အာဖရိကနဲ့ အမေရိကစပ်ကြား ကျွန်ကုန်ကူးခြင်းဟာ အမြတ်အစွန်းများတဲ့ စီးပွားရေးလုပ်ငန်းဖြစ်
ကျွန်ဘဝမှ လွတ်မြောက်ခြင်း ယခင်နှင့် ယခု
ဘလက်ဇင်းဟာa ဆံပင်အလှပြင်တဲ့အလုပ် ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဥရောပကို ရောက်လာတယ်။ ဒါပေမဲ့ အဆက်မပြတ် ရိုက်နှက်တာ၊ အိမ်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုကို အန္တရာယ်ပေးမယ်ဆိုပြီး ခြိမ်းခြောက်တာကို ဆယ်ရက်လောက် ခံရပြီးတဲ့နောက်မှာတော့ ပြည့်တန်ဆာအလုပ်ကို မဖြစ်မနေ လုပ်ခဲ့ရတယ်။
ရှေးခေတ်အီဂျစ်မှာ ကျွန်တွေကို ဖမ်းခေါ်လာတဲ့ သရုပ်ဖော်ပုံ
ဘလက်ဇင်းဟာ အလုပ်ရှင်အမျိုးသမီးကို ပြန်ပေးရမယ့် ယူရိုငွေb ၄၀,၀၀၀ ကိုဆပ်နိုင်ဖို့ တစ်ည ယူရိုငွေ ၂၀၀ ကနေ ၃၀၀ အထိ ဝင်ငွေရှာရမယ်။ “ထွက်ပြေးဖို့ စဉ်းစားတာ အကြိမ်ကြိမ်ပဲ။ ဒါပေမဲ့ ကိုယ့်မိသားစုကို သူတို့ ဒုက္ခပေးမှာ စိုးရိမ်တယ်။ ကျွန်မ ချောင်ပိတ်မိနေပြီ” လို့ ဘလက်ဇင်း ပြောပြတယ်။ ဘလက်ဇင်းလိုပဲ လူပေါင်း လေးသန်းလောက်ဟာ နိုင်ငံတကာရဲ့ လိင်လုပ်ငန်းတွေမှာ ကျွန်အဖြစ် စေခိုင်းခံနေရတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၄,၀၀၀ နီးပါးက ဆယ်ကျော်သက်အရွယ် ယောသပ်ဟာ အစ်ကိုတွေ ရောင်းစားတာကို ခံခဲ့ရတယ်။ နောက်ဆုံး၊ အထင်ကရ အီဂျစ်လူတစ်ယောက်ရဲ့အိမ်မှာ ကျွန်ဘဝ ရောက်သွားတယ်။ ယောသပ်ဟာ ဘလက်ဇင်းလိုတော့ အလုပ်ရှင်ရဲ့ နှိပ်စက်မှုကို ချက်ချင်း ခံခဲ့ရတာ မဟုတ်ဘူး။ သခင်ရဲ့မိန်းမ မြူဆွယ်တာကို ငြင်းလိုက်တဲ့အတွက် မုဒိမ်းကျင့်ဖို့ ကြိုးစားတယ်လို့ မတရား စွပ်စွဲခံရတယ်။ အဲဒီနောက် ထောင်ချခံရပြီး သံကြိုးအချုပ်အနှောင်တွေနဲ့ နေခဲ့ရတယ်။—ကမ္ဘာဦး ၃၉:၁-၂၀။ ဆာလံ ၁၀၅:၁၇၊ ၁၈။
ယောသပ်ဟာ ရှေးအချိန်တုန်းက ကျွန်ဘဝရောက်ခဲ့သူပါ။ ဘလက်ဇင်းကတော့ ၂၁ ရာစုမှာ ကျွန်ဘဝရောက်ခဲ့သူပါ။ ဒါပေမဲ့ နှစ်ယောက်စလုံးဟာ ဓလေ့ဟောင်းတစ်ခုဖြစ်တဲ့ လူကုန်ကူးမှုရဲ့ သားကောင်တွေဖြစ်တယ်။ အဲဒီဓလေ့ဟာ လူတွေကို ရောင်းကုန်အဖြစ် သဘောထားပြီး စီးပွားရေးအမြတ်အစွန်း ရဖို့ကလွဲရင် ဘာဆိုဘာမှ ဂရုမစိုက်တဲ့ ဓလေ့ပဲ။
စစ်ကြောင့် ကျွန်စနစ်ဟာ စီးပွားရေးလုပ်ငန်းကြီး ဖြစ်လာ
စစ်ပွဲတွေဟာ ကျွန်တွေကို ရရှိနိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်းဖြစ်ခဲ့တာ ထင်ရှားတယ်။ အီဂျစ်ဘုရင် တတိယမြောက် ထူးမို့စ်ဟာ ခါနန်ပြည်မှာ စစ်ဆင်နွှဲပြီးနောက် အကျဉ်းသား ၉၀,၀၀၀ ကို ဖမ်းခေါ်လာတယ်လို့ ဆိုကြတယ်။ အီဂျစ်တွေက သူတို့ကို သတ္တုတွင်းတွေမှာ၊ ဗိမာန်တွေ ဆောက်လုပ်ရာမှာ၊ တူးမြောင်းတွေ ဖောက်လုပ်ရာမှာ ကျွန်အဖြစ် စေခိုင်းခဲ့တယ်။
ရောမအင်ပါယာလက်အောက်မှာ စစ်ပွဲတွေကြောင့် ကျွန်အမြောက်အမြား ရရှိသလို ကျွန်တွေရဖို့အတွက်လည်း စစ်ဆင်နွှဲခဲ့ကြတယ်။ ခန့်မှန်းချက်အရ ပထမရာစုလောက်မှာ ရောမမြို့တော်ရဲ့ လူဦးရေ ထက်ဝက်နီးပါးဟာ ကျွန်တွေ ဖြစ်တယ်။ အီဂျစ်ကျွန်တွေနဲ့ ရောမကျွန်တွေ အများစုဟာ ရက်ရက်စက်စက် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံခဲ့ရတယ်။ ဥပမာ၊ ရောမသတ္တုတွင်းတွေမှာ အလုပ်လုပ်ရတဲ့ ကျွန်တွေခမျာ လူ့သက်တမ်း အနှစ် ၃၀ လောက်ပဲ နေရတယ်။
အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ ကျွန်တွေဟာ သက်ညှာမခံခဲ့ရပါဘူး။ ၁၆ ရာစုကနေ ၁၉ ရာစုအထိ အာဖရိကနဲ့ အမေရိကစပ်ကြား ကျွန်ကုန်ကူးခြင်းဟာ ကမ္ဘာပေါ်မှာ အမြတ်အစွန်းအများဆုံး စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာတယ်။ ‘ယောက်ျား၊ မိန်းမနဲ့ ကလေးတွေ ၂၅ သန်းကနေ သန်း ၃၀ လောက်ဟာ အဓမ္မဖမ်းဆီးခံရပြီး ရောင်းစားခံရတယ်’ လို့ ယူနက်စကို အစီရင်ခံစာမှာ ဖော်ပြတယ်။ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကူးချိန်မှာ လူသိန်းနဲ့ချီ သေဆုံးခဲ့ရတယ်။ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ကျွန်တစ်ဦးဖြစ်သူ အိုလောင်ဒါ အီကွီယာနိုက “အမျိုးသမီးတွေရဲ့ စူးစူးရှရှ အော်သံ၊ အသက်ငင်နေသူတွေရဲ့ ညည်းသံတွေဟာ တကယ့်ကို ထိတ်လန့်တုန်လှုပ်စရာပါပဲ” လို့ပြောတယ်။
ဝမ်းနည်းစရာက ကျွန်အဖြစ် စေခိုင်းတယ်ဆိုတာ အတိတ်မှာ ကျန်ရစ်ခဲ့တဲ့ အဖြစ်ဆိုးလောက်ပဲ မဟုတ်ပါဘူး။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ အဆိုအရ ယောက်ျား၊ မိန်းမနဲ့ ကလေးတွေ ၂၁ သန်းလောက်ဟာ လုပ်ခနည်းနည်း ဒါမှမဟုတ် လုပ်ခ လုံးဝမရဘဲ အချုပ်အနှောင်အောက်မှာ ကျွန်အဖြစ် စေခိုင်းခံနေရတုန်းပဲ။ ခေတ်သစ် ကျွန်ပြုခံရသူတွေဟာ အထည်ချုပ်စက်ရုံ၊ သတ္တုတွင်း၊ အုတ်ခဲစက်ရုံ၊ ပြည့်တန်ဆာအိမ်နဲ့ လူနေအိမ်တွေမှာ အလုပ်လုပ်နေရတယ်။ တရားမဝင်ပေမဲ့ ဒီလိုကျွန်ပြုခိုင်းစေတာတွေ တိုးများလာနေတာ ထင်ရှားတယ်။
လူသန်းပေါင်းများစွာဟာ အလုပ်ကြမ်း ခိုင်းစေခံနေရ
လွတ်မြောက်ရေးဆီသို့
ရက်ရက်စက်စက် နှိပ်စက်ခံရမှုကြောင့် ကျွန်များစွာဟာ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတယ်။ ဘီစီပထမရာစုမှာ လူနဲ့ဖြစ်စေ၊ သားရဲနဲ့ဖြစ်စေ သတ်ပုတ်ပြီး ပရိသတ်ကို ဖျော်ဖြေရတဲ့ ဂလက်ဒီယေတာ စပါတာကပ်စ်နဲ့ ကျွန် ၁၀၀,၀၀၀ လောက်ဟာ ရောမကို တော်လှန်ပုန်ကန်ပေမဲ့ အရေးနိမ့်ခဲ့တယ်။ ၁၈ ရာစုရောက်တော့ ကရစ်ဘီယံကျွန်းတစ်ခုဖြစ်တဲ့ ဟစ္စပေနီယိုလာကျွန်းမှာ ကျွန်တွေဟာ သခင်တွေကို တော်လှန်ပုန်ကန်ခဲ့ကြတယ်။ ကြံစိုက်ခင်းတွေမှာ ကျွန်တွေ မညှာမတာ နှိပ်စက်ခံရတဲ့ဒဏ်ကြောင့် စတင်ခဲ့တဲ့ ပြည်တွင်းစစ်ဟာ ၁၃ နှစ် ကြာမြင့်ခဲ့တယ်။ နောက်ဆုံးတော့ ၁၈၀၄ ခုနှစ်မှာ လွတ်လပ်တဲ့ ဟေတီနိုင်ငံကို တည်ထောင်နိုင်ခဲ့တယ်။
အီဂျစ်ရဲ့ ကျွန်ဘဝကနေ အစ္စရေးတွေ လွတ်မြောက်မှုဟာ သမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံး လွတ်မြောက်မှုအဖြစ် သတ်မှတ်ရမယ်။ လူသုံးသန်းလောက်ရှိနိုင်တဲ့ လူတစ်မျိုးလုံးဟာ အီဂျစ်ရဲ့ကျွန်ဘဝက လွတ်မြောက်ခဲ့တယ်။ တကယ်ပဲ လွတ်မြောက်ထိုက်ပါတယ်။ အီဂျစ်မှာ သူတို့ကို “ကျွန်အလုပ်မှန်သမျှ လုပ်ခိုင်းပြီး ရက်ရက်စက်စက်၊ မညှာမတာ ခိုင်းစေ” ကြတယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (ထွက်မြောက်ရာ ၁:၁၁-၁၄၊ ကဘ) ဖာရောဘုရင်တစ်ပါးဟာ အစ္စရေးလူဦးရေ တိုးပွားမှုကို ဟန့်တားတဲ့အနေနဲ့ မွေးကင်းစ ကလေးတွေကိုတောင် သုတ်သင်သတ်ဖြတ်ခဲ့တယ်။—ထွက်မြောက်ရာ ၁:၈-၂၂။
အီဂျစ်ရဲ့ မတရားနှိပ်စက်ခံဘဝကနေ အစ္စရေးတွေ လွတ်မြောက်ခဲ့တာဟာ ဘုရားသခင် ကြားဝင်လုပ်ဆောင်မှုကြောင့်ဖြစ်လို့ တစ်မူထူးခြားတယ်။ ‘သူတို့ နာကြည်းခြင်းဝေဒနာကို ငါသိ၏၊ သူတို့ကို ကယ်နုတ်ခြင်းငှာ ငါဆင်းလာပြီ’ လို့ မောရှေကို ဘုရားသခင် ပြောတယ်။ (ထွက်မြောက်ရာ ၃:၇၊ ၈) နေရာအနှံ့က ဂျုးတွေဟာ အဲဒီဖြစ်ရပ်ကို အမှတ်ရဖို့ ပသခါပွဲကို ဒီနေ့အထိ နှစ်စဉ် ကျင်းပနေတုန်းပဲ။—ထွက်မြောက်ရာ ၁၂:၁၄။
ကျွန်စနစ်ကို အပြီးသတ် ပယ်ဖျက်ခြင်း
“ငါတို့ဘုရားသခင်သည် မတရားသောအမှုကို လက်ခံခြင်း” မရှိဘူးလို့ ကျမ်းစာမှာ ပြောတယ်။ ကိုယ်တော် မပြောင်းလဲတတ်ဘူးလို့လည်း အာမခံထားတယ်။ (၂ ရာဇဝင်ချုပ် ၁၉:၇။ မာလခိ ၃:၆) ဘုရားသခင်က “သုံ့ပန်းများ လွတ်မြောက်ခွင့် . . . အကြောင်းကို ဟောပြောရန်၊ နှိပ်စက်ခံရသူတို့အား လွတ်မြောက်စေရန်” ယေရှုကို စေလွှတ်ခဲ့တယ်။ (လုကာ ၄:၁၈) ပကတိကျွန်အားလုံးကို လွတ်မြောက်အောင် လုပ်ပေးမယ်လို့ ဆိုလိုနေတာလား။ မဟုတ်ပါဘူး။ လူတွေကို အပြစ်နဲ့ သေခြင်း အချုပ်အနှောင်အောက်က လွတ်မြောက်စေဖို့ ယေရှုကို စေလွှတ်ခဲ့တာ။ နောက်ပိုင်းမှာ ယေရှုက “အမှန်တရားသည်လည်း သင်တို့ကို လွှတ်လိမ့်မည်” လို့ပြောတယ်။ (ယောဟန် ၈:၃၂) ယေရှု သင်ပေးတဲ့ အမှန်တရားဟာ အခုချိန်မှာတောင် လူတွေကို နည်းမျိုးစုံနဲ့ လွတ်မြောက်စေတယ်။—“ကျွန်ဘဝနောက်တစ်မျိုးကနေ လွတ်မြောက်” လေးထောင့်ကွက်ကို ကြည့်ပါ။
တကယ်တော့ ယောသပ်နဲ့ ဘလက်ဇင်းကို ကျွန်ဘဝကနေ လွတ်မြောက်အောင် ဘုရားသခင် ကူညီပေးပုံ မတူဘူး။ ကမ္ဘာဦးကျမ်း အခန်းကြီး ၃၉ ကနေ ၄၁ မှာ ယောသပ်ရဲ့ ထူးခြားတဲ့မှတ်တမ်းကို တွေ့နိုင်တယ်။ လွတ်မြောက်ရေးအတွက် ဘလက်ဇင်းရဲ့ ကြိုးစားမှုကလည်း မှတ်သားထိုက်ပါတယ်။
ဥရောပနိုင်ငံတစ်ခုကနေ မောင်းထုတ်ခံရပြီးနောက် ဘလက်ဇင်းဟာ စပိန်နိုင်ငံကို ရောက်သွားတယ်။ အဲဒီမှာ ယေဟောဝါသက်သေတွေနဲ့ တွေ့ပြီး ကျမ်းစာကို စလေ့လာတယ်။ ဘဝကို ရိုးရိုးဖြောင့်ဖြောင့် နေမယ်လို့ သူစိတ်ပိုင်းဖြတ်လိုက်ပြီး ပုံမှန်အလုပ်တစ်ခု လုပ်ခဲ့တယ်။ လစဉ်ဆပ်ရမယ့်အကြွေးကို လျှော့ပေးဖို့ သူ့ရဲ့အလုပ်ရှင်ဟောင်းကို ဖျောင်းဖျခဲ့တယ်။ တစ်နေ့၊ အဲဒီအလုပ်ရှင်ဆီကနေ ဖုန်းဝင်လာတယ်။ သူဟာ ဘလက်ဇင်းရဲ့အကြွေးကို လျှော်ပေးတဲ့အပြင် ခွင့်လွှတ်ဖို့လည်း တောင်းပန်တယ်။ ဘာဖြစ်ခဲ့လို့လဲ။ သူလည်း ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာနေလို့ပဲ။ “အမှန်တရားက အံ့သြစရာနည်းတွေနဲ့ လွတ်မြောက်အောင်လုပ်ပေးလိုက်တာပဲ” လို့ ဘလက်ဇင်းပြောတယ်။
အီဂျစ်မှာ အစ္စရေးတွေ ကျွန်အဖြစ် ရက်ရက်စက်စက် နှိပ်စက်ခံရတဲ့အခါ ယေဟောဝါဘုရား အလွန်ဝမ်းနည်းခဲ့တယ်။ ဒီနေ့ခေတ်ရဲ့ မတရားမှုတွေအတွက်လည်း ဘုရားသခင် အဲဒီလိုပဲ ခံစားရမှာ သေချာတယ်။ ကျွန်ပြုစေခိုင်းမှုပုံစံအမျိုးမျိုး အဆုံးတိုင်အောင် လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ အပြောင်းအလဲကြီး လုပ်ဆောင်ဖို့ လိုတယ်။ ဘုရားသခင်က အဲဒီလို အပြောင်းအလဲကို လုပ်ဆောင်ပေးတော့မယ်လို့ ကတိပြုထားတယ်။ “ငါတို့သည် ဖြောင့်မတ်ခြင်းတည်နေရာ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ကတိတော်နှင့်အညီ စောင့်မျှော်လျက်ရှိကြ၏။”—၂ ပေ ၃:၁၃။