ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၈/၁၅ စာ. ၃-၇
  • ‘ငါသည် သင်တို့နှင့်အတူ ရှိသည်’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ငါသည် သင်တို့နှင့်အတူ ရှိသည်’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်ရင်းမှန်တဲ့ခရစ်ယာန်တွေ “စစ်မှန်တဲ့အသိပညာ” ရှာတွေ့ကြ
  • ‘လူအများကြီးက စစ်မှန်တဲ့အသိပညာကို’ လက်ခံ
  • “စစ်မှန်တဲ့အသိပညာတိုးများ” လာ
  • မြေကြီးက ဘုရားသခင်ကိုသိကျွမ်းတဲ့ အသိပညာနဲ့ပြည့်
  • ဘုရားသခင်အား သိကျွမ်းခြင်းပညာကို လူသားများလိုအပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ကောင်းကင်မှာ နိုင်ငံတော်ဖွားမြင်ပြီ
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • ဝှက်ထားသောဘဏ္ဍာကို သင်ရှာဖွေသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • သမ္မာကျမ်းစာအမှန်တရား ဘယ်လို ပြန်ပေါ်လာသလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၈/၁၅ စာ. ၃-၇

‘ငါသည် သင်တို့နှင့်အတူ ရှိသည်’

“လူအများကြီးက စူးစမ်းရှာဖွေပြီး စစ်မှန်တဲ့အသိပညာ တိုးများလာလိမ့်မယ်။” —ဒံ. ၁၂:၄၊ ကဘ။

သင့်အဖြေက ဘာလဲ

မျက်မှောက်ခေတ်မှာ “စစ်မှန်တဲ့အသိပညာ” ကို လူတွေ ဘယ်လိုရှာတွေ့နိုင်ကြသလဲ။

အမှန်တရားကိုလက်ခံသူတွေ ဘယ်လို “တိုးများ” လာသလဲ။

တိကျမှန်ကန်တဲ့အသိပညာက ဘယ်လိုနည်းတွေနဲ့ “တိုးများ” လာသလဲ။

၁၊ ၂။ (က) အခုအချိန်မှာရော၊ အနာဂတ်မှာပါ ယေရှု ကျွန်ုပ်တို့နဲ့အတူရှိနေမယ်ဆိုတာကို ဘယ်လိုသိရသလဲ။ (ခ) ဒံယေလ ၁၂:၄ အရ သမ္မာကျမ်းစာကို အသေအချာစူးစမ်းလေ့လာခြင်းကနေ ဘာအကျိုးကျေးဇူးရရှိနိုင်သလဲ။

ပရဒိသုမှာရှိနေတယ်လို့ သင့်ကိုယ်သင် မြင်ယောင်ကြည့်ပါ။ နံနက်တိုင်းမှာ လန်းလန်းဆန်းဆန်းနိုးထလာပြီး နေ့ရက်သစ်ကိုစတင်ဖို့ အားအင်အပြည့်ရှိနေတယ်။ ကိုက်ခဲနာကျင်တာတွေ မခံစားရဘူး။ တစ်ချိန်တုန်းက သင့်မှာရှိခဲ့တဲ့ ရောဂါတွေ ပျောက်ကင်းသွားပြီ။ အကြား၊ အမြင်၊ အနံ့၊ အထိအတွေ့၊ အရသာဆိုတဲ့ သင့်ရဲ့ အာရုံငါးပါးကလည်း အရမ်းကောင်းနေတယ်။ သင့်မှာ ခွန်အားအပြည့်အဝရှိပြီး သင်လုပ်ရတဲ့အလုပ်ကလည်း ပျော်စရာကောင်းတယ်၊ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရှိပြီး စိုးရိမ်ပူပန်စရာဆိုတာ လုံးဝမရှိဘူး။ ဒါတွေက ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်မှာ သင်ခံစားရနိုင်တဲ့ ကောင်းချီးတွေပဲ။ ဘုရင်ယေရှုခရစ်က မိမိရဲ့လက်အောက်ခံတွေကို ကောင်းချီးပေးပြီး ယေဟောဝါနဲ့ပတ်သက်တဲ့ အသိပညာကို သင်ပေးမှာဖြစ်တယ်။

၂ အဲဒီအချိန်မှာ ဘုရားသခင်နဲ့ ကိုယ်တော့်သားတော်က တခြားသူတွေကို ယေဟောဝါအကြောင်း သင်ပေးဖို့ သစ္စာရှိသူတွေကို ကူညီပေးမှာဖြစ်ပြီး သူတို့နဲ့အတူ အမြဲရှိနေမှာဖြစ်တယ်။ ယေရှု ကောင်းကင်ကိုမတက်ကြွခင်မှာ တပည့်တော်တွေကို ‘ငါသည် သင်တို့နှင့်အတူ ရှိသည်’ လို့ ပြောခဲ့တယ်။ (မဿဲ ၂၈:၁၉၊ ၂၀ ကိုဖတ်ပါ။) ယေရှုရဲ့ကတိတော်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ဖို့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၅၀၀ ကျော်က ဗာဗုလုန်မှာ ဒံယေလရေးသားခဲ့တဲ့ ပရောဖက်ပြုချက်တစ်ခုအကြောင်း အခု သုံးသပ်ကြည့်ပါမယ်။ ကျွန်ုပ်တို့အချိန်အကြောင်း သူ ဒီလိုရေးခဲ့တယ်– “လူအများကြီးက စူးစမ်းရှာဖွေပြီး စစ်မှန်တဲ့အသိပညာ တိုးများလာလိမ့်မယ်။” (ဒံ. ၁၂:၄၊ ကဘ) ကျမ်းစာကိုအသေအချာ စူးစမ်းလေ့လာသူတွေဟာ သမ္မာကျမ်းစာနဲ့ပတ်သက်တဲ့ တိကျမှန်ကန်တဲ့အသိပညာကို ရှာဖွေတွေ့ရှိမယ်၊ အဲဒါက ထူးမြတ်တဲ့ကောင်းချီးရရှိစေမယ်ဆိုတာကို ဒီပရောဖက်ပြုချက်က ဖော်ပြတယ်။ ပရောဖက်ပြုချက်မှာ “စစ်မှန်တဲ့အသိပညာ တိုးများလာလိမ့်မယ်” လို့လည်း ဖော်ပြတယ်။ ဒီအသိပညာကိုရှာတွေ့သူတွေဟာ အသိပညာကိုလက်ခံပြီး တခြားသူတွေကို ဒီအမှန်တရားတွေအကြောင်း သင်ပေးမှာဖြစ်တယ်။ ဒါ့အပြင် နေရာတိုင်းမှာရှိတဲ့လူတွေဟာ အဲဒီအမှန်တရားတွေကို သင်ယူနိုင်ကြပါလိမ့်မယ်။ ဒီပရောဖက်ပြုချက် ဘယ်လို ပြည့်စုံလာတယ်ဆိုတာ အခုကြည့်ကြစို့။ အဲဒါက ယေရှုဟာ ဒီနေ့အချိန်မှာ တပည့်တွေနဲ့အတူရှိနေတယ်၊ ယေဟောဝါက အနာဂတ်နဲ့ပတ်သက်တဲ့ ကိုယ်တော့်ကတိတော်အားလုံးကို ပြည့်စုံစေမယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်ကို ခိုင်ခံ့စေမှာဖြစ်တယ်။

စိတ်ရင်းမှန်တဲ့ခရစ်ယာန်တွေ “စစ်မှန်တဲ့အသိပညာ” ရှာတွေ့ကြ

၃။ တမန်တော်တွေသေဆုံးပြီးတဲ့နောက် ဘာဖြစ်ပျက်ခဲ့သလဲ။

၃ တမန်တော်ပေါလုကြိုပြောခဲ့တဲ့ အယူဖောက်ပြန်မှုက တမန်တော်တွေသေဆုံးပြီးတဲ့နောက်မှာ စတင်ပေါ်ပေါက်ခဲ့ပြီး တောမီးလိုပဲ မြန်မြန်ဆန်ဆန် ကူးစက်ပျံ့နှံ့သွားခဲ့တယ်။ (တ. ၂၀:၂၈-၃၀; ၂ သက်. ၂:၁-၃) အဲဒီနောက်ပိုင်း နှစ်ပေါင်းရာနဲ့ချီကြာတဲ့အထိ သူတို့ကိုယ်သူတို့ ခရစ်ယာန်ပါလို့ပြောတဲ့သူတွေမှာတောင် “စစ်မှန်တဲ့အသိပညာ” မရှိခဲ့ဘူး။ ဘာသာရေးခေါင်းဆောင်တွေက သမ္မာကျမ်းစာကို ယုံကြည်ပါတယ်လို့ ပြောကြပေမဲ့ ဘုရားသခင်ကိုရှုတ်ချတဲ့ လိမ်ညာစကားတွေဖြစ်တဲ့ ‘နာမ်ဝိညာဉ်ဆိုးတို့၏ လှည့်ဖြားတတ်သော သတင်းစကား’ ကို သင်ပေးခဲ့တယ်။ (၁ တိ. ၄:၁) ရလဒ်အနေနဲ့ လူအများစုက ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို မသိတော့ဘူး။ အဲဒီအစား ဘုရားသခင်ဟာ ပုဂ္ဂိုလ်သုံးပါးပေါင်းထားတဲ့ ဘုရားသခင်တစ်ပါးဖြစ်တယ်၊ ဝိညာဉ်မသေဘူး၊ ဝိညာဉ်တချို့ဟာ ငရဲမှာထာဝစဉ်မီးမြှိုက်ခံနေရတယ် အစရှိတဲ့ အလိမ်အညာစကားတွေ သွန်သင်ခံနေရတယ်။

၄။ ၁၈၇၀ ပြည့်လွန်နှစ်တွေအတွင်းမှာ ခရစ်ယာန်အုပ်စုတစ်စုက ကျမ်းစာအမှန်တရားကို ဘယ်လိုစတင်ရှာဖွေခဲ့ကြသလဲ။

၄ ဒါပေမဲ့ “နောက်ဆုံးသောနေ့ရက်များ” မစတင်ခင် အနှစ် ၄၀ လောက်ဖြစ်တဲ့ ၁၈၇၀ ပြည့်လွန်နှစ်တွေအတွင်းမှာ အပြောင်းအလဲတွေဖြစ်ခဲ့တယ်။ အမေရိကန်ပြည်ထောင်စု၊ ပဲင်စီဗေးလ်နီးယားမှာရှိတဲ့ စိတ်ရင်းမှန်တဲ့ခရစ်ယာန်အုပ်စုငယ်လေးဟာ သမ္မာကျမ်းစာကိုအသေအချာလေ့လာပြီး စစ်မှန်တဲ့အသိပညာကို ရှာဖွေဖို့ အတူစုဝေးခဲ့ကြတယ်။ (၂ တိ. ၃:၁) သူတို့ကိုသူတို့ ကျမ်းစာကျောင်းသားများ လို့ခေါ်ဆိုခဲ့ကြတယ်။ သူတို့တွေဟာ ဘုရားသခင့်အလိုတော်ကို အမှန်တကယ်ဆောင်ရွက်လိုတဲ့ စိတ်နှိမ့်ချသူတွေဖြစ်တယ်။ သူတို့က ယေရှုပြောခဲ့တဲ့ “စစ်မှန်တဲ့အသိပညာ” ကို ရှာတွေ့နိုင်မှာမဟုတ်တဲ့ “ပညာရှိသောသူနှင့် ဉာဏ်ကောင်းသောသူ” တွေတော့မဟုတ်ဘူး။ (မ. ၁၁:၂၅) ကျမ်းစာကျောင်းသားတွေက ကျမ်းစာကိုအသေအချာဖတ်ရှု၊ ဆွေးနွေးပြီး တွေးတောဆင်ခြင်ခဲ့ကြတယ်၊ ဘုရားသခင့်လမ်းညွှန်မှုရဖို့ ဆုတောင်းခဲ့ကြတယ်။ သူတို့တွေဟာ ကျမ်းချက်တွေကို နှိုင်းယှဉ်ပြီး ကျမ်းစာအမှန်တရားကို ရှာဖွေခဲ့တဲ့ တခြားသူတွေ ရေးသားခဲ့တာတွေကို လေ့လာခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ ကျမ်းစာကျောင်းသားတွေဟာ လူတွေ နှစ်ရာနဲ့ချီမသိခဲ့တဲ့ အမှန်တရားတွေကို နားလည်သဘောပေါက်လာခဲ့ကြတယ်။

၅။ ရှေးဦးဘာသာရေးယုံကြည်ချက်များ (The Old Theology) လို့ခေါ်တဲ့ ဝေစာတွေကို ဘာကြောင့် ထုတ်ဝေခဲ့တာလဲ။

၅ ကျမ်းစာကျောင်းသားတွေက သူတို့သင်ယူသိရှိရာတွေနဲ့ပတ်သက်ပြီး ပျော်ရွှင်ကြပေမဲ့ မာနမထောင်လွှားခဲ့ဘူး။ ဒီအမှန်တရားတွေက ကျမ်းစာထဲမှာ အရင်ကတည်းကရှိနေခဲ့တယ်ဆိုတာ သူတို့နားလည်ခဲ့တယ်။ ဒါကြောင့် အကြောင်းအရာအသစ်ကိုတွေ့ရှိတယ်လို့ မပြောခဲ့ဘူး။ (၁ ကော. ၈:၁) အဲဒီအစား သူတို့တွေက တခြားသူတွေကို ကျမ်းစာအမှန်တရားသင်ပေးနိုင်ဖို့ ရှေးဦး ဘာသာရေးယုံကြည်ချက်များ (The Old Theology) လို့ခေါ်တဲ့ ဝေစာတွေကို ပုံနှိပ်ခဲ့တယ်။ ဦးဆုံးထုတ်ဝေခဲ့တဲ့ ဒီဝေစာတွေက လူတွေကို ကျမ်းစာလေ့လာဖို့ ကူညီပေးတယ်၊ ဒါမှသာ လူတွေဟာ “မှားယွင်းတဲ့လူ့ထုံးတမ်းစဉ်လာအားလုံး” ကို ငြင်းပယ်ပြီး ယေရှုနဲ့တမန်တော်တွေရဲ့ စစ်မှန်တဲ့သွန်သင်ချက်တွေဖြစ်တဲ့ “ရှေးဦး ဘာသာရေးယုံကြည်ချက်များ” ကို လက်ခံနိုင်မှာဖြစ်တယ်။—The Old Theology အမှတ် ၁၊ ဧပြီ ၁၈၈၉၊ စာမျက်နှာ ၃၂။

၆၊ ၇။ (က) ၁၈၇၀ ပြည့်လွန်နှစ်တွေကစပြီး ဘယ်အမှန်တရားတွေကို ယေဟောဝါသက်သေတွေ သင်ယူခဲ့ကြသလဲ။ (ခ) အထူးသဖြင့် ဘယ်အမှန်တရားတွေကို သင်ယူရတာကို သင်နှစ်သက်သလဲ။

၆ ၁၈၇၀ ပြည့်လွန်နှစ်တွေကတည်းက ယေဟောဝါသက်သေတွေဟာ အလွန်ကောင်းမြတ်တဲ့အမှန်တရားအတော်များများကို လေ့လာသိရှိခဲ့ကြတယ်။a ဒီအမှန်တရားတွေကို လေ့လာတဲ့အခါ အချက်အလက်တွေကို သင်ယူရုံလောက်ပဲမဟုတ်ဘူး။ ကျွန်ုပ်တို့ရဲ့အသက်တာတွေကို တိုးတက်ကောင်းမွန်စေတဲ့ စိတ်လှုပ်ရှားဖွယ်အကြောင်းအရာတွေကို သင်ယူကြတယ်။ ဒီအမှန်တရားတွေက ကျွန်ုပ်တို့ကို ပျော်ရွှင်စေပြီး အနာဂတ်မျှော်လင့်ချက် ရှိစေတယ်။ ကျွန်ုပ်တို့ရဲ့မေတ္တာရှင်ဘုရားသခင် ယေဟောဝါအကြောင်းသိရှိစေပြီး ကိုယ်တော့်အလိုတော်ကို နားလည်စေတယ်။ ယေရှုက ဘယ်သူလဲ၊ သူ ဘာကြောင့် မြေကြီးပေါ်လာပြီး အသေခံရတာလဲ၊ သူ အခုဘာလုပ်နေသလဲဆိုတာကို ရှင်းပြတယ်။ ဒီအဖိုးတန်အမှန်တရားတွေက ဘုရားသခင် ဘာကြောင့် ဆင်းရဲဒုက္ခတွေကို ဖြစ်ခွင့်ပြုတာလဲ၊ ကျွန်ုပ်တို့ ဘာကြောင့်သေရတာလဲ၊ ဘယ်လိုဆုတောင်းသင့်သလဲ၊ စစ်မှန်တဲ့ပျော်ရွှင်မှုကို ဘယ်လိုရနိုင်သလဲဆိုတာ နားလည်ဖို့ ကူညီပေးတယ်။

၇ အချိန်အကြာကြီး “လျှို့ဝှက်” ချက်အဖြစ်ရှိနေခဲ့ပေမဲ့ ဒီအဆုံးပိုင်းကာလမှာ ပြည့်စုံနေတဲ့ ပရောဖက်ပြုချက်တွေရဲ့ အဓိပ္ပာယ်ကို အခုဆိုရင် နားလည်နိုင်ပြီ။ (ဒံ. ၁၂:၉၊ ကဘ) အဲဒီပရောဖက်ပြုချက်အတော်များများက ခရစ်ဝင်ကျမ်းတွေနဲ့ ဗျာ. ကျမ်းမှာပါတယ်။ ဥပမာ၊ လူသားတွေမမြင်နိုင်တဲ့ ကောင်းကင်မှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို သိနားလည်ဖို့ ကျွန်ုပ်တို့ကို ယေဟောဝါ ကူညီပေးခဲ့တယ်။ ယေရှု ဘုရင်ဖြစ်နေပြီ၊ ကောင်းကင်မှာ စစ်ပွဲတစ်ခုဖြစ်ခဲ့တယ်၊ အဲဒီနောက် စာတန် ကောင်းကင်ကနေပစ်ချခံရတယ်ဆိုတာကို ကျွန်ုပ်တို့သိရတယ်။ (ဗျာ. ၁၂:၇-၁၂) ကျွန်ုပ်တို့တွေ့မြင်နိုင်တဲ့ အရာတွေရဲ့အဓိပ္ပာယ်ကို သိနားလည်ဖို့လည်း ဘုရားသခင် ကူညီပေးခဲ့တယ်။ စစ်ပွဲ၊ ငလျင်၊ ရောဂါနဲ့ အစားအစာရှားပါးတာတွေရဲ့ အဓိပ္ပာယ်တွေကို နားလည်ရတဲ့အပြင် ကျွန်ုပ်တို့အသက်ရှင်နေရတဲ့အချိန်ကို “ခက်ခဲကျပ်တည်း” စေတဲ့ ဆိုးသွမ်းတဲ့လုပ်ရပ်တွေကို လူတွေ ဘာကြောင့်လုပ်နေတယ်ဆိုတာ ကျွန်ုပ်တို့နားလည်တယ်။—၂ တိ. ၃:၁-၅; လု. ၂၁:၁၀၊ ၁၁။

၈။ အမှန်တရားကို နားလည်စေသူက ဘယ်သူလဲ။

၈ ယေရှုက တပည့်တွေကို ဒီလိုပြောခဲ့တယ်– “သင်တို့မြင်ရသောအရာများကို မြင်ရသောသူတို့သည် ပျော်ရွှင်ကြ၏။ ငါဆိုသည်ကား သင်တို့မြင်ရသောအရာများကို ပရောဖက်အများနှင့် ရှင်ဘုရင်အများတို့သည် မြင်လိုကြသော်လည်း မြင်ခွင့်မရကြ။ သင်တို့ကြားရသောအရာများကို ကြားလိုကြသော်လည်း ကြားခွင့်မရကြ။” (လု. ၁၀:၂၃၊ ၂၄) ကျွန်ုပ်တို့ကို ဒီအရာတွေကို မြင်စေ၊ ကြားစေနိုင်တာက ယေဟောဝါဘုရားသခင် တစ်ပါးတည်းသာဖြစ်တယ်။ ဘုရားသခင်က “ကူညီမစသူ” ဖြစ်တဲ့ မိမိရဲ့သန့်ရှင်းသောစွမ်းအားတော်ကိုသုံးပြီး အမှန်တရားကို ကျွန်ုပ်တို့အပြည့်အဝနားလည်နိုင်ဖို့ ကူညီပေးတဲ့အတွက် ကျွန်ုပ်တို့အရမ်းကျေးဇူးတင်ကြတယ်။ (ယောဟန် ၁၆:၇၊ ၁၃ ကိုဖတ်ပါ။) အမှန်တရားက တန်ဖိုးရှိတယ်၊ တခြားသူတွေ အမှန်တရားသင်ယူနိုင်ဖို့ ကျွန်ုပ်တို့ ကူညီပေးဖို့လိုတယ်ဆိုတဲ့အချက်ကို မမေ့သင့်ဘူး။

‘လူအများကြီးက စစ်မှန်တဲ့အသိပညာကို’ လက်ခံ

၉။ ၁၈၈၁၊ ဧပြီလထုတ် ကင်းမျှော်စင်မှာ ဘယ်ဖိတ်ခေါ်ချက်ပါသလဲ။

၉ ကင်းမျှော်စင် စထုတ်ဝေတာ နှစ်နှစ်မပြည့်သေးတဲ့ ၁၈၈၁ ခုနှစ်ရဲ့ ဧပြီလထုတ်မှာ “သတင်းကောင်းဟောပြောသူ ၁,၀၀၀ အလိုရှိသည်” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့တယ်။ အဲဒီဆောင်းပါးက မိမိတို့ရဲ့အချိန်တစ်ဝက် ဒါမှမဟုတ် အချိန်အတော်များများကို ဟောပြောခြင်းလုပ်ငန်းမှာ အသုံးပြုနိုင်တဲ့သူတွေကို ကော်လ်ပေါ်တာတွေလို့ခေါ်ခဲ့တဲ့ ရှေ့ဆောင်တွေအဖြစ် အမှုဆောင်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ သူတို့တွေဟာ နေရာအနှံ့သွားပြီး ဘုရားသခင်ကိုချစ်ပေမဲ့ ဘုရားသခင်အကြောင်း တိကျမှန်ကန်စွာမသိတဲ့ စိတ်ရင်းမှန်ရှိသူခရစ်ယာန်တွေကို ရှာဖွေပြီး ဘုရားသခင်၊ သမ္မာကျမ်းစာနဲ့ပတ်သက်တဲ့အမှန်တရားကို သင်ပေးဖို့ တောင်းဆိုခံရတယ်။

၁၀။ သတင်းကောင်းဟောပြောသူ ၁,၀၀၀ အလိုရှိတယ်ဆိုတဲ့ ဖိတ်ခေါ်ချက်ကိုဖတ်ပြီးတဲ့နောက် လူများစွာက ဘာလုပ်ချင်ခဲ့ကြသလဲ။

၁၀ ကျမ်းစာကျောင်းသားတွေက ခရစ်ယာန်စစ်တွေ သတင်းကောင်းဟောပြောရမယ်ဆိုတဲ့အချက်ကို သိထားတဲ့အတွက် တခြားသူတွေကိုပါ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ကြတယ်။ အဲဒီအချိန်မှာ ကျမ်းစာကျောင်းသားတွေရဲ့ အစည်းအဝေးတွေကို တက်ရောက်သူဆိုလို့ ရာဂဏန်းလောက်ပဲရှိတယ်၊ ဒါကြောင့် ဒီဖိတ်ခေါ်ချက်ကို လက်ခံသူအရေအတွက်က သူတို့မျှော်လင့်သလောက် မရှိခဲ့ဘူး။ ဒါပေမဲ့ ဝေစာ ဒါမှမဟုတ် မဂ္ဂဇင်းကိုဖတ်တဲ့ လူအတော်များများက သူတို့အမှန်တရားတွေ့ပြီဆိုတာသိပြီး တခြားသူတွေကို ကူညီပေးချင်ကြတယ်။ ဥပမာ၊ ကျမ်းစာကျောင်းသားတွေထုတ်ဝေတဲ့ ကင်းမျှော်စင်မဂ္ဂဇင်းနဲ့ စာအုပ်ငယ်တစ်အုပ်ကို ၁၈၈၂ ခုနှစ်မှာ ဖတ်ရတဲ့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က လူတစ်ယောက် ဒီလိုရေးခဲ့တယ်– “ဘုရားသခင်အလိုရှိပြီး ကောင်းချီးပေးနေတဲ့ ဒီလုပ်ငန်းပြီးမြောက်အောင်မြင်နိုင်ဖို့ ဘယ်လိုဟောပြောရမယ်၊ ဘာကိုဟောရမယ်ဆိုတာကို ကျေးဇူးပြု၍ ကျွန်တော့်ကိုပြောပြပေးပါ။”

၁၁၊ ၁၂။ (က) ကျွန်ုပ်တို့နဲ့ ကော်လ်ပေါ်တာတွေမှာ ဘယ်တူညီတဲ့ပန်းတိုင်ရှိသလဲ။ (ခ) ကော်လ်ပေါ်တာတွေက “သင်တန်းတွေ” လို့ခေါ်တဲ့ အသင်းတော်တွေကို ဘယ်လိုဖွဲ့စည်းခဲ့ကြသလဲ။

၁၁ ၁၈၈၅ ခုနှစ်မှာ ကော်လ်ပေါ်တာ ၃၀၀ နီးပါးရှိခဲ့တယ်။ သူတို့တွေမှာလည်း ယနေ့ကျွန်ုပ်တို့လိုပဲ လူတွေကို ယေရှုခရစ်ရဲ့တပည့်ဖြစ်အောင် လုပ်ဆောင်မယ်ဆိုတဲ့ တူညီတဲ့ပန်းတိုင်ရှိခဲ့တယ်။ ဒါပေမဲ့ လုပ်ဆောင်တဲ့နည်းချင်းတော့ မတူဘူး။ ယနေ့အချိန်မှာ ကျွန်ုပ်တို့က များသောအားဖြင့် တစ်ကြိမ်မှာ လူတစ်ယောက်နဲ့ သမ္မာကျမ်းစာလေ့လာတယ်။ အဲဒီနောက် ကျမ်းစာသင်သားကို အသင်းတော်အစည်းအဝေးတွေတက်ဖို့ ဖိတ်ခေါ်တယ်။ အရင်ခေတ်က ကော်လ်ပေါ်တာတွေကျတော့ စာအုပ်တွေကိုဝေငှတယ်၊ အဲဒီနောက် စိတ်ဝင်စားတဲ့လူတွေကိုစုဝေးပြီး အုပ်စုလိုက် လေ့လာကြတယ်။ ဒီလိုနည်းနဲ့ ကော်လ်ပေါ်တာတွေက သင်တန်းတွေလို့ခေါ်ဆိုခဲ့ကြတဲ့ အသင်းတော်အသစ်တွေကို ဖွဲ့စည်းခဲ့ကြတယ်။

၁၂ ဥပမာ၊ ၁၉၀၇ ခုနှစ်မှာ ကော်လ်ပေါ်တာအုပ်စုတစ်စုဟာ နှစ်တစ်ထောင်အရုဏ်ဦးစာအုပ် (ကျမ်းစာစောင်များမှ လေ့လာစရာများလို့လည်း ခေါ်တဲ့စာအုပ်တွေ) ရှိနှင့်ထားပြီးသားလူတွေကို မြို့အနှံ့လိုက်ရှာခဲ့ကြတယ်။ အဲဒီနောက် ကော်လ်ပေါ်တာတွေက စိတ်ဝင်စားသူတစ်ဦးရဲ့အိမ်မှာကျင်းပတဲ့ တနင်္ဂနွေနေ့အစည်းအဝေးတစ်ခုကို တက်ရောက်ဖို့ သူတို့ကို ဖိတ်ခေါ်ခဲ့တယ်။ အဲဒီတနင်္ဂနွေနေ့မှာ ကော်လ်ပေါ်တာတစ်ဦးက ခေတ်များတစ်လျှောက် ဘုရားသခင့်အစီအစဉ်ဆိုတဲ့ ဟောပြောချက်ကို ပေးတယ်။ နောက်အပတ်တနင်္ဂနွေနေ့မှာ အဲဒီကော်လ်ပေါ်တာက အစည်းအဝေးတက်ရောက်သူတွေကို အစည်းအဝေးတွေ ပုံမှန်ဆက်ပြုလုပ်ကြဖို့ အားပေးတယ်။ ၁၉၁၁ ခုနှစ်မှာ ညီအစ်ကိုတွေက တပည့်ဖြစ်စေခြင်းလုပ်ငန်းနဲ့ပတ်သက်တဲ့ နောက်နည်းလမ်းတစ်ခုကို စမ်းကြည့်ခဲ့ကြတယ်။ ညီအစ်ကို ငါးဆယ့်ရှစ်ယောက်က လူထုဟောပြောချက်တွေပေးဖို့ အမေရိကန်နဲ့ ကနေဒါနိုင်ငံအနှံ့ ခရီးသွားခဲ့ကြတယ်။ သူတို့တွေက အစည်းအဝေးလာတက်တဲ့ စိတ်ဝင်စားသူတွေရဲ့ နာမည်နဲ့လိပ်စာတွေကို ရေးမှတ်ထားကြတယ်။ အဲဒီနောက် သူတို့က လူနေအိမ်တွေမှာ တွေ့ဆုံစည်းဝေးဖို့ စိတ်ဝင်စားသူတွေကို အုပ်စုတွေခွဲပေးတယ်။ ဒီလိုနည်းနဲ့ သူတို့က အသင်းတော်အသစ်တွေကို ဖွဲ့စည်းခဲ့ကြတယ်။ ၁၉၁၄ ခုနှစ်မှာ ကမ္ဘာတစ်ဝန်းမှာ ကျမ်းစာကျောင်းသားတွေရဲ့ အသင်းတော် ၁,၂၀၀ ရှိခဲ့တယ်။

၁၃။ ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး ထူးခြားတဲ့ဘယ်အချက်တွေကို သင်တွေ့ရသလဲ။

၁၃ ယနေ့အချိန်မှာ ကမ္ဘာတစ်ဝန်းလုံးမှာ အသင်းတော်ပေါင်း ၁၀၉,၄၀၀ ရှိပြီး ညီအစ်ကိုညီအစ်မ ၈၉၅,၈၀၀ ခန့်ဟာ ရှေ့ဆောင်တွေဖြစ်တယ်။ လူရှစ်သန်းနီးပါးဟာ “စစ်မှန်တဲ့အသိပညာ” ကိုလက်ခံပြီး ဒါကို သူတို့ရဲ့ဘဝမှာ လက်တွေ့ကျင့်သုံးနေကြတယ်။ (ဟေရှာယ ၆၀:၂၂ ကိုဖတ်ပါ။)b မိမိရဲ့တပည့်တွေကို လူတွေက မုန်းတီးကြလိမ့်မယ်ဆိုပြီး ယေရှုကြိုပြောခဲ့တဲ့အတွက် ဒီတိုးတက်မှုက အံ့ဩစရာပါပဲ။ လူတွေက သူတို့ကို နှိပ်စက်ညှဉ်းပန်း၊ ထောင်ချပြီး သတ်ကြလိမ့်မယ်လို့တောင် ယေရှုပြောခဲ့တယ်။ (လု. ၂၁:၁၂-၁၇) စာတန်၊ နာမ်ဝိညာဉ်ဆိုးတွေနဲ့ လူအတော်များများက ဟောပြောခြင်းလုပ်ငန်းရပ်တန့်သွားဖို့ ကြိုးစားကြပေမဲ့ ယေဟောဝါရဲ့လူမျိုးက တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ဆက်ပါဝင်ပြီး ရလဒ်ကောင်းတွေ ရရှိနေတယ်။ အခုအချိန်မှာ သူတို့တွေဟာ ကမ္ဘာ့အပူပြင်းဆုံးဒေသကနေ အေးခဲနေတဲ့ဒေသတွေအထိ၊ တောင်တန်းတွေ၊ သဲကန္တာရတွေ၊ မြို့တွေနဲ့ လူအနည်းငယ်သာနေထိုင်တဲ့ ဒေသတွေပါမကျန် “လူနေရာမြေတစ်ပြင်လုံး” မှာ ဟောပြောနေကြတယ်။ (မ. ၂၄:၁၄) သူတို့က ယေဟောဝါရဲ့အကူအညီကြောင့်သာ ဒီအလုပ်အားလုံးကို လုပ်ဆောင်နိုင်တာဖြစ်တယ်။

“စစ်မှန်တဲ့အသိပညာတိုးများ” လာ

၁၄။ စာပေတွေကတဆင့် စစ်မှန်တဲ့အသိပညာ ဘယ်လိုတိုးပွားများပြားလာသလဲ။

၁၄ လူများစွာက သတင်းကောင်းဟောပြောတဲ့အတွက်ကြောင့် စစ်မှန်တဲ့အသိပညာ တိုးများလာတယ်။ စာပေတွေကြောင့်လည်း တိုးများလာတယ်။ ၁၈၇၉ ခုနှစ်၊ ဇူလိုင်လမှာ ကျမ်းစာကျောင်းသားတွေက ပထမဆုံး ကင်းမျှော်စင်စာစောင်ဖြစ်တဲ့ ဇိအုန်ကင်းမျှော်စင်နှင့် ခရစ်တော်ရောက်ရှိနေခြင်း၏ သံတော်ဆင့်လို့ ခေါ်တဲ့စာစောင်ကို ပုံနှိပ်ထုတ်ဝေခဲ့တယ်။ အဲဒီမဂ္ဂဇင်းကို အင်္ဂလိပ်ဘာသာစကားနဲ့ စောင်ရေ ၆,၀၀၀ ပုံနှိပ်ဖို့ ကုမ္ပဏီတစ်ခုကိုငှားရမ်းခဲ့တယ်။ အသက် ၂၇ နှစ်သာရှိသေးတဲ့ ချားလ်တေ့ဇ်ရပ်စယ်လ်ကို အယ်ဒီတာအဖြစ်ရွေးချယ်ခဲ့ပြီး ရင့်ကျက်တဲ့ တခြားညီအစ်ကိုငါးယောက်က မဂ္ဂဇင်းအတွက် ဆောင်းပါးတွေကို ပုံမှန်ရေးခဲ့တယ်။ အခုချိန်မှာ ကင်းမျှော်စင်ကို ဘာသာစကား ၁၉၅ မျိုးနဲ့ လစဉ်စောင်ရေ ၄၂,၁၈၂,၀၀၀ ကို ပုံနှိပ်ထုတ်ဝေနေပြီ။ ဒီမဂ္ဂဇင်းက ကမ္ဘာပေါ်မှာ အဖြန့်ဝေရဆုံးဖြစ်တယ်။ ဒုတိယ အဖြန့်ဝေရဆုံးမဂ္ဂဇင်းက နိုးလော့! ဖြစ်တယ်။ နိုးလော့! မဂ္ဂဇင်းကို လစဉ်စောင်ရေ ၄၁,၀၄၂,၀၀၀၊ ဘာသာစကား ၈၄ မျိုးနဲ့ ပုံနှိပ်တယ်။ ဒါ့အပြင် စာအုပ်နဲ့ ကျမ်းစာအုပ် သန်း ၁၀၀ နီးပါးကို နှစ်တိုင်းပုံနှိပ်တယ်။

၁၅။ ပုံနှိပ်လုပ်ငန်းအတွက် ငွေကြေးကို ဘယ်လိုရရှိသလဲ။

၁၅ ဒီလုပ်ငန်းကို စေတနာအလျောက်ထည့်ဝင်တဲ့ အလှူငွေတွေနဲ့ လုပ်ဆောင်တယ်။ (မဿဲ ၁၀:၈ ကိုဖတ်ပါ။) ပုံနှိပ်စက်၊ စက္ကူ၊ မင်နဲ့ တခြားပစ္စည်းတွေက အရမ်းဈေးကြီးတယ်ဆိုတာသိတဲ့ ပုံနှိပ်လုပ်ငန်းလုပ်ကိုင်သူတွေက အံ့ဩကြတယ်။ စီးပွားရေးသမားတွေ ဗေသလကိုလည်ပတ်တဲ့အခါ အလှူငွေနဲ့လုပ်ဆောင်နေတဲ့ ကျွန်ုပ်တို့ရဲ့လုပ်ငန်းတွေကို တွေ့မြင်ပြီး အံ့သြကြတယ်လို့ ဗေသလပုံနှိပ်လုပ်ငန်းရဲ့ အဝယ်တော်ညီအစ်ကိုတစ်ဦးက ပြောပြတယ်။ စာစောင်တွေအများကြီးကို ပုံနှိပ်ပေးနိုင်တဲ့ ခေတ်မီပုံနှိပ်စက်ကြီးတွေ အသုံးပြုနိုင်တာကို ကြည့်ပြီး အံ့ဩကြတယ်။ ဗေသလမှာ အလုပ်လုပ်နေတဲ့အလုပ်သမားတွေရဲ့ ငယ်ရွယ်မှုနဲ့ သူတို့ရဲ့ပျော်ရွှင်မှုကို ကြည့်ပြီးတော့လည်း တအံ့တသြဖြစ်ကြတယ်။

မြေကြီးက ဘုရားသခင်ကိုသိကျွမ်းတဲ့ အသိပညာနဲ့ပြည့်

၁၆။ ယေဟောဝါက “စစ်မှန်တဲ့အသိပညာ” တိုးများအောင် ဘာကြောင့်လုပ်ဆောင်ခဲ့တာလဲ။

၁၆ စစ်မှန်တဲ့အသိပညာတိုးများဖို့ ယေဟောဝါ လုပ်ဆောင်ခဲ့တယ်၊ အကြောင်းကတော့ ကိုယ်တော်ရဲ့အလိုတော်က “လူအမျိုးမျိုးတို့သည် ကယ်တင်ခံရ၍ အမှန်တရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို သိရှိလာ” ဖို့ဖြစ်တယ်။ (၁ တိ. ၂:၃၊ ၄) ယေဟောဝါက လူတွေကို အမှန်တရားကိုသိစေချင်တယ်၊ ဒါမှသာ သူတို့က ကိုယ်တော့်ကို နည်းမှန်လမ်းကျဝတ်ပြုကိုးကွယ်နိုင်ပြီး ကောင်းချီးတွေခံစားရမှာ ဖြစ်တယ်။ ယေဟောဝါက ဟောပြောခြင်းလုပ်ငန်းအားဖြင့် သစ္စာရှိတဲ့ ကောင်းကင်အတန်းအစားခရစ်ယာန်အုပ်စုကို စုသိမ်းခဲ့တယ်။ မြေကြီးပေါ်ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိတဲ့ “လူမျိုးများ၊ လူမျိုးနွယ်များ၊ လူစုများနှင့် ဘာသာစကားများအားလုံးထဲမှ” ထွက်လာတဲ့ “လူအုပ်ကြီး” ကိုလည်း ကိုယ်တော် စုသိမ်းနေပါတယ်။—ဗျာ. ၇:၉။

၁၇။ စစ်မှန်တဲ့ဝတ်ပြုကိုးကွယ်သူအရေအတွက် တိုးများလာခြင်းက ဘာကိုဖော်ပြသလဲ။

၁၇ မြေကြီးပေါ်မှာရှိတဲ့ စစ်မှန်တဲ့ဝတ်ပြုကိုးကွယ်သူအရေအတွက်က လွန်ခဲ့တဲ့အနှစ် ၁၃၀ အတွင်းမှာ တိုးများလာတယ်။ ဒီတိုးတက်မှုက ဘုရားသခင်နဲ့ ကိုယ်တော်ခန့်အပ်ထားတဲ့ဘုရင် ယေရှုခရစ်က မြေကြီးပေါ်မှာရှိတဲ့ ယေဟောဝါရဲ့ကျေးကျွန်တွေနဲ့အတူရှိပြီး သူတို့ကို ညွှန်ကြား၊ ကာကွယ်၊ ဖွဲ့စည်းပြီး သင်ကြားပေးနေတယ်ဆိုတာ အထင်အရှားဖော်ပြတယ်။ ကျွန်ုပ်တို့အချိန်မှာရှိတဲ့လူတွေ အမှန်တရားရှာတွေ့နိုင်ဖို့ ကူညီပေးမယ်ဆိုတဲ့ ကတိတော်ကို ယေဟောဝါပြည့်စုံစေပြီး အနာဂတ်နဲ့ပတ်သက်တဲ့ ကတိတော်တွေကိုလည်း ကိုယ်တော်ပြည့်စုံစေဦးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ ‘ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ယေဟောဝါကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။’ (ဟေရှာ. ၁၁:၉) အဲဒီအချိန်မှာ လူသားတွေရရှိမယ့် ထူးမြတ်တဲ့ကောင်းချီးတွေအကြောင်း စဉ်းစားကြည့်ပါ။

[အောက်ခြေမှတ်ချက်များ]

a ယေဟောဝါသက်သေများ—ယုံကြည်ခြင်းဖြင့် လုပ်ဆောင်နေကြ၊ အပိုင်း ၁– မှောင်မိုက်မှလွတ်မြောက်နဲ့ ယေဟောဝါသက်သေများ—ယုံကြည်ခြင်းဖြင့် လုပ်ဆောင်နေကြ၊ အပိုင်း ၂– အလင်းထွန်းလင်းပါစေ ဆိုတဲ့ ဒီဗီဒီတွေကို ကြည့်ပြီး ပိုသင်ယူနိုင်ပါတယ်။

b ဟေရှာယပရောဖက်ပြုချက်—လူခပ်သိမ်းအတွက်အလင်း အတွဲ ၂၊ စာမျက်နှာ ၁၄၉ ကိုကြည့်ပါ။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

အစောပိုင်းကျမ်းစာကျောင်းသားတွေက ဘုရားသခင့်အလိုတော်ကို စိတ်ရင်းမှန်နဲ့ထမ်းဆောင်ချင်တဲ့ နှိမ့်ချသူတွေဖြစ်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဘုရားသခင်နဲ့ပတ်သက်တဲ့ “စစ်မှန်တဲ့အသိပညာ” ပြန့်ပွားရေးအတွက် သင့်ရဲ့အားထုတ်မှုတွေကို ယေဟောဝါတန်ဖိုးထား

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ