ဘဝအတ္ထုပ္ပတ္တိ
“လူအမျိုးမျိုးတို့တွင် အမျိုးမျိုး ဖြစ်လာ”
“မင်းနှစ်ခြင်းခံမယ်ဆိုရင် ငါထွက်သွားမယ်” လို့ ၁၉၄၁ ခုနှစ်မှာ အဖေက အမေ့ကို ခြိမ်းခြောက်ခဲ့တယ်။ ခြိမ်းခြောက်ခံရပေမဲ့ အမေဟာ နောက်မဆုတ်ဘဲ ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံတဲ့ အထိမ်းအမှတ်အနေနဲ့ နှစ်ခြင်းခံခဲ့တယ်။ အဖေလည်း ခြိမ်းခြောက်တဲ့အတိုင်းပဲ ထွက်သွားခဲ့တယ်။ အဲဒီတုန်းက ကျွန်တော့်အသက် ရှစ်နှစ်ပဲ ရှိသေးတယ်။
အဲဒီမတိုင်ခင်ကတည်းက ကျမ်းစာအမှန်တရားကို ကျွန်တော် စိတ်ဝင်စားခဲ့တယ်။ အမေက ကျမ်းစာစာပေတွေ ရလာတယ်။ အဲဒါတွေ၊ အထူးသဖြင့် သရုပ်ဖော်ပုံတွေက ကျွန်တော့်အာရုံကို ဖမ်းစားခဲ့တယ်။ အဖေက အမေလေ့လာသိရှိထားတာတွေအကြောင်း ကျွန်တော့်ကို မပြောပြစေချင်ဘူး။ ဒါပေမဲ့ ကျွန်တော်က စပ်စုတယ်။ မေးခွန်းတွေ မေးတယ်။ ဒါကြောင့် အဖေအိမ်မှာ မရှိခိုက် ကျွန်တော့်ကို အမေ ကျမ်းစာသင်ပေးတယ်။ ဒါနဲ့ ကျွန်တော့်ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံဖို့ ဆုံးဖြတ်ခဲ့တယ်။ ၁၉၄၃ ခုနှစ်၊ ကျွန်တော့်အသက် ၁၀ နှစ်ရှိတော့ အင်္ဂလန်နိုင်ငံ၊ ဘလက်ပူးမှာ နှစ်ခြင်းခံခဲ့တယ်။
ယေဟောဝါရဲ့ အမှုတော်ကို စတင်ထမ်းဆောင်
အဲဒီအချိန်ကစပြီး အမေနဲ့ ကျွန်တော်ဟာ အမှုဆောင်လုပ်ငန်းမှာ မှန်မှန် အတူပါဝင်ခဲ့ကြတယ်။ ဓာတ်ပြားစက်တွေ သုံးပြီး ကျမ်းစာသတင်းတရားကို လိုက်ပြောပြတယ်။ ဓာတ်ပြားစက်က ဝန်ကျယ်ပြီး ဆယ်ပေါင်လောက် လေးတယ်။ ဓာတ်ပြားစက်ကြီး သယ်နေတဲ့ ကျွန်တော့်ပုံကို မြင်ယောင်ကြည့်ပါ။
ကျွန်တော့်အသက် ၁၄ နှစ်ရောက်တော့ ရှေ့ဆောင်လုပ်ချင်လာတယ်။ ဒါနဲ့ အမေက (အခု တိုက်နယ်ကြီးကြပ်မှူးလို့ ခေါ်တဲ့) ညီအစ်ကိုများရဲ့ အမှုထမ်းနဲ့ စကားပြောကြည့်ပါတဲ့။ ဒါနဲ့ ရှေ့ဆောင်လုပ်ငန်းမှာ ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့နိုင်ဖို့ တစ်ခုခုတတ်အောင် သင်ယူဖို့ အကြံပေးတယ်။ အဲဒီအတိုင်း လုပ်ခဲ့တယ်။ နှစ်နှစ်လောက် အလုပ်လုပ်ပြီးတဲ့အခါ နောက်ထပ် တိုက်နယ်ကြီးကြပ်မှူးတစ်ယောက်နဲ့ ရှေ့ဆောင်လုပ်ငန်းအကြောင်း တိုင်ပင်တော့ “လုပ်သာလုပ်” လို့ပြောတယ်။
၁၉၄၉ ခုနှစ်မှာ အမေနဲ့ ကျွန်တော်ဟာ ငှားထားတဲ့အိမ်က ပရိဘောဂတွေ ရောင်းထုတ်၊ မန်ချက်စတာမြို့နားက မစ်ဒယ်တန်ကို ပြောင်းရွှေ့ပြီး ရှေ့ဆောင် စလုပ်ကြတယ်။ လေးလကြာတော့ ရှေ့ဆောင်အဖော်အဖြစ် ညီအစ်ကိုတစ်ယောက်ကို ရွေးလိုက်တယ်။ အာလမ်မြို့မှာရှိတဲ့ အသင်းတော်သစ်ကို ပြောင်းရွှေ့ဖို့ ဌာနခွဲရုံးက ကျွန်တော်တို့ကို အကြံပေးတယ်။ အမေက ညီအစ်မတစ်ယောက်နဲ့အတူ တခြားအသင်းတော်တစ်ခုမှာ ရှေ့ဆောင်လုပ်တယ်။
ကျွန်တော့်အသက် ၁၇ နှစ်ပဲ ရှိသေးပေမဲ့ အသင်းတော်သစ်မှာ အရည်အချင်းရှိတဲ့ ညီအစ်ကိုတွေ နည်းတော့ ကျွန်တော်နဲ့ ရှေ့ဆောင်အဖော်တို့ဟာ အစည်းအဝေးတွေကို ကိုင်တွယ်ဖို့ တာဝန်ရတယ်။ နောက်တော့ ကြေညာသူ နည်းပြီး အကူအညီ လိုအပ်တဲ့ ဘတ်စတန်အသင်းတော်ကို ပြောင်းရွှေ့ဖို့ ဖိတ်ခေါ်ခံရတယ်။ အစောပိုင်း အတွေ့အကြုံတွေကို နောင်ရမယ့်တာဝန်တွေအတွက် လေ့ကျင့်မှုအဖြစ် အမြဲသဘောထားတယ်။
၁၉၅၃ ခုနှစ်၊ နယူးယောက်မြို့၊ ရိုချက်စတာမှာ လူထုဟောပြောချက်ကို ကြေညာနေစဉ်
၁၉၅၁ ခုနှစ်မှာ ဂိလဒ် ကင်းမျှော်စင် သမ္မာကျမ်းစာ သင်တန်းကျောင်း တက်ဖို့ လျှောက်လွှာတင်ခဲ့တယ်။ ဒါပေမဲ့ ၁၉၅၂၊ ဒီဇင်ဘာလမှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတယ်။ အထူး ခရစ်ယာန် အမှုတော်ဆောင်အဖြစ် ကင်းလွတ်ခွင့် တင်ခဲ့ပေမဲ့ တရားရုံးက လက်မခံဘဲ ကျွန်တော့်ကို ထောင်ဒဏ် ခြောက်လချမှတ်ခဲ့တယ်။ ထောင်ကျနေတုန်း ၂၂ ကြိမ်မြောက် ဂိလဒ်သင်တန်းကျောင်း တက်ဖို့ ဖိတ်ခေါ်စာ ရခဲ့တယ်။ ဒါနဲ့ ၁၉၅၃၊ ဇူလိုင်လမှာ ဂျောဂျစ်သင်္ဘောနဲ့ နယူးယောက်ကို ထွက်လာခဲ့တယ်။
ရောက်တာနဲ့ ၁၉၅၃ ခုနှစ်၊ ကမ္ဘာသစ်အဖွဲ့အစည်း အစည်းအဝေးကြီးကို တက်ခွင့်ရခဲ့တယ်။ အဲဒီကနေ သင်တန်းကျောင်း တည်ရှိရာ နယူးယောက်မြို့၊ ဆောက်လန်ဆင်းကို ရထားစီးပြီး သွားခဲ့တယ်။ ထောင်က ထွက်ခါစမို့ ကျွန်တော့်မှာ ပိုက်ဆံ မရှိဘူး။ ရထားပေါ်က ဆင်းတော့ ဆောက်လန်ဆင်းကို သွားတဲ့ ဘတ်စကားစီးဖို့ ခရီးသည်တစ်ယောက်ဆီကနေ ၂၅ ဆင့် ချေးခဲ့ရတယ်။
ရပ်ဝေးမြေခြား တာဝန်
သာသနာပြုလုပ်ငန်းမှာ “လူအမျိုးမျိုးတို့တွင် အမျိုးမျိုး ဖြစ်လာ” ဖို့ အကူအညီ ဖြစ်စေတဲ့ လေ့ကျင့်မှုကောင်းတွေကို ဂိလဒ်သင်တန်းကျောင်းမှာ ရရှိခဲ့တယ်။ (၁ ကော. ၉:၂၂) ပေါလ်ဘရွန်း၊ ရေမွန်လိချ်နဲ့ ကျွန်တော်ဟာ ဖိလစ်ပိုင်နိုင်ငံမှာ တာဝန်ကျတယ်။ ပြည်ဝင်ခွင့်ရဖို့ လအတော်များများ စောင့်ခဲ့ရတယ်။ အဲဒီနောက် မြေထဲပင်လယ်၊ ဆူးအက်တူးမြောင်း၊ အိန္ဒိယ သမုဒ္ဒရာ၊ ဟောင်ကောင်တို့ကို သင်္ဘောနဲ့ ၄၇ ရက်ကြာ ဖြတ်ခဲ့ရတယ်။ ၁၉၅၄၊ နိုဝင်ဘာ ၁၉ ရက်နေ့မှာ မနီလာမြို့ကို ရောက်တယ်။
သာသနာပြု အဖော် ရေမွန် လိခ်ျနဲ့ ကျွန်တော် ဖိလစ်ပိုင်ကို ၄၇ ရက်ကြာ သင်္ဘောစီးခဲ့ရစဉ်
ဒါနဲ့ လူသစ်၊ နယ်မြေသစ်၊ ဘာသာစကားသစ်နဲ့အညီ အလိုက်သင့် စတင်ပြုပြင်ပြောင်းလဲရတော့တယ်။ အစပိုင်းမှာတော့ အများစုက အင်္ဂလိပ်လို ပြောတဲ့ ကွီဇုန်မြို့ အသင်းတော်မှာ ကျွန်တော်တို့ သုံးယောက် တာဝန်ကျတယ်။ ဒါကြောင့် ခြောက်လကြာပြီးတာတောင်မှ တဂါလော့စကား နည်းနည်းပဲ သိတယ်။ နောက်ရတဲ့တာဝန်က အဲဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။
၁၉၅၅၊ မေလတစ်နေ့မှာပေါ့။ ညီအစ်ကို လိချ်နဲ့ ကျွန်တော် အမှုဆောင်ကနေ အိမ်ပြန်ရောက်တော့ အခန်းထဲမှာ စာအိတ်ထုပ်တစ်ထုပ် တွေ့လိုက်ရတယ်။ ကျွန်တော်တို့ တိုက်နယ်ကြီးကြပ်မှူးတွေအဖြစ် တာဝန်ပေးအပ်ခံရတာပဲ။ ကျွန်တော့်အသက် ၂၂ နှစ်ပဲ ရှိသေးတယ်။ ဒါပေမဲ့ ဒီတာဝန်က “လူအမျိုးမျိုးမှာ အမျိုးမျိုးဖြစ်လာ” ဖို့ အခွင့်အရေး ရရှိစေတယ်။
ဘီကို ဘာသာစကား တိုက်နယ်အစည်းအဝေးမှာ လူထုဟောပြောချက် ပေးနေစဉ်
ဥပမာ၊ တိုက်နယ်ကြီးကြပ်မှူးအဖြစ် ပထမဟောပြောချက်ကို ရွာရဲ့ စတိုးဆိုင်ရှေ့ ကွင်းပြင်မှာ ဟောခဲ့ရတယ်။ အဲဒီအချိန်တုန်းက ဖိလစ်ပိုင်မှာ လူထုဟောပြောချက်ကို တကယ်ပဲ လူထုရှေ့မှာ ဟောရတဲ့ထုံးစံရှိမှန်း မကြာခင်မှာ သိလိုက်ရတယ်။ တိုက်နယ်အတွင်းက တခြားအသင်းတော်တွေကို လည်ပတ်တဲ့အခါလည်း လူထုဟောပြောချက်ကို အများသုံး အဆောင်ငယ်၊ စျေး၊ မြို့တော်ခန်းမ၊ ဘတ်စကက်ဘောကွင်း၊ ပန်းခြံ၊ မြို့လမ်းထောင့်တွေမှာ ဟောခဲ့ရတယ်။ တစ်ခါတော့ ဆန်ပါဘလိုမြို့မှာ မိုးရွာလို့ စျေးမှာ မဟောလိုက်ရဘူး။ ဒါနဲ့ နိုင်ငံတော်ခန်းမမှာ ဟောဖို့ တာဝန်ရှိညီအစ်ကိုတွေကို အကြံပေးခဲ့တယ်။ ပြီးသွားတဲ့အခါ လူထုရှေ့ဟောတာ မဟုတ်လို့ လူထုဟောပြောချက်လို့ အစီရင်ခံလို့ ရပါ့မလားဆိုပြီး ညီအစ်ကိုတွေ မေးကြတာပေါ့။
ညီအစ်ကိုတွေအိမ်မှာပဲ အမြဲ တည်းခိုရတယ်။ အိမ်တွေဟာ ရိုးရှင်းပေမဲ့ သန့်ရှင်းတယ်။ ကျွန်တော့်အိပ်ရာက သစ်သားကြမ်းခင်းပေါ်က ဖျာတစ်ချပ်ပဲ။ ရေချိုးခန်း သီးသန့်မရှိတော့ လူမြင်ကွင်းမှာ လုံလုံခြုံခြုံ ရေချိုးတတ်အောင် သင်ထားရတယ်။ ကားကြီးကားငယ်စီးပြီး ခရီးသွားရတယ်။ တစ်ခါတလေ တခြားကျွန်းတွေဆီ သွားတဲ့အခါ လှေစီးရတယ်။ ကျွန်တော့်အမှုဆောင် သက်တမ်းတစ်လျှောက်မှာ ကိုယ်ပိုင်ကား မရှိခဲ့ဖူးဘူး။
အမှုဆောင်ရတာ၊ အသင်းတော်တွေဆီ လည်ပတ်ရတာက တဂါလော့စကား သင်ယူဖို့ အထောက်အကူ ဖြစ်စေတယ်။ ဘာသာစကား သင်တန်း တစ်ခါမှ မတက်ဖူးဘူး။ ဒါပေမဲ့ အမှုဆောင်မှာ၊ အစည်းအဝေးမှာ ညီအစ်ကိုတွေ ပြောတာဆိုတာကို နားထောင်ပြီး သင်ယူခဲ့ရတယ်။ ညီအစ်ကိုတွေ ကျွန်တော့်ကို ကူညီပေးကြတယ်။ သူတို့ရဲ့ စိတ်ရှည်မှု၊ ရိုးရိုးသားသား ဝေဖန်မှုတွေကို တန်ဖိုးထားတယ်။
အချိန်ကုန်လွန်တာနဲ့အမျှ တာဝန်သစ်တွေနဲ့အညီ ပြုပြင်ပြောင်းလဲမှုတွေ ထပ်လုပ်ခဲ့ရတယ်။ ၁၉၅၆ ခုနှစ်မှာ ညီအစ်ကို နေသန်နောရ် လာလည်ပတ်တော့ ပြည်လုံးကျွတ် အစည်းအဝေးမှာ လူထုဆက်ဆံရေးတာဝန် ရခဲ့တယ်။ ကျွန်တော့်မှာ အတွေ့အကြုံ မရှိပေမဲ့ တခြားသူတွေက လိုလိုလားလား ကူညီပေးကြတယ်။ တစ်နှစ် မပြည့်ခင်မှာပဲ နောက်ထပ် ပြည်လုံးကျွတ် အစည်းအဝေးတစ်ခု ကျင်းပပြန်တယ်။ အဲဒီမှာ ကမ္ဘာ့ဌာနချုပ်က ညီအစ်ကို ဖရက်ဒရစ် ဖရန့်ဇ် လာလည်ပတ်တယ်။ အစည်းအဝေး ကြီးကြပ်မှူးအဖြစ် ကျွန်တော် ထမ်းဆောင်တဲ့အခါ ညီအစ်ကို ဖရန့်ဇ်ရဲ့ အလိုက်သင့် ပြုပြင်ပြောင်းလဲချင်တဲ့သဘောကနေ သင်ယူခဲ့ရတယ်။ ညီအစ်ကို ဖရန့်ဇ်က ဖိလစ်ပိုင်ရိုးရာ ဘရုန်း တဂါလော့အင်္ကျီ ဝတ်ပြီး လူထုဟောပြောချက် ပေးတာကို ဒေသခံညီအစ်ကိုတွေ သဘောကျကြတယ်။
ခရိုင်ကြီးကြပ်မှူးအဖြစ် တာဝန်ရတဲ့အခါ ထပ်ဆင့်ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ရတယ်။ အဲဒီအချိန်တုန်းက ကမ္ဘာသစ် လူ့အဖွဲ့အစည်းရဲ့ ပျော်ရွှင်မှု ရုပ်ရှင်ကို လဟာပြင်မှာ ပြရတယ်။ တစ်ခါတလေတော့ ပိုးကောင်တွေ နှောင့်ယှက်တယ်။ ပိုးကောင်တွေဟာ ပြစက်ရဲ့ အလင်းရောင်ဆီ တိုးဝင်ကြတယ်။ ရုပ်ရှင်ပြပြီးတဲ့အခါ ပြစက်ကို သန့်ရှင်းရေး လုပ်ရတာကလည်း အလုပ်ကြီးတစ်လုပ်ပေါ့။ ပြဖို့ စီစဉ်ရတာ မလွယ်လှဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့ အဖွဲ့အစည်းကို လူတွေ သိလာပြီး ကောင်းကောင်း တုံ့ပြန်လာကြတာကို တွေ့ရလို့ ကျေနပ်စရာပါပဲ။
အစည်းအဝေး ကျင်းပခွင့် မပြုဖို့ ဒေသခံအာဏာပိုင်တချို့ကို ကက်သလစ် ဘုန်းကြီးတွေ ဖိအားပေးကြတယ်။ ဘုရားရှိခိုးကျောင်းအနီးမှာ လူထုဟောပြောချက် ပေးတယ်ဆိုရင် ခေါင်းလောင်းတီးပြီး နှောင့်ယှက်ကြတယ်။ ဒါပေမဲ့ လုပ်ငန်းက တိုးတက်ခဲ့တယ်။ အခုဆိုရင် အဲဒီဒေသတွေမှာ ယေဟောဝါကို ဝတ်ပြုသူတွေ အများကြီး ရှိနေပြီ။
နောက်ထပ် ပြုပြင်ပြောင်းလဲမှု လိုအပ်တဲ့ တာဝန်များ
၁၉၅၉ ခုနှစ်ရောက်တော့ ဌာနခွဲမှာ အမှုဆောင်ဖို့ အကြောင်းကြားစာ ရတယ်။ ဒါက အတွေ့အကြုံတွေ ပိုရစေတယ်။ ဒီလိုနဲ့ တခြားနိုင်ငံတွေကို ဇုန်ကြီးကြပ်မှူးအနေနဲ့ လည်ပတ်ဖို့ အခွင့်အရေး ရခဲ့တယ်။ တစ်ကြိမ်မှာတော့ ထိုင်းနိုင်ငံမှာ သာသနာပြုနေတဲ့ ဂျန်းနက် ဒူးမန်းနဲ့ ရင်းနှီးခွင့်ရခဲ့တယ်။ ကျွန်တော်တို့ အပြန်အလှန် စာရေးဆက်သွယ်ပြီး နောက်တော့ လက်ထပ်လိုက်ကြတယ်။ အိမ်ထောင်သည်တွေအနေနဲ့ ၅၁ နှစ်ကြာ ပျော်ရွှင်ကျေနပ်စွာ အမှုဆောင်ခဲ့ကြတယ်။
ဖိလစ်ပိုင်ကျွန်းတစ်ကျွန်းမှာ ဂျန်းနက်နဲ့အဖိလစ်ပိုင်ကျွန်းတစ်ကျွန်းမှာ ဂျန်းနက်နဲ့အတူတူ
ခြုံပြောရရင် ၃၃ နိုင်ငံမှာရှိတဲ့ ယေဟောဝါရဲ့ လူမျိုးဆီ လည်ပတ်ခွင့်ရခဲ့တယ်။ အစောပိုင်း တာဝန်တွေက ကွဲပြားခြားနားတဲ့လူတွေနဲ့ ဆက်ဆံရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ အထောက်အကူ ဖြစ်ခဲ့တာ ကျေးဇူးတင်စရာပါပဲ။ ဒီလည်ပတ်မှုတွေက ကျွန်တော့်ကို အမြင်ကျယ်စေပြီး လူမျိုးအားလုံးကို ယေဟောဝါ ဘယ်လောက် ချစ်တယ်ဆိုတာ သိမြင်စေတယ်။—တ. ၁၀:၃၄၊ ၃၅။
အမှုဆောင်မှာ မှန်မှန် ပါဝင်နေကြ
ပြုပြင်ပြောင်းလဲနေရဆဲ
ဖိလစ်ပိုင်နိုင်ငံက ညီအစ်ကိုတွေနဲ့ အမှုဆောင်ရတာ ကျေနပ်စရာပါပဲ။ ကြေညာသူ အရေအတွက်ဟာ ကျွန်တော်ရောက်စထက် ၁၀ ဆလောက် ရှိနေပြီ။ ဂျန်းနက်နဲ့ ကျွန်တော်ဟာ ကွီဇုန်မြို့မှာရှိတဲ့ ဖိလစ်ပိုင်ဌာနခွဲရုံးမှာ ဆက်အမှုဆောင်နေတုန်းပဲ။ ဒီရပ်ဝေးမြေခြားတာဝန်မှာ အနှစ် ၆၀ ကျော် ကြာပြီးတဲ့နောက်မှာတောင် ယေဟောဝါ တောင်းဆိုတဲ့အတိုင်း ပြုပြင်ပြောင်းလဲဖို့ အသင့်ရှိနေဆဲပါပဲ။ မကြာသေးခင်က အဖွဲ့အစည်းဆိုင်ရာ အပြောင်းအလဲတွေက ဘုရားသခင်နဲ့ ညီအစ်ကိုတွေအတွက် အမှုဆောင်တဲ့အခါ ပြောင်းလွယ်ပြင်လွယ်ဖြစ်ဖို့ လိုအပ်စေတယ်။
တိုးများလာတဲ့ သက်သေခံဦးရေကြောင့် ကျွန်တော်တို့ ပျော်ရွှင်ရ
ယေဟောဝါရဲ့ အလိုတော်မှန်း ကျွန်တော်တို့ သိထားသမျှကို လက်ခံဖို့ ကြိုးစားကြတယ်။ အဲဒါက ဘဝကို ကျေနပ်ပျော်ရွှင်စေတဲ့ အကောင်းဆုံးနည်းပါပဲ။ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပြီး ညီအစ်ကိုတွေအတွက် ကောင်းကောင်း အမှုဆောင်ဖို့လည်း ကြိုးစားတယ်။ ယေဟောဝါ အလိုတော် ရှိနေသရွေ့ “လူအမျိုးမျိုးတို့တွင် အမျိုးမျိုး ဖြစ်လာ” ဖို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားကြတယ်။
ကွီဇုန်မြို့မှာရှိတဲ့ ဌာနခွဲရုံးမှာ ကျွန်တော်တို့ အမှုဆောင်နေဆဲ