မျက်နှာဖုံးဆောင်းပါး | ဘုရားသခင့်နိုင်ငံတော်က–သင့်အတွက် ဘာတွေလုပ်ပေးမှာလဲ
ဘုရားသခင့်နိုင်ငံတော်က ယေရှုအတွက် ဘာဖြစ်လို့ အရေးကြီးတာလဲ
ယေရှု ကမ္ဘာပေါ်အမှုဆောင်ချိန်မှာ ဘယ်လိုဆုတောင်းရမယ်၊ ဘုရားစိတ်တော်နဲ့တွေ့အောင် ဘယ်လိုလုပ်ဆောင်ရမယ်၊ စစ်မှန်တဲ့ပျော်ရွှင်မှုရအောင် ဘာလုပ်ရမယ်စတဲ့ အကြောင်းအရာတွေကို ပြောခဲ့တယ်။ (မဿဲ ၆:၅-၁၃; မာကု ၁၂:၁၇; လုကာ ၁၁:၂၈) ဒါပေမဲ့ ယေရှု အနှစ်သက်ဆုံးဖြစ်ပြီး အများဆုံးပြောခဲ့တဲ့ အကြောင်းအရာကတော့ ဘုရားသခင့် နိုင်ငံတော် အကြောင်းပါပဲ။—လုကာ ၆:၄၅။
ရှေ့ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့အတိုင်း ယေရှုဟာ “ဘုရားသခင်၏ နိုင်ငံတော်သတင်းကောင်းကို ဟောပြော” ဖို့ပဲ အဓိက အာရုံစိုက်ခဲ့တယ်။ (လုကာ ၈:၁) ဘုရားသခင့်နိုင်ငံတော်အကြောင်း လူတွေကို သင်ပေးဖို့ ကြိုးစားအားထုတ်ခဲ့တယ်။ ကိုယ်တော်ဟာ အစ္စရေးပြည်တစ်လျှောက် မိုင်ပေါင်းများစွာ လမ်းလျှောက်သွားပြီး ဟောပြောသွန်သင်ခဲ့တယ်။ ယေရှုရဲ့ အမှုဆောင်ခြင်းအကြောင်း မှတ်တမ်းတင်ထားတဲ့ ခရစ်ဝင်ကျမ်းလေးကျမ်းမှာ နိုင်ငံတော်အကြောင်း အကြိမ်ပေါင်း ၁၀၀ ကျော် ကိုးကားဖော်ပြထားပြီး အများစုကို ယေရှုပြောခဲ့တဲ့ စကားတွေမှာ တွေ့ရတယ်။ ဒီမှတ်တမ်းတွေက ဘုရားသခင့်နိုင်ငံတော်အကြောင်း ကိုယ်တော်ပြောခဲ့သမျှထဲက အနည်းအကျဉ်းပဲ ရှိပါသေးတယ်။—ယောဟန် ၂၁:၂၅။
ယေရှု မြေကြီးပေါ်ရှိနေတုန်းက ဘုရားသခင့်နိုင်ငံတော်ဟာ ကိုယ်တော့်အတွက် ဘာဖြစ်လို့ အဲဒီလောက် အရေးကြီးတာလဲ။ တစ်ချက်က နိုင်ငံတော်ရဲ့ ဘုရင်အနေနဲ့ သူ့ကို ဘုရားရွေးချယ်ထားမှန်း သိထားလို့ပဲ။ (ဟေရှာယ ၉:၆; လုကာ ၂၂:၂၈-၃၀) ဒါပေမဲ့ ယေရှုဟာ အခွင့်အာဏာရရှိဖို့၊ ဘုန်းထင်ရှားဖို့ အာရုံမစိုက်ခဲ့ဘူး။ (မဿဲ ၁၁:၂၉; မာကု ၁၀:၁၇၊ ၁၈) သူ့ကိုယ်ကျိုးအတွက် ဘုရားရဲ့နိုင်ငံတော်အကြောင်း ဟောခဲ့တာလည်း မဟုတ်ဘူး။ ချစ်မြတ်နိုးရတဲ့ ကောင်းကင်ဖခင်နဲ့ နာခံမှုရှိတဲ့ နောက်လိုက်တွေအတွက် နိုင်ငံတော်က လုပ်ပေးမယ့်အရာတွေကြောင့် နိုင်ငံတော်ကို ယေရှု စိတ်ဝင်စားခဲ့တာ၊ စိတ်ဝင်စားနေတာ ဖြစ်တယ်။a
ဘုရားသခင့်နိုင်ငံတော်က ယေရှုရဲ့ဖခင်အတွက် လုပ်ဆောင်ပေးမယ့်အရာ
ကောင်းကင်မှာရှိတဲ့ ဖခင်ကို ယေရှု နှစ်နှစ်ကာကာချစ်ပါတယ်။ (သုတ္တံ ၈:၃၀; ယောဟန် ၁၄:၃၁) မေတ္တာ၊ သနားကြင်နာမှု၊ တရားမျှတမှုစတဲ့ ဖခင်ရဲ့အရည်အသွေးကောင်းတွေကိုလည်း မြတ်နိုးတယ်။ (တရားဟောရာ ၃၂:၄; ဟေရှာယ ၄၉:၁၅; ၁ ယောဟန် ၄:၈) ဒါကြောင့် ဘုရားက လူတွေကို ဂရုမစိုက်ဘူး၊ လူတွေကို ဆင်းရဲဒုက္ခခံစားစေချင်တယ် စတဲ့ ဖခင်အကြောင်း အလိမ်အညာစကားတွေကို ယေရှုလုံးဝကြားချင်မှာမဟုတ်ဘူး။ ဒါကြောင့်လည်း “နိုင်ငံတော်သတင်းကောင်း” ကို ထက်ထက်သန်သန်ဟောခဲ့တာ ဖြစ်တယ်။ အချိန်တန်တဲ့အခါ နိုင်ငံတော်က ဘုရားရဲ့ဘုန်းတော်ကို ထင်ရှားစေမယ်ဆိုတာ ယေရှုသိထားတယ်။ (မဿဲ ၄:၂၃; ၆:၉၊ ၁၀) ဘယ်လိုနည်းနဲ့လဲ။
ဘုရားသခင်က လူသားတွေအကျိုးရဖို့ နိုင်ငံတော်အားဖြင့် ပြောင်းလဲမှုကြီး လုပ်ပေးပါတော့မယ်။ နာခံမှုရှိတဲ့လူသားတွေရဲ့ “မျက်ရည်ရှိသမျှကို သုတ်” ပေးမှာဖြစ်တယ်။ ဆိုလိုတာက ဝမ်းနည်းမျက်ရည်ကျစေတဲ့ အကြောင်းရင်းမှန်သမျှကို ယေဟောဝါဘုရား ဖယ်ရှားပေးပါလိမ့်မယ်။ အဲဒီအခါ “သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့” မှာ မဟုတ်ဘူး။ (ဗျာဒိတ် ၂၁:၃၊ ၄) ဘုရားက လူတွေရဲ့ ဆင်းရဲဒုက္ခမှန်သမျှကို နိုင်ငံတော်အားဖြင့် ဖယ်ရှားပေးတော့မှာဖြစ်တယ်။b
ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ယေရှု ဟောပြောလိုစိတ်ထက်သန်တာ အံ့ဩစရာမဟုတ်ပါဘူး။ ဖခင်ဟာ ဘယ်လောက် တန်ခိုးကြီးတယ်၊ ဘယ်လောက်သနားတတ်တယ်ဆိုတာ ဒီနိုင်ငံတော်က ဖော်ထုတ်ပေးသွားမှာကို ယေရှုသိထားတယ်။ (ယာကုပ် ၅:၁၁) အဲဒီအပြင် ဒီနိုင်ငံတော်ကနေပဲ နာခံမှုရှိတဲ့လူသားတွေ အကျိုးကျေးဇူး ရရှိမယ်ဆိုတာကိုလည်း သိထားတယ်။
နာခံမှုရှိတဲ့ လူသားတွေအတွက် နိုင်ငံတော်က လုပ်ဆောင်ပေးမယ့်အရာ
ယေရှု မြေကြီးပေါ်မလာခင် ကောင်းကင်မှာ ဖခင်နဲ့အတူ နေထိုင်ခဲ့ပါတယ်။ ဖခင်က သားတော်နဲ့အတူ ကြယ်တွေနဲ့ပြည့်နေတဲ့ ကောင်းကင်ကို၊ လှပတဲ့ကမ္ဘာကြီးနဲ့ ကမ္ဘာမှာရှိတဲ့ သက်ရှိတွေကို ဖန်ဆင်းခဲ့တယ်။ (ကောလောသဲ ၁:၁၅၊ ၁၆) ဖန်ဆင်းခဲ့သမျှ အရာအားလုံးထဲမှာ လူသားတွေကို ယေရှု “သိပ်ချစ်မြတ်နိုး” ပါတယ်။—သုတ္တံ ၈:၃၁၊ ကဘ။
လူသားတွေကို ယေရှု ဘယ်လောက်ချစ်မြတ်နိုးတယ်ဆိုတာ မြေကြီးပေါ် အမှုဆောင်တဲ့အချိန်မှာ တွေ့ရှိရတယ်။ ဆင်းရဲဒုက္ခခံစားနေသူတွေကို ‘သတင်းကောင်း ပြောကြား’ ဖို့ ကမ္ဘာပေါ်ရောက်လာရခြင်းဖြစ်တယ်လို့ အစကတည်းက ကိုယ်တော် ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။ လူတွေကို ဟောပြောရုံသာမဟုတ်ဘဲ လက်တွေ့လည်း ကူညီပေးခဲ့တယ်။ (လုကာ ၄:၁၈) လူသားတွေကို ချစ်တယ်ဆိုတာ ကိုယ်တော့်လုပ်ရပ်တွေမှာ အထင်အရှား တွေ့မြင်ရပါတယ်။ ဥပမာ၊ လူအုပ်ကြီးက ယေရှုဟောပြောတာကို နားထောင်ဖို့ ရောက်လာတဲ့အခါ သူတို့ကို ကိုယ်တော် “သနားတော်မူ၍ လူနာများကို ကျန်းမာ” အောင်ကုသပေးတယ်။ (မဿဲ ၁၄:၁၄) နူနာရောဂါသည်တစ်ယောက်က ယေရှု ကုသပေးချင်ရင် ကုသပေးနိုင်စွမ်းရှိတယ်ဆိုတာ ယုံကြည်ကြောင်း ဖော်ပြတဲ့အခါ သူ့ကိုချစ်တဲ့မေတ္တာကြောင့် ယေရှုက “ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေ” လို့ ကြင်ကြင်နာနာပြောပြီး ကုသပေးလိုက်တယ်။ (လုကာ ၅:၁၂၊ ၁၃) မောင်ဖြစ်သူလာဇရု သေဆုံးသွားလို့ ဝမ်းနည်းနေတဲ့ မိတ်ဆွေမာရိကို ယေရှုတွေ့တဲ့အခါမှာလည်း “အလွန်စိတ်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်း” ရှိလို့ “မျက်ရည်ကျ” ခဲ့တယ်။ (ယောဟန် ၁၁:၃၂-၃၆) ပြီးတော့ သေဆုံးသွားတာလေးရက်ကြာပြီဖြစ်တဲ့ လာဇရုကို အသက်ပြန်ရှင်လာအောင် လုပ်ပေးလိုက်တယ်။ ဒါဟာ တကယ့်ကို အံ့ဩစရာကောင်းတဲ့ အမှုပါပဲ။—ယောဟန် ၁၁:၃၈-၄၄။
မြေကြီးပေါ်မှာ လုပ်ပေးခဲ့တဲ့အရာတွေက ခဏပဲအကျိုးရှိမယ်ဆိုတာ ယေရှု သိထားပါတယ်။ ကိုယ်တော်ကုသပေးခဲ့တဲ့ လူနာတွေ ပြန်ဖျားနာလာမယ်၊ အသက်ပြန်ရှင်လာအောင် လုပ်ပေးခဲ့တဲ့သူတွေ ပြန်သေဆုံးရမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဘုရားသခင့်နိုင်ငံတော်က ဒီပြဿနာအားလုံးကို အပြီးတိုင်ဖယ်ရှားပေးမယ်ဆိုတာကိုလည်း ကိုယ်တော် သိထားတယ်။ ဒါကြောင့် ယေရှုက အံ့ဖွယ်အမှုတွေပဲ လုပ်ခဲ့တာမဟုတ်ဘဲ “နိုင်ငံတော်သတင်းကောင်း” ကိုလည်း ထက်ထက်သန်သန် ဟောပြောခဲ့တာဖြစ်တယ်။ (မဿဲ ၉:၃၅) ယေရှုလုပ်ခဲ့တဲ့ အံ့ဖွယ်အမှုတွေဟာ မကြာခင်မှာ ဘုရားနိုင်ငံတော်က လုပ်ဆောင်ပေးမယ့်အရာတွေရဲ့ ရှေ့ပြေးပုံရိပ်တွေဖြစ်တယ်။ ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ ပြည့်စုံလာမယ့် ကျမ်းစာကတိတွေကို ဆက်သုံးသပ်ကြည့်ပါ။
ကျန်းမာရေးပြဿနာတွေ ရှိတော့မှာမဟုတ်
“ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့် လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။” ဒါ့အပြင် “မြို့သားကလည်း ငါနာသည်ဟု မဆိုရ။”—ဟေရှာယ ၃၃:၂၄; ၃၅:၅၊ ၆။
သေခြင်းရှိတော့မှာမဟုတ်
“ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာလံ ၃၇:၂၉။
“သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။”—ဟေရှာယ ၂၅:၈။
သေဆုံးသွားသူတွေ အသက်ပြန်ရှင်လာကြမယ်
“သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လိမ့်မည်။”—ယောဟန် ၅:၂၈၊ ၂၉။
“ရှင်ပြန်ထမြောက်ကြလိမ့်မည်။”—တမန်တော် ၂၄:၁၅။
အိုးမဲ့အိမ်မဲ့၊ အလုပ်လက်မဲ့ပြဿနာတွေ ရှိတော့မှာမဟုတ်
“ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူနေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူ စားရမည်မဟုတ်။ . . . သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရကြလိမ့်မည်။”—ဟေရှာယ ၆၅:၂၁၊ ၂၂။
စစ်ပွဲတွေ ရှိတော့မှာမဟုတ်
“မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေတော်မူ၏။”—ဆာလံ ၄၆:၉။
“တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ။”—ဟေရှာယ ၂:၄။
အစားအစာ ရှားပါးတော့မှာမဟုတ်
“မြေကြီးသည် အသီးအနှံများကို ဖြစ်ပွားစေပြီ။ ငါတို့၏ဘုရားသည် ငါတို့အား ကောင်းချီးပေးတော်မူပြီ။”—ဆာလံ ၆၇:၆၊ ခမ။
“ပြည်တော်၌ များစွာသောစပါးရှိ၍ အသီးအနှံသည် လေဗနုန်တောကဲ့သို့ တောင်ထိပ်ပေါ်မှာလှုပ်ရှားလိမ့်မည်။”—ဆာလံ ၇၂:၁၆။
ဆင်းရဲနွမ်းပါးမှု ရှိတော့မှာမဟုတ်
“နွမ်းပါးသောသူတို့ကို အစဉ်မေ့လျော့တော်မမူ။”—ဆာလံ ၉:၁၈၊ သမ္မာ။
“ငတ်မွတ်သောသူ အော်ဟစ်သောအခါ ထိုသူကိုလည်းကောင်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကိုသနား၍ ငတ်မွတ်သောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။” —ဆာလံ ၇၂:၁၂၊ ၁၃။
ဘုရားသခင့်နိုင်ငံတော်က လုပ်ဆောင်ပေးမယ့်အရာတွေအကြောင်း လေ့လာပြီးတဲ့အခါ ဒီနိုင်ငံတော်က ယေရှုအတွက် ဘာကြောင့်အရေးကြီးသလဲဆိုတာ သင် သိမြင်လာပြီလို့ ထင်ပါတယ်။ ဘုရားသခင့်နိုင်ငံတော်က ဒီနေ့အချိန်မှာ ကြုံတွေ့နေရတဲ့ စိတ်ဆင်းရဲစရာ ပြဿနာအားလုံးကို ဖယ်ရှားပေးမယ်ဆိုတာ ယေရှု သိထားတယ်။ ဒါကြောင့် ကိုယ်တော် မြေကြီးပေါ်ရှိနေချိန်မှာ ဘုရားနိုင်ငံတော်အကြောင်း နားထောင်ချင်သူတွေကို ထက်ထက်သန်သန် ပြောပြခဲ့တာဖြစ်တယ်။
ဘုရားသခင့်နိုင်ငံတော်က ပြည့်စုံစေမယ့် ကျမ်းစာကတိတွေကို သင်နှစ်သက်ပါသလား။ နှစ်သက်တယ်ဆိုရင် ဒီနိုင်ငံတော်အကြောင်း နောက်ထပ် ဘယ်လို သိရှိနိုင်မလဲ။ နိုင်ငံတော်က လုပ်ပေးမယ့် အကျိုးကျေးဇူးတွေကို ခံစားနိုင်ဖို့ သင် ဘာလုပ်ရမလဲ။ နောက်ဆောင်းပါးမှာ ဒီမေးခွန်းတွေရဲ့အဖြေကို တွေ့ရပါလိမ့်မယ်။
a ဒီဆောင်းပါးမှာ ယေရှုရဲ့ခံစားချက်ကို လက်ရှိခံစားနေတဲ့ပုံစံမျိုးနဲ့ သုံးနှုန်းထားပါတယ်။ အကြောင်းက အခုချိန်မှာ ယေရှု ကောင်းကင်မှာ ရှိနေတယ်။ ကိုယ်တော် ကောင်းကင်ပြန်ရောက်သွားပေမဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်း စိတ်၀င်စားနေတုန်းပဲဆိုတာ သေချာပါတယ်။—လုကာ ၂၄:၅၁။
b ဘုရားက ဆင်းရဲဒုက္ခတွေကို ဘာကြောင့် အချိန်အတိုင်းအတာတစ်ခုထိ ခွင့်ပြုထားသလဲဆိုတာ သိနိုင်ဖို့ ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၁၁ ကိုကြည့်ပါ။