ထာဝရအသက်ရရှိစေနိုင်တဲ့ ဘုရားပေး ရွေးဖိုးလက်ဆောင်ဟာ အကောင်းဆုံးလက်ဆောင်ဖြစ်
မျက်နှာဖုံးအကြောင်းအရာ | အကောင်းဆုံး လက်ဆောင်ဟာ ဘာလဲ
အကောင်းတကာ့ အကောင်းဆုံးလက်ဆောင်ဟာ ဘာလဲ
“ကောင်းမြတ်တဲ့ ဆုကျေးဇူး၊ ပြည့်ဝစုံလင်တဲ့ လက်ဆောင်မှန်သမျှဟာ အထက်အရပ်က လာတယ်။ ကောင်းကင်အလင်းရဲ့ ဖခင်ဆီကနေ လာတယ်။” (ယာကုပ် ၁:၁၇) ဒီကျမ်းချက်က ကောင်းကင်ဖခင် ယေဟောဝါဘုရားရဲ့ ရက်ရောမှုကို ပြောနေခြင်း ဖြစ်တယ်။ လူတွေကို ဘုရားပေးတဲ့ လက်ဆောင်များစွာအနက် အကောင်းတကာ့ အကောင်းဆုံးလက်ဆောင်တစ်ခု ရှိတယ်။ ဘာဖြစ်မလဲ။ ယောဟန် ၃:၁၆ မှာပါတဲ့ ယေရှုရဲ့စကားကနေ သိရတယ်– “ဘုရားသခင်က လူ့လောကကို အလွန်ချစ်တယ်။ ဒါကြောင့် မိမိရဲ့သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက်ရနိုင်ဖို့ အဲဒီတစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်။”
ဘုရားရဲ့ တစ်ဦးတည်းသောသားဟာ ကျွန်တော်တို့ ရခဲ့ဖူးသမျှ လက်ဆောင်တွေထဲမှာ အကောင်းဆုံးလက်ဆောင်ဖြစ်မှာ သေချာတယ်။ အဲဒီလက်ဆောင်ကြောင့် အပြစ်၊ အိုမင်းခြင်း၊ သေခြင်းရဲ့ အချုပ်အနှောင်အောက်ကနေ လွတ်မြောက်နိုင်လို့ပဲ။ (ဆာလံ ၅၁:၅။ ယောဟန် ၈:၃၄) ကျွန်တော်တို့ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ ကိုယ့်အစွမ်းအစနဲ့တော့ အဲဒီအချုပ်အနှောင်အောက်ကနေ မလွတ်မြောက်နိုင်ဘူး။ ဒါပေမဲ့ မေတ္တာကြီးမားလှတဲ့ ဘုရားသခင်က ကျွန်တော်တို့ လွတ်မြောက်နိုင်အောင် လိုအပ်ရာကို ပေးခဲ့တယ်။ ယေဟောဝါဘုရားက မိမိရဲ့တစ်ဦးတည်းသောသား ယေရှုခရစ်ကို ရွေးဖိုးအဖြစ် ပေးတဲ့အတွက် နာခံမှုရှိသူတွေ ထာဝစဉ်အသက်ရှင်နိုင်မယ့် မျှော်လင့်ချက် ရှိလာတယ်။ ရွေးဖိုးဆိုတာ ဘာလဲ။ ဘာကြောင့် လိုအပ်သလဲ။ ရွေးဖိုးကနေ ဘယ်လိုနည်းနဲ့ အကျိုးခံစားနိုင်သလဲ။
ရွေးဖိုးဆိုတာ ဆုံးရှုံးသွားတာကို ပြန်ဝယ်ယူဖို့၊ အချုပ်အနှောင်ကနေ လွတ်မြောက်ဖို့ ပေးရတဲ့ အဖိုးအခကို ဆိုလိုတယ်။ ကျွန်တော်တို့ရဲ့ ကနဦးမိဘ အာဒံနဲ့ ဧဝဟာ ဖန်ဆင်းခံရတုန်းက ပြည့်ဝစုံလင်တယ်၊ မွေးဖွားလာမယ့် သားသမီးတွေနဲ့အတူ သာယာလှပတဲ့ ကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်နိုင်မယ့် မျှော်လင့်ချက်ရှိတယ်လို့ ကျမ်းစာ ဖော်ပြတယ်။ (ကမ္ဘာဦး ၁:၂၆-၂၈) ဒါပေမဲ့ သူတို့ဟာ ဘုရားကို မနာခံလို့ အဲဒီမျှော်လင့်ချက် ဆုံးရှုံးခဲ့ရပြီး အပြစ်သားတွေ ဖြစ်သွားတယ်။ ဘာအကျိုးဆက် ခံစားခဲ့ရသလဲ။ “အပြစ်ဟာ လူတစ်ယောက်ကြောင့် လူ့လောကထဲ ရောက်လာတယ်။ အပြစ်ကြောင့် သေခြင်းလည်း ပေါ်ပေါက်လာတယ်။ ဒါကြောင့် လူအားလုံးဟာ အပြစ်ရှိသူတွေ ဖြစ်သွားတဲ့အတွက် သေဆုံးကြရတယ်” လို့ ကျမ်းစာပြောတယ်။ (ရောမ ၅:၁၂) အာဒံဟာ သားသမီးတွေကို ပြည့်ဝစုံလင်တဲ့အသက်အစား အပြစ်နဲ့ သေခြင်းကိုပဲ အမွေပေးနိုင်ခဲ့တယ်။
ရွေးဖိုးဆိုတာ ဆုံးရှုံးခဲ့တဲ့အရာနဲ့ တန်ဖိုးညီတဲ့အရာ ဖြစ်ရမယ်။ အာဒံက ဘုရားသခင်ကို တမင်တကာ မနာခံတဲ့အတွက် အပြစ်သား ဖြစ်သွားတယ်။ အကျိုးဆက်အနေနဲ့ ပြည့်ဝစုံလင်တဲ့ လူ့အသက်၊ တစ်နည်းအားဖြင့် အာဒံရဲ့အသက် ဆုံးရှုံးသွားတယ်။ သူ့သားသမီးတွေလည်း အပြစ်နဲ့ သေခြင်း အချုပ်အနှောင်အောက် ရောက်သွားတယ်လို့ ကျမ်းစာဖော်ပြတယ်။ ဒါကြောင့် အဲဒီအချုပ်အနှောင်ကနေ လွတ်နိုင်ဖို့ ပြည့်ဝစုံလင်တဲ့ လူ့အသက်၊ တစ်နည်းအားဖြင့် ယေရှုရဲ့အသက်ကို ပေးဆပ်ဖို့ လိုတယ်။ (ရောမ ၅:၁၉။ ဧဖက် ၁:၇) မေတ္တာပြည့်ဝတဲ့ဘုရားက အဲဒီရွေးဖိုးကို ပေးခဲ့လို့သာ လူတွေဟာ အာဒံနဲ့ဧဝ ဆုံးရှုံးခဲ့တဲ့ သာယာလှပတဲ့ ကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်နိုင်မယ့် မျှော်လင့်ချက် ရှိလာတယ်။—ဗျာဒိတ် ၂၁:၃-၅။
ရွေးဖိုးကြောင့် ရလာတဲ့ အကျိုးကျေးဇူးတွေကို ကြည့်မယ်ဆိုရင် ထာဝရအသက် ရရှိစေနိုင်တဲ့ ဘုရားပေး ရွေးဖိုးလက်ဆောင်ဟာ အကောင်းတကာ့ အကောင်းဆုံး လက်ဆောင်ပဲဆိုတာ သေချာတယ်။ ရှေ့ဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့အတိုင်း ရွေးဖိုးဟာ အဖိုးတန် လက်ဆောင်ဖြစ်စေနိုင်တဲ့ အချက်တွေနဲ့ ဘယ်လို ကိုက်ညီသလဲဆိုတာ လေ့လာကြစို့။ ဒါဆိုရင် အဲဒီ “ပြည့်ဝစုံလင်တဲ့ လက်ဆောင်” ကို တန်ဖိုးထားတတ်လာမယ်။
လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးခြင်း။ လူသားတွေမှာ အမြဲ အသက်ရှင်ချင်တဲ့ မွေးရာပါဆန္ဒ ရှိကြတယ်။ (ဒေသနာ ၃:၁၁) ကိုယ့်အစွမ်းအစနဲ့တော့ အဲဒီဆန္ဒကို မဖြည့်ဆည်းပေးနိုင်ဘူး။ ရွေးဖိုးကသာ ဖြည့်ဆည်းပေးနိုင်တယ်။ “အပြစ်ကပေးတဲ့ အခဟာ သေခြင်းပဲ။ ဘုရားသခင်ပေးတဲ့ ဆုကျေးဇူးကတော့ သခင်ခရစ်တော် ယေရှုအားဖြင့် ထာဝရအသက်ပဲ” လို့ ကျမ်းစာပြောတယ်။—ရောမ ၆:၂၃။
လိုအပ်ရာတွေကို ဖြည့်ဆည်းပေးခြင်း။ ရွေးဖိုးကို လူတွေ မပေးနိုင်ဘူး။ “အသက်အတွက် ရွေးဖိုးဟာ တန်ဖိုးကြီးလွန်းလို့ သူတို့ ဘယ်တော့မှ တတ်နိုင်မှာ မဟုတ်ဘူး” ဆိုပြီး ကျမ်းစာ ပြောတယ်။ (ဆာလံ ၄၉:၈) ဒါကြောင့် အပြစ်နဲ့ သေခြင်း အချုပ်အနှောင်အောက်က လွတ်မြောက်နိုင်ဖို့ ဘုရားသခင့်အကူအညီ အရေးတကြီး လိုအပ်တယ်။ “ခရစ်တော်ယေရှုရဲ့ ရွေးဖိုး” အားဖြင့် ကျွန်တော်တို့ လိုအပ်ရာကို ဘုရား ပြင်ဆင်ပေးခဲ့တယ်။—ရောမ ၃:၂၃၊ ၂၄။
အချိန်ကိုက်ဖြစ်ခြင်း။ “ခရစ်တော်ကတော့ ကျွန်တော်တို့ အပြစ်ရှိသူတွေ ဖြစ်နေတာတောင် အသေခံပေးခဲ့တယ်” လို့ ကျမ်းစာဖော်ပြတယ်။ (ရောမ ၅:၈) “အပြစ်ရှိသူတွေ ဖြစ်နေ” ချိန်မှာ ရွေးဖိုးပေးခဲ့တာဖြစ်လို့ ကျွန်တော်တို့ကို ဘုရား ဘယ်လောက်ချစ်မှန်း ထင်ရှားတယ်။ အပြစ်ရဲ့ အကျိုးဆက်တွေကို ခံနေရပေမဲ့ ရွေးဖိုးကြောင့် မျှော်လင့်စရာ အများကြီးရှိလာတယ်။
မွန်မြတ်ပြီး အတ္တကင်းတဲ့ သဘောထား။ ဘုရားသခင်ဟာ သားတော်ကို ရွေးဖိုးအဖြစ်ပေးရတဲ့ အကြောင်းရင်းကို ကျမ်းစာမှာ ဒီလိုရှင်းပြတယ်– “ဘုရားသခင်က တစ်ဦးတည်းသောသားကို ဒီလောကဆီ စေလွှတ်ပြီး သူ့အားဖြင့် အသက်လမ်း ဖွင့်ပေးခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ကို ဘုရားသခင် ဘယ်လောက် ချစ်မှန်း ပေါ်လွင်ထင်ရှားတယ်။ . . . ကျွန်တော်တို့ကို ဘုရားသခင် ချစ်လို့ပါ။ ကျွန်တော်တို့က ဘုရားသခင်ကို ချစ်ခဲ့လို့ မဟုတ်ပါဘူး။”—၁ ယောဟန် ၄:၉၊ ၁၀။
အကောင်းတကာ့ အကောင်းဆုံးလက်ဆောင်ကို တန်ဖိုးထားကြောင်း ဘယ်လိုပြနိုင်သလဲ။ ယေရှုကို “ယုံကြည်သက်ဝင်သူ” တွေသာ ကယ်တင်ခံရမယ်ဆိုတဲ့ ယောဟန် ၃:၁၆ ပါစကားကို ပြန်အမှတ်ရပါ။ ကျမ်းစာအရ ယုံကြည်ခြင်းဆိုတာ “မျှော်လင့်တဲ့အရာတွေကို စိတ်ချစွာ စောင့်မျှော်နေ” ခြင်းပဲ။ (ဟီဘရူး ၁၁:၁) စိတ်ချစွာ စောင့်မျှော်နိုင်ဖို့ တိကျမှန်ကန်တဲ့ အသိပညာ လိုတယ်။ ဒါကြောင့် “ပြည့်ဝစုံလင်တဲ့ လက်ဆောင်” ပေးသူ ယေဟောဝါဘုရားအကြောင်း အချိန်ယူလေ့လာပါ။ ယေရှုရဲ့ ရွေးဖိုးပူဇော်သက္ကာကြောင့် ရလာမယ့် ထာဝရအသက်ကို ပိုင်ဆိုင်နိုင်ဖို့ ဘာတွေ လုပ်ဆောင်ရမယ်ဆိုတာကိုလည်း လေ့လာပါ။
www.jw.org/mya မှာတင်ထားတဲ့ ကျမ်းစာအကြောင်းအရာတွေကို လေ့လာမယ်ဆိုရင် အဲဒါတွေကို သိနိုင်ပါတယ်။ ယေဟောဝါသက်သေတွေက သင့်ကို ကူညီပေးချင်ကြတယ်။ အကောင်းဆုံးလက်ဆောင်အကြောင်း လေ့လာပြီး အကျိုးခံစားရတာနဲ့အမျှ “သခင်ယေရှုခရစ်အားဖြင့် ကျွန်တော့်ကို ကယ်တင်တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” လို့ ပြောချင်စိတ်တွေ ပေါ်လာပါလိမ့်မယ်။—ရောမ ၇:၂၅။