ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၇ အမှတ် ၄ စာ. ၈-၁၀
  • ချစ်ရသူတစ်ဦး ရောဂါကျွမ်းနေတဲ့အခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ချစ်ရသူတစ်ဦး ရောဂါကျွမ်းနေတဲ့အခါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခေတ်သစ်အကျပ်အတည်း
  • ကြိုတင်စီစဉ်ပါ
  • ကူညီပေးနိုင်ပုံ
  • အဖြစ်မှန်ကို လက်ခံပါ
  • အကောင်းဆုံး ပြုစုစောင့်ရှောက်သူ
  • ရောဂါကျွမ်းနေသူများကို နှစ်သိမ့်ပေးခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ပြုစုစောင့်ရှောက်သူများ လုပ်ပေးနိုင်သည့်အရာ
    နိုးလော့!—၂၀၀၁
  • သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ရောဂါဝေဒနာနှင့် အောင်မြင်စွာ အသက်ရှင်နေထိုင်ခြင်း—မည်သို့နည်း
    နိုးလော့!—၂၀၀၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
ကလ၁၇ အမှတ် ၄ စာ. ၈-၁၀
မောင်နှံတစ်စုံဟာ ရောဂါကျွမ်းနေတဲ့ မိသားစုဝင်တစ်ဦးနဲ့ ဆေးကုသနည်း ဆွေးနွေးနေ

ပွင့်ပွင့်လင်းလင်း ကြိုတင် ဆွေးနွေးထားဖို့ လိုတယ်

ချစ်ရသူတစ်ဦး ရောဂါကျွမ်းနေတဲ့အခါ

အသက် ၅၄ နှစ်ပဲရှိသေးတဲ့ ခင်ပွန်း ဝက်စ်လေမှာ ကုလို့မရတဲ့ ဦးနှောက်အကျိတ်ရှိနေမှန်း သိလိုက်ရတဲ့အခါ ဒိုရင်း ထိတ်လန့်သွားတယ်။a လပိုင်းပဲခံတော့မယ်လို့ ဆရာဝန်တွေ ပြောတယ်။ “ကိုယ့်နားကိုယ် မယုံနိုင်ဘူး။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတယ်။ ကျွန်မတို့ကြုံနေရတာ ဟုတ်မှဟုတ်ရဲ့လားဆိုပြီး လက်မခံနိုင်ဘူး ဖြစ်နေတယ်” လို့ ဒိုရင်း ပြောပြတယ်။

ဒိုရင်း အဲဒီလိုတုံ့ပြန်တာ မထူးဆန်းပါဘူး။ ဘယ်သူမဆို၊ ဘယ်အချိန်မှာမဆို ကုမရနိုင်တဲ့ရောဂါ ရှိလာနိုင်တယ်။ လူများစွာဟာ ချစ်ရသူတစ်ဦး ရောဂါကျွမ်းနေတဲ့အခါ မညည်းမညူ ပြုစုစောင့်ရှောက်ပေးတာ ချီးမွမ်းစရာပါပဲ။ တကယ်တော့ ပြုစုစောင့်ရှောက်ရတဲ့အလုပ်ဟာ အင်မတန်ခက်တယ်။ ရောဂါကျွမ်းနေတဲ့ ချစ်ရသူတစ်ဦးကို နှစ်သိမ့်ဖို့၊ ပြုစုစောင့်ရှောက်ဖို့ မိသားစုဝင်တွေ ဘာလုပ်နိုင်သလဲ။ ပြုစုစောင့်ရှောက်သူတွေဟာ လူနာကို ပြုစုနေရင်း ကိုယ့်စိတ်ခံစားချက်တွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်မလဲ။ လူနာ ဆုံးခါနီးမှာ ဘာတွေကြုံရဖို့ မျှော်လင့်နိုင်သလဲ။ ဦးဆုံး၊ ရောဂါကျွမ်းနေသူကို ပြုစုစောင့်ရှောက်ရတာဟာ အခုချိန်မှာ ဘာကြောင့် ခက်ခဲသလဲဆိုတာ ကြည့်ကြစို့။

ခေတ်သစ်အကျပ်အတည်း

ဆေးသိပ္ပံပညာကြောင့် လူတွေ သေဆုံးရတဲ့အကြောင်းရင်း ပြောင်းလဲသွားပြီ။ လွန်ခဲ့တဲ့ရာစုနှစ်လောက်ကဆိုရင် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် ပျမ်းမျှ လူ့သက်တမ်းဟာ အလွန်တိုတောင်းတယ်။ ကူးစက်ရောဂါ ဒါမှမဟုတ် မတော်တဆမှုတွေကြောင့် ရုတ်တရက် သေဆုံးကြရတယ်။ ဆေးရုံတက်ဖို့ မလွယ်တဲ့အတွက် လူအများစုဟာ အိမ်မှာပဲ မိသားစုဝင်တွေရဲ့ ပြုစုစောင့်ရှောက်မှုခံယူရင်း သေဆုံးကြရတယ်။

အခုခေတ်မှာတော့ ဆေးပညာတိုးတက်လာတဲ့အတွက် ဆရာဝန်တွေဟာ အကြိတ်အနယ်ကုသပြီး လူနာအသက် ပိုရှည်အောင် စွမ်းဆောင်နိုင်ပြီ။ အရင်တုန်းက မြန်မြန်ဆန်ဆန် သေဆုံးစေတဲ့ ရောဂါတွေကို အခုချိန်မှာ ကုသပေးနိုင်ပြီဖြစ်လို့ လူနာတွေ နှစ်ပေါင်းများစွာ ဆက်အသက်ရှင်နိုင်တယ်။ အသက်ကို ဆွဲထားနိုင်ပေမဲ့ ရောဂါပျောက်သွားတာတော့ မဟုတ်ဘူး။ အများအားဖြင့် လူနာတွေဟာ သူတစ်ပါးကို မှီခိုနေရတဲ့ မသန်စွမ်းဘဝ ရောက်သွားတယ်။ အဲဒီလိုလူနာတွေကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ အားစိုက်ထုတ်ရပြီး စိတ်ပန်းလူပန်းဖြစ်ရတယ်။

ဒါကြောင့် အိမ်မှာထက် ဆေးရုံမှာ သေတဲ့သူ ပိုများလာတယ်။ အခုခေတ် လူအများစုဟာ သေခါနီးဖြစ်တတ်တဲ့အရာတွေကို မသိကြတော့ဘူး။ လူသေတာကို ကိုယ်တိုင်မြင်ဖူးသူ မရှိသလောက်ပဲ။ ကြိုမသိနိုင်တာတွေကို တွေးပူနေမယ်ဆိုရင် ဖျားနာနေတဲ့ မိသားစုဝင်ကို ပြုစုစောင့်ရှောက်ဖို့ အခက်တွေ့ပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားနိုင်တယ်။ ဘာက ကူညီပေးနိုင်သလဲ။

ကြိုတင်စီစဉ်ပါ

ဒိုရင်းရဲ့ ဖြစ်ရပ်မှာလိုပဲ ချစ်ရသူတစ်ဦး ရောဂါကျွမ်းနေပြီဆိုတာ သိလိုက်ရတဲ့အခါ ယူကျုံးမရ ဖြစ်တတ်ကြတယ်။ အကြီးအကျယ် စိုးရိမ်ကြောက်လန့်ပြီး သောကရောက်နေတဲ့ကြားက ရှေ့ဆက်ကြုံရမယ့်အရာတွေအတွက် ဘယ်လို အသင့်ပြင်နိုင်သလဲ။ ဘုရားအပေါ် သစ္စာရှိသူတစ်ယောက်က “အသက်ရှင်ရတဲ့ နေ့ရက်တွေကို ရေတွက်တတ်အောင် သင်ပေးပါ။ ဒါမှ ဉာဏ်ပညာရှိတဲ့ စိတ်နှလုံးကို ကျွန်တော်တို့ ရယူပိုင်ဆိုင်နိုင်မှာပါ” လို့ ဆုတောင်းခဲ့တယ်။ (ဆာလံ ၉၀:၁၂) “နေ့ရက်တွေကို” ဉာဏ်ပညာရှိရှိ “ရေတွက်တတ်အောင် သင်ပေး” ဖို့ ယေဟောဝါဘုရားဆီ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါ။ ဒါဆိုရင် ကျန်ရှိတဲ့အချိန်တွေကို ကိုယ်ချစ်ရတဲ့သူနဲ့ အကျိုးရှိရှိ သုံးနိုင်မယ်။

အဲဒီလိုလုပ်နိုင်ဖို့ ကြိုတင်စီစဉ်ထားရမယ်။ လူနာဟာ စကားပြောနိုင်ပြီး မှာစရာရှိတာ မှာချင်သေးတယ်ဆိုရင် ဘာမှ မစွမ်းဆောင်နိုင်တော့တဲ့အခါ သူ့ကိုယ်စား ဘယ်သူက ဆုံးဖြတ်ပေးရမယ်ဆိုတာ မေးထားတာ ကောင်းတယ်။ သတိပြန်လည်လာအောင် လုပ်ပေးဖို့၊ ဆေးရုံတင်ပေးဖို့၊ ဆေးကုထုံးတစ်ခုခု ခံယူဖို့ သူ ဆန္ဒရှိမရှိ ပွင့်လင်းစွာ ဆွေးနွေးထားနိုင်တယ်။ ဒါက နားလည်မှုလွဲတဲ့အဖြစ်မျိုး၊ သတိလစ်နေတဲ့လူနာအတွက် ဆုံးဖြတ်ပေးရတဲ့ မိသားစုဝင်တွေ စိတ်ထိခိုက်ရတဲ့အဖြစ်မျိုး လျော့နည်းစေနိုင်တယ်။ ပွင့်ပွင့်လင်းလင်း ကြိုတင် ဆွေးနွေးထားမယ်ဆိုရင် မိသားစုဟာ လူနာကို ပြုစုစောင့်ရှောက်ဖို့ ပိုအာရုံစိုက်နိုင်မယ်။ “တိုင်ပင်ဆွေးနွေးတာ မရှိရင် အစီအစဉ်တွေ ပျက်တတ်တယ်။ အကြံပေးသူ များရင်တော့ အောင်မြင်တတ်တယ်” လို့ ကျမ်းစာပြောတယ်။—ပညာအလိမ္မာ ၁၅:၂၂။

ကူညီပေးနိုင်ပုံ

ပြုစုစောင့်ရှောက်သူ အဓိကလုပ်ဆောင်ရမှာက လူနာကို နှစ်သိမ့်ပေးဖို့ပဲ။ သူတစ်ယောက်တည်း မဟုတ်ဘူး၊ သူ့ကို ချစ်တယ်ဆိုတာ လူနာသိအောင် ဘယ်လိုလုပ်ရမလဲ။ အားရှိစရာကောင်းတဲ့၊ သူကြိုက်တဲ့ စာပေတွေ၊ သီချင်းတွေကို ရွေးပြီး ဖတ်ပြ၊ ဆိုပြပါ။ သူ့လက်ကို ဆုပ်ကိုင်ပြီး ညင်ညင်သာသာ စကားပြောပေးတာက စိတ်သက်သာစေတယ်။

ဘယ်သူဘယ်ဝါ လာကြည့်တယ်ဆိုတာ ပြောပြပေးရင် ကောင်းတယ်။ စာအုပ်တစ်အုပ်မှာ ဒီလိုဖော်ပြတယ်– “အာရုံငါးပါးအနက် နောက်ဆုံးမှဆုံးရှုံးတာ အကြားအာရုံပဲလို့ ဆိုကြတယ်။ အိပ်ပျော်နေတယ်လို့ ထင်ရပေမဲ့ အကြားအာရုံ ကောင်းနေနိုင်တယ်။ ဒါကြောင့် လူနာ အိပ်ပျော်နေတယ်အထင်နဲ့ မပြောသင့်တဲ့စကားတွေကို လူနာလာကြည့်သူတွေရှေ့ မပြောပါနဲ့။”

ဖြစ်နိုင်မယ်ဆိုရင် အတူတူ ဆုတောင်းပါ။ တစ်ခါက တမန်တော်ပေါလုနဲ့ အပေါင်းပါတွေဟာ မခံရပ်နိုင်အောင် ဖိစီးမှုကြုံရပြီး အသက်ရှင်ဖို့တောင် မျှော်လင့်ချက်မရှိသလောက် ဖြစ်ခဲ့တယ်လို့ ကျမ်းစာပြောတယ်။ သူတို့ ဘယ်ကနေ အကူအညီရခဲ့သလဲ။ “ခင်ဗျားတို့လည်း ကျွန်တော်တို့အတွက် တိုးလျှိုးအသနားခံပြီး ကူညီပေးနိုင်ပါတယ်” လို့ မိတ်ဆွေတွေကို ပေါလု တောင်းဆိုတယ်။ (၂ ကောရိန္သု ၁:၈-၁၁) အကြီးအကျယ် ဖိစီးမှုကြုံရချိန်၊ အသည်းအသန် ဖျားနာချိန်မှာ လှိုက်လှိုက်လှဲလှဲ ဆုတောင်းတာဟာ အလွန်တန်ဖိုးရှိတယ်။

အဖြစ်မှန်ကို လက်ခံပါ

ချစ်ရသူတစ်ဦး ဆုံးတော့မယ်လို့ သိရတဲ့အခါ စိတ်ထိခိုက်တတ်ကြတယ်။ ဒါဟာ အံ့သြစရာ မဟုတ်ဘူး။ သေခြင်းဟာ လူတွေရဲ့ ပင်ကိုဆန္ဒမဟုတ်လို့ပဲ။ ကျွန်တော်တို့ဟာ သေခြင်းကို ဘဝရဲ့ ပုံမှန်အစိတ်အပိုင်းအဖြစ် လက်ခံဖို့ ပုံစံပြုခံထားရတာ မဟုတ်ဘူး။ (ရောမ ၅:၁၂) သမ္မာကျမ်းစာက သေခြင်းကို “ရန်သူ” လို့ခေါ်ထားတယ်။ (၁ ကောရိန္သု ၁၅:၂၆) ဒါကြောင့် ချစ်ရသူတစ်ဦး သေတော့မယ့်အကြောင်း မစဉ်းစားချင်တာဟာ သဘာဝကျပါတယ်။

ကြုံရမယ့်အရာကို မျှော်လင့်ထားတာက မိသားစုဝင်တွေရဲ့ စိုးရိမ်ပူပန်မှုကို လျော့နည်းစေပြီး လူနာ သက်သောင့်သက်သာရှိအောင် အတတ်နိုင်ဆုံး အာရုံစိုက် လုပ်ဆောင်စေနိုင်တယ်။ မသေခင်ကြုံရမယ့် အရာတချို့ကို “ဘဝရဲ့ နောက်ဆုံးအချိန်” လေးထောင့်ကွက်မှာ ဖော်ပြထားတယ်။ လူနာတိုင်း အဲဒီအခြေအနေအားလုံးကို ကြုံရမှာ မဟုတ်သလို အစဉ်လိုက်လည်း ကြုံချင်မှကြုံမယ်။ လူနာအများစုကတော့ အဲဒီအခြေအနေတချို့ကို ကြုံရကြတယ်။

ချစ်ရသူတစ်ဦး ဆုံးသွားတဲ့အခါ အရင်က ကူညီပေးဖူးသူ ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးကို ဆက်သွယ်တာ ကောင်းတယ်။ ချစ်ရတဲ့သူဟာ ဘာဝေဒနာမှ မခံစားရတော့ဘူးဆိုပြီး ပြုစုစောင့်ရှောက်သူတွေနဲ့ မိသားစုကို နှစ်သိမ့်ပေးဖို့ လိုအပ်နိုင်တယ်။ “သေလွန်သူကတော့ ဘာမှမသိဘူး” လို့ ကျွန်တော်တို့ရဲ့ ဖန်ဆင်းရှင် အာမခံထားတယ်။—ဒေသနာ ၉:၅။

အကောင်းဆုံး ပြုစုစောင့်ရှောက်သူ

ဆေးရုံတက်နေတဲ့ ရောဂါကျွမ်းနေသူဆီ အမျိုးသမီးတစ်ဦး လည်ပတ်

တခြားသူတွေရဲ့ အကူအညီကို လက်ခံတတ်ရမယ်

မိသားစုဝင်တစ်ဦး အသည်းအသန် ဖျားနာချိန်မှာသာမက သေဆုံးပြီးနောက် ဝမ်းနည်းပူဆွေးနေချိန်မှာပါ ဘုရားသခင်ကို မှီခိုအားကိုးဖို့ လိုတယ်။ တခြားသူတွေရဲ့ နှစ်သိမ့်မှုဖြစ်စေတဲ့ စကားတွေ၊ လုပ်ရပ်တွေအားဖြင့် ဘုရား ကူညီပေးနိုင်တယ်။ “တခြားသူတွေ ကူညီပေးတာကို ကျွန်မ လက်ခံတတ်လာတယ်။ ရရှိတဲ့အကူအညီတွေက လိုတာထက်တောင် ပိုနေတယ်။ ‘အကူအညီပေးဖို့ မင်းတို့နဲ့အတူ ရှိနေတယ်’ လို့ ယေဟောဝါ ပြောနေသလိုမျိုး ကျွန်မတို့လင်မယား ခံစားရတယ်။ ဒါကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး” လို့ ဒိုရင်းပြောပြတယ်။

အကောင်းဆုံး ပြုစုစောင့်ရှောက်သူကတော့ ယေဟောဝါဘုရားပါပဲ။ ကျွန်တော်တို့ကို ဖန်ဆင်းတဲ့အရှင်ဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ နာကျင်မှုတွေ၊ ဝမ်းနည်းမှုတွေကို ကိုယ်တော် နားလည်ပေးတယ်။ ကျွန်တော်တို့ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ လိုအပ်တဲ့အကူအညီနဲ့ အားပေးမှုတွေကို ပေးနိုင်တယ်၊ ပေးဖို့ ဆန္ဒလည်း ရှိတယ်။ မကြာခင် သေခြင်းကို အပြီးအပိုင်ဖယ်ရှားပြီး သူ့မှတ်ဉာဏ်ထဲမှာ ရှိတဲ့ လူသန်းပေါင်းများစွာကို အသက်ပြန်ရှင်စေမယ်လို့ ဘုရား ကတိပေးထားတယ်။ (ယောဟန် ၅:၂၈၊ ၂၉။ ဗျာဒိတ် ၂၁:၃၊ ၄) အဲဒီအချိန်ကျရင် “သေမင်း၊ မင်းရဲ့အောင်ပွဲ ဘယ်မှာလဲ။ သေမင်း၊ မင်းရဲ့အဆိပ်ဆူး ဘယ်မှာလဲ” ဆိုပြီး တမန်တော်ပေါလုလို အားလုံး ပြောနိုင်ကြပါလိမ့်မယ်။—၁ ကောရိန္သု ၁၅:၅၅။

a အမည်လွှဲထားတယ်။

ဘဝရဲ့ နောက်ဆုံးအချိန်

လူနာဟာ ဘဝရဲ့ နောက်ဆုံးအချိန်မှာ အောက်ပါလက္ခဏာတွေထဲက တချို့ဖြစ်စေ၊ အားလုံးဖြစ်စေ ကြုံရနိုင်တယ်b–

  • စားချင်သောက်ချင်စိတ် မရှိခြင်း။ နှုတ်ခမ်းကို အလှဆီလိမ်းပေးတာ၊ နဖူးပေါ် ရေစိုအဝတ်တင်ပေးတာက လူနာကို သက်သာစေနိုင်တယ်။

  • တစ်ဦးတည်း ဒါမှမဟုတ် လူနည်းနည်းလေးနဲ့ပဲ ရှိနေလိုခြင်း။ တိတ်ဆိတ်ငြိမ်သက်တဲ့ဝန်းကျင် ဖြစ်စေပါ။

  • အိပ်ချိန်များလာခြင်း။

  • ဂနာမငြိမ်ဖြစ်ခြင်း။ ဂနာမငြိမ် လူးလိမ့်နေတာကို ထိန်းချုပ်မယ့်အစား လူနာကို ညင်ညင်သာသာ၊ အားပေးစကား ပြောပါ။

  • စိတ်ရှုပ်ထွေးခြင်း။ ကိုယ့်နာမည်ကို ပြောပြပါ၊ လူနာ ဇဝေဇဝါဖြစ်နေရင်တောင် တလေးတစား နားထောင်ပေးပါ။

  • ဆီးဝမ်းမထိန်းနိုင်ခြင်း။ လူနာနဲ့ အိပ်ရာကို အတတ်နိုင်ဆုံး သန့်ရှင်းအောင်ထားပါ။

  • အသက်ရှူမမှန်ခြင်း။ အသံကြိုးတွေ လျော့သွားလို့ အသက်ရှူတဲ့အခါ ညည်းသံပါလာနိုင်တယ်။

  • ချွဲပိတ်ဆို့ခြင်း။ ခေါင်းအုံးကို မြှင့်ထားပေးတာက အသက်ရှူမကျပ်အောင် ကာကွယ်ပေးနိုင်တယ်။

  • အသားအရေ အရောင်ပြောင်းခြင်း။ အများအားဖြင့် ခန္ဓာကိုယ်ဟာ သွေးကို အဓိကကျတဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီ ပို့ပေးရလို့ ဖြစ်တယ်။

b မူရင်း– နယူးယောက်မြို့တော် နာတာရှည်ဆေးရုံ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ