ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၆ အမှတ် ၆ စာ. ၄-၇
  • ကောင်းကင်ဘုံမှ ပုဂ္ဂိုလ်တွေအကြောင်း စိတ်အာရုံများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကောင်းကင်ဘုံမှ ပုဂ္ဂိုလ်တွေအကြောင်း စိတ်အာရုံများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမြင့်မြတ်ဆုံးအရှင် ယေဟောဝါ
  • ဘုရားသခင်ရဲ့ လက်ယာဘက်မှာ ရပ်နေတဲ့ ယေရှု
  • အမှုတော်ဆောင်ရွက်နေတဲ့ ကောင်းကင်တမန်များ
  • လူသန်းပေါင်းများစွာကို လမ်းလွဲစေတဲ့ စာတန်
  • ကောင်းကင်အသက်တာ ရရှိသူများ
  • ကောင်းကင်ဘုံမှ ပုဂ္ဂိုလ်တွေ လုပ်ဆောင်မယ့်အရာ
  • နာမ်ဝိညာဉ်ဘုံကလာတဲ့ အဆင်းအာရုံများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • နာမ်ဝိညာဉ်ဘုံရှိ ကျွန်ုပ်တို့၏ အကောင်းဆုံးမိတ်ဆွေ
    နိုးလော့!—၁၉၉၇
  • ကောင်းကင်တမန်များ ကျွန်ုပ်တို့ကိုအကျိုးပြုပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ကောင်းကင်တမန်များ—‘အမှုထမ်းရန် စေလွှတ်ခံရသော ဝိညာဉ်သတ္တဝါများ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
ကလ၁၆ အမှတ် ၆ စာ. ၄-၇
ကောင်းကင်တမန်တွေခြံရံနေတဲ့ ယေဟောဝါရဲ့ ခမ်းနားတဲ့ရာဇပလ္လင် ညာဘက်မှာ ရပ်နေတဲ့ ယေရှု

မျက်နှာဖုံးဆောင်းပါး | နာမ်ဝိညာဉ်ဘုံအကြောင်း သိကောင်းစရာများ

ကောင်းကင်ဘုံမှ ပုဂ္ဂိုလ်တွေအကြောင်း စိတ်အာရုံများ

မမြင်ရတဲ့ ကောင်းကင်ဘုံအကြောင်း ကျွန်တော်တို့ မြင်သာထင်သာရှိလာစေဖို့ စိတ်ဝင်စားစရာ စိတ်အာရုံတချို့ကို ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီစိတ်အာရုံတွေကို အသေအချာ စူးစမ်းကြည့်ဖို့ စာဖတ်သူကို ဖိတ်ခေါ်ပါတယ်။ ဒါပေမဲ့ စိတ်အာရုံတွေမှာ ဖော်ပြထားသမျှကို စာသားအတိုင်း နားလည်ဖို့ မဟုတ်ပါဘူး။ ဒီစိတ်အာရုံတွေဟာ နာမ်ဝိညာဉ်ဘုံမှာ နေထိုင်သူတွေအကြောင်း မြင်ယောင်ကြည့်နိုင်ဖို့နဲ့ စာဖတ်သူအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်မှန်း နားလည်ဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။

အမြင့်မြတ်ဆုံးအရှင် ယေဟောဝါ

“ကောင်းကင်ဘုံ၌ ပလ္လင်တော်တစ်ခုရှိ၍ အရှင်တစ်ပါးသည် ထိုပလ္လင်ပေါ်တွင် ထိုင်နေတော်မူသည်ကို [ယောဟန်] မြင်လေ၏။ ထိုင်နေတော်မူသော အရှင်၏ အဆင်းမှာ နဂါးသွဲ့ကျောက်၊ ကျောက်မျက်နီတို့နှင့် တူ၏။ ပလ္လင်တော်၏ ပတ်လည်တွင် မြစိမ်းရောင်အဆင်းနှင့်တူသော သက်တံရှိ၏။”—ဗျာဒိတ် ၄:၂၊ ၃။

“ပတ်လည်၌ ထွန်းတောက်လေ၏။ ထိုသို့ထွန်းတောက်သော အရောင်သည် မိုးရွာသောနေ့တွင် မိုးတိမ်၌ပေါ်သော သက်တံ၏အရောင်ကဲ့သို့ ဖြစ်၏။ ဤရွေ့ကား ထာဝရဘုရား၏ ဘုန်းတော်သဏ္ဌာန် အဆင်းအရောင် ဖြစ်သတည်း။”—ယေဇကျေလ ၁:၂၇၊ ၂၈။

တမန်တော်ယောဟန်နဲ့ ကြိုဟောသူ ယေဇကျေလ ရခဲ့တဲ့ အဲဒီစိတ်အာရုံတွေမှာ အမြင့်မြတ်ဆုံးအရှင် ယေဟောဝါရဲ့ ဘုန်းကျက်သရေကို တောက်ပတဲ့ကျောက်မျက်၊ သက်တံနဲ့ ထည်ဝါလှတဲ့ ရာဇပလ္လင်စတဲ့ မြင်နိုင်တဲ့အရာတွေနဲ့ သရုပ်ဖော်ထားပါတယ်။ ဒါကြောင့် ယေဟောဝါဘုရား စံမြန်းတဲ့နေရာဟာ ရင်သပ်ရှုမောဖွယ် ထည်ဝါလှပပြီး ငြိမ်းအေးတဲ့နေရာဖြစ်မှန်း သိရှိစေတယ်။

ဘုရားသခင်နဲ့ပတ်သက်ပြီး အဲဒီလို သရုပ်ဖော်ထားတာဟာ ဆာလံကျမ်းရေးသူရဲ့ စကားတွေနဲ့ ကိုက်ညီပါတယ်– “ထာဝရဘုရား [ယေဟောဝါ] သည် ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ် ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။ တစ်ပါးအမျိုးသားတို့၏ ဘုရားရှိသမျှတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ ထာဝရဘုရားမူကား မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။ ဘုန်းတန်ခိုးအာနုဘော်သည် ရှေ့တော်၌ ရှိ၏။ အစွမ်းသတ္တိနှင့် ဂုဏ်အသရေလည်း သန့်ရှင်းရာဌာနတော်၌ ရှိ၏။”—ဆာလံ ၉၆:၄–၆။

ယေဟောဝါဟာ အမြင့်မြတ်ဆုံးအရှင်ဖြစ်ပေမဲ့ မိမိထံဆုတောင်းဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ထားတယ်။ ကျွန်တော်တို့ ဆုတောင်းတာကို နားထောင်မယ်လို့လည်း ကတိပေးထားတယ်။ (ဆာလံ ၆၅:၂) ဘုရားသခင်ဟာ ကျွန်တော်တို့ကို အလွန်ချစ်မြတ်နိုးပြီး ဂရုစိုက်ပါတယ်။ ဒါကြောင့် တမန်တော်ယောဟန်က “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏” ဆိုပြီး မှန်ကန်စွာ ရေးနိုင်ခဲ့တာပါ။—၁ ယောဟန် ၄:၈။

ဘုရားသခင်ရဲ့ လက်ယာဘက်မှာ ရပ်နေတဲ့ ယေရှု

“[ခရစ်ယာန်တစ်ဦးဖြစ်သူ] သတေဖန်သည်လည်း သန့်ရှင်းသော စွမ်းအားတော်နှင့်ပြည့်၍ ကောင်းကင်သို့ စေ့စေ့ကြည့်သောအခါ ဘုရားသခင်၏ ဘုန်းတော်ကိုလည်းကောင်း၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ယေရှု ရပ်နေသည်ကိုလည်းကောင်း မြင်လျှင်၊ ‘ကောင်းကင်ပွင့်လျက် လူသားသည် ဘုရားသခင်၏ လက်ယာတော်ဘက်၌ ရပ်နေတော်မူသည်ကို ငါမြင်၏’ ဟုဆိုလေ၏။”—တမန်တော် ၇:၅၅၊ ၅၆။

ဒီစိတ်အာရုံကို သတေဖန် မြင်ခဲ့တယ်။ သူပြောတာကို နားထောင်နေတဲ့ ဂျူးခေါင်းဆောင်တွေရဲ့ သွေးထိုးမှုကြောင့် မကြာသေးခင်ကပဲ ယေရှု ကွပ်မျက်ခံခဲ့ရတယ်။ ဒါပေမဲ့ ယေရှုဟာ အသက်ရှင်နေမှန်း၊ ရှင်ပြန်ထမြောက်ပြီးနောက် ကောင်းကင်မှာ ဂုဏ်တင်ချီးမြှောက်ခံနေရမှန်း ဒီစိတ်အာရုံက သက်သေထူတယ်။ ဒါနဲ့ပတ်သက်ပြီး တမန်တော်ပေါလုက “ကိုယ်တော် [ယေဟောဝါ] သည် ထိုတန်ခိုးတော်အားဖြင့် ခရစ်တော် [ယေရှု] ကို သေခြင်းမှ ထမြောက်စေတော်မူ၍ ကောင်းကင်ဘုံတွင် လက်ယာတော်ဘက်၌ နေရာပေးတော်မူ၏။ ထိုနေရာသည် အစိုးရအာဏာစက်၊ တန်ခိုး၊ အုပ်ချုပ်မှုရှိသမျှတို့မှစ၍ ယခုကာလတွင်သာမက နောင်အနာဂတ်ကာလတွင်လည်း သမုတ်ခြင်းခံရမည့် ဘွဲ့နာမတကာတို့ထက် မြင့်မြတ်လိမ့်မည်” လို့ရေးခဲ့တယ်။—ဧဖက် ၁:၂၀၊ ၂၁။

ယေရှုရဲ့ မြင့်မြတ်တဲ့ရာထူးကိုသာမက ယေဟောဝါဘုရားလိုပဲ လူသားတွေကို သူအလွန်ဂရုစိုက်တဲ့အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ကမ္ဘာမြေပေါ် သူအမှုဆောင်ခဲ့တုန်းက ဖျားနာသူ၊ မသန်စွမ်းသူတွေကို ကုသပေးခဲ့တယ်။ သေဆုံးသွားသူတွေကို ရှင်ပြန်ထမြောက်အောင် လုပ်ပေးခဲ့တယ်။ သူ့ကိုယ်သူ ပေးဆပ်ပြီး အသေခံခဲ့ခြင်းအားဖြင့် ယေဟောဝါဘုရားနဲ့ လူသားတွေကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးကြောင်း ဖော်ပြခဲ့တယ်။ (ဧဖက် ၂:၄၊ ၅) ဘုရားသခင်ရဲ့ လက်ယာဘက်မှာ ရပ်နေတဲ့ ယေရှုဟာ မကြာခင် သူ့အခွင့်အာဏာကို အသုံးပြုပြီး နာခံတဲ့လူသား အားလုံးကို ကောင်းချီးပေးပါတော့မယ်။

အမှုတော်ဆောင်ရွက်နေတဲ့ ကောင်းကင်တမန်များ

“ငါ [ပရောဖက် ဒံယေလ] ကြည့်ရှုစဉ် ရာဇပလ္လင်များကို တည်ထားလျက်ရှိ၍ အသက်ကြီးသောသူတစ်ဦး [ယေဟောဝါ] သည် ထိုင်တော်မူ၏။ . .  အတိုင်းမသိ များစွာသောသူတို့သည် အမှုတော်ကို ဆောင်ရွက်၍ ကုဋေသင်္ချေမက ရှေ့တော်၌ ခစား၍ နေကြ၏။”—ဒံယေလ ၇:၉၊ ၁၀။

ကောင်းကင်ဘုံအကြောင်း အဲဒီစိတ်အာရုံထဲမှာ ဒံယေလက ကောင်းကင်တမန်တစ်ပါးတည်းကို မဟုတ်ဘဲ ကုဋေသင်္ချေမကသော ကောင်းကင်တမန်တွေကို မြင်တွေ့ခဲ့တယ်။ တကယ့်ကို ရင်သပ်ရှုမောဖွယ် စိတ်အာရုံပါပဲ။ ကောင်းကင်တမန်တွေဟာ ဘုန်းကျက်သရေပြည့်ဝတဲ့ ဝိညာဉ်ပုဂ္ဂိုလ်တွေဖြစ်ပြီး အသိဉာဏ်ထက်မြက်ရုံမက တန်ခိုးလည်းရှိတယ်။ သရပ်တွေ၊ ခေရုဗိမ်တွေဆိုပြီး အဆင့်ဆင့်ရှိတယ်။ ကျမ်းစာထဲမှာ ကောင်းကင်တမန်တွေအကြောင်း အကြိမ် ၂၅၀ မက ဖော်ပြထားတယ်။

ကောင်းကင်တမန်တွေဟာ ကမ္ဘာမြေပေါ်မှာ နေထိုင်ခဲ့ဖူးတဲ့ လူသားတွေ မဟုတ်ပါဘူး။ ဘုရားသခင်က လူသားတွေကို မဖန်ဆင်းခင် နှစ်ပေါင်းများစွာကတည်းက ကောင်းကင်တမန်တွေကို ဖန်ဆင်းခဲ့တယ်။ ဒါကြောင့် ကမ္ဘာမြေကို ဘုရားသခင် ဖန်ဆင်းတုန်းက ကောင်းကင်တမန်တွေ စောင့်ကြည့်နေပြီး ဝမ်းမြောက်ဝမ်းသာ ကြွေးကြော်ခဲ့ကြတယ်။—ယောဘ ၃၈:၄-၇။

သစ္စာရှိ ကောင်းကင်တမန်တွေ ဘုရားသခင်အတွက် အမှုဆောင်တဲ့ နည်းတစ်နည်းက ယနေ့ ကမ္ဘာပေါ်မှာ လုပ်ဆောင်နေတဲ့ အရေးကြီးဆုံးလုပ်ငန်းမှာ ပါဝင်ကြတာပါပဲ။ အဲဒီလုပ်ငန်းကတော့ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ကြေညာတဲ့လုပ်ငန်း ဖြစ်တယ်။ (မဿဲ ၂၄:၁၄) ဒီလုပ်ငန်းမှာ သူတို့ပါဝင်တဲ့အကြောင်း တမန်တော်ယောဟန် မြင်ခဲ့တဲ့ စိတ်အာရုံမှာ အခုလိုဖော်ပြထားတယ်– “ကောင်းကင်အလယ်တွင် အခြားကောင်းကင်တမန်တစ်ပါး ပျံဝဲနေသည်ကို ငါမြင်၏။ မြေကြီးပေါ်တွင် နေထိုင်သော သူတို့အားလည်းကောင်း၊ လူမျိုး၊ လူမျိုးနွယ်၊ ဘာသာစကား၊ လူစုအသီးသီးတို့အားလည်းကောင်း ဝမ်းမြောက်ဖွယ်သတင်းအဖြစ် ကြေညာရန် ထာဝရသတင်းကောင်း သူ၌ရှိ၏။” (ဗျာဒိတ် ၁၄:၆) ဒီခေတ်မှာ ကောင်းကင်တမန်တွေဟာ အတိတ်တုန်းကလို လူသားတွေဆီ လာပြီး တိုက်ရိုက်စကားမပြောတော့ပေမဲ့ စိတ်ရိုးဖြောင့်သူတွေဆီ သတင်းကောင်းရောက်ရှိဖို့ လမ်းညွှန်နေပါတယ်။

လူသန်းပေါင်းများစွာကို လမ်းလွဲစေတဲ့ စာတန်

“ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလ [ယေရှုခရစ်] နှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးနှင့် တိုက်ခိုက်ကြ၏။ နဂါးနှင့် သူ၏ကောင်းကင်တမန်များလည်း ပြန်တိုက်ခိုက်ကြ၏။ သို့သော် နဂါးသည် ရှုံးနိမ့်သွား၏။ ကောင်းကင်တွင် သူတို့နေစရာလည်း မရှိတော့။ သို့ဖြစ်၍ လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စားသူ၊ မာရ်နတ်၊ စာတန်ခေါ် မူလမြွေ၊ နဂါးကြီးသည် အောက်သို့ ပစ်ချခံရ၏။ သူသည် မြေကြီးပေါ်သို့ ပစ်ချခံရ၏။ သူနှင့်အတူ သူ၏ကောင်းကင်တမန်များလည်း ပစ်ချခံကြရ၏။”—ဗျာဒိတ် ၁၂:၇–၉။

ကောင်းကင်ဘုံဟာ အမြဲငြိမ်းချမ်းနေခဲ့တာတော့ မဟုတ်ပါဘူး။ လူ့သမိုင်းအစမှာပဲ ကောင်းကင်တမန်တစ်ပါးက ဘုရားတစ်ပါးအဖြစ် ကိုးကွယ်ခံချင်စိတ် သိပ်ပြင်းပြလာပြီး ယေဟောဝါဘုရားကို ပုန်ကန်ခဲ့တဲ့အတွက် “ဆန့်ကျင်သူ” လို့ အဓိပ္ပာယ်ရှိတဲ့ စာတန် ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာ တခြားကောင်းကင်တမန်တွေလည်း ပုန်ကန်မှုမှာ ပါဝင်ကြတဲ့အတွက် နတ်ဆိုးတွေ ဖြစ်လာကြတယ်။ ဒီနတ်ဆိုးတွေဟာ ယေဟောဝါဘုရားကို ခါးခါးသီးသီး ဆန့်ကျင်ပြီး လူအများစုကို ယေဟောဝါရဲ့ မေတ္တာပါလမ်းညွှန်ချက်ကနေ သွေဖည်သွားအောင် လုပ်ကြတယ်။

စာတန်နဲ့ နတ်ဆိုးတွေဟာ ယုတ်ညံ့ပြီး ရက်စက်တယ်။ သူတို့ဟာ လူသားတွေရဲ့ ရန်သူ၊ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ ဆင်းရဲဒုက္ခ အတော်များများရဲ့ တရားခံတွေပဲ။ ဥပမာ၊ စာတန်က သစ္စာရှိသူယောဘရဲ့ သိုးနွားတိရစ္ဆာန်တွေ၊ ကျေးကျွန်တွေကို သတ်ပစ်ခဲ့တယ်။ အဲဒီနောက် လေပြင်းကြီး တိုက်ခတ်စေခဲ့တယ်။ ယောဘရဲ့သားသမီး ဆယ်ယောက်စလုံးကို အိမ်ပြိုကျပြီး သေကျေပျက်စီးအောင် လုပ်ခဲ့တယ်။ ပြီးတော့ ယောဘကိုလည်း “ခြေဖဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်း” ပေါက်အောင် လုပ်ခဲ့တယ်။—ယောဘ ၁:၇–၁၉; ၂:၇။

ဒါပေမဲ့ စာတန်လည်း မကြာခင် ဖျက်ဆီးခံရတော့မှာပါ။ မြေကြီးပေါ် ပစ်ချခံရချိန်ကတည်းက သူ့အတွက် “အချိန်တို” ပဲကျန်တော့မှန်း သူသိတယ်။ (ဗျာဒိတ် ၁၂:၁၂) စာတန် ဖျက်ဆီးခံရတော့မယ်။ ဒါဟာ တကယ့်သတင်းကောင်းပါပဲ။

ကောင်းကင်အသက်တာ ရရှိသူများ

“ကိုယ်တော် [ယေရှု] သည် အသတ်ခံ၍ မိမိ၏အသွေးတော်ဖြင့် ဘုရားသခင်အတွက် လူမျိုးနွယ်၊ ဘာသာစကား၊ လူစု၊ လူမျိုး အသီးသီးထဲမှ လူတို့ကို ဝယ်ယူတော်မူပြီ။ ကိုယ်တော်သည် သူတို့ကို ကျွန်ုပ်တို့၏ ဘုရားသခင်အတွက် နိုင်ငံတော်နှင့် ယဇ်ပုရောဟိတ်များ ဖြစ်စေတော်မူ၍ သူတို့သည် ဘုရင်များအဖြစ် မြေကြီးကို အုပ်စိုးရလိမ့်မည်။”—ဗျာဒိတ် ၅:၉၊ ၁၀။

ယေရှုဟာ သေရာကနေ ရှင်ပြန်ထမြောက်ပြီး ကောင်းကင်အသက်တာကို ရခဲ့တယ်။ သူ့လိုပဲ ကောင်းကင်အသက်တာရမယ့် တခြားသူတွေလည်း ရှိတယ်။ သစ္စာရှိတမန်တော်တွေကို ယေရှု အခုလို ပြောခဲ့တယ်– “သင်တို့နေစရာအရပ်ကို ပြင်ဆင်ရန် ငါသွားရမည်။ ငါသည် . . . တစ်ဖန်ပြန်လာမည်။ ငါရှိရာအရပ်၌ သင်တို့ရှိစေရန် သင်တို့ကို ငါ့ထံသို့ ခေါ်ဆောင်မည်။”—ယောဟန် ၁၄:၂၊ ၃။

ကောင်းကင်သွားတဲ့သူတွေဟာ ရည်ရွယ်ချက်တစ်ခုအတွက် သွားကြတာပါ။ မြေတစ်ပြင်လုံးကို အုပ်စိုးပြီး လူသားတွေအပေါ် ကောင်းချီးသက်ရောက်စေမယ့် နိုင်ငံတော်အစိုးရတစ်ခုကို ယေရှုနဲ့အတူ သူတို့ဖွဲ့စည်းကြပါလိမ့်မယ်။ အဲဒီနိုင်ငံတော်ဟာ စံပြဆုတောင်းချက်မှာ တပည့်နောက်လိုက်တွေကို ဆုတောင်းဖို့ ယေရှု ပြောခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ။ နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။”—မဿဲ ၆:၉၊ ၁၀။

ရှင်ပြန်ထမြောက်ပြီး ကောင်းကင်အသက်တာ ရရှိသွားတဲ့ ယေရှုနဲ့တချို့သူတွေ

ကောင်းကင်ဘုံမှ ပုဂ္ဂိုလ်တွေ လုပ်ဆောင်မယ့်အရာ

“ပလ္လင်တော်မှ ကျယ်သောအသံက ဤသို့ဆိုသည်ကို ငါ [တမန်တော်ယောဟန်] ကြား၏– ‘ဘုရားသခင်၏ တဲတော်သည် လူသားတို့နှင့်အတူရှိ၍ . . . ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။’”—ဗျာဒိတ် ၂၁:၃၊ ၄။

အနာဂတ်ကြိုဟောချက်နဲ့ဆိုင်တဲ့ ဒီစိတ်အာရုံမှာ ရှင်ပြန်ထမြောက်ပြီး ကောင်းကင်အသက်တာရမယ့်သူတွေနဲ့ ယေရှုတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ဘုရားသခင့်နိုင်ငံတော်ဟာ စာတန်ရဲ့အုပ်ချုပ်မှုကို အဆုံးတိုင်စေပြီး ကမ္ဘာမြေကို သာယာလှပတဲ့နေရာဖြစ်အောင် လုပ်ဆောင်ပေးမယ့် အချိန်အကြောင်း ဖော်ပြထားတယ်။ လူသားတွေကို နာကျင်ကြေကွဲစေတဲ့အရာတွေ ရှိတော့မှာမဟုတ်ဘူး။ သေခြင်းတောင် ပျောက်ကွယ်သွားပါလိမ့်မယ်။

သေဆုံးသွားပေမဲ့ ကောင်းကင်ကို ရှင်ပြန်ထမြောက်သွားသူတွေထဲ မပါဝင်ကြတဲ့ သန်းပေါင်းများစွာသော လူတွေကျတော့ကော။ သူတို့ရဲ့အနာဂတ်က ဘာဖြစ်လာမလဲ။ သူတို့ အသက်ပြန်ရှင်လာပြီး သာယာငြိမ်းချမ်းတဲ့ ကမ္ဘာမြေပေါ်မှာ ထာဝစဉ်အသက်ရှင်ခွင့် မျှော်လင့်ချက်ကို ရရှိပါလိမ့်မယ်။—လုကာ ၂၃:၄၃။

နတ်ဆိုးတွေကို ကြောက်စရာမလို

သံကြိုးနဲ့ ချုပ်နှောင်ခံထားရတဲ့ အကျဉ်းသားတွေလိုပဲ လူသန်းပေါင်းများစွာဟာ နတ်ဆိုးတွေကို ကြောက်တဲ့စိတ်နဲ့ အယူသီးမှုရဲ့ ချုပ်နှောင်မှုကို ခံနေရတယ်။ ဒါကြောင့် အကာအကွယ်ရဖို့ ဂါထာမန္တရားတွေ ရွတ်ဖတ်ပြီး အဆောင်လက်ဖွဲ့တွေ၊ အင်းလက်ဖွဲ့တွေ ဆောင်တတ်ကြတယ်။ သင်ကတော့ ဒါမျိုးလုပ်ဖို့ မလိုပါဘူး။ နှစ်သိမ့်မှုဖြစ်စေတဲ့ အာမခံချက်ကို သမ္မာကျမ်းစာထဲမှာ ရေးထားတယ်– “ထာဝရဘုရားသည် အထံတော်၌ စုံလင်သော စိတ်နှလုံးရှိသူတို့ဘက်တွင် တန်ခိုးတော်ပြတော်မူခြင်းငှာ မျက်စိတော်သည် လျင်မြန်၍ မြေကြီးတစ်ပြင်လုံးကို တစ်ပြိုင်နက်နှံ့အောင် ကြည့်ရှုလျက်ရှိ၏။” (၂ ရာဇဝင်ချုပ် ၁၆:၉၊ သမ္မာ) စာတန်ထက် အဆပေါင်းများစွာ တန်ခိုးကြီးတဲ့ စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါကို သင် ယုံကြည်ကိုးစားမယ်ဆိုရင် ဘုရားသခင် သင့်ကို ကာကွယ်ပေးပါလိမ့်မယ်။

ယေဟောဝါဘုရားဆီက အကာအကွယ်ရဖို့ဆိုရင် ဘုရားသခင် နှစ်သက်ရာတွေကို သိအောင်လေ့လာပြီး အဲဒီအတိုင်း လုပ်ဆောင်ဖို့လိုတယ်။ ဥပမာ၊ ပထမရာစုတုန်းက ဧဖက်မြို့မှာရှိတဲ့ ခရစ်ယာန်တွေလည်း မှော်ပညာနဲ့ဆိုင်တဲ့ စာအုပ်တွေကို စုပုံပြီး မီးရှို့ပစ်ခဲ့တယ်။ (တမန်တော် ၁၉:၁၉၊ ၂၀) သင်လည်း ဘုရားသခင်ဆီက အကာအကွယ်ရနိုင်ဖို့ ဂါထာမန္တရားတွေ၊ အဆောင်လက်ဖွဲ့တွေ၊ မှော်အတတ်နဲ့ဆိုင်တဲ့ စာအုပ်တွေ၊ ခမည်းကြိုးတွေ၊ ပရိတ်ကြိုးတွေအပြင် နတ်ဝိဇ္ဇာပညာနဲ့ ဆက်နွယ်နေတဲ့အရာ မှန်သမျှကို စွန့်ပစ်ဖို့လိုတယ်။

“ဘုရားသခင်ကို လက်အောက်ခံကြလော့။ မာရ်နတ်ကိုမူ ခုခံတွန်းလှန်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်သွားလိမ့်မည်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယာကုပ် ၄:၇) သင်သာ ယေဟောဝါဘုရားကို နာခံပြီး ဝတ်ပြုခြင်းအားဖြင့် လက်အောက်ခံမယ်ဆိုရင် စာတန်နဲ့နတ်ဆိုးတွေ သင့်ကို ချုပ်ကိုင်နိုင်မှာ မဟုတ်ဘူးဆိုတာ စိတ်ချနိုင်ပါတယ်။

ယေဟောဝါဘုရား၊ သားတော်ယေရှု၊ သစ္စာရှိကောင်းကင်တမန်တွေ၊ ကမ္ဘာမြေပေါ်ကနေ ဘုရားသခင် ဝယ်ယူထားသူတွေ အားလုံးဟာ ကျွန်တော်တို့ကို သိပ်ဂရုစိုက်ပြီး ကျွန်တော်တို့အကျိုးကို တကယ်လိုလားတယ်။ အနာဂတ်မှာ သူတို့ဘာတွေ ထပ်လုပ်ဆောင်ပေးအုံးမလဲဆိုတာ သိနိုင်ဖို့ ယေဟောဝါသက်သေတွေနဲ့ ဆက်သွယ်ပါ ဒါမှမဟုတ် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ ဆိုတဲ့ စာအုပ်ကို www.pr2711.com/mya ကနေ ကူးယူပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ