သင့်ကို ယေဟောဝါနဲ့ ဝေးကွာသွားစေဖို့ ဘယ်အရာကိုမှ ခွင့်မပြုပါနဲ့
“ဘယ်ဘုရားကို ဝတ်ပြုမယ်ဆိုတာ ဒီနေ့ရွေးချယ်ကြ။” —ယောရှု ၂၄:၁၅၊ ကဘ။
၁–၃။ (က) ယောရှုဟာ ဘာကြောင့် ကျွန်ုပ်တို့အတွက် စံနမူနာကောင်းဖြစ်သလဲ။ (ခ) ဆုံးဖြတ်ချက်တွေချတဲ့အခါ ဘာကို သတိရသင့်သလဲ။
ကျွန်ုပ်တို့ရဲ့ရွေးချယ်မှုတွေက အရမ်းအရေးကြီးတယ်။ ကျွန်ုပ်တို့ရဲ့ရွေးချယ်မှုတွေက ကျွန်ုပ်တို့ရဲ့အသက်တာကို ဘယ်လို အသုံးပြုမလဲဆိုတာ စီမံထိန်းချုပ်ခွင့် ရစေတယ်။ ဥပမာ၊ လူတစ်ယောက်က လမ်းလျှောက်နေရင်း ရုတ်တရက် လမ်းနှစ်ခွရှိတဲ့နေရာကို ရောက်သွားတယ်လို့ မြင်ယောင်ကြည့်ပါ။ ဘယ်လမ်းခွဲကနေ သွားမလဲဆိုတာ သူရွေးချယ်ရတော့မယ်။ သူဟာ သူသွားမယ့်နေရာနဲ့ ပိုဝေးသွားစေတဲ့လမ်းကို ရွေးမှာမဟုတ်ဘဲ ပိုနီးစေတဲ့လမ်းကို ရွေးမှာဖြစ်တယ်။
၂ သမ္မာကျမ်းစာမှာ အရေးကြီးတဲ့ရွေးချယ်မှု ပြုလုပ်ခဲ့သူတွေအကြောင်း ပါတယ်။ ဥပမာ၊ ကာဣနဟာ သူ့ဒေါသကို ထိန်းချုပ်မလား ဒါမှမဟုတ် ဒေါသအလျောက် စိတ်လိုက်မာန်ပါ လုပ်မလားဆိုတာ ရွေးချယ်ခဲ့ရတယ်။ (က. ၄:၆၊ ၇) ယောရှုလည်း စစ်မှန်တဲ့ဘုရားသခင်ကို ဝတ်ပြုမလား ဒါမှမဟုတ် မှားယွင်းတဲ့ဘုရားသခင်ကို ဝတ်ပြုမလားဆိုတာ ရွေးချယ်ခဲ့ရတယ်။ (ယောရှု ၂၄:၁၅) ယောရှုရဲ့ရည်ရွယ်ချက်က ယေဟောဝါနဲ့ နီးကပ်နေဖို့ဖြစ်တယ်၊ ဒါကြောင့် သူ့ရည်ရွယ်ချက်ပြည့်စုံမယ့်လမ်းကို သူရွေးချယ်ခဲ့တယ်။ ဒါပေမဲ့ ကာဣနကတော့ အဲဒီလို ရည်ရွယ်ချက်မျိုး မရှိခဲ့ဘူး၊ ယေဟောဝါနဲ့ ဝေးကွာသွားစေမယ့်လမ်းကို ရွေးချယ်ခဲ့တယ်။
၃ တစ်ခါတလေ ကျွန်ုပ်တို့လည်း လမ်းမှန်ပေါ်မှာ ဆက်ရှိနေဖို့အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချရတဲ့ အခါမျိုးတွေရှိတယ်။ အဲဒီလိုအခါမျိုးမှာ ကျွန်ုပ်တို့ရဲ့ ရွေးချယ်မှုတွေက ယေဟောဝါကိုဂုဏ်တင်ပြီး ကိုယ်တော်နဲ့နီးကပ်စေနိုင်တယ်၊ ဒါမှမဟုတ် ဝေးကွာသွားစေနိုင်တယ်ဆိုတာ သတိရဖို့လိုတယ်။။ (ဟေဗြဲ ၃:၁၂ ကိုဖတ်ပါ။) ကျွန်ုပ်တို့ကို ယေဟောဝါနဲ့ ဝေးကွာသွားစေဖို့ ခွင့်မပြုသင့်တဲ့ ဘဝကဏ္ဍခုနစ်ခုကို ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ လေ့လာကြပါမယ်။
အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်း
၄။ ဘာကြောင့် အလုပ်လုပ်ဖို့ အရေးကြီးတာလဲ။
၄ ခရစ်ယာန်တွေဟာ သူတို့ကိုယ်တိုင်နဲ့ မိသားစုကို ကျွေးမွေးစောင့်ရှောက်ဖို့ အလုပ်လုပ်ရမှာဖြစ်တယ်။ မိသားစုကို မကျွေးမွေး၊ မထောက်ပံ့ချင်တဲ့သူဟာ မယုံကြည်သူတွေထက် ပိုဆိုးတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (၂ သက်. ၃:၁၀; ၁ တိ. ၅:၈) ဒါကြောင့် အလုပ်လုပ်ဖို့ အရေးကြီးတယ်။ ဒါပေမဲ့ သတိမထားဘူးဆိုရင် သင်တို့ရဲ့အလုပ်က သင်တို့ကို ယေဟောဝါနဲ့ ဝေးကွာသွားစေနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။
၅။ အလုပ်တစ်ခုကို လက်မခံခင် ဘယ်အချက်တွေကို စဉ်းစားသင့်သလဲ။
၅ သင် အလုပ်တစ်ခုရှာနေတယ် ဆိုပါစို့။ သင့်နိုင်ငံက အလုပ်ရှာရခက်တဲ့နိုင်ငံဆိုရင် သင်ရရာအလုပ် လုပ်မိနိုင်တယ်။ တကယ်လို့ အလုပ်က ကျမ်းစာမူတွေနဲ့ မကိုက်ညီဘူး ဆိုရင်ကော။ ဒါမှမဟုတ် အသင်းတော်အတွက်၊ မိသားစုအတွက် အချိန်အလုံအလောက် မပေးနိုင်အောင် အလုပ်ချိန်က များလွန်းနေတယ်ဆိုရင်ကော။ အလုပ်မရှိတာထက်စာရင် အလုပ်တစ်ခုခုရှိတာက ပိုကောင်းတယ်လို့တွေးပြီး ဘယ်အလုပ်မဆို လုပ်သင့်သလား။ သင့်ရွေးချယ်မှုက သင့်ကို ယေဟောဝါနဲ့ နီးကပ်စေနိုင်တယ်၊ ဒါမှမဟုတ် ဝေးကွာသွားစေနိုင်တယ်ဆိုတာ သတိရပါ။ (ဟေဗြဲ ၂:၁) သင်ဟာ အလုပ်ရှာနေတာပဲဖြစ်ဖြစ်၊ အလုပ်ပြောင်းဖို့ စဉ်းစားနေတာပဲဖြစ်ဖြစ် မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ဘယ်လိုချနိုင်သလဲ။
၆၊ ၇။ (က) လူတစ်ယောက်မှာ အလုပ်နဲ့ပတ်သက်ပြီး ဘယ်လိုရည်ရွယ်ချက်တွေ ရှိနိုင်သလဲ။ (ခ) ဘယ်ရည်ရွယ်ချက်က သင့်ကို ယေဟောဝါနဲ့ ပိုနီးကပ်စေမလဲ။ ဘာကြောင့်လဲ။
၆ သင့်ရွေးချယ်မှုတွေက သင့်အသက်တာကို ဘယ်လိုအသုံးပြုချင်သလဲဆိုတဲ့ အချက်ပေါ် မူတည်တယ်။ သင့်ကိုသင် ဒီလိုမေးပါ– ‘ငါ ဘာရည်ရွယ်ချက်နဲ့ အလုပ်လုပ်တာလဲ။’ သင်အလုပ်လုပ်တဲ့ရည်ရွယ်ချက်က ယေဟောဝါကို ဆက်ဝတ်ပြုနိုင်အောင် သင်နဲ့ သင့်မိသားစုကို ထောက်ပံ့ဖို့ဆိုရင် သင့်ရဲ့ကြိုးစားအားထုတ်မှုကို ကိုယ်တော် ကောင်းချီးပေးပါလိမ့်မယ်။ (မ. ၆:၃၃) သင် အလုပ်လက်မဲ့ ဖြစ်သွားတဲ့အခါ ဒါမှမဟုတ် စီးပွားရေးကျဆင်းသွားတဲ့အခါမှာ သင့်ကို ဘယ်လိုကူညီရမလဲဆိုတာ ယေဟောဝါသိတယ်။ (ဟေရှာ. ၅၉:၁) “ဘုရားတရားဆည်းကပ်သူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ မည်သို့ကယ်နုတ်ရမည်ကို” ကိုယ်တော်သိတယ်။—၂ ပေ. ၂:၉။
၇ ဒါပေမဲ့ သင် အလုပ်လုပ်ရတဲ့ ရည်ရွယ်ချက်က ချမ်းသာချင်လို့ဆိုရင်ကော။ သင့်ရည်ရွယ်ချက် အောင်မြင်ကောင်း အောင်မြင်ပါလိမ့်မယ်။ ဒါပေမဲ့ ချမ်းသာဖို့ဆိုတဲ့ရည်ရွယ်ချက် တစ်ခုတည်းနဲ့ အလုပ်လုပ်တာက အန္တရာယ်ရှိတယ်။ (၁ တိမောသေ ၆:၉၊ ၁၀ ကိုဖတ်ပါ။) သင့်ဘဝမှာ ငွေနဲ့ အလုပ်က အရေးကြီးဆုံးဖြစ်နေရင် သင် ယေဟောဝါနဲ့ ဝေးကွာသွားလိမ့်မယ်။
၈၊ ၉။ အလုပ်နဲ့ပတ်သက်ပြီး မိဘတွေ ကိုယ့်ကိုယ်ကို ဘယ်လိုမေးသင့်သလဲ။ ဘာကြောင့်လဲ။
၈ သင်ဟာ မိဘဖြစ်တယ်ဆိုရင် သင့်ရဲ့ပုံသက်သေက သင့်ကလေးတွေအပေါ် အကျိုးသက်ရောက်တယ်ဆိုတာ သတိရပါ။ သင့်ရဲ့အသက်တာမှာ အရေးအကြီးဆုံးအရာက ဘာဖြစ်တယ်လို့ သူတို့ သိထားသလဲ။ သင့်ရဲ့ အလုပ်လား။ ဒါမှမဟုတ် ယေဟောဝါနဲ့ သင့်ရဲ့ရင်းနှီးတဲ့ ဆက်ဆံရေးလား။ သင်ဟာ အောင်မြင်ကျော်ကြားဖို့နဲ့ ငွေရှာဖို့ပဲ အဓိကဦးစားထားတယ်ဆိုရင် သင့်ကလေးတွေ အရွယ်ရောက်လာတဲ့အခါ သူတို့လည်း အဲဒီမှားယွင်းတဲ့ လမ်းစဉ်အတိုင်း လိုက်မိနိုင်တယ် မဟုတ်လား။ သင်တို့ကို မိဘအနေနဲ့ လေးစားပါ့ဦးမလား။ ခရစ်ယာန်ညီအစ်မငယ်တစ်ယောက် ဒီလိုပြောတယ်– “ကျွန်မမှတ်မိသလောက်ကတော့ အဖေဟာ အလုပ်ကိုပဲ သဲသဲမဲမဲ လုပ်နေတယ်။ အစပိုင်းမှာတော့ ကျွန်မတို့မိသားစုကို အကောင်းဆုံးအရာတွေ ပိုင်ဆိုင်စေချင်လို့ အလုပ်ကြိုးစားတဲ့ပုံပဲ။ ကျွန်မတို့ကို လိုလေသေးမရှိ ထားချင်ခဲ့တယ်။ ဒါပေမဲ့ မကြာသေးခင်နှစ်တွေမှာ သူ အလုပ်လုပ်တဲ့ရည်ရွယ်ချက် ပြောင်းလဲသွားတယ်။ အဖေ အချိန်ပြည့်အလုပ်လုပ်ပြီး မိသားစုမှာ မလိုအပ်တဲ့ ဇိမ်ခံပစ္စည်းတွေကို ဝယ်ပေးခဲ့တယ်။ ရလဒ်ကတော့ ကျွန်မတို့ဟာ တခြားသူတွေ ယေဟောဝါကိုဝတ်ပြုလာအောင် ကူညီပေးတဲ့ မိသားစုအဖြစ်မဟုတ်ဘဲ ပိုက်ဆံချမ်းသာတဲ့မိသားစုအဖြစ် လူသိများလာတယ်။ အဖေ့ရဲ့ ငွေကြေးထောက်ပံ့မှုအစား ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းအောင် အားပေးထောက်မတာကိုပဲ ကျွန်မလိုချင်တယ်။”
၉ မိဘတို့၊ သင်တို့ရဲ့ အလုပ်ကြောင့် ယေဟောဝါနဲ့ မဝေးကွာသွားစေပါနဲ့။ တန်ဖိုးအရှိဆုံးအရာဟာ ပစ္စည်းဥစ္စာတွေမဟုတ်ဘဲ ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးဖြစ်တယ်ဆိုတာ သင်တို့ တကယ်ယုံကြည်ကြောင်း သင်တို့ရဲ့သားသမီးတွေကို သိမြင်စေပါ။—မ. ၅:၃။
၁၀။ လူငယ်တစ်ယောက် အလုပ်တစ်ခုကို မရွေးချယ်ခင် ဘာကို စဉ်းစားသင့်သလဲ။
၁၀ သင်ဟာ အရွယ်ရောက်လာတဲ့အခါ ဘယ်လိုအလုပ်မျိုးလုပ်ရမလဲလို့ စဉ်းစားနေတဲ့ လူငယ်တစ်ယောက်ဖြစ်မယ်ဆိုရင် မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ ဘယ်လိုလုပ်နိုင်သလဲ။ လေ့လာခဲ့ပြီးတဲ့အတိုင်း သင်ရွေးချယ်တဲ့လမ်းက သင် ဘယ်ကိုသွားချင်သလဲဆိုတဲ့အချက်ပေါ် မူတည်တယ်။ အလုပ်တစ်ခုအတွက် အတတ်ပညာတစ်မျိုးမျိုး သင်ယူဖို့ စဉ်းစားနေတယ်ဆိုရင် အဲဒီအလုပ်က ယေဟောဝါရဲ့အမှုတော်မှာ ပိုပါဝင်စေနိုင်သလား၊ ဒါမှမဟုတ် ကိုယ်တော်နဲ့ ဝေးကွာသွားစေနိုင်သလား။ (၂ တိ. ၄:၁၀) ငွေများများရှိမှပျော်တဲ့ လောက,ကလူတွေနဲ့ သင် တူချင်ပါသလား။ ဒါမှမဟုတ် ဒါဝိဒ်လို ယေဟောဝါကို ယုံကြည်စိတ်ချမလား။ သူ ဒီလိုပြောခဲ့တယ်– “ဖြောင့်မတ်သူတစ်ယောက် စွန့်ပစ်ခံရပြီး သူ့သားသမီးတွေ တောင်းစားနေရတာကို လူငယ်ဘဝကနေ အခု အသက်ကြီးတဲ့အထိ ငါ တစ်ခါမှ မတွေ့ဖူးဘူး။” (ဆာ. ၃၇:၂၅၊ ကဘ) အဲဒါက ဘယ်လမ်းကိုသွားမယ်ဆိုတာ ရွေးချယ်တာနဲ့တူတယ်။ တစ်လမ်းက သင့်ကို ယေဟောဝါနဲ့ ဝေးကွာသွားစေပြီး နောက်တစ်လမ်းကတော့ သင့်ကို အကောင်းဆုံးအသက်တာ ရရှိစေမယ်ဆိုတာ သတိရပါ။ (သုတ္တံ ၁၀:၂၂ နဲ့ မာလခိ ၃:၁၀ တို့ကိုဖတ်ပါ။) သင် ဘယ် လမ်းကိုရွေးမလဲ။a
အပန်းဖြေမှုနဲ့ ဖျော်ဖြေမှု
၁၁။ သမ္မာကျမ်းစာက အပန်းဖြေမှု၊ ဖျော်ဖြေမှုနဲ့ ပတ်သက်ပြီး ဘာပြောထားသလဲ။ ကျွန်ုပ်တို့ ဘာကို သတိထားသင့်သလဲ။
၁၁ ပျော်ပျော်နေတာ မှားတယ်လို့ ကျမ်းစာမှာမပြောထားသလို အပန်းဖြေမှုနဲ့ ဖျော်ဖြေမှုက အချိန်ဖြုန်းတာလို့လည်း မပြောထားပါဘူး။ ‘ကိုယ်ကာယလေ့ကျင့်မှုက အနည်းငယ် အကျိုးရှိ’ တယ်လို့ တိမောသေကို ပေါလုစာရေးခဲ့တယ်။ (၁ တိ. ၄:၈) ကျမ်းစာမှာ “ရယ်ရသောအချိန်” နဲ့ “ကခုန်ရသောအချိန်” ရှိတယ်လို့ ပြောထားတယ်၊ လုံလောက်စွာ အနားယူဖို့လည်း အားပေးထားတယ်။ (ဒေ. ၃:၄; ၄:၆) ဒါပေမဲ့ သတိမထားဘူးဆိုရင် အပန်းဖြေမှုနဲ့ ဖျော်ဖြေမှုက သင့်ကို ယေဟောဝါနဲ့ ဝေးကွာသွားစေနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ အဲဒီအတွက် အချိန်အများကြီးပေးခြင်း ဒါမှမဟုတ် မကောင်းတဲ့အမျိုးအစားကို ရွေးချယ်ခြင်း အားဖြင့်ဖြစ်တယ်။
မှန်ကန်တဲ့ အမျိုးအစားနဲ့ သင့်တော်တဲ့ အချိန်ပမာဏဖြစ်မယ်ဆိုရင် အပန်းဖြေမှုက သင့်ကို ပျော်ရွှင်လန်းဆန်းစေ
၁၂။ အပန်းဖြေမှု၊ ဖျော်ဖြေမှုအမျိုးအစား ရွေးချယ်တဲ့အခါ ဘယ်အချက်တွေကို သင် စဉ်းစားသင့်သလဲ။
၁၂ အရင်ဆုံး အပန်းဖြေမှု၊ ဖျော်ဖြေမှုနဲ့ပတ်သက်ပြီး ဘယ်လိုအမျိုးအစားကို ရွေးချယ်ရမယ်ဆိုတာ စဉ်းစားကြည့်ကြစို့။ သင့်တော်တဲ့ အပန်းဖြေမှုနဲ့ ဖျော်ဖြေမှုကို ရှာတွေ့နိုင်တာ သေချာပါတယ်။ ဒါပေမဲ့ ဖျော်ဖြေမှုအများစုမှာ ဘုရားသခင်ရွံမုန်းတဲ့ အကြမ်းဖက်မှု၊ နတ်ဝိဇ္ဇာအတတ်နဲ့ လိင်အကျင့်ယိုယွင်းမှုတွေ ပါဝင်နေတယ်။ ဒါကြောင့် အပန်းဖြေမှု၊ ဖျော်ဖြေမှုအမျိုးအစား ရွေးချယ်တဲ့အခါ သတိထားရမှာဖြစ်တယ်။ အပန်းဖြေမှု၊ ဖျော်ဖြေမှုအမျိုးအစား ရွေးချယ်တဲ့အခါ ဒီမေးခွန်းတွေကို ထည့်စဉ်းစားကြည့်ပါ– သင်ရွေးချယ်တဲ့ ဖျော်ဖြေမှုက သင့်အပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။ သင့်ကို ကြမ်းတမ်းတဲ့စိတ်၊ အပြိုင်အဆိုင်စိတ်ဓာတ် ဒါမှမဟုတ် လူမျိုးရေးဂုဏ်မောက်တဲ့စိတ်ဓာတ်တွေ ဖြစ်ပေါ်စေသလား။ (သု. ၃:၃၁) ငွေကုန်ကြေးကျ များသလား။ သင့်ရဲ့ရွေးချယ်မှုကြောင့် တခြားသူကို ထိမိလဲစေနိုင်သလား။ (ရော. ၁၄:၂၁) သင့်ကို ဘယ်လိုလူမျိုးနဲ့ ပေါင်းသင်းမိစေနိုင်သလဲ။ (သု. ၁၃:၂၀) သင့်ရွေးချယ်မှုက သင့်ကို မကောင်းတာတွေ လုပ်ချင်လာအောင် လှုံ့ဆော်ပေးသလား။—ယာ. ၁:၁၄၊ ၁၅။
၁၃၊ ၁၄။ အပန်းဖြေဖို့အတွက် အချိန်ဘယ်လောက်ပေးမလဲဆိုတာကို ဘာကြောင့် စဉ်းစားသင့်သလဲ။
၁၃ အပန်းဖြေမှု၊ ဖျော်ဖြေမှုအတွက် သင် အချိန်ဘယ်လောက်သုံးတယ်ဆိုတာကိုလည်း ဆန်းစစ်ပါ။ ကိုယ့်ကိုယ်ကို ဒီလိုမေးပါ– အမှုဆောင်နဲ့ အစည်းအဝေးတွေအတွက် အချိန်သိပ်မပေးနိုင်တော့တဲ့အထိ အပန်းဖြေမှု၊ ဖျော်ဖြေမှုမှာ ငါ အချိန်အများကြီး သုံးနေသလား။ အဲဒီမှာ သင် အချိန်အများကြီး သုံးလိုက်တယ်ဆိုရင် အချိန်သာကုန်သွားမယ် သင် လန်းဆန်းမှု ခံစားရမှာမဟုတ်ဘူး။ အပန်းဖြေမှုအတွက် အချိန်အများကြီး မသုံးမိအောင် ဂရုစိုက်သူတွေက ပိုပျော်ရွှင်ကြတယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ ပိုအရေးကြီးတဲ့အလုပ်တွေကို သူတို့ အရင်လုပ်ပြီးသွားပြီဖြစ်လို့ ပျော်ရွှင်မှုအတွက် အချိန်တချို့သုံးတာကို အပြစ်ရှိတယ်လို့ မခံစားရတော့လို့ပဲ။—ဖိလိပ္ပိ ၁:၁၀၊ ၁၁ ကိုဖတ်ပါ။
၁၄ အချိန်အများကြီးပေးပြီး အပန်းဖြေလိုက်တာက ပျော်ရွှင်တယ်လို့ ထင်ရပေမဲ့ အဲဒါက သင့်ကို ယေဟောဝါနဲ့ ဝေးကွာသွားစေနိုင်တယ်။ အဲဒီအချက်ကို အသက် ၂၀ ရှိပြီဖြစ်တဲ့ ညီအစ်မ ကင်မ်က သူ့ကိုယ်တွေ့အဖြစ်အပျက်ကနေ သိရှိခဲ့တယ်။ သူ ဒီလိုပြောတယ်– “ကျွန်မ မိတ်ဆုံပွဲတိုင်းကို သွားတယ်။ အပတ်တိုင်း သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ကျွန်မ မိတ်ဆုံပွဲသွားတက်တယ်။ ဒါပေမဲ့ ပိုအရေးကြီးတဲ့အရာတွေ အများကြီး လုပ်ဖို့ရှိတယ်ဆိုတာ ကျွန်မ အခုသိလာပြီ။ ဥပမာ၊ ကျွန်မက ရှေ့ဆောင်တစ်ယောက်ဖြစ်လို့ အမှုဆောင်ထွက်ဖို့ မနက် ၆:၀၀ နာရီမှာ အိပ်ရာထရတယ်၊ ဒါကြောင့် အရင်လို မိတ်ဆုံပွဲတွေမှာ သန်းခေါင်ကျော်တဲ့အထိ မနေနိုင်တော့ဘူး။ မိတ်ဆုံပွဲတွေအားလုံးက မကောင်းတာမဟုတ်ဘူးဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမဲ့ အဲဒါတွေက တကယ့်ကို အာရုံထွေပြားစေနိုင်တယ်။” မိတ်ဆုံပွဲတွေမှာ အချိန်အကြာကြီး မနေဖို့ သတိထားရမယ်ဆိုတာ သူသိရှိခဲ့တယ်။
၁၅။ သားသမီးတွေကို ပျော်ရွှင်လန်းဆန်းစေတဲ့ အပန်းဖြေမှုရွေးချယ်ရာမှာ မိဘတွေ ဘယ်လို ကူညီပေးနိုင်သလဲ။
၁၅ မိဘတွေဟာ သူတို့ကိုယ်တိုင်နဲ့ သားသမီးတွေအတွက် ကာယရေး၊ ဝတ်ပြုရေးနဲ့ စိတ်ပိုင်းဆိုင်ရာကိုပါ ထောက်ပံ့ပေးဖို့ တာဝန်ရှိတယ်။ အဲဒီထဲမှာ အပန်းဖြေဖို့ စီစဉ်ပေးတာလည်း ပါတယ်။ သင်ဟာ မိဘဖြစ်မယ်ဆိုရင် အပန်းဖြေမှုအားလုံးက မကောင်းဘူးလို့ မတွေးပါနဲ့။ မကောင်းတဲ့ အပန်းဖြေမှုတွေကို သတိထားရမှာတော့ မှန်ပါတယ်။ (၁ ကော. ၅:၆) ဒါပေမဲ့ သင့်မိသားစုအတွက် အပန်းဖြေမှုနဲ့ ဖျော်ဖြေမှုကို သေချာရွေးချယ်တယ်ဆိုရင် မိသားစုဟာ အတူတကွ ပျော်ရွှင်လန်းဆန်းနိုင်ပါတယ်။b အဲဒီလိုနည်းအားဖြင့် သင်ရွေးချယ်တဲ့ဖျော်ဖြေရေးက သင့်သားသမီးတွေကို ယေဟောဝါနဲ့ ပိုနီးကပ်စေပါလိမ့်မယ်။
မိသားစုဆက်ဆံရေး
၁၆၊ ၁၇။ ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ ဘယ် အဖြစ်အပျက်ကို မိဘတွေ ကြုံတွေ့ကြရသလဲ။ သူတို့ကို ယေဟောဝါနားလည်တယ်ဆိုတာ ဘယ်လိုသိရသလဲ။
၁၆ မိဘနဲ့သားသမီးတွေ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာ သဘာဝပါပဲ။ ယေဟောဝါက မိမိလူမျိုးအပေါ်ထားတဲ့ မိမိရဲ့မေတ္တာဟာ သားသမီးတွေကိုချစ်တဲ့ မိခင်မေတ္တာနဲ့တူတယ်လို့တောင် ပြောခဲ့တယ်။ (ဟေရှာ. ၄၉:၁၅) မိသားစုဝင်တစ်ဦး ယေဟောဝါကို ကျောခိုင်းသွားတဲ့အခါ ကျွန်ုပ်တို့ အရမ်းဝမ်းနည်းကြေကွဲကြရတယ်။ သမီးဖြစ်သူ နှင်ထုတ်ခံလိုက်ရတဲ့ ညီအစ်မတစ်ယောက် ဒီလိုပြောပြတယ်– “ကျွန်မ ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရတယ်။ ‘သူဘာဖြစ်လို့ ယေဟောဝါကို ကျောခိုင်းသွားတာလဲ’ လို့ ကျွန်မစဉ်းစားမိတယ်။ ကျွန်မကိုကျွန်မ အပြစ်ရှိတယ်လို့ခံစားရပြီး ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်မိတယ်။”
၁၇ သင်ဟာ အဲဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတယ်ဆိုရင် သင့်ရဲ့ ဝမ်းနည်းကြေကွဲမှုတွေကို ယေဟောဝါ နားလည်ပါတယ်။ ပထမလူသားနဲ့ နောက်ပိုင်း ရေလွှမ်းမိုးဘေးမတိုင်ခင် အသက်ရှင်ခဲ့ကြတဲ့လူအများစု ဘုရားသခင်ကို ပုန်ကန်ခဲ့ချိန်မှာ ယေဟောဝါကိုယ်တိုင်လည်း “စိတ်ထိခိုက်” ခဲ့ရတယ်။ (က. ၆:၅၊ ၆၊ ကဘ) အဲဒီလို အဖြစ်အပျက်မျိုး မကြုံဖူးတဲ့သူတွေကတော့ ဘယ်လောက်အထိ စိတ်ထိခိုက်တယ်ဆိုတာ နားလည်ချင်မှ နားလည်မယ်။ ဒါပေမဲ့ နှင်ထုတ်ခံထားရတဲ့ သင့်မိသားစုဝင်ရဲ့ မှားယွင်းတဲ့အပြုအမူကြောင့် သင့်ကိုသင် ယေဟောဝါနဲ့ ဝေးကွာသွားစေတယ်ဆိုရင် ပညာမဲ့ရာကျပါတယ်။ သင့်မိသားစုဝင်တစ်ဦး ယေဟောဝါကို ကျောခိုင်းသွားတဲ့အခါ သင် ခံစားရတဲ့ ဝမ်းနည်းကြေကွဲမှုကို ဘယ်လိုခံရပ်နိုင်မလဲ။
၁၈။ သားသမီးတစ်ယောက်ယောက် ယေဟောဝါကို ကျောခိုင်းသွားတဲ့အခါ မိဘတွေ ဘာကြောင့် ကိုယ့်ကိုယ်ကို အပြစ်မတင်သင့်သလဲ။
၁၈ ဖြစ်ပျက်ခဲ့ရာတွေအတွက် ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံပြီးသား မိသားစုဝင်တိုင်းဟာ “မိမိတို့ဝန်ကို ထမ်းရွက်” ရမယ့်တာဝန်ရှိတယ်၊ ဒါ့အပြင် ယေဟောဝါကို ဝတ်ပြုမလား၊ ဝတ်မပြုဘူးလားဆိုတာ သူတို့ကိုယ်တိုင် ရွေးချယ်ရမှာဖြစ်တယ်။ (ဂလ. ၆:၅) အပြစ်ရှိတဲ့သူသာ သူ့ဆုံးဖြတ်ချက်အတွက် တာဝန်ရှိတယ်လို့ ယေဟောဝါ ရှုမြင်တယ်။ သင့်ကို ကိုယ်တော် အပြစ်တင်မှာ မဟုတ်ဘူး။ (ယေဇ. ၁၈:၂၀) တခြားသူတွေကိုလည်း အပြစ်မတင်ပါနဲ့။ ဆုံးမမှုနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့အစီအစဉ်ကို လေးစားပါ။ အသင်းတော်ကို ကာကွယ်ပေးနေတဲ့ အကြီးအကဲတွေကို အပြစ်မတင်ပါနဲ့။ မာရ်နတ်ကို တွန်းလှန်နေပါ၊ အဲဒီအခြေအနေကြောင့် သင်နဲ့ ယေဟောဝါ ဝေးကွာသွားဖို့ ခွင့်မပြုပါနဲ့။—၁ ပေ. ၅: ၈၊ ၉။
သင်ချစ်ရသူတစ်ဦး ယေဟောဝါထံပြန်လာဖို့ မျှော်လင့်တာက မမှားပါဘူး
၁၉၊ ၂၀။ (က) နှင်ထုတ်ခံထားရသူရဲ့မိဘတွေဟာ သူတို့ရဲ့ ဝမ်းနည်းပူဆွေးမှုကို ဘယ်လိုခံရပ်နိုင်သလဲ။ (ခ) သူတို့ ဘာကို မျှော်လင့်သလဲ။
၁၉ သင့်ကလေး နှင်ထုတ်ခံရလို့ ဘုရားသခင်ကို သင် စိတ်နာကြည်းတယ်ဆိုရင် ဘာဖြစ်နိုင်သလဲ။ သင့်ခံစားချက်ကြောင့် သင်နဲ့ ယေဟောဝါ ဝေးကွာသွားနိုင်တယ်။ သင်ဟာ သင့်မိသားစုဝင်ထက် ယေဟောဝါကိုပိုချစ်တယ်ဆိုတာ သင်ချစ်တဲ့မိသားစုဝင်တွေ သိမြင်ဖို့လိုတယ်။ ဒါကြောင့် ဝမ်းနည်းကြေကွဲတာကို ခံရပ်နိုင်ဖို့ ယေဟောဝါနဲ့ သင့်ဆက်ဆံရေး ပိုခိုင်မြဲအောင် ကြိုးစားပါ။ သစ္စာရှိတဲ့ ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေနဲ့ ပုံမှန်ပေါင်းသင်းပါ။ (သု. ၁၈:၁) သင်ခံစားရသမျှကို ယေဟောဝါထံ ရိုးရိုးသားသား ဆုတောင်းပြောပြပါ။ (ဆာ. ၆၂: ၇၊ ၈) ဘာအကြောင်းပြချက်နဲ့မှ နှင်ထုတ်ခံထားရတဲ့ မိသားစုဝင်နဲ့ ပြောဆိုဆက်သွယ်တာ၊ အီးမေးလ်ပို့တာတွေ မလုပ်ပါနဲ့။ (၁ ကော. ၅:၁၁) ယေဟောဝါရဲ့ အမှုတော်မှာ အလုပ်များနေပါ။ (၁ ကော. ၁၅:၅၈) အစပိုင်းမှာပြောခဲ့တဲ့ ညီအစ်မက အခုလိုပြောပြတယ်– “ကျွန်မ ယေဟောဝါရဲ့အမှုတော်မှာ အလုပ်များနေရမယ်၊ ကျွန်မသမီး ယေဟောဝါဆီပြန်လာရင် သူ့ကိုကူညီပေးနိုင်အောင် ကျွန်မကိုယ်တိုင် ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းနေဖို့လိုတယ်ဆိုတာ ကျွန်မသိတယ်။”
၂၀ မေတ္တာက “အရာရာကို မျှော်လင့်တတ်” တယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ (၁ ကော. ၁၃:၄၊ ၇) သင်ချစ်ရသူတစ်ဦးဦး ယေဟောဝါထံပြန်လာဖို့ မျှော်လင့်တာက မမှားပါဘူး။ နှစ်စဉ်နှစ်တိုင်း နှင်ထုတ်ခံထားရသူတွေဟာ နောင်တယူပြီး ယေဟောဝါရဲ့ အဖွဲ့အစည်းထံပြန်လာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ယေဟောဝါက သူတို့နောင်တရတာကို အသိအမှတ်ပြုလက်ခံပေးပါတယ်။ ကိုယ်တော်ဟာ “ခွင့်လွှတ်ဖို့အသင့်ရှိတယ်။”—ဆာ. ၈၆:၅၊ ကဘ။
ကောင်းစွာ ရွေးချယ်ပါ
၂၁၊ ၂၂။ ဘဝမှာ ဘယ်လိုရွေးချယ်မှုမျိုးကို သင် လုပ်ချင်သလဲ။
၂၁ ယေဟောဝါက လူသားတွေကို လွတ်လပ်စွာရွေးချယ်ခွင့် ပေးထားတယ်။ (တရားဟောရာ ၃၀:၁၉၊ ၂၀ ကိုဖတ်ပါ။) ဒါက ကောင်းတာကိုရွေးချယ်ဖို့ ကျွန်ုပ်တို့မှာ တာဝန်ရှိတယ်ဆိုတဲ့သဘောပဲ။ ခရစ်ယာန်တိုင်း ကိုယ့်ကိုယ်ကို ဒီလိုမေးသင့်တယ်– “ငါအခု ဘယ်လမ်းပေါ်မှာ ရှိနေသလဲ။ အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်း၊ အပန်းဖြေမှုနဲ့ ဖျော်ဖြေမှု၊ မိသားစုဆက်ဆံရေး စတဲ့အရာတွေကြောင့် ငါနဲ့ ယေဟောဝါ ဝေးကွာသွားဖို့ ငါခွင့်ပြုနေသလား။
၂၂ ယေဟောဝါက မိမိရဲ့လူမျိုးအပေါ် ဘယ်တော့မှ မေတ္တာမပျက်ဘူး။ ဒါကြောင့် ကျွန်ုပ်တို့ဘက်က မှားယွင်းတဲ့လမ်းကိုလိုက်ဖို့ မရွေးချယ်ဘူးဆိုရင် ဘာကမှ ကျွန်ုပ်တို့ကို ယေဟောဝါနဲ့ မဝေးကွာသွားစေနိုင်ဘူး။ (ရော. ၈:၃၈၊ ၃၉) ဒါပေမဲ့ မှားယွင်းတဲ့လမ်းကို မရွေးချယ်မိအောင် ရှောင်လို့ရပါတယ်။ သင်နဲ့ ယေဟောဝါကို ဝေးကွာသွားစေနိုင်တဲ့ ဘယ်အရာကိုမှ ခွင့်မပြုဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ရွေးချယ်မှုနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ သတိထားရမယ့် နောက်ကဏ္ဍလေးခုကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။
a အလုပ်အကိုင်ရှာဖွေတဲ့အကြောင်း ထပ်ဆင့်အချက်အလက်ကို လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၂ [အင်္ဂလိပ်] မှာကြည့်ပါ။
b အကြံပြုချက်တွေကို နိုဝင်ဘာ၊ ၂၀၁၁ နိုးလော့! စာမျက်နှာ ၁၇-၁၉ [အင်္ဂလိပ်] မှာကြည့်ပါ။