယေရှုရဲ့နောက်လိုက်တွေကလည်း ဘုရားသခင့်နာမည်ကို လူမျိုးအပေါင်း ကြားသိစေဖို့ ဆက်လုပ်ဆောင်နေပါတယ်။ အဲဒီအလုပ်ကို ‘ဘုရားသခင့်နာမတော်အတွက် လူတစ်မျိုး’ အနေနဲ့ စည်းလုံးစွာ လုပ်ဆောင်နေကြပါတယ်။—တမန်တော် ၁၅:၁၄; ယောဟန် ၁၇:၂၆ တို့ကိုဖတ်ပါ။
၄။ ဘုရားသခင်က မိမိရဲ့နာမည်ကို ဘယ်လိုဂုဏ်တင်ချီးမြှောက်မလဲ။
ယေဟောဝါဘုရားသခင်ဟာ သူ့ရဲ့နာမည်ကို ဂုဏ်တင်ချီးမြှောက်ချင်တယ်၊ အကြောင်းရင်းကတော့ ဘုရားသခင့်နာမည်က ရှုတ်ချခံနေရလို့ပါပဲ။ ဥပမာ၊ ဘုရားသခင်ဟာ အသက်ပေးပိုင်ရှင်မဟုတ်တဲ့အတွက် သူ့ကို နာခံစရာမလိုဘူးလို့ လူတချို့က ပြောကြတယ်။ တချို့ကလည်း ဘုရားသခင်ဟာ လူတွေကို ဂရုမစိုက်တဲ့အပြင် ဆင်းရဲခက်ခဲမှုတွေကို ဖြစ်ပေါ်စေတဲ့သူလို့ ပြောကြတယ်။ တကယ်တော့ သူတို့ဟာ ဘုရားသခင်ရဲ့နာမည်ကို ရှုတ်ချနေကြတာပါ။ ဒါပေမဲ့ သူတို့ အမြဲတမ်း ရှုတ်ချနိုင်မှာမဟုတ်ပါဘူး။ ဘုရားသခင်က သူ့နာမည်ရှုတ်ချတဲ့သူတွေကို မကြာခင် ဖျက်ဆီးပစ်ပါတော့မယ်။—ဆာလံ ၈၃:၁၇၊ ၁၈ ကိုဖတ်ပါ။
ဘုရားသခင်ဟာ မိမိရဲ့နိုင်ငံတော်အားဖြင့် လူ့အုပ်ချုပ်မှုအားလုံးကို ဖယ်ရှားပြီး လူသားတွေအတွက် ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုကို ပြန်လည်ဆောင်ကြဉ်းပေးတဲ့အချိန်မှာ မိမိရဲ့နာမည်ကို ဂုဏ်တင်ချီးမြှောက်ပါလိမ့်မယ်။ (ဒံယေလ ၂:၄၄၊ ၄၅) မကြာခင် ယေဟောဝါက စစ်မှန်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာ လူတိုင်း သိလာကြပါတော့မယ်။—ယေဇကျေလ ၃၆:၂၃; မဿဲ ၆:၉ တို့ကိုဖတ်ပါ။
သင် ဘာလုပ်သင့်သလဲ။ သမ္မာကျမ်းစာကို လေ့လာပြီး ဘုရားသခင်ကိုချစ်တဲ့သူတွေနဲ့ ပေါင်းသင်းခြင်းအားဖြင့် ဘုရားသခင်အကြောင်း ပိုသိအောင်လုပ်ပါ။ ဘုရားသခင်က သူ့ရဲ့နာမည်ကို ဂုဏ်တင်ချီးမြှောက်ချိန်မှာ သူ့အပေါ် သစ္စာရှိတဲ့သူတွေကို သတိရနေမှာဖြစ်တယ်။—မာလခိ ၃:၁၆။
ဒီထက်မက ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း ဒီစာအုပ်ရဲ့အခန်း ၁ ကိုဖတ်ကြည့်ပါ။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ရှေးခေတ် ဟီဘရူးလက်ရေးစာမူ တစ်ခုမှာ တွေ့ရတဲ့ ဘုရားသခင့်နာမည်