ယေဟောဝါကို ချစ်မြတ်နိုးသူတွေ တိုက်မိမလဲနိုင်
“ကိုယ်တော့်ပညတ်တရားကို ချစ်မြတ်နိုးသူတွေက အကြီးအကျယ်ငြိမ်သက်မှု ခံစားရတယ်။ ဘယ်အရာကမှ သူတို့ကို တိုက်မိလဲအောင် မလုပ်နိုင်ဘူး။” —ဆာ. ၁၁၉:၁၆၅၊ ကဘ။
၁။ အပြေးသမားတစ်ယောက်ဟာ လက်မလျှော့ကြောင်း ဘယ်လိုပြသခဲ့သလဲ။
မေရီ ဒက်ကာဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ကမ္ဘာ့အပြေးမယ်တစ်ယောက်အဖြစ် နာမည်ကျော်ကြားခဲ့တယ်။ သူဟာ ၁၉၈၄ ခုနှစ်၊ နွေရာသီအိုလံပစ်အားကစားပွဲရဲ့ မီတာ ၃,၀၀၀ ပြေးပွဲမှာ ရွှေတံဆိပ်ဆုရဖို့ ရေပန်းစားခဲ့တယ်။ ဒါပေမဲ့ သူ ပန်းဝင်မျဉ်းကို မရောက်နိုင်ခဲ့ဘူး။ တခြားအပြေးသမားတစ်ယောက်နဲ့ တိုက်မိပြီး ပြေးလမ်းပေါ်မှာ လဲကျသွားတယ်။ ဒဏ်ရာရပြီး မျက်ရည်လည်ရွဲဖြစ်နေတဲ့ သူမကို ပြေးလမ်းပေါ်ကနေ ထမ်းထုတ်ခဲ့ရတယ်။ ဒါပေမဲ့ သူလက်မလျှော့ခဲ့ဘူး။ တစ်နှစ်မပြည့်ခင်မှာပဲ သူမဟာ ပြေးလမ်းပေါ်ပြန်ဝင်လာပြီး ၁၉၈၅ ခုနှစ်၊ အမျိုးသမီးတာဝေးပြေးပွဲမှာ ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့တယ်။
၂။ ခရစ်ယာန်စစ်တွေရဲ့ပြေးပွဲက ဘယ်လိုပြေးပွဲမျိုးလဲ၊ အဲဒီပြေးပွဲကို ဘယ်လိုပြေးရမလဲ။
၂ ခရစ်ယာန်တွေရဲ့အသက်တာကလည်း ထာဝရအသက်အတွက် ပြေးပွဲဝင်နေတာနဲ့ တူတယ်။ ကျွန်ုပ်တို့ အဓိကအာရုံစိုက်ရမှာက ပြေးပွဲမှာ အနိုင်ရဖို့ဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ပြိုင်ပွဲက အနိုင်ရဖို့အတွက် အရှိန်အဟုန်နဲ့ အားကုန်စိုက်ပြီးပြေးရတဲ့ တာတိုပြေးပွဲမျိုးမဟုတ်ဘူး။ မပြေးချင်ပြေးချင်နဲ့ ပြေးလိုက်၊ မပြေးလိုက်လုပ်တာမျိုးလည်း မဟုတ်ပြန်ဘူး။ အဲဒီအစား ကျွန်ုပ်တို့ရဲ့ပြေးပွဲက ပန်းတိုင်ရောက်အောင် ခံနိုင်ရည်ရှိရှိ ပြေးဖို့လိုတဲ့ မာရသွန်တာဝေးပြေးပွဲနဲ့တူတယ်။ တမန်တော်ပေါလုက ကောရိန္သုအသင်းတော်မှာရှိတဲ့ ခရစ်ယာန်တွေကို ဒီလို စာရေးခဲ့တယ်– “အပြေးပြိုင်သူတိုင်း ပြေးပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသော်လည်း တစ်ဦးတည်းသာ ဆုရကြောင်း သင်တို့မသိကြသလော။ သို့ဖြစ်၍ ဆုရရန် ထိုနည်းအတိုင်း ပြေးကြလော့။”—၁ ကော. ၉:၂၄။
၃။ ထာဝရအသက်ပြေးပွဲမှာ ဘယ်သူတွေ အနိုင်ရမလဲ။
၃ ဒီပုံဆောင်ပြေးပွဲမှာ ဝင်ပြေးဖို့ သမ္မာကျမ်းစာမှာ ကျွန်ုပ်တို့ကို မိန့်မှာထားတယ်။ (၁ ကောရိန္သု ၉:၂၅-၂၇ ကိုဖတ်ပါ။) ဆုကတော့ ထာဝရအသက်ဖြစ်တယ်။ ဒီပြေးပွဲက တခြားအားကစားပွဲတွေနဲ့ မတူဘူး။ ဒီပြေးပွဲမှာ ဝင်ပြေးသူအားလုံးဟာ အဆုံးအထိ ခံနိုင်ရည်ရှိရှိ ပြေးမယ်ဆိုရင် ဆုရကြမှာဖြစ်တယ်။ (မ. ၂၄:၁၃) စည်းမျဉ်းအတိုင်း မပြေးတဲ့သူ၊ ပန်းဝင်မျဉ်းရောက်အောင် မပြေးတဲ့သူတွေဘဲ ရှုံးနိမ့်မယ်။ ဒါ့အပြင် ဒါက ထာဝရအသက်ဆုပေးတဲ့ တစ်ခုတည်းသော ပြိုင်ပွဲဖြစ်တယ်။
၄။ ထာဝရအသက်ပြေးပွဲမှာ ပြေးဖို့ ဘာကြောင့် မလွယ်ကူသလဲ။
၄ ထာဝရအသက်ပြေးပွဲမှာ ပန်းဝင်မျဉ်းကိုရောက်ဖို့ဆိုတာ မလွယ်ကူဘူး။ ကိုယ့်ကိုယ်ကိုကြပ်မတ်ဖို့နဲ့ တိကျတဲ့ပန်းတိုင်ရှိဖို့လိုတယ်။ ခလုတ်တိုက်မလဲဘဲ ပန်းဝင်မျဉ်းကို ရောက်နိုင်တာဆိုလို့ ယေရှုခရစ်တစ်ယောက်ပဲရှိတယ်။ ခရစ်တော်ရဲ့နောက်လိုက် “ရှိသမျှသည် ကြိမ်ဖန်များစွာ မှားတတ်ကြ၏” လို့တပည့်ဖြစ်သူယာကုပ် ရေးခဲ့တယ်။ (ယာ. ၃:၂) တကယ်မှန်တဲ့စကားပါပဲ။ ကျွန်ုပ်တို့တစ်ယောက်ချင်းစီဟာ ကိုယ်ကိုယ်တိုင်ရဲ့မစုံလင်မှုနဲ့ တခြားသူတွေရဲ့မစုံလင်မှုဒဏ်ကို ခံစားရကြတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ တစ်ခါတလေ ခလုတ်တိုက်ပြီး ဟန်ချက်မထိန်းနိုင်ဘဲ လဲကျသွားနိုင်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ ပြန်ထပြီး ဆက်ပြေးတယ်။ တချို့သူတွေ လဲကျတဲ့ဒဏ်ရာက ပြင်းထန်လို့ ပြန်ထဖို့ အကူအညီယူရပြီး ပန်းဝင်မျဉ်းရောက်အောင် ဆက်ပြေးကြရတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ မကြာခဏဆိုသလို ခလုတ်တိုက်လဲတာကို မအံ့သြသင့်ဘူး။—၃ ရာ. ၈:၄၆။
သင် လဲသွားတယ်ဆိုရင် အကူအညီကိုလက်ခံပြီး ပြန်ထပါ
လဲကျပေမဲ့ ထွက်မသွားပါနဲ့
၅၊ ၆။ (က) ခရစ်ယာန်တစ်ယောက်မှာ တိုက်မိလဲစရာအကြောင်းမရှိဘူးလို့ ဘာကြောင့် ပြောနိုင်သလဲ၊ ပြန်ထဖို့ သူတို့ကို ဘာက ကူညီပေးနိုင်သလဲ။ (ခ) တချို့သူတွေ တိုက်မိလဲသွားတဲ့အခါ ဘာကြောင့် ပြန်မထသလဲ။
၅ တိုက်မိလဲသွားတဲ့အခါ ကျွန်ုပ်တို့လုပ်တဲ့ လုပ်ရပ်က ကျွန်ုပ်တို့ဟာ ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာ ဖော်ပြတယ်။ တိုက်မိလဲသွားသူတချို့ဟာ ပြန်ထပြီး ဘုရားသခင်ကို ဆက်အမှုဆောင်ကြတယ်။ တချို့ကျတော့ နောင်တမရကြဘူး။ ဥပမာ သုတ္တံ ၂၄:၁၆ မှာ “ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော်လည်း ထပြန်လိမ့်မည်။ မတရားသောသူမူကား လဲသောအခါ ဆုံးရှုံးလိမ့်မည်” လို့ဖော်ပြထားတယ်။
၆ ယေဟောဝါက မိမိကို ယုံကြည်အားကိုးသူတွေ တိုက်မိလဲကျပြီး ပြန်မထနိုင်တဲ့အထိ အခက်အခဲတွေကို ကြုံတွေ့ဖို့ ခွင့်ပြုမှာမဟုတ်ဘူး။ ကျွန်ုပ်တို့ ပြန်ထနိုင်အောင် ယေဟောဝါ ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်၊ အဲဒါမှ ကျွန်ုပ်တို့ဟာ ကိုယ်တော့်ကို ဆက်ပြီး အစွမ်းကုန် ဆည်းကပ်ဝတ်ပြုနိုင်မှာဖြစ်တယ်။ ယေဟောဝါကို စိတ်နှလုံးထဲကနေ နှစ်နှစ်ကာကာ ချစ်တဲ့သူတွေ ဘယ်လောက်စိတ်သက်သာရာ ရလိုက်မလဲ။ မတရားသူတွေကတော့ ပြန်ထချင်စိတ်မရှိဘူး။ သူတို့ဟာ ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်နဲ့ ယုံကြည်သူချင်းတွေဆီကနေ အကူအညီမယူကြဘူး၊ ပေးလာတဲ့အကူအညီကိုလည်း လက်မခံကြဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့တရားတော်ကို နှစ်သက်တဲ့သူတွေကိုတော့ အသက်ပြေးပွဲကနေ အပြီးအပိုင်ထွက်သွားအောင် ဘယ်အရာကမှ မလုပ်နိုင်ပါဘူး။—ဆာလံ ၁၁၉:၁၆၅ ကိုဖတ်ပါ။
၇၊ ၈။ “လဲ” ကျသူတစ်ယောက်က ဘယ်လိုနည်းနဲ့ ဘုရားသခင့်မျက်နှာသာကို ဆက်ရရှိနိုင်သလဲ။
၇ တချို့သူတွေဟာ အားနည်းချက်ကြောင့် သေးသေးမွှားမွှားအပြစ်တွေကို ထပ်ခါထပ်ခါ ပြန်လုပ်မိကြတယ်။ ဒါပေမဲ့ သူတို့က လဲသွားတဲ့အခါတိုင်း ပြန်ထဖို့ ကြိုးစားတယ်၊ ဆိုလိုတာက စိတ်ရင်းမှန်နဲ့နောင်တရပြီး မှန်ရာကိုလုပ်ဖို့ ကြိုးစားအားထုတ်ကြတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ယေဟောဝါအမြင်မှာ သူတို့ဟာ ဖြောင့်မတ်သူဖြစ်နေဆဲပဲ။ ဒီအချက်ကို ရှေးခေတ်အစ္စရေးလူတွေနဲ့ ဘုရားသခင် ဆက်ဆံပုံမှာ မြင်တွေ့နိုင်တယ်။ (ဟေရှာ. ၄၁:၉၊ ၁၀) ရှေ့အပိုဒ်မှာ ကိုးကားထားတဲ့ သုတ္တံ ၂၄:၁၆ က “လဲ” တာကို အဓိကပြောချင်တာမဟုတ်ဘဲ ပြန် “ထ” ဖို့ ယေဟောဝါကူညီပေးမှာကို အလေးပေးပြောနေတာဖြစ်တယ်။ (ဟေရှာယ ၅၅:၇ ကိုဖတ်ပါ။) ယေဟောဝါနဲ့ ယေရှုခရစ်က ကျွန်ုပ်တို့ အကောင်းဆုံးလုပ်ဆောင်မယ်ဆိုတာကိုယုံကြည်စိတ်ချပြီး ကျွန်ုပ်တို့ကို ပြန် “ထ” ဖို့ အားပေးတယ်။—ဆာ. ၈၆:၅; ယော. ၅:၁၉။
၈ မာရသွန်ပြေးပွဲမှာ အပြေးသမားတစ်ယောက် လဲကျသွားတယ်ဆိုရင်တောင် မြန်မြန်ပြန်ထပြီး ပန်းတိုင်ရောက်အောင် ဆက်ပြေးဖို့ အချိန်ရနိုင်တယ်။ ကျွန်ုပ်တို့ရဲ့ ထာဝရအသက်ပြေးပွဲမှာ ပြေးပွဲရဲ့အဆုံးဖြစ်တဲ့ ‘နေ့ရက်နဲ့ အချိန်နာရီ’ ကို ကျွန်ုပ်တို့ မသိရဘူး။ (မ. ၂၄:၃၆) ကျွန်ုပ်တို့ လဲမကျဖို့ အတတ်နိုင်ဆုံးကြိုးစားသင့်တယ်၊ ဒါမှ အဆုံးနီးလာတာနဲ့အမျှ ပြေးပွဲကို ပန်းဝင်တဲ့အထိ ဆက်ပြေးနိုင်မယ်။ ဒါဆိုရင် လဲမကျအောင် ဘယ်လိုလုပ်နိုင်သလဲ။
တိုက်မိလဲစေနိုင်တဲ့အရာများ
၉။ ဘယ်အရာ ငါးခုအကြောင်း ဆွေးနွေးကြမလဲ။
၉ တိုက်မိလဲစေနိုင်တဲ့အရာ ငါးခုအကြောင်း ဆွေးနွေးကြည့်ကြစို့။ အဲဒါတွေက ကိုယ်ကိုယ်တိုင်ရဲ့အားနည်းချက်၊ သွေးသားဆန္ဒ၊ အသင်းတော်တွင်းမှာ မမျှတမှု၊ နှိပ်စက်ညှဉ်းပန်းမှုနဲ့ တခြားသူတွေရဲ့ မစုံလင်မှုတို့ဖြစ်တယ်။ ဒါပေမဲ့ အဲဒီထဲကတစ်ခုကြောင့် သင် တိုက်မိလဲသွားတယ်ဆိုရင် ယေဟောဝါက အရမ်းစိတ်ရှည်တယ်ဆိုတာ သတိရပါ။ ကိုယ်တော်က ကျွန်ုပ်တို့ကို သစ္စာမဲ့သူဆိုပြီး အလျင်စလို သတ်မှတ်လိုက်မှာမဟုတ်ဘူး။
၁၀၊ ၁၁။ ဘယ်အားနည်းချက်ကို ဒါဝိဒ် တိုက်လှန်ခဲ့ရသလဲ။
၁၀ ကျွန်ုပ်တို့ကိုယ်တိုင်ရဲ့အားနည်းချက်က ပြေးလမ်းပေါ်မှာ ကျနေတဲ့ကျောက်တုံးတွေနဲ့ တူတယ်။ ဘုရင်ဒါဝိဒ်နဲ့ တမန်တော်ပေတရုရဲ့ ဘဝဇာတ်ကြောင်းက အားနည်းချက်နှစ်ခုအကြောင်း ကျွန်ုပ်တို့ကိုသင်ပေးတယ်။ ဒါဝိဒ်ဟာ ချုပ်တည်းမှု အမြဲမပြနိုင်ခဲ့ဘူး၊ ပေတရုကတော့ တစ်ခါတလေ လူတွေ သူ့ကိုဘယ်လိုထင်မလဲဆိုတာကို စိုးရိမ်ကြောက်ရွံ့ခဲ့တယ်။
၁၁ ဘုရင်ဒါဝိဒ်ဟာ ဗာသရှေဗနဲ့ဖြစ်ခဲ့တဲ့အဖြစ်အပျက်မှာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ခြင်းမရှိဘူးဆိုတာ ဖော်ပြခဲ့တယ်။ နာဗလရဲ့စော်ကားပြောဆိုမှုကို ခံခဲ့ရတုန်းကလည်း မဆင်မခြင် လက်တုံ့ပြန်မိတော့မလို ဖြစ်ခဲ့တယ်။ ဒါဝိဒ်ရဲ့ ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းက ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်ခဲ့ပေမဲ့ ယေဟောဝါမျက်နှာသာရဖို့ ကြိုးစားတာကို သူဘယ်တော့မှ လက်မလျှော့ခဲ့ဘူး။ သူ အမှားတွေကျူးလွန်ပြီးနောက်မှာ တခြားသူတွေရဲ့အကူအညီနဲ့ ပြန် “ထ” နိုင်ခဲ့တယ်။—၁ ရာ. ၂၅:၅-၁၃၊ ၃၂၊ ၃၃; ၂ ရာ. ၁၂:၁-၁၃။
၁၂။ ပေတရုဟာ အမှားတွေကျူးလွန်ခဲ့ပေမဲ့ ပြေးပွဲမှာ ဘယ်လို ဆက်ပြေးခဲ့သလဲ။
၁၂ ပေတရုက လူတွေ သူ့ကို ဘယ်လိုထင်မလဲဆိုတာကို စိုးရိမ်ကြောက်ရွံ့ခဲ့တယ်။ အဲဒါကြောင့် သူ မကြာခဏ အမှားလုပ်ခဲ့မိပေမဲ့ ယေရှုနဲ့ ယေဟောဝါအပေါ် သူ ဆက်သစ္စာရှိခဲ့တယ်။ ဥပမာ၊ သူဟာ သူ့သခင်ကို မသိဘူးလို့ လူရှေ့သူရှေ့မှာ သုံးကြိမ်အထိ ငြင်းခဲ့တယ်။ (လု. ၂၂:၅၄-၆၂) နောက်ပိုင်းတစ်ကြိမ်မှာ ပေတရုဟာ ခရစ်ယာန်တစ်ယောက်လို မကျင့်ကြံခဲ့ဘူး၊ လူမျိုးခြားယုံကြည်သူတွေကို အရေဖျားလှီးတဲ့ ဂျူးခရစ်ယာန်တွေလောက် အရေးမပါတဲ့ပုံစံနဲ့ ဆက်ဆံခဲ့တယ်။ အဲဒါကို တမန်တော်ပေါလု ကောင်းကောင်းတွေ့မြင်ခဲ့တယ်၊ ခရစ်ယာန်အသင်းတော်မှာ အဆင့်အတန်းခွဲခြားတာမျိုး လုံးဝမရှိသင့်ဘူး။ ပေတရုရဲ့သဘောထား လွဲမှားခဲ့တယ်။ ပေတရုရဲ့အပြုအမူကို အသင်းတော်မှာရှိတဲ့ တခြားသူတွေ တုပမိနိုင်တယ်။ ဒါကြောင့် ပေါလုက သူ့ကို တဲ့တိုးဆုံးမခဲ့တယ်။ (ဂလ. ၂:၁၁-၁၄) ပေတရုဟာ ဆုံးမခံရတာကို မကျေမနပ်ဖြစ်ပြီး အသက်ပြေးပွဲကနေ ထွက်သွားခဲ့သလား။ မထွက်သွားခဲ့ပါဘူး။ ပေါလုရဲ့ဆုံးမမှုကို သူအလေးအနက်ခံယူခဲ့တယ်၊ သူ့သဘောထားကို ပြောင်းလဲပြီး ပြေးပွဲမှာဆက်ပြေးခဲ့တယ်။
၁၃။ ကျန်းမာရေးချို့တဲ့တာက ဘယ်လိုနည်းနဲ့ တိုက်မိလဲစေနိုင်သလဲ။
၁၃ တစ်ခါတလေ ကျွန်ုပ်တို့ရဲ့ အားနည်းချက်က ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးပြဿနာဖြစ်နိုင်တယ်။ အဲဒါက ကျွန်ုပ်တို့ဘဝကို ခက်ခဲစေနိုင်တယ်။ အဲဒါကြောင့် တချို့လူတွေ ပြေးပွဲကနေ ထွက်သွားကြတယ်။ ဥပမာ၊ ဂျပန်နိုင်ငံက ညီအစ်မတစ်ယောက်ဟာ နှစ်ခြင်းခံပြီး ၁၇ နှစ်အကြာမှာ ကျန်းမာရေး အရမ်းချို့တဲ့လာတယ်။ သူက သူ့ရဲ့ကျန်းမာရေးပြဿနာကိုပဲ အဓိကအာရုံစိုက်လာတဲ့အတွက် ဝတ်ပြုရေးမှာ အားနည်းလာတယ်။ နောက်တော့ သူဟာ မလှုပ်ရှားတဲ့ကြေညာသူဖြစ်သွားတယ်။ အကြီးအကဲနှစ်ယောက်က သူ့ဆီသွားလည်ပတ်ပြီး အားပေးခဲ့တယ်။ ဒါနဲ့ သူ အစည်းအဝေးတွေ ပြန်တက်တယ်။ သူ ဒီလိုပြောပြတယ်– “ညီအစ်ကိုညီအစ်မတွေက ကျွန်မကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြလို့ ကျွန်မမျက်ရည်ကျခဲ့တယ်။” ကျွန်ုပ်တို့ရဲ့ညီအစ်မဟာ အခုဆိုရင် အသက်ပြေးလမ်းပေါ် ပြန်ရောက်နေပြီ။
၁၄၊ ၁၅။ မှားယွင်းတဲ့ဆန္ဒတွေပေါ်လာရင် ဘယ်လို ပြတ်ပြတ်သားသား လုပ်ဆောင်ဖို့ လိုသလဲ။ ဥပမာပေးပါ။
၁၄ သွေးသားဆန္ဒက လူများစွာကို တိုက်မိလဲစေခဲ့တယ်။ သွေးသားဆန္ဒကြောင့် သွေးဆောင်ခံရတဲ့အခါမှာ ကျွန်ုပ်တို့ရဲ့ အတွေးအခေါ်နဲ့ အပြုအမူတွေက ဘုရားသခင့်စံနှုန်းနဲ့အညီ သန့်ရှင်းနေဖို့ အစွမ်းကုန် လုပ်ဆောင်ရမှာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့မျက်စိပဲဖြစ်ဖြစ်၊ လက်ပဲဖြစ်ဖြစ် ကျွန်ုပ်တို့ကို တိုက်မိလဲစေတယ်ဆိုရင် ထုတ်ပစ်၊ ဖြတ်ပစ်လိုက်ပါလို့ ယေရှုပြောခဲ့တယ်။ ကျွန်ုပ်တို့ကို ပြေးပွဲကနေ ထွက်သွားစေနိုင်တဲ့ အကျင့်ပျက်အတွေးနဲ့ လုပ်ရပ်တွေကို ဖယ်ရှားပစ်ဖို့ဖြစ်တယ်။—မဿဲ ၅:၂၉၊ ၃၀ ကိုဖတ်ပါ။
၁၅ ခရစ်ယာန်မိသားစုမှာ ကြီးပြင်းခဲ့တဲ့ ညီအစ်ကိုတစ်ယောက်က သူမှတ်မိသလောက် သူဟာ လိင်တူဆက်ဆံချင်တဲ့ဆန္ဒရှိခဲ့တယ်လို့ ပြောပြတယ်။ သူဟာ အမြဲပဲ ကသိကအောက်ဖြစ်ပြီး လူတောမတိုးရဲ ဖြစ်နေတယ်လို့ ပြောပြတယ်။ အသက် ၂၀ ရှိတဲ့အခါ သူဟာ အသင်းတော်အမှုထမ်းနဲ့ မှန်မှန်ရှေ့ဆောင်ဖြစ်လာတယ်။ အဲဒီနောက်မှာတော့ သူဟာ ကြီးလေးတဲ့အမှားတစ်ခုလုပ်မိပြီး ဆုံးမခံခဲ့ရတယ်၊ အကြီးအကဲတွေက သူ့ကို ကူညီပေးခဲ့တယ်။ ဆုတောင်းခြင်း၊ သမ္မာကျမ်းစာလေ့လာခြင်းနဲ့ တခြားသူတွေကို ကူညီပေးခြင်း စတာတွေကို သူလုပ်ဆောင်ခဲ့တယ်။ အဲဒါတွေက သူ့ကို အသက်ပြေးပွဲမှာ ဆက်ပြေးနိုင်အောင် ကူညီပေးခဲ့တယ်။ အဲဒီလိုဖြစ်ခဲ့တာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပေမဲ့ သူ ဒီလိုဝန်ခံခဲ့တယ်– “တစ်ခါတလေ အဲဒီခံစားချက်တွေ ပေါ်လာတုန်းပဲ။ ဒါပေမဲ့ အဲဒါကို ကျွန်တော်ချိုးနှိမ်နိုင်ခဲ့တယ်။ ခင်ဗျားတို့ ခံရပ်နိုင်တာထက် ပိုပြီး သွေးဆောင်ခံရဖို့ ယေဟောဝါ ဘယ်တော့မှာ ခွင့်ပြုမှာမဟုတ်ဘူး။ ကျွန်တော်ခံရပ်နိုင်တယ်လို့ ယေဟောဝါယူဆတယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်တိုက်လှန်နေတာတွေအားလုံးအတွက် ကမ္ဘာသစ်မှာ အကျိုးပြန်ခံစားရမှာဖြစ်တယ်။ အဲဒီအကျိုးတွေကို ကျွန်တော် ခံစားချင်တယ်။ အဲဒီအချိန်ထိ ကျွန်တော်ဆက်တိုက်လှန်သွားမယ်။” ပြေးလမ်းပေါ်မှာ ဆက်ပြေးနေဖို့ သူစိတ်ပိုင်းဖြတ်ထားတယ်။
၁၆၊ ၁၇။ (က) မတရားဆက်ဆံခံရတယ်လို့ ခံစားရတဲ့ ညီအစ်ကိုတစ်ယောက် ဘယ်လို အကူအညီရခဲ့သလဲ။ (ခ) ကျွန်ုပ်တို့ တိုက်မိလဲမသွားဖို့ ဘာကို သတိရဖို့လိုသလဲ။
၁၆ အသင်းတော်မှာရှိတဲ့ မမျှတမှုကလည်း တိုက်မိလဲစေနိုင်တယ်။ ပြင်သစ်နိုင်ငံမှာရှိတဲ့ အရင်က အကြီးအကဲဖြစ်ခဲ့ဖူးသူတစ်ယောက်က သူ မတရားဆက်ဆံခံရတယ်လို့ ယူဆပြီး နာကြည်းစိတ်ဝင်ခဲ့တယ်။ ဒါကြောင့် သူဟာ အသင်းတော်နဲ့ ဆက်မပေါင်းတော့ဘဲ မလှုပ်မရှားဖြစ်သွားတယ်။ အကြီးအကဲနှစ်ယောက်က သူ့ဆီလည်ပတ်ပြီး တစ်ခွန်းမှ ဝင်မပြောဘဲ သူပြောသမျှကို စာနာစိတ်နဲ့ နားထောင်ပေးခဲ့တယ်။ အကြီးအကဲတွေက သူခံစားရသမျှကို ယေဟောဝါထံ အပ်လိုက်ပါလို့ သူ့ကိုအားပေးပြီး အရေးကြီးဆုံးက ဘုရားသခင်ရဲ့နှစ်သက်မှုရရှိဖို့ဆိုတာကို အလေးပေးပြောခဲ့တယ်။ အကြံပြုချက်ကို သူလက်ခံခဲ့ပြီး သိပ်မကြာခင်မှာပဲ အသက်ပြေးလမ်းပေါ် ပြန်ဝင်လာတယ်။ အသင်းတော်လုပ်ဆောင်မှုတွေမှာ သူ တက်တက်ကြွကြွ ပြန်ပါဝင်လာတယ်။
၁၇ ကျွန်ုပ်တို့အားလုံးဟာ မစုံလင်တဲ့လူတွေကိုမဟုတ်ဘဲ အသင်းတော်ရဲ့ဦးခေါင်းအဖြစ် ဘုရားသခင်ခန့်အပ်ထားသူ ယေရှုခရစ်ကို အဓိကအာရုံစိုက်ဖို့လိုတယ်။ ယေရှုရဲ့မျက်စိက “မီးလျှံပမာ” ဖြစ်နေပြီး ကိစ္စရပ်တိုင်းကို သိနားလည်တယ်၊ အသင်းတော်မှာဖြစ်နေတာတွေကို ကျွန်ုပ်တို့ မြင်တာထက် ပိုမြင်တယ်။ (ဗျာ. ၁:၁၃-၁၆) ဥပမာ ကျွန်ုပ်တို့ဘက်က မတရားဘူးလို့မြင်တဲ့အရာတွေက ကျွန်ုပ်တို့ အဓိပ္ပာယ်ကောက်လွဲတာ၊ နားလည်မှုလွဲတာ ဖြစ်နိုင်တယ်။ ယေရှုက အသင်းတော်ရဲ့လိုအပ်ရာတွေကို အသင့်တော်ဆုံးအချိန်မှာ အမှန်ကန်ဆုံးနည်းလမ်းနဲ့ ကိုင်တွယ်သွားမယ်။ ဒါကြောင့် ခရစ်ယာန်ချင်းတစ်ယောက်ရဲ့ လုပ်ရပ်ကြောင့် ပြေးပွဲမှာ လဲကျသွားဖို့ ဘယ်တော့မှခွင့်မပြုသင့်ဘူး။
၁၈။ ဆင်းရဲခံရ၊ ညှဉ်းဆဲခံရတဲ့အခါ ကျွန်ုပ်တို့ ဘယ်လို ဆက်သစ္စာရှိနိုင်သလဲ။
၁၈ တိုက်မိလဲစေတဲ့ နောက်ထပ်အရာနှစ်ခုက နှိပ်စက်ညှဉ်းပန်းမှုနဲ့ အသင်းတော်မှာရှိတဲ့ တခြားသူတွေရဲ့ မစုံလင်မှုဖြစ်တယ်။ ယေရှုက သူ့ရဲ့ မျိုးကြဲသူပုံဥပမာမှာ တရားစကားတော်ကြောင့် “ဆင်းရဲခံရ၊ ညှဉ်းဆဲခံရ” တဲ့အခါ တချို့သူတွေ တိုက်မိလဲသွားကြတယ်လို့ ပြောခဲ့တယ်။ မိသားစု၊ အိမ်နီးချင်းနဲ့ အာဏာပိုင်တွေဆီကလာတဲ့ ညှဉ်းဆဲခြင်းက အထူးသဖြင့် သမ္မာတရားမှာ “အမြစ်မစွဲ” သူတွေကို ထိခိုက်စေနိုင်တယ်။ (မ. ၁၃:၂၁) ဒါပေမဲ့ ကျွန်ုပ်တို့က ယေဟောဝါနဲ့ နီးနီးကပ်ကပ်ရှိဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင် နိုင်ငံတော်သတင်းတရားက ယုံကြည်ခြင်းခိုင်ခံ့ဖို့ ကျွန်ုပ်တို့ကို ကူညီပေးပါလိမ့်မယ်။ အခက်အခဲတွေကြုံတွေ့တဲ့အခါမှာ “ချီးမွမ်းဖွယ်သောအရာရှိသမျှ” ကို အလေးအနက်တွေးတောဆင်ခြင်ပါ။ (ဖိလိပ္ပိ ၄:၆-၉ ကိုဖတ်ပါ။) အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ ယေဟောဝါ ကျွန်ုပ်တို့ကို ကူညီပေး ပါလိမ့်မယ်၊ အဲဒီလိုဆိုရင် ပြေးပွဲမှာ လဲကျတော့မှာမဟုတ်ဘူး။
အသက်ပြေးပွဲကို အဆုံးထိမပြေးနိုင်အောင် ဘယ်အရာကိုမှ ခွင့်မပြုပါနဲ့
၁၉။ တစ်ယောက်ယောက်က ကျွန်ုပ်တို့ကို စိတ်ဆိုးအောင်လုပ်တဲ့အခါ မလဲကျအောင် ဘယ်လိုလုပ်နိုင်သလဲ။
၁၉ ဝမ်းနည်းစရာက နှစ်တွေတစ်လျှောက်မှာ တချို့သူတွေဟာ တခြားသူတွေရဲ့ မစုံလင်မှုကြောင့် ပြေးပွဲကနေ ထွက်သွားခဲ့ကြတယ်။ ဩတ္တပ္ပစိတ်နဲ့ဆိုင်တဲ့ကိစ္စတွေမှာ ရှုမြင်ပုံခြင်းမတူလို့ တချို့ တိုက်မိလဲသွားကြတယ်။ (၁ ကော. ၈:၁၂၊ ၁၃) တစ်ယောက်ယောက်က ကျွန်ုပ်တို့ကို ဒေါသထွက်အောင်လုပ်လို့ အဲဒါကို ပုံကြီးချဲ့ပြီး အမှန်တရားကနေ ထွက်သွားမလား။ သမ္မာကျမ်းစာက ခရစ်ယာန်တွေကို တခြားသူတွေကိုမစီရင်ဖို့၊ ကိုယ့်ဘက်က မှန်နေတယ်လို့ထင်ရင်တောင် ခွင့်လွှတ်ဖို့ သတိပေးထားတယ်။ (လု. ၆:၃၇) သင် အဲဒီလို စိတ်ဆိုးစရာအခြေအနေနဲ့ ကြုံတဲ့အခါ သင့်ကိုသင် အခုလိုမေးပါ– ‘ငါက ကိုယ့်အမြင်ပေါ် အခြေခံပြီး တခြားသူကို တရားစီရင်သလား။ ငါ့ညီအစ်ကိုတွေက မစုံလင်ဘူးဆိုတာ သိရက်နဲ့ အဲဒီမစုံလင်မှုကြောင့် ငါ အသက်ပြေးပွဲကနေ ထွက်သွားမလား။’ ယေဟောဝါကို ချစ်တဲ့မေတ္တာက လူသားတစ်ယောက်ယောက်ရဲ့ လုပ်ရပ်ကြောင့် ပန်းတိုင်အထိရောက်အောင် ပြေးနေတာကို အတားအဆီးမဖြစ်ဖို့ ကူညီပေးပါလိမ့်မယ်။
တိုက်မိမလဲစေဘဲ အဆုံးအထိ ခံနိုင်ရည်ရှိရှိပြေးပါ
၂၀၊ ၂၁။ အသက်ပြေးပွဲမှာ သင်ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလဲ။
၂၀ “ပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေး” ဖို့ သင်စိတ်ပိုင်းဖြတ်ထားသလား။ (၂ တိ. ၄:၇၊ ၈) ကိုယ်ပိုင်လေ့လာမှုကို မဖြစ်မနေလုပ်ပါ။ သမ္မာကျမ်းစာနဲ့ အဖွဲ့အစည်းထုတ်စာပေတွေကိုသုံးပြီး ရှာဖွေလေ့လာပါ၊ တွေးတောဆင်ခြင်ပါ၊ သင့်ကို တိုက်မိလဲစေနိုင်တဲ့အရာတွေကို သိအောင်လုပ်ပါ။ သင်လိုအပ်နေတဲ့ခွန်အားရဖို့ သန့်ရှင်းသောစွမ်းအားတော် တောင်းခံပါ။ ကျွန်ုပ်တို့က အခန့်မသင့်လို့ တိုက်မိပြီး လဲကျသွားတယ်ဆိုရင်တောင် ပြန်ထပြီး အသက်ပြေးပွဲကို အဆုံးအထိ ဆက်ပြေးနိုင်တယ်ဆိုတာ သတိရပါ။ ပြေးပွဲမှာ ပိုကောင်းအောင် ပြေးနိုင်ဖို့ ကျွန်ုပ်တို့ရဲ့အမှားတွေကနေ သင်ခန်းစာ ယူနိုင်ပါတယ်။
၂၁ ထာဝရအသက်ပြေးပွဲမှာ ဝင်ပြေးတာက မလှုပ်မယှက်ငြိမ်နေတာမျိုး မဟုတ်ဘဲ တက်ကြွတဲ့လုပ်ဆောင်မှု လိုတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒါက လိုရာခရီးရောက်ဖို့ ဘတ်စကားပေါ်တက်ပြီး သက်သက်သာသာ ထိုင်လိုက်သွားတာမျိုး မဟုတ်ဘူး။ အသက်ရဖို့ ကိုယ်တိုင် ပြေးရမှာဖြစ်တယ်။ ကျွန်ုပ်တို့ အဲဒီလိုလုပ်တယ်ဆိုရင် ယေဟောဝါထံကနေ “အကြီးအကျယ် ငြိမ်သက်မှုခံစားရ” မယ်။ (ဆာ. ၁၁၉:၁၆၅၊ ကဘ) ကိုယ်တော်ဟာ အခုအချိန်မှာ ကျွန်ုပ်တို့ကို ဆက်ကူညီပေးနေမှာဖြစ်ပြီး အသက်ပြေးပွဲကို အဆုံးထိပြေးတဲ့သူအားလုံးကို မကုန်ဆုံးနိုင်တဲ့ကောင်းချီးတွေ ပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—ယာ. ၁:၁၂။