ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၃/၁ စာ. ၁၃-၁၅
  • တော်ဝင် လက်ဆောင်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တော်ဝင် လက်ဆောင်များ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာရေဗျ သဲကန္တာရကို ဖြတ်ကျော်
  • “အကောင်းဆုံး ကုန်သွယ်ရေးလျှို့ဝှက်ချက်ကို အတော်ကြာကြာထိန်းသိမ်းထား”
  • ကျမ်းစာခေတ်မှာ အသုံးပြုတဲ့ အလှကုန်ပစ္စည်းများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဂိလဒ်ပြည်မှ ဗော်လ်ဆမ် အနာပျောက်ဆီမွှေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၃/၁ စာ. ၁၃-၁၅
အမွှေးနံ့သာ အမျိုးမျိုး

တော်ဝင် လက်ဆောင်များ

“အရှေ့တိုင်းမှ နက္ခတ်ဗေဒင်ဆရာများသည် ဂျေရုဆလင်မြို့သို့ ရောက်လာကြ၍ . . . မိမိတို့၏ဘဏ္ဍာကြုတ်များကိုဖွင့်၍ ရွှေ၊ လောဗန်နဲ့ မုရန် လက်ဆောင်တို့ကို ဆက်သကြ၏။” —မဿဲ ၂:၁၊ ၁၁။

အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးကို လက်ဆောင်ပေးချင်ရင် ဘာပေးမလဲ။ ကျမ်းစာခေတ်မှာ အမွှေးနံ့သာတချို့ဟာ ရွှေလို တန်ဖိုးကြီးတာမို့ ရှင်ဘုရင်တွေကို ဆက်သကြတယ်။a ဒါကြောင့် “ဂျူးတို့၏ ရှင်ဘုရင်” ကို နက္ခတ်ဗေဒင်ဆရာတွေဆက်သတဲ့ လက်ဆောင်တွေထဲမှာ အမွှေးနံ့သာနှစ်မျိုးပါနေတာ ဖြစ်တယ်။—မဿဲ ၂:၁၊ ၂၊ ၁၁။

ဗာလစံဆီမွေး

ဗာလစံဆီမွှေး

ရှောလမုန်ဘုရင်ကို ရှေဘဘုရင်မ လာခစားတဲ့အခါ “ရွှေအခွက်တစ်ရာ့နှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မျက်တို့ကိုဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအားဆက်သော နံ့သာမျိုးနှင့်တူသော နံ့သာမျိုးသည်မရှိ” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၂ ရာဇဝင်ချုပ် ၉:၉) ရှင်ဘုရင်တွေကလည်း ရှောလမုန်အတွက် လက်ဆောင်အဖြစ် ဗာလစံဆီမွှေးကို ဆက်သကြတယ်။b—၂ ရာဇဝင်ချုပ် ၉:၂၃၊ ၂၄။

အဲဒီအမွှေးနံ့သာတွေနဲ့ အမွှေးနံ့သာပါတဲ့ထုတ်ကုန်တွေက ကျမ်းစာခေတ်မှာ ဘာကြောင့် အဖိုးထိုက်ပြီး စျေးကြီးရတာလဲ။ အကြောင်းကတော့ အမွှေးနံ့သာတွေကို အလှကုန်ပစ္စည်း၊ ဘာသာရေး အသုံးအဆောင်နဲ့ စျာပနအခမ်းအနားတွေမှာ အသုံးများလို့ပါ။ (“ကျမ်းစာခေတ်မှာ အမွှေးနံ့သာ အသုံးပြုပုံများ” လေးထောင့်ကွက်ကို ကြည့်ပါ။) အမွှေးနံ့သာတွေကို လူတိုင်းတန်ဖိုးထားတဲ့အပြင် သယ်ယူပို့ဆောင်ဖို့၊ စျေးကွက်တင်ပို့ဖို့ စရိတ်များတာကြောင့် စျေးကြီးရခြင်း ဖြစ်ပါတယ်။

အာရေဗျ သဲကန္တာရကို ဖြတ်ကျော်

တရုတ်သစ်ကြံပိုး

တရုတ်သစ်ကြံပိုး

ကျမ်းစာခေတ်က အမွှေးနံ့သာပင်တချို့ဟာ ဂျော်ဒန်ချိုင့်ဝှမ်းမှာ ပေါက်တယ်။ တချို့ကိုတော့ တိုင်းတစ်ပါးကနေ တင်သွင်းရတယ်။ အမွှေးနံ့သာထုတ်ကုန်မျိုးစုံကို ကျမ်းစာထဲမှာ ဖော်ပြထားပြီး ကုံကုမံ၊ ရှားစောင်းလက်ပပ်၊ ဗာလစံဆီမွှေး၊ သစ်ကြံပိုး၊ လောဗန်နဲ့ မုရန်စေးတို့ကို လူသိများကြတယ်။ ဒါ့အပြင် ဇီရာ၊ ပူစီနံနဲ့ စမုန်စပါးတို့က လူသုံးများတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ဖြစ်တယ်။

ဒီအမွှေးနံ့သာတွေ ဘယ်ကလာသလဲ။ ရှားစောင်းလက်ပပ်၊ တရုတ်သစ်ကြံပိုးနဲ့ သစ်ကြံပိုးပင်တို့က တရုတ်ပြည်၊ အိန္ဒိယနဲ့ သီရိလင်္ကာနိုင်ငံတွေကနေ လာတယ်။ အာရေဗျတောင်ပိုင်းကနေ အာဖရိကတိုက် ဆိုမာလီးယားနိုင်ငံအထိ ကျယ်ပြန့်တဲ့ကန္တာရထဲမှာ ပေါက်တဲ့ချုံနွယ်ပင်တွေကနေ မုရန်စေးနဲ့ လောဗန်တို့ကို ရရှိတယ်။ အိန္ဒိယနိုင်ငံရဲ့ သီးသန့်ထုတ်ကုန်ဖြစ်တဲ့ နာဒုဆီခေါ် နံ့သာဆီကျတော့ ဟိမဝန္တာတောင်တန်းဒေသကနေလာတယ်။

ကုံကုမံ

ကုံကုမံ

အာရေဗျဒေသကိုဖြတ်ကျော်ပြီး အစ္စရေးပြည်ထဲ အမွှေးနံ့သာတွေ တင်သွင်းတယ်။ ဒါကြောင့် ဘီစီ ပထမနဲ့ ဒုတိယထောင်စုနှစ်အတွင်း အာရေဗျဒေသဟာ “အရှေ့တိုင်းနဲ့ အနောက်တိုင်း ကုန်စည်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းကို ချုပ်ကိုင်တဲ့နေရာဖြစ်လာတယ်” လို့ [The Book of Spices] စာအုပ်က ဖော်ပြထားတယ်။ အစ္စရေးနိုင်ငံတောင်ပိုင်း နက်ဂဗ်ဒေသမှာရှိတဲ့ မြို့ဟောင်းတွေ၊ ခံတပ်တွေနဲ့ ခရီးတစ်ထောက်နားတဲ့နေရာတွေက အမွှေးနံ့သာကုန်သည်တွေ အနားယူတဲ့နေရာတွေဖြစ်တယ်။ အဲဒီနေရာတွေက “တောင်ပိုင်းအာရေဗျနဲ့ မြေထဲပင်လယ် ကုန်သွယ်ရေးလမ်းကြောင်းမှာ အချက်အချာကျတယ်” လို့ ယူနက်စကိုအဖွဲ့ရဲ့ ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေးဌာနက ဖော်ပြတယ်။

“အရွယ်အစားက ငယ်၊ စျေးနှုန်းက ကြီး၊ ဝယ်လိုအားက များတာမို့ အမွှေးနံ့သာတွေဟာ ကုန်သွယ်ရေးမှာ လူကြိုက်များတဲ့ ပစ္စည်းဖြစ်ခဲ့။” —The Book of Spices

အမွှေးနံ့သာတွေ အပြည့်တင်ထားတဲ့ ကုလားအုတ်တန်းတွေဟာ မိုင် ၁,၁၀၀ လောက်ရှိတဲ့ အာရေဗျဒေသကို ဖြတ်သန်းသွားလာလေ့ရှိတယ်။ (ယောဘ ၆:၁၉) အိရှမေလ ကုန်သည်တွေက ဂိလဒ်ပြည်ကနေ အီဂျစ်ပြည်ကို “နံ့သာမျိုး၊ ဗာလစံစေး၊ မုရန်စေး” တွေသယ်ဆောင်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၃၇:၂၅) ယာကုပ်ရဲ့ သားတွေက ညီယောသပ်ကို ဒီကုန်သည်တွေဆီ ရောင်းခဲ့တယ်။

“အကောင်းဆုံး ကုန်သွယ်ရေးလျှို့ဝှက်ချက်ကို အတော်ကြာကြာထိန်းသိမ်းထား”

စမုံစပါး

စမုန်စပါးပင်

အမွှေးနံ့သာကုန်သွယ်ရေးကို အာရေဗျကုန်သည်တွေက နှစ်ပေါင်းရာနဲ့ချီ လက်ဝါးကြီးအုပ်ခဲ့ကြပြီး တရုတ်သစ်ကြံပိုးနဲ့ သစ်ကြံပိုး အမွှေးနံ့သာတွေကို အာရှကနေ တင်သွင်းတယ်။ အရှေ့တိုင်းကနေ မြေထဲပင်လယ်အထိ အမွှေးနံ့သာတွေကို ကုန်ကူးတဲ့အခါ အန္တရာယ်ထူပြောတဲ့အကြောင်း အာရေဗျကုန်သည်တွေက ကြံဖန်ချဲ့ကားပြောတတ်ကြတယ်။ အဓိကရည်ရွယ်ချက်ကတော့ “အကောင်းဆုံး ကုန်သွယ်ရေး လျှို့ဝှက်ချက်ကို အတော်ကြာကြာ ထိန်းသိမ်းထားဖို့ ဖြစ်နိုင်တယ်” လို့ [The Book of Spices] စာအုပ်က ဖော်ပြတယ်။

ဇီရာ

ဇီရာ

အာရေဗျကုန်သည်တွေ ဘယ်လိုချဲ့ကားပြောကြသလဲ။ ချောက်ကမ်းပါးတွေပေါ်မှာ သစ်ကြံပိုးခေါက် အသိုက်တွေဆောက်တဲ့ ငှက်ကြီးတွေအကြောင်း ဘီစီ ၅ ရာစုက ဂရိသမိုင်းပညာရှင် ဟဲရိုဒိုတပ်စ် ပြောဖူးတယ်။ အဲဒီအဖိုးတန် အမွှေးနံ့သာကိုရဖို့ ရှာဖွေသူတွေက ချောက်ကမ်းပါးအောက်ခြေမှာ အသားတုံးကြီးတွေ ချပေးကြတယ်လို့ ဆိုတယ်။ ငှက်တွေက အသားတုံးတွေကို အသိုက်ဆီ လောဘတကြီးသယ်သွားတာမို့ အသိုက်ကလေးပြီး မြေပြင်ပေါ်ပြုတ်ကျလာတဲ့အခါ သစ်ကြံပိုးခေါက်တွေကို လူတွေ မြန်မြန်ကောက်ယူကြတယ်။ ပြီးတော့ ကုန်သည်တွေဆီ ရောင်းချကြတယ်။ အဲဒီလို လုပ်ဇာတ်တွေက ပျံ့နှံ့လာတယ်။ “ဒီလို လုပ်ကြံဇာတ်တွေကြောင့်လည်း သစ်ကြံပိုးခေါက်စျေးက အဆမတန် တက်သွားတယ်” လို့ [The Book of Spices] စာအုပ်က ပြောတယ်။

ပင်စိမ်း

ပူစီနံ

အာရေဗျကုန်သည်တွေရဲ့ လျှို့ဝှက်ချက်ကို သိကုန်တော့ လက်ဝါးကြီးဆက်အုပ်လို့ မရတော့ဘူး။ ဘီစီ ပထမရာစုမှာ အီဂျစ်ပြည် အလက်ဇန္ဒြီးယားဆိပ်ကမ်းမြို့ဟာ အမွှေးနံ့သာကုန်သွယ်ရေးအတွက် အချက်အချာကျလာတယ်။ အိန္ဒိယသမုဒ္ဒရာမုတ်သုံလေကြောင်းကို အသုံးပြုပြီး ဘယ်လိုရွက်လွှင့်ရမလဲဆိုတာ သိလာတာနဲ့ ရောမသင်္ဘောတွေက အီဂျစ်ဆိပ်ကမ်းမြို့တွေကနေ အိန္ဒိယပြည်ဆီ ရွက်လွှင့်ကြတယ်။ ရလဒ်ကတော့ အမွှေးနံ့သာတွေ ပိုပေါလာပြီး စျေးချိုလာတယ်။

ဒီနေ့ခေတ်မှာတော့ အမွှေးနံ့သာတွေဟာ ရွှေလောက် တန်ဖိုး မရှိတော့ဘူး။ အမွှေးနံ့သာတွေကို တော်ဝင် လက်ဆောင်အဖြစ်လည်း မပေးကြတော့ပါဘူး။ ဒါပေမဲ့ အခုခေတ်လူတွေဟာ ရေမွှေးနဲ့ ဆေးဝါးတွေဖော်စပ်ရာမှာ အမွှေးနံ့သာတွေကို သုံးကြတယ်။ ဟင်းချက်တဲ့အခါလည်း အရသာရှိဖို့ ထည့်သုံးကြတယ်။ ရနံ့သင်းပျံ့တဲ့ အမွှေးနံ့သာတွေကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလိုပဲ ဒီနေ့ခေတ်မှာလည်း လူကြိုက်များနေဆဲပါ။

သစ်ကြံပိုးခေါက်တစ်စည်း

သစ်ကြံပိုး

a ကျမ်းစာထဲမှာ “အမွှေးနံ့သာများ”လို့ ပြန်ဆိုထားတဲ့စကားလုံးရဲ့ မူရင်းအဓိပ္ပာယ်က အပင်ထွက် အမွှေးအကြိုင်တွေကို ရည်ညွှန်းတာဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်တွေ မဟုတ်ပါ။

b “ဗာလစံဆီမွှေး” ဆိုတာ သစ်ပင်နဲ့ ချုံပင်တွေကနေရတဲ့ အမွှေးနံ့သာကို ဆိုလိုပါတယ်။

ကျမ်းစာခေတ်မှာ အမွှေးနံ့သာ အသုံးပြုပုံများ

ဘိသိက်ဆီနဲ့ မြင့်မြတ်တဲ့ နံ့သာပေါင်း။ ယေဟောဝါဘုရားက မောရှေကို ဘိသိက်ဆီနဲ့ မြင့်မြတ်တဲ့ နံ့သာပေါင်း ဖော်စပ်နည်းတွေ ပေးခဲ့တယ်။ နှစ်မျိုးစလုံးမှာ အမွှေးနံ့သာ ၄ မျိုးစီ ပါဝင်တယ်။ (ထွက်မြောက်ရာ ၃၀:၂၂-၂၅၊ ၃၄-၃၈) ဘိသိက်ဆီဖော်စပ်တဲ့အခါ အမွှေးနံ့သာအချိုးအစား အချိန်အဆမှန်ဖို့ ကြီးကြပ်ရာမှာ ပုရောဟိတ်တချို့ ကျွမ်းကျင်ကြတယ်။ —တောလည်ရာ ၄:၁၆; ၁ ရာဇဝင်ချုပ် ၉:၃၀။

အမွှေးနံ့သာနဲ့ လိမ်းဆေး။ ငွေကြေးတတ်နိုင်သူတွေက သူတို့ရဲ့ အိမ်တွေ၊ အဝတ်အစားတွေ၊ အိပ်ရာတွေနဲ့ ကိုယ်ခန္ဓာတို့ ရနံ့သင်းပျံ့စေဖို့ မွှေးကြိုင်တဲ့အမှုန့်တွေ သုံးကြတယ်။ (ဧသတာ ၂:၁၂; သုတ္တံ ၇:၁၇; ရှောလမုန်သီချင်း ၃:၆၊ ၇; ၄:၁၃၊ ၁၄) လာဇရုအမ မာရိက အလွန်တန်ဖိုးကြီးတဲ့ “နာဒုဆီမွှေးစစ်” ကို ယေရှုရဲ့ ခြေနဲ့ဆံပင်မှာ သွန်းလောင်းလိမ်းကျံပေးခဲ့ပါတယ်။ “နာဒုဆီမွှေးစစ်” ဗူးသေးတစ်ဗူးဟာ တစ်နှစ်စာ လုပ်အားခနဲ့ ညီမျှပါတယ်။—မာကု ၁၄:၃-၅; ယောဟန် ၁၂:၃-၅။

စျာပနအခမ်းအနားအတွက် ပြင်ဆင်ခြင်း။ ယေရှုကို သင်္ဂြိုဟ်ဖို့ပြင်ဆင်တဲ့အခါ အသုံးပြုဖို့ “မုရန်နှင့် အကျော်ရောနှောသော” နံ့သာပေါင်းကို နိကောဒင် ပေးခဲ့တယ်။ (ယောဟန် ၁၉:၃၉၊ ၄၀၊ ခမ) ဒါ့အပြင် ယေရှု တပည့်တချို့ဟာ “နံ့သာမျိုးနှင့် ဆီမွှေး” ကိုပြင်ဆင်ပြီး ကိုယ်တော့်ကို သင်္ဂြိုဟ်မယ့် သင်္ချိုင်းဂူဆီ ယူလာကြတယ်။ —လုကာ ၂၃:၅၆-၂၄:၁။

ဟင်းခတ်အမွှေးအကြိုင်။ အသားဟင်း၊ ငါးဟင်းတွေ အရသာရှိဖို့ ဟင်းခတ်အမွှေးအကြိုင်တွေကို အစ္စရေးလူတွေ အသုံးပြုတတ်ကြတယ်။ ဝိုင်ရဲ့ အာနိသင်တိုးအောင် အမွှေးနံ့သာတွေ ထည့်တတ်ကြတယ်။—ရှောလမုန်သီချင်း ၈:၂။

ယေရှုနဲ့ ဆက်စပ်ပြီးဖော်ပြတဲ့ အမွှေးနံ့သာနှစ်မျိုး

ဆူးများတဲ့ ချုံပင်၊ အပင်ငယ်တွေရဲ့ အခေါက်ကိုခြစ်တဲ့အခါ ထွက်လာတဲ့သစ်စေးကနေ လောဗန် ဒါမှမဟုတ် သစ်စေးမွှေးနဲ့ မုရန်စေးတို့ ရရှိတယ်။

လောဗန်ပင်ဟာ အာရေဗျတောင်ပိုင်း ကမ်းရိုးတန်းတစ်လျှောက်မှာပေါက်ပြီး မုရန်ပင်ကတော့ သဲကန္တာရမကျတကျဒေသဖြစ်တဲ့ ဆိုမာလီးယားနဲ့ ယီမင်နိုင်ငံမှာ ရှင်သန်တယ်။ အမွှေးနံ့သာနှစ်မျိုးစလုံးက ရနံ့သင်းပျံ့တာမို့ လူကြိုက်များပါတယ်။ ယေဟောဝါဘုရားသခင်ကိုယ်တိုင်က ဝတ်ပြုရေးမှာအသုံးပြုတဲ့ ဘိသိက်ဆီနဲ့ နံ့သာပေါင်းကို ဖော်စပ်တဲ့အခါ မုရန်စေးနဲ့ လောဗန်စေး ထည့်ခိုင်းတယ်။ (ထွက်မြောက်ရာ ၃၀:၂၃-၂၅၊ ၃၄-၃၇) ဒါပေမဲ့ နှစ်မျိုးစလုံးကို အသုံးပြုပုံ မတူညီပါဘူး။

မွှေးကြိုင်တဲ့ရနံ့ ထွက်လာအောင် လောဗန်စေးကို မီးရှို့ပြီး နံ့သာပေါင်းအဖြစ် အသုံးပြုတယ်။ မုရန်စေးကိုတော့ တိုက်ရိုက်အသုံးပြုလို့ ရပါတယ်။ မုရန်စေးကို ယေရှုအကြောင်းနဲ့ ဆက်စပ်ပြီး ကလေးဘဝက လက်ဆောင်ရတာတစ်ကြိမ်၊ သစ်တိုင်ပေါ် ချိတ်ဆွဲခံရချိန်မှာ အနာ သက်သာစေဖို့ ဝိုင်နဲ့ရောတိုက်တာ တစ်ကြိမ်၊ အလောင်းကို သင်္ဂြိုဟ်ဖို့ အမွှေးနံ့သာတွေနဲ့ပြင်ဆင်တဲ့အခါ တစ်ကြိမ် စသည်ဖြင့် ၃ ကြိမ် ဖော်ပြထား ပါတယ်။—မဿဲ ၂:၁၁; မာကု ၁၅:၂၃; ယောဟန် ၁၉:၃၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ