ဘဝအတ္ထုပ္ပတ္တိ
နာမည်ကျော်ကြားတာထက် ပိုကောင်းတဲ့အရာကိုတွေ့ရှိခဲ့
၁၉၈၄ ခုနှစ်၊ ညတစ်ညမှာ ကျွန်မဟာ သာမန်ဆယ်ကျော်သက် မိန်းကလေးဘဝကနေ နာမည်ကျော်ကြားလာပါတယ်။ ဟောင်ကောင်အလှမယ်ဘွဲ့ကို ကျွန်မ ဆွတ်ခူးနိုင်ခဲ့လို့ပေါ့။ ကျွန်မရဲ့ဓာတ်ပုံတွေဟာ သတင်းစာ၊ မဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးတွေမှာ ပါလာတယ်။ ကျွန်မ သီချင်းဆိုတယ်၊ ကတယ်၊ အခမ်းအနားတွေမှာ စကားပြောတယ်၊ တီဗွီအစီအစဉ်မှူးလုပ်တယ်၊ ဝတ်ကောင်းစားလှတွေ ဝတ်တယ်။ နောက်ပြီး ဟောင်ကောင်အာဏာပိုင်တွေနဲ့ တွဲခွင့်ရတယ်။
နောက်တစ်နှစ်မှာ ကျွန်မ ရုပ်ရှင်သရုပ်ဆောင် စလုပ်တယ်။ အဓိကဇာတ်ဆောင်အဖြစ်လည်း အကြိမ်ကြိမ် ပါဝင်သရုပ်ဆောင်ရတယ်။ သတင်းထောက်တွေက ကျွန်မဘဝဇာတ်ကြောင်းကို သိချင်တယ်၊ ဓာတ်ပုံဆရာတွေက ကျွန်မပုံတွေကို လိုချင်တယ်၊ လူတွေကလည်း ပွဲလမ်းသဘင်တွေမှာ ကျွန်မကို ပါဝင်စေချင်ပြီး ဖွင့်ပွဲအခမ်းအနားတွေမှာ ဖဲကြိုးဖြတ်စေချင်တယ်။ စားသောက်ပွဲတွေကိုလည်း ဖိတ်ခေါ်ချင်ကြတယ်။ ဒါကြောင့် ကျွန်မဟာ ပေါ်ပြူလာဖြစ်လာတာပေါ့။
စွန့်စားခန်းပြကွက်တစ်ကွက်
ဒါပေမဲ့ ဒီအရာတွေအားလုံးဟာ ကျွန်မထင်ခဲ့သလို စွဲမက်စရာ မကောင်းပါဘူး။ အများအားဖြင့် အက်ရှင်ကားတွေမှာ ကျွန်မ သရုပ်ဆောင်ရတော့ အန္တရာယ်များတယ်။ ဟောင်ကောင်သရုပ်ဆောင်တွေက ဟောလိဝုဒ်မှာလို လူစားထိုးပြီး သရုပ်ဆောင်တာမျိုးမလုပ်ဘူး။ ဒါကြောင့် စွန့်စားခန်းတွေမှာ ကျွန်မကိုယ်တိုင်ဝင်ပြီး သရုပ်ဆောင်ရတာပေါ့။ ကားပေါ်ကနေဖြတ်ပြီး ဆိုက်ကယ်စီးတဲ့ စွန့်စားခန်းတွေလုပ်ရတယ်။ အကျင့်ယိုယွင်းပြီး အကြမ်းဖက်တဲ့ ဇာတ်ကားတွေ၊ သရဲကားတွေမှာ ကျွန်မ ပါဝင်ခဲ့တယ်။
၁၉၉၅ ခုနှစ်မှာ ရုပ်ရှင်ထုတ်လုပ်သူနဲ့ ကျွန်မ လက်ထပ်လိုက်တယ်။ နာမည်ကြီးတာ၊ ချမ်းသာတာ၊ ချစ်စရာကောင်းတဲ့ခင်ပွန်းနဲ့ လက်တွဲခွင့်ရတာတွေက ပျော်စရာကောင်းပေမဲ့ တကယ်တော့ ကျွန်မ မပျော်ဘဲ စိတ်ဓာတ်ကျလာတယ်။ ဒါကြောင့် သရုပ်ဆောင်လောကကို ကျောခိုင်းဖို့ ဆုံးဖြတ်လိုက်တယ်။
ကလေးဘဝမှာရှိခဲ့တဲ့ ယုံကြည်ခြင်းကို ပြန်အမှတ်ရ
ကလေးဘဝတုန်းက ဘုရားသခင်အပေါ်ထားခဲ့တဲ့ ယုံကြည်ခြင်းကို ကျွန်မ ပြန်သတိရမိတယ်။ အဲဒီတုန်းက အမနဲ့ကျွန်မဟာ ယေဟောဝါသက်သေမိသားစုတစ်စုဆီ စနေနေ့တိုင်း သွားလည်ကြတယ်။ အဖေဖြစ်သူ ဂျိုးမာဂရာသ်က သူ့သမီးသုံးယောက်နဲ့အတူ ကျွန်မတို့ကို ကျမ်းစာသင်ပေးတယ်။ အဲဒီမိသားစုက နွေးထွေးပြီး မေတ္တာပြည့်ဝလိုက်ကြတာ။ အန်ကယ်ဂျိုးဆိုရင် သူ့ဇနီးနဲ့သမီးတွေကို လေးလေးစားစားနဲ့ ဆက်ဆံတယ်။ သူတို့နဲ့အတူ ဝတ်ပြုစည်းဝေးတွေ လိုက်သွားရတာ ကျွန်မဖြင့်ပျော်လိုက်တာ။ တစ်ခါတလေ စည်းဝေးပွဲတွေကိုလည်း လိုက်သွားတယ်။ သိပ်ပျော်စရာကောင်းတာပဲ။ ယေဟောဝါသက်သေတွေနဲ့အတူနေရတာ လုံခြုံမှုရှိတယ်လို့ ခံစားရတယ်။
ဒါပေမဲ့ ကျွန်မတို့မိသားစုမှာတော့ စိတ်ချမ်းသာမှုမရှိဘူး။ အဖေရဲ့လုပ်ရပ်တွေကြောင့် အမေ မခံမရပ်နိုင်လောက်အောင် ဝမ်းနည်းလာပြီး စိတ်ကျဝေဒနာခံစားလာရတယ်။ ကျွန်မအသက် ၁၀ နှစ်လောက်မှာ ယေဟောဝါသက်သေတွေနဲ့ အမေ,မပေါင်းတော့ဘူး။ ကျွန်မကတော့ သူတို့နဲ့ စိတ်မပါ့တပါ ဆက်ပေါင်းပြီး အသက် ၁၇ နှစ်မှာ နှစ်ခြင်းခံဖြစ်သွားတယ်။ ဒါပေမဲ့ သိပ်မကြာပါဘူး၊ ကျွန်မရဲ့ လုပ်ရပ်တွေက ကျမ်းစာစံနှုန်းတွေနဲ့ မကိုက်ညီတော့ ယေဟောဝါသက်သေတစ်ဦး မဖြစ်နိုင်တော့ပါဘူး။
ပြန်လှည့်လာဖို့ ဆုံးဖြတ်ခဲ့
အိမ်ထောင်ပြုပြီး မကြာခင်မှာ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်ကြီးကြပ်မှူးနှစ်ဦးက ကျွန်မဆီ လာလည်ကြတယ်။ ယေဟောဝါဘုရားဆီ ကျွန်မ ဘယ်လို ပြန်လာနိုင်မလဲဆိုတာ သူတို့ပြောပြတဲ့အပြင် သာသနာပြုဖြစ်တဲ့ စင်ဒီကနေတစ်ဆင့် ကျွန်မကို ကူညီဖို့ စီစဉ်ပေးကြတယ်။ အဲဒီတုန်းက ကျွန်မရဲ့ယုံကြည်ခြင်း အားနည်းနေတဲ့အတွက် သမ္မာကျမ်းစာဟာ တကယ်ပဲ ဘုရားသခင့်စကားတော် ဟုတ်မဟုတ် သက်သေပြပါလို့ အဲဒီညီအစ်မကို တောင်းဆိုခဲ့တယ်။ ဒါနဲ့ သူက ပြည့်စုံပြီးသွားတဲ့ ကျမ်းစာကြိုဟောချက်တချို့ကိုပြောပြတယ်။ ဒီလိုနဲ့ ကျွန်မတို့နှစ်ယောက် မိတ်ဆွေရင်းတွေဖြစ်လာကြတယ်။ အဲဒီအခါ သူက ကျမ်းစာအခြေခံသွန်သင်ချက်တွေကို လေ့လာကြရအောင်လို့ ကမ်းလှမ်းလာတယ်။ ကျွန်မလည်း လက်ခံလိုက်တယ်။ ကျွန်မကို ပျော်ရွှင်စေလိုတဲ့ မေတ္တာရှင်ယေဟောဝါဘုရားကို အခုမှပဲ ကျေးဇူးတင်လေးမြတ်တတ်လာတယ်။
ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုစည်းဝေးတွေကို ကျွန်မ ပြန်စတက်ချိန်မှာ ရုပ်ရှင်လောက,က သူငယ်ချင်းတွေထက် သူတို့နဲ့ပေါင်းသင်းရတာ ပိုပျော်စရာကောင်းတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ကလေးဘဝနောက်ခံကြောင့် သူများတွေကိုမပြောနဲ့ ကိုယ့်ကိုယ်ကိုယ်တောင် အယုံအကြည်မရှိဘူး။ ဒါကြောင့် ယေဟောဝါသက်သေညီအစ်မတစ်ဦးက ကျွန်မရဲ့ ခံစားချက်တွေ ပြေပျောက်သွားအောင် ဘယ်လိုလုပ်နိုင်တယ်ဆိုတာ ကျမ်းစာသုံးပြီး ပြောပြတယ်။ မိတ်ဆွေကောင်းတွေ ဘယ်လို ဖွဲ့နိုင်တယ်ဆိုတာကိုလည်း သူသင်ပေးတယ်။
နာမည်ကျော်ကြားမှုထက် ပိုကောင်းတဲ့အရာ
၁၉၉၇ ခုနှစ်မှာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က ဟောလိဝုဒ်ကို ကျွန်မခင်ပွန်းနဲ့အတူ ပြောင်းသွားတယ်။ အဲဒီနိုင်ငံမှာ ဘုရားသခင့်စကားတော်ကနေ လူတွေအကျိုးရရှိဖို့ ကူညီပေးတဲ့လုပ်ငန်းမှာ ကျွန်မ ပိုပြီးပါဝင်လာတယ်။ ကျမ်းစာသွန်သင်ချက်တွေက ရုပ်ရှင်လောကမှာ နာမည်ကြီးတာထက် ကျွန်မကို ပိုပြီး ကျေနပ်ပျော်ရွှင်စေတယ်။ ဥပမာ၊ ၂၀၀၂ ခုနှစ်မှာ ဟောင်ကောင်က မိတ်ဆွေဟောင်းဖြစ်တဲ့ ရှယ်ရီနဲ့ ပြန်တွေ့တယ်။ သူ့ရဲ့ ဘဝအတွေ့အကြုံက ကျွန်မနဲ့ အတော်လေးဆင်တူတယ်။ သူက ကျွန်မထက်အရင် ဟောင်ကောင်အလှမယ် ဖြစ်ခဲ့တာ။ နောက်တစ်နှစ်မှာ ကျွန်မ အလှမယ်ရသွားတော့ သူက ကျွန်မကို သရဖူဆောင်းပေးခဲ့တာလေ။ သူလည်း ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာပြီး နောက်ပိုင်းမှာ နာမည်ကြီးဒါရိုက်တာတွေနဲ့ အလုပ်တွဲလုပ်တဲ့ ရုပ်ရှင်ထုတ်လုပ်သူဖြစ်လာတယ်။ အဲဒီနောက် ဟောလိဝုဒ်ကို သူပြောင်းလာတယ်။
ရှယ်ရီနဲ့ စေ့စပ်ထားတဲ့အမျိုးသားဟာ နှလုံးရောဂါနဲ့ ရုတ်တရက် ဆုံးသွားတာကြားတော့ သူ့ကို ကျွန်မ သနားမိတယ်။ သူ့ခမျာမှာ သူကိုးကွယ်တဲ့ ဘာသာတရားကနေလည်း နှစ်သိမ့်မှုမရခဲ့ပါဘူး။ ကျွန်မလိုပဲ သူလည်း တခြားသူတွေ အားကျလောက်တဲ့ နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေမဲ့ ပျော်ရွှင်မှုမရှိဘူး၊ ဘယ်သူ့ကိုမှလည်း အယုံအကြည်မရှိဘူး။ ဒါကြောင့် သူ့ကို ကျမ်းစာထဲကနေ ကျွန်မသိရှိခဲ့ရာတွေ ပြောပြတယ်။ ဒါပေမဲ့ သူ့ရဲ့ ဘာသာတရားနောက်ခံကြောင့် ကျွန်မပြောတာတွေကို သူလက်ခံဖို့ ခက်နေတယ်။
ရုပ်ရှင်ရိုက်ကွင်းပေါ်က ကျွန်မသူငယ်ချင်း ရှယ်ရီ
၂၀၀၃ ခုနှစ်၊ တစ်နေ့မှာ ရှယ်ရီက ကနေဒါနိုင်ငံ၊ ဗန်ကူးဗာမြို့မှာ ရုပ်ရှင်လုပ်ငန်းလုပ်နေရင်း ကျွန်မဆီကို ဖုန်းဆက်လာတယ်။ ကျေးလက်ဒေသဘက်ကို ကားမောင်းသွားရင်းနဲ့ “စစ်မှန်တဲ့ ဘုရားသခင်က ဘယ်သူလဲ၊ နာမည်ဘယ်လိုခေါ်လဲ၊ ကျွန်မကို ပြောပြပါ” ဆိုပြီး အသံကျယ်ကျယ်နဲ့ ရုတ်တရက် ဆုတောင်းလိုက်တယ်ဆိုတာ ကျွန်မကိုပြောပြတယ်။ သိပ်မကြာပါဘူး၊ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမနားကို သူရောက်သွားပြီး ယေဟောဝါဆိုတဲ့နာမည်ကို တွေ့လိုက်တယ်။ သူ့ကို ဘုရားသခင်အဖြေပေးလိုက်တာပဲလို့ သူခံစားလိုက်ရတယ်။ ဒါနဲ့ ဖြစ်နိုင်မယ်ဆိုရင် ယေဟောဝါသက်သေတွေနဲ့ သူအမြန်ဆုံးတွေ့ချင်တယ်။ ရက်အနည်းငယ်မှာ ဗန်ကူးဗာမြို့က တရုတ်စကားပြောအသင်းတော်စည်းဝေးတွေ သူသွားတက်နိုင်အောင် ကျွန်မ စီစဉ်ပေးလိုက်တယ်။
အဲဒီနောက်မှာ “ယေဟောဝါသက်သေတွေက ကျွန်မအကြောင်းကို စိတ်ရင်းမှန်နဲ့ မေးကြတယ်။ ဒါနဲ့ သူတို့ကို ကျွန်မ ရင်ဖွင့်လိုက်တယ်” လို့ ရှယ်ရီပြောပြတယ်။ ရှယ်ရီက ရုပ်ရှင်လုပ်ငန်းနဲ့ပဲ အလုပ်များနေလို့ သူ့ဆီမှာ သူငယ်ချင်းမရှိဘူး။ ဒါကြောင့် သူ့ဆီကနေ ဒီလိုစကားမျိုးကြားရတာ ကျွန်မ သိပ်ဝမ်းသာတာပဲ။ စည်းဝေးတွေကို ရှယ်ရီ ဆက်တက်ခဲ့တယ်။ ဒါပေမဲ့ တရုတ်နိုင်ငံမှာ ရုပ်ရှင်နှစ်ကားထုတ်လုပ်ဖို့ စာချုပ်ချုပ်ထားတဲ့အတွက် ၂၀၀၅ ခုနှစ်မှာ ဟောင်ကောင်ကို သူပြန်သွားတယ်။ ဝမ်းသာစရာက ၂၀၀၆ ခုနှစ်မှာ ယေဟောဝါဘုရားဆီ သူအပ်နှံပြီး ဟောင်ကောင်မှာကျင်းပတဲ့ စည်းဝေးပွဲတစ်ခုမှာ နှစ်ခြင်းခံလိုက်တယ်။ ရှယ်ရီက ယေဟောဝါဘုရားရဲ့ အမှုတော်မှာ အပြည့်အဝပါဝင်ချင်ပေမဲ့ ရုပ်ရှင်လုပ်ငန်းကြောင့် မပါဝင်နိုင်လို့ ဝမ်းနည်းခဲ့ရတယ်။
တခြားသူတွေကို ကူညီပေးခြင်းကနေရတဲ့ ရွှင်လန်းမှု
၂၀၀၉ ခုနှစ်မှာ ရှယ်ရီရဲ့ ဘဝအခြေအနေတစ်ခုလုံး ပြောင်းလဲသွားတယ်။ ဘုရားရဲ့အမှုတော်ကို အပြည့်အဝ ထမ်းဆောင်နိုင်အောင် ရုပ်ရှင်လုပ်ငန်းကို ရပ်ဆိုင်းလိုက်ဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ယေဟောဝါသက်သေတွေရဲ့အသင်းတော်မှာ မိတ်ဆွေသစ်တွေ အများကြီးရခဲ့တယ်။ သူက ကျမ်းစာပါသတင်းကောင်းကို အချိန်ပြည့်ဟောပြောလာပြီး ဘဝမှာ အဓိပ္ပာယ်ရှိရှိနေထိုင်နိုင်ဖို့ လူတွေကို ကူညီပေးရတာ သူပျော်နေပြီ။—မဿဲ ၂၄:၁၄။
ဟောင်ကောင်က တိုးတက်နေတဲ့ နီပါလီစကားပြောသက်သေခံအုပ်စုကို ကူညီပေးနိုင်အောင် နီပါလီစကားကို ရှယ်ရီ သင်ယူနေတယ်။ ဟောင်ကောင်မှာနေတဲ့ နီပါလီအများစုက အင်္ဂလိပ်စကားလည်းမတတ်၊ တရုတ်စကားလည်းမတတ်၊ ယဉ်ကျေးမှုချင်းလည်း မတူတာကြောင့် ဥပက္ခာပြုခံရတယ်။ သူတို့ကို ကျမ်းစာပါသတင်းတရား နားလည်လာအောင် ကူညီပေးရတာ သိပ်ကိုပျော်စရာကောင်းတာပဲလို့ ရှယ်ရီပြောပြတယ်။ ဥပမာ၊ တစ်ရက်မှာ တစ်အိမ်မှတစ်အိမ် အမှုဆောင်သွားနေတုန်း နီပါလီအမျိုးသမီးတစ်ဦးနဲ့ ရှယ်ရီ တွေ့ခဲ့တယ်။ အဲဒီအမျိုးသမီးက ယေရှုအကြောင်း နည်းနည်းပါးပါးသိပေမဲ့ စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါအကြောင်းကိုတော့ လုံးဝမသိဘူး။ ယေရှုက ကောင်းကင်ဘုံရှိ ခမည်းတော်ဆီ ဆုတောင်းခဲ့တဲ့အကြောင်း အဲဒီအမျိုးသမီးကို ကျမ်းစာထဲကနေ ရှယ်ရီရှင်းပြခဲ့တယ်။ ယေဟောဝါဆိုတဲ့ စစ်မှန်တဲ့ဘုရားသခင်ဆီ ဆုတောင်းနိုင်တယ်ဆိုတာ အဲဒီအမျိုးသမီး သိလာတဲ့အခါ သတင်းကောင်းကို စိတ်နှလုံးအပြည့်နဲ့ လိုလိုလားလား လက်ခံလာတယ်။ မကြာခင်မှာ သူ့ခင်ပွန်းနဲ့ သမီးကလည်း ကျမ်းစာလေ့လာဖို့ လက်ခံလိုက်တယ်။—ယေရမိ ၃၃:၂; လုကာ ၂၂:၄၁၊ ၄၂။
ယနေ့ ရှယ်ရီ
အချိန်ပြည့်ဟောပြောခြင်းလုပ်ငန်းမှာ ရှယ်ရီ ပျော်ရွှင်နေတာကို ကျွန်မတွေ့တော့ “သူ့လို ငါ မလုပ်နိုင်ရအောင် ဘာတွေက တားဆီးနေလို့လဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။ အဲဒီတုန်းက ကျွန်မလည်း ဟောင်ကောင်ကို ပြန်ရောက်နေပြီ။ ကျမ်းစာအမှန်တရားသင်ပေးတဲ့လုပ်ငန်းမှာ အပြည့်အဝပါဝင်နိုင်အောင် ကျွန်မရဲ့ အချိန်ဇယားကို ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တယ်။ ဘုရားသခင့်စကားတော်ကို လူတွေနားလည်အောင် ပြောပြပြီး ကူညီပေးရတဲ့အတွက် ကျွန်မပျော်လိုက်တာ။
ဘုရားသခင့်စကားတော်ကို လူတွေနားလည်အောင် ပြောပြပြီး ကူညီပေးရတဲ့အတွက် ကျွန်မပျော်လိုက်တာ
ဥပမာ၊ အမြဲတမ်း ဝမ်းနည်းပြီးငိုနေတတ်တဲ့ ဗီယက်နမ်အမျိုးသမီးကို ကျွန်မ ကျမ်းစာသင်ပေးနိုင်ခဲ့တယ်။ အခုဆိုရင် သူဟာ ဘဝအပေါ်အကောင်းမြင်တတ်လာပြီး ယေဟောဝါသက်သေတွေနဲ့ပေါင်းရတာကို သိပ်ပျော်နေပါပြီ။
နာမည်ကျော်ကြားတာထက် ပိုကောင်းတဲ့အရာကို ရှယ်ရီရော ကျွန်မပါ တွေ့ရှိခဲ့ပါပြီ။ ရုပ်ရှင်လုပ်ငန်းဟာ ကျွန်မတို့အတွက် စိတ်လှုပ်ရှားစရာကောင်းပြီး နာမည်ကျော်ကြားမှုတွေကိုပေးတာမှန်ပေမဲ့ ယေဟောဝါဘုရားအကြောင်း လူတွေကိုသင်ပေးရတာက ကိုယ်တော့်ကို ဂုဏ်တင်တာဖြစ်လို့ ပိုပြီးစိတ်ကျေနပ်စရာကောင်းပါတယ်။ “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်” ဆိုတဲ့ ယေရှုရဲ့ စကား တကယ်မှန်တယ်ဆိုတာ ကျွန်မတို့ လက်တွေ့ခံစားခဲ့ရပါတယ်။—တမန်တော် ၂၀:၃၅။