ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ ဇူလိုင် စာ. ၂၀-၂၄
  • ဘာသာတရားမဲ့သူတွေရဲ့ စိတ်နှလုံးကို ထိမိစေပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာသာတရားမဲ့သူတွေရဲ့ စိတ်နှလုံးကို ထိမိစေပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အပြုသဘောထား ဆက်ရှိပါ
  • လူတွေရဲ့ စိတ်နှလုံးကို ထိမိစေပါ
  • အာရှတိုက်သားတွေကို အမှန်တရား ဝေမျှခြင်း
  • ဘုရားကို မယုံတဲ့သူတွေကို ဖန်ဆင်းရှင်အကြောင်း သိလာအောင် ကူညီပေးပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • အမှုဆောင်လုပ်ငန်းမှာ အပြုသဘောထား ဆက်ရှိနေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်နဲ့လေ့လာဖို့ အသင့်မဖြစ်သေးသူကို ကူညီပေးခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • စကားဆက်ပြတ်စေနိုင်သူများအား မည်သို့တုံ့ ပြန်နိုင်ပုံ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ ဇူလိုင် စာ. ၂၀-၂၄

လေ့လာရန် ဆောင်းပါး ၃၀

ဘာသာတရားမဲ့သူတွေရဲ့ စိတ်နှလုံးကို ထိမိစေပါ

“လူအမျိုးမျိုးကို ကူညီပေးဖို့ လုပ်နိုင်တာ မှန်သမျှ ကျွန်တော် လုပ်ခဲ့တယ်။ လူတချို့ကို အတတ်နိုင်ဆုံး ကယ်တင်နိုင်ဖို့ပါ။”—၁ ကော. ၉:၂၂။

သီချင်း ၈၂ ‘အလင်းကို လင်းစေကြ’

အကြိုသုံးသပ်ချက်a

၁။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ဘာအပြောင်းအလဲတွေ ဖြစ်ခဲ့သလဲ။

လွန်ခဲ့တဲ့နှစ်များစွာတုန်းက ကမ္ဘာမှာရှိတဲ့ လူအများစုဟာ ဘာသာတရား တစ်မျိုးမျိုးကို ယုံကြည်ကိုးကွယ်ကြတယ်။ ဒါပေမဲ့ မကြာသေးခင် ဆယ်စုနှစ်တွေအတွင်း ထူးထူးခြားခြား ပြောင်းလဲလာတယ်။ ဘာသာတရား မကိုင်းရှိုင်းကြတော့ဘူး။ နိုင်ငံတချို့မှာb လူအများစုဟာ ဘာသာတရားမဲ့သူတွေ ဖြစ်လာတယ်။—မ. ၂၄:၁၂။

၂။ လူများစွာဟာ ဘာကြောင့် ဘာသာတရားမဲ့သူတွေ ဖြစ်သွားကြသလဲ။

၂ လူတွေ ဘာကြောင့် ဘာသာတရားမဲ့လာကြသလဲ။c အပျော်အပါးကြောင့်၊ စိုးရိမ်ပူပန်စရာတွေကြောင့် ဖြစ်နိုင်တယ်။ (လု. ၈:၁၄) တချို့ကတော့ ဘုရားမဲ့ဝါဒီ ဖြစ်သွားကြတယ်။ တချို့က ဘုရားကို ယုံပေမဲ့ ဘာသာတရားဟာ ခေတ်နောက်ကျတယ်၊ လက်တွေ့မကျဘူး၊ သိပ္ပံပညာနဲ့ မကိုက်ညီဘူး၊ ယုတ္တိမရှိဘူးလို့ ယူဆကြတယ်။ သူတို့ဟာ မိတ်ဆွေတွေ၊ ဆရာတွေ၊ မီဒီယာမှာ နာမည်ကြီးသူတွေကတစ်ဆင့် ဆင့်ကဲအယူကို ကြားရလေ့ရှိပြီး ဘုရားကို ယုံသင့်တဲ့ အကြောင်းရင်းတွေကိုတော့ မကြားရဘူး။ တချို့ကျတော့ ငွေနဲ့ အာဏာမက်တဲ့ ဘာသာရေးခေါင်းဆောင်တွေကို စိတ်ကုန်သွားကြတယ်။ ဒေသတချို့မှာ အစိုးရကိုယ်တိုင်က ဘာသာရေး လုပ်ဆောင်မှုတွေကို တရားဝင် ပိတ်ပင်ကြတယ်။

၃။ ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်က ဘာလဲ။

၃ ‘လူမျိုးတကာဆီ သွားပြီး တပည့် ဖြစ်လာအောင် သွန်သင်ပေး’ ဖို့ ယေရှု မိန့်မှာထားတယ်။ (မ. ၂၈:၁၉) ဘာသာတရားမဲ့သူတွေ ဘုရားကို ချစ်လာအောင်၊ ခရစ်တော်ရဲ့ တပည့်ဖြစ်လာအောင် ကျွန်တော်တို့ ဘယ်လို ကူညီနိုင်သလဲ။ လူတွေရဲ့ တုံ့ပြန်ပုံဟာ ကြီးပြင်းတဲ့ ဒေသပေါ် မူတည်ကြောင်း အသိအမှတ်ပြုရမယ်။ ဥပမာ၊ ဥရောပတိုက်သားတွေနဲ့ အာရှတိုက်သားတွေဟာ သတင်းကောင်းကို တစ်ပုံစံတည်း တုံ့ပြန်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲ။ ဥရောပမှာ လူများစွာဟာ ကျမ်းစာအကြောင်း အနည်းအကျဉ်း သိထားကြတယ်။ အရာအားလုံးကို ဘုရား ဖန်ဆင်းတယ်ဆိုတဲ့ အယူအဆကို သိထားကြတယ်။ အာရှမှာတော့ လူအများစုဟာ ကျမ်းစာအကြောင်း မသိသလောက်ပဲ။ ဖန်ဆင်းရှင်ကိုလည်း မယုံကြဘူး။ နောက်ခံ ဘယ်လိုပဲရှိပါစေ အမှုဆောင်မှာ ကြုံတွေ့ရသူ အားလုံးရဲ့ စိတ်နှလုံးကို ထိမိစေဖို့ ဒီဆောင်းပါးက ကူညီပေးပါမယ်။

အပြုသဘောထား ဆက်ရှိပါ

၄။ ဘာကြောင့် အပြုသဘောထား ဆက်ရှိနိုင်သလဲ။

၄ အပြုသဘောထား ရှိပါ။ နှစ်တိုင်း ယေဟောဝါသက်သေ ဖြစ်လာသူတွေထဲမှာ ဘာသာတရားမဲ့သူတွေလည်း ပါတယ်။ သူတို့အများစုဟာ ကိုယ်ကျင့်တရား ကောင်းမွန်သူတွေ၊ ဘာသာရေး အရေခြုံမှုကို ရွံမုန်းသူတွေ ဖြစ်ခဲ့ကြတယ်။ တချို့ကတော့ ကိုယ်ကျင့်တရား မကောင်းသူတွေ၊ အကျင့်ဆိုး ရှိသူတွေ ဖြစ်ခဲ့ကြတယ်။ ဒါကြောင့် “ထာဝရအသက်ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့သူတွေ” ကို ယေဟောဝါရဲ့ အကူအညီနဲ့ ရှာတွေ့နိုင်ကြောင်း စိတ်ချနိုင်ပါတယ်။—တ. ၁၃:၄၈။ ၁ တိ. ၂:၃၊ ၄။

အလုပ်ဖော် ဆေးရုံဝန်ထမ်းကို ညီအစ်ကိုတစ်ယောက် သက်သေခံနေ။ ဝန်ထမ်းက နောက်ပိုင်း အင်္ဂလိပ်လို jw.org ထဲက အွန်လိုင်း ကျမ်းစာလေ့လာမှု သင်ခန်းစာတွေကို ရှာဖွေကြည့်ရှုနေ

ကျမ်းစာ မယုံတဲ့သူတွေကို သက်သေခံတဲ့အခါ ချဉ်းကပ်နည်းကို အလိုက်သင့် ပြောင်းလဲပါ (အပိုဒ် ၅-၆ ကိုကြည့်ပါ)d

၅။ ဘာကြောင့် သတင်းကောင်းကို လူတွေ လက်ခံလေ့ရှိသလဲ။

၅ ကြင်နာပါ၊ လိမ္မာပါးနပ်ပါ။ သတင်းကောင်းကို လူတွေလက်ခံတာဟာ ကျွန်တော်တို့ ပြောတဲ့စကားကြောင့် မဟုတ်ဘဲ ပြောဆိုပုံကြောင့် ဖြစ်လေ့ရှိတယ်။ ကျွန်တော်တို့ရဲ့ ကြင်နာမှု၊ ပါးနပ်မှု၊ စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားမှုတို့ကို လူတွေ သဘောကျကြတယ်။ ကိုယ့်အမြင်ကို နားထောင်ဖို့ ကျွန်တော်တို့ အတင်း ဖိအားမပေးဘူး။ သူတို့ရဲ့ ဘာသာရေးအမြင်ကို နားလည်ဖို့ ကြိုးစားကြတယ်။ ဥပမာ၊ တချို့က သူစိမ်းတွေနဲ့ ဘာသာရေးအကြောင်း မဆွေးနွေးချင်ကြဘူး။ ဘုရားအကြောင်း မေးတာကို ထူးဆန်းတယ်လို့ ထင်ကြတယ်။ တချို့ကျတော့ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာဖတ်တာကို တခြားသူတွေ မြင်မှာ စိုးရိမ်ကြတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ခံစားချက်ကို နားလည်ဖို့ ကျွန်တော်တို့ ကြိုးစားတယ်။—၂ တိ. ၂:၂၄။

၆။ အလိုက်သင့် ပြောင်းလဲတတ်သူ ဖြစ်ကြောင်း တမန်တော်ပေါလု ဘယ်လို ဖော်ပြသလဲ။ ပေါလုကို ဘယ်လို တုပနိုင်သလဲ။

၆ “ကျမ်းစာ၊” “ဖန်ဆင်းခြင်း၊” “ဘုရားသခင်၊” “ဘာသာတရား” စတဲ့ စကားလုံးတွေ သုံးတာကို မကြိုက်ပုံရတဲ့အခါ ဘာလုပ်နိုင်သလဲ။ တမန်တော်ပေါလုကို တုပပြီး ချဉ်းကပ်နည်းကို ပြောင်းလဲနိုင်တယ်။ ပေါလုဟာ ဂျူးတွေကို ဟောတဲ့အခါ ကျမ်းစာနဲ့ ကျိုးကြောင်းဆင်ခြင်တယ်။ အာရေတောင်မှာ ဂရိအတွေးအခေါ်သမားတွေနဲ့ ဆွေးနွေးတဲ့အခါမှာတော့ ကျမ်းစာကို တိုက်ရိုက် မကိုးကားဘူး။ (တ. ၁၇:၂၊ ၃၊ ၂၂-၃၁) ပေါလုကို ဘယ်လို တုပနိုင်သလဲ။ ကျမ်းစာကို လက်မခံသူနဲ့ တွေ့တဲ့အခါ ကျမ်းစာကို တိုက်ရိုက် မကိုးကားတာ ကောင်းတယ်။ ကိုယ်နဲ့ ကျမ်းစာဖတ်တာကို တခြားသူတွေ တွေ့မှာ စိုးရိမ်နေရင် ဖုန်း၊ တက်ဘလက်ကနေ မသိမသာ ပြပေးနိုင်တယ်။

၇။ ၁ ကောရိန္သု ၉:၂၀-၂၃ မှာ ဖော်ပြထားတဲ့ ပေါလုရဲ့ ပုံနမူနာကို ဘယ်လို တုပနိုင်သလဲ။

၇ နားလည်မှု ရှိပါ။ နားထောင်ပေးပါ။ လူတွေကို ဘာက သြဇာလွှမ်းမိုးထားသလဲဆိုတာ နားလည်ပေးပါ။ (ပညာ. ၂၀:၅) ပေါလုအကြောင်း ပြန်သုံးသပ်ကြည့်ပါ။ သူဟာ ဂျူးတွေကြားမှာ ကြီးပြင်းလာတယ်။ ယေဟောဝါနဲ့ ကျမ်းစာအကြောင်း မသိတဲ့ လူမျိုးခြားတွေကို ဟောဖို့ အလိုက်သင့် ပြောင်းလဲခဲ့ရမှာ သေချာတယ်။ ကျွန်တော်တို့လည်း ရပ်ကွက်မှာရှိတဲ့ လူတွေကို စာနာနားလည်ပေးဖို့ သူတို့အကြောင်း လေ့လာထားနိုင်တယ်။ အသင်းတော်ထဲက အတွေ့အကြုံရှိသူတွေကို မေးကြည့်နိုင်တယ်။—၁ ကောရိန္သု ၉:၂၀-၂၃ ကိုဖတ်ပါ။

၈။ ကျမ်းစာအကြောင်း စကားစမြည် စပြောနိုင်တဲ့ နည်းတစ်နည်းက ဘာလဲ။

၈ ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ “ထိုက်တန်သူ” ကို ရှာဖို့ ဖြစ်တယ်။ (မ. ၁၀:၁၁) ရှာတွေ့နိုင်ဖို့ လူတွေရဲ့ သဘောထားကို မေးပြီး အာရုံစိုက် နားထောင်ပေးရမယ်။ အင်္ဂလန်နိုင်ငံက ညီအစ်ကိုတစ်ယောက်ဟာ ပျော်ရွှင်တဲ့ အိမ်ထောင် ရရှိနိုင်ပုံ၊ သားသမီး ပြုစုပျိုးထောင်နိုင်ပုံ၊ မတရားမှုကို ရင်ဆိုင်ဖြေရှင်းနိုင်ပုံနဲ့ပတ်သက်ပြီး လူတွေရဲ့ သဘောထားကို မေးလေ့ရှိတယ်။ သူတို့ပြောတာကို နားထောင်ပြီးနောက် “လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ နီးပါးက ရေးခဲ့တဲ့ ဒီအကြံပြုချက်ကို ဘယ်လို ထင်သလဲ” လို့ မေးတယ်။ ပြီးနောက် “ကျမ်းစာ” ဆိုတဲ့ စကားလုံးကို မသုံးဘဲ အသေအချာ ရွေးထားတဲ့ ကျမ်းချက်တွေကို ဖုန်းထဲကနေ ဖတ်ပြတယ်။

လူတွေရဲ့ စိတ်နှလုံးကို ထိမိစေပါ

၉။ ဘုရားအကြောင်း မပြောချင်သူတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။

၉ ဘုရားသခင်အကြောင်း သိပ်မပြောချင်သူတွေရဲ့ စိတ်နှလုံးကို ထိမိနိုင်ဖို့ သူတို့စိတ်ဝင်စားမယ့် အကြောင်းအရာကို ဆွေးနွေးပါ။ ဥပမာ၊ လူများစွာဟာ သဘာဝတရားကို အံ့သြကြတယ်။ ဒါကြောင့် “သဘာဝမှာ ရှိပြီးသားအရာတွေကို သိပ္ပံပညာရှင်တွေ အတုခိုးပြီး တီထွင်ဖန်တီးကြတယ်ဆိုတာ မိတ်ဆွေ သိမှာပါ။ ဥပမာ၊ နားအကြောင်း လေ့လာပြီး မိုက်ခရိုဖုန်းတွေ တီထွင်ကြတယ်။ မျက်စိအကြောင်း လေ့လာပြီး ကင်မရာတွေ တီထွင်ကြတယ်။ သဘာဝတရားကို ဘယ်လို ထင်သလဲ။ သဘာဝတရားဟာ သူ့အလိုလို ဖြစ်လာတာလား၊ တစ်ဦးဦးက ဖန်ဆင်းခဲ့တာလား” လို့ မေးနိုင်တယ်။ သူပြောတာကို နားထောင်ပြီးနောက် “နားနဲ့ မျက်စိကို လေ့လာတဲ့ ပညာရှင်တွေဟာ တကယ်တော့ ဘယ်သူ့ဆီကနေ သင်ယူနေတာလဲ။ ရှေးခေတ် ကဗျာတစ်ပုဒ်က စိတ်ဝင်စားစရာပဲ။ ‘နားကို ဖန်ဆင်းတဲ့အရှင်က မကြားဘဲနေမလား။ မျက်စိကို ပြုလုပ်တဲ့အရှင်က မမြင်ဘဲနေမလား။ ကိုယ်တော်ဟာ လူတွေကို အသိပညာပေးတဲ့အရှင်ပဲ’ လို့ ပြောထားတယ်။ ဒီအချက်ကို သိပ္ပံပညာရှင်တချို့ သဘောတူကြတယ်” လို့ ပြောနိုင်တယ်။ (ဆာ. ၉၄:၉၊ ၁၀) ပြီးနောက် jw.org® မှာ တင်ထားတဲ့ “လူတွေ့မေးမြန်းမှုများ၊ တွေ့ကြုံမှုများ” ထဲက “အသက်ရဲ့ မူလအစအပေါ် ရှုမြင်ချက်များ” ဗီဒီယိုတစ်ခု ပြနိုင်တယ်။ (စာအုပ်စာပေများ > ဗီဒီယိုများ မှာကြည့်ပါ။) သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော ဘရိုရှာကိုလည်း ဝေငှနိုင်တယ်။

၁၀။ ဘုရားသခင်အကြောင်း သိပ်မပြောချင်သူတွေနဲ့ ဘယ်လို စကားစပြောနိုင်သလဲ။

၁၀ လူများစွာဟာ ပိုကောင်းတဲ့ အနာဂတ်ကို လိုချင်ကြတယ်။ ဒါပေမဲ့ ကမ္ဘာ ဖျက်ဆီးခံရမှာ၊ လူတွေနေထိုင်လို့ မရအောင် ဖြစ်သွားမှာ စိုးရိမ်နေကြတယ်။ ဘုရားသခင်အကြောင်း မပြောချင်သူတွေဟာ ကမ္ဘာ့အခြေအနေအကြောင်းတော့ ပြောချင်ကြမှန်း နော်ဝေနိုင်ငံက နယ်လှည့်ကြီးကြပ်မှူး သတိပြုမိတယ်။ လူတွေကို နှုတ်ဆက်ပြီးနောက် “ပိုကောင်းတဲ့ အနာဂတ် ရနိုင်မယ်လို့ ထင်သလား။ အဲဒီအနာဂတ်မျိုးကို ဘယ်သူ လုပ်ပေးနိုင်မလဲ။ နိုင်ငံရေးသမားတွေလား။ သိပ္ပံပညာရှင်တွေလား။ တခြားတစ်ယောက်ယောက်လား” လို့ မေးလေ့ရှိတယ်။ သူတို့ဖြေတာကို ဂရုစိုက် နားထောင်ပြီးနောက် ကောင်းမွန်တဲ့ အနာဂတ်အကြောင်း ဖော်ပြတဲ့ ကျမ်းချက်တစ်ချက်ကို ဖတ်ပြတယ် ဒါမှမဟုတ် ရွတ်ပြတယ်။ ကမ္ဘာကြီး ထာဝစဉ် တည်မယ်၊ အဲဒီမှာ လူကောင်းတွေ ထာဝစဉ် နေထိုင်ရမယ်ဆိုတဲ့ ကျမ်းစာကတိကို လူတချို့ စိတ်ဝင်စားကြတယ်။—ဆာ. ၃၇:၂၉။ ဒေ. ၁:၄။

၁၁။ ဘာကြောင့် ချဉ်းကပ်နည်း အမျိုးမျိုး သုံးသင့်သလဲ။ ရောမ ၁:၁၄-၁၆ မှာ ဖော်ပြထားတဲ့ ပေါလုရဲ့ ပုံသက်သေကို ဘယ်လို တုပနိုင်သလဲ။

၁၁ ကျွန်တော်တို့ ချဉ်းကပ်နည်း အမျိုးမျိုး သုံးသင့်တယ်။ ဘာကြောင့်လဲ။ တစ်ယောက်နဲ့တစ်ယောက် မတူကြလို့ပဲ။ စိတ်ဝင်စားတာလည်း တူချင်မှ တူမယ်။ တချို့က ဘုရားအကြောင်း၊ ကျမ်းစာအကြောင်း ဆွေးနွေးချင်ကြပေမဲ့ တချို့ကတော့ သွယ်ဝိုက်ပြောမှ နားထောင်ကြတယ်။ ဘာပဲဖြစ်ဖြစ် လူအမျိုးမျိုးကို ဟောဖို့ အခွင့်အရေး ရှာယူသင့်တယ်။ (ရောမ ၁:၁၄-၁၆ ကိုဖတ်ပါ။) ဖြောင့်မတ်ခြင်း မြတ်နိုးသူတွေရဲ့ စိတ်နှလုံးထဲ အမှန်တရား ကြီးထွားစေသူဟာ ယေဟောဝါဖြစ်ကြောင်း အမှတ်ရသင့်တယ်။—၁ ကော. ၃:၆၊ ၇။

အာရှတိုက်သားတွေကို အမှန်တရား ဝေမျှခြင်း

ယေဟောဝါသက်သေတစ်ယောက် ခရစ်ယာန်မဟုတ်တဲ့နိုင်ငံက အမျိုးသမီးတစ်ဦးကို ကျမ်းစာထဲက အချက်အလက်ကောင်းတွေ ပြောပြနေ

သတင်းကောင်း ကြေညာသူများစွာဟာ ခရစ်ယာန် မဟုတ်တဲ့ နိုင်ငံက လူတွေကို စိတ်ဝင်စားမှု ပြပြီး ကျမ်းစာထဲက လက်တွေ့ကျအချက်တွေကို ဝေမျှနေ (အပိုဒ် ၁၂-၁၃ ကိုကြည့်ပါ)

၁၂။ ဖန်ဆင်းရှင်အကြောင်း မစဉ်းစားဖူးတဲ့ အာရှတိုက်သားတွေကို ဘယ်လို ဟောနိုင်သလဲ။

၁၂ ကမ္ဘာတစ်ဝန်းမှာ ကြေညာသူများစွာဟာ ဘာသာရေး လုပ်ဆောင်မှုကို ကန့်သတ်ထားတဲ့ နိုင်ငံသားတွေ အပါအဝင် အာရှတိုက်သားတွေနဲ့ ဆုံနေရတယ်။ အာရှနိုင်ငံ အတော်များများမှာ လူများစွာဟာ ဖန်ဆင်းရှင်ရှိတယ်ဆိုတဲ့ အယူအဆကို တစ်ခါမှ မစဉ်းစားဖူးကြဘူး။ ကျမ်းစာသင်အံမှု တိုက်ရိုက် ကမ်းလှမ်းတာကို တချို့ လက်ခံပေမဲ့ တချို့ကတော့ အယူအဆသစ်တွေကို စူးစမ်းဖို့ အစပိုင်းမှာ တွန့်ဆုတ်ကြတယ်။ သူတို့ကို ဘယ်လို ကူညီပေးနိုင်သလဲ။ အာလာပသလ္လာပ ပြောရင်း စကားစတာ၊ စိတ်ဝင်စားမှု ပြတာ၊ ကျမ်းစာမူတစ်ခုကို လိုက်နာခြင်းက ဘဝကို ဘယ်လို တိုးတက်ကောင်းမွန်စေကြောင်း စကားစပ်မိတဲ့အခါ ပြောတာတွေကနေ ဝါရင့်ကြေညာသူတချို့ အောင်မြင်မှု ရနေတယ်။

၁၃။ ကျမ်းစာကို လူတွေ စိတ်ဝင်စားလာအောင် ဘယ်လို ကူညီပေးနိုင်သလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)

၁၃ လူများစွာဟာ ကျမ်းစာထဲက လက်တွေ့ကျ ပညာရှိစကားတွေကို သဘောကျကြတယ်။ (ဒေ. ၇:၁၂) နယူးယောက်၊ မန်ဒရင်းစကားပြော ရပ်ကွက်မှာ အမှုဆောင်တဲ့ ညီအစ်မတစ်ယောက် ဒီလိုပြောတယ်– “လူတွေကို စိတ်ဝင်စားမှု ပြပြီး နားထောင်ပေးတယ်။ ပြောင်းရွှေ့လာခါစ လူသစ်တွေကို ‘နေရတာ အဆင်ပြေလား။ အလုပ် ရပြီလား။ ဒေသခံတွေက ကောင်းကောင်း ဆက်ဆံရဲ့လား’ လို့ မေးလေ့ရှိတယ်။” အဲဒါက တစ်ခါတလေ ကျမ်းစာအကြောင်း ပြောဖို့ လမ်းစပွင့်စေတယ်။ သင့်တော်တဲ့အခါ “လူတွေနဲ့ အဆင်ပြေဖို့ ဘာက အဓိကကျတယ်လို့ ထင်သလဲ။ ကျမ်းစာထဲက ပညာရှိစကားတစ်ခု ဖတ်ပြပါရစေ။ ‘ရန်ပွဲကို အစပျိုးလိုက်တာဟာ ရေတံခါးကို ဖွင့်လိုက်တာနဲ့ တူတယ်။ ဒါကြောင့် အငြင်းအခုံမဖြစ်ခင် ရှောင်ထွက်သွားပါ။’ ဒီအကြံပြုချက်က တခြားသူတွေနဲ့ အဆင်ပြေနိုင်အောင် ကူညီမယ်လို့ ထင်သလား” လို့ ဆက်ပြောလေ့ရှိတယ်။ (ပညာ. ၁၇:၁၄) ဒီနည်းက တကယ် စိတ်ဝင်စားတဲ့သူတွေကို ခွဲခြားသိရှိစေနိုင်တယ်။

၁၄။ အရှေ့တိုင်းမှာ ညီအစ်ကိုတစ်ယောက်က ဘုရားကို မယုံတဲ့သူတွေကို ဘယ်လို ကူညီပေးသလဲ။

၁၄ ဘုရားကို မယုံဘူးလို့ ပြောတဲ့သူတွေကိုကော။ အရှေ့တိုင်းမှာ ဘာသာတရားမဲ့သူတွေကို ဟောပြောခဲ့တဲ့ ဝါရင့်ညီအစ်ကိုတစ်ယောက် ဒီလိုပြောတယ်– “‘ဘုရားကို မယုံဘူး’ လို့ပြောတာက တကယ်တော့ ဒေသခံတွေ ကိုးကွယ်တဲ့ ဘုရားတွေကို ပြောတာ။ ဒါကြောင့် ဘုရားအများစုက လူလုပ်တဲ့ ဘုရားတွေ ဖြစ်ကြောင်း၊ ဘုရားအစစ်အမှန် မဟုတ်ကြောင်း ထောက်ခံပြီးနောက် ‘လူက ကိုယ့်အတွက် ဘုရားတွေ လုပ်နိုင်ပါ့မလား။ လူလုပ်တဲ့အရာတွေဟာ ဘုရားစစ်ဘုရားမှန်မှ မဟုတ်တာ’ ဆိုတဲ့ ယေရမိ ၁၆:၂၀ ကို ဖတ်ပြလေ့ရှိတယ်။ ပြီးနောက် ‘လူလုပ်တဲ့ ဘုရားနဲ့ စစ်မှန်တဲ့ ဘုရားကို ဘယ်လို ခွဲခြားနိုင်မလဲ’ လို့ မေးတယ်။ သူတို့အဖြေကို ဂရုစိုက် နားထောင်ပြီးနောက် ‘မင်းတို့ဟာ ဘုရားတွေဖြစ်မှန်း ငါတို့သိအောင် အနာဂတ်မှာ ဖြစ်လာမယ့်အရာတွေကို ပြောပြပါ’ ဆိုတဲ့ ဟေရှာယ ၄၁:၂၃ ကို ဖတ်ပြတယ်။ ပြီးတော့ အနာဂတ်အကြောင်း ယေဟောဝါ ကြိုဟောထားတဲ့ ဥပမာတစ်ခု ပြလိုက်တယ်။”

၁၅။ အရှေ့အာရှက ညီအစ်ကိုတစ်ယောက်ဆီကနေ ဘာသင်ယူနိုင်သလဲ။

၁၅ အရှေ့အာရှက ညီအစ်ကိုတစ်ယောက်လည်း ပြန်လည်ပတ်မှုတွေမှာ အဲဒီချဉ်းကပ်နည်းကို သုံးတယ်။ “ကျမ်းစာထဲက လက်တွေ့ကျ အချက်တွေ၊ ပြည့်စုံပြီးသား ကြိုဟောချက်တွေ၊ စကြဝဠာကို ထိန်းချုပ်ထားတဲ့ နိယာမတရားတွေကို ပြပြီး အဲဒါတွေအားလုံးက အသက်ရှင်တဲ့ ပညာရှိ ဖန်ဆင်းရှင် ရှိတာကို ထောက်ခံနေကြောင်း ပြောတယ်။ ဘုရားရှိတယ်ဆိုတဲ့ အချက်ကို လက်ခံတဲ့အခါ ယေဟောဝါနဲ့ပတ်သက်တဲ့ ကျမ်းစာအဆိုကို ပြောပြတယ်” လို့ ပြောတယ်။

၁၆။ ဟီဘရူး ၁၁:၆ အရ ကျမ်းစာသင်သားတွေဟာ ဘုရားသခင်နဲ့ ကျမ်းစာကို ယုံကြည်ဖို့ ဘာကြောင့် လိုသလဲ။ သူတို့ကို ဘယ်လို ကူညီပေးနိုင်သလဲ။

၁၆ ဘာသာတရားမဲ့သူတွေနဲ့ ကျမ်းစာလေ့လာတဲ့အခါ ဘုရားရှိတာကို ပိုယုံကြည်လာအောင် အဆက်မပြတ် ကူညီပေးရမယ်။ (ဟီဘရူး ၁၁:၆ ကိုဖတ်ပါ။) ကျမ်းစာကို ယုံကြည်လာအောင်လည်း ကူညီပေးရမယ်။ အဲဒီလို ကူညီဖို့ အချက်တချို့ကို အထပ်ထပ် ပြောဖို့ လိုနိုင်တယ်။ ကျမ်းစာဟာ ဘုရားသခင့်စကားတော် ဖြစ်ကြောင်း အထောက်အထားတွေကို ကျမ်းစာလေ့လာချိန်တိုင်းမှာ ဆွေးနွေးဖို့ လိုနိုင်တယ်။ ပြည့်စုံပြီးသား ကျမ်းစာကြိုဟောချက်တွေ၊ သိပ္ပံနဲ့ သမိုင်းဆိုင်ရာ တိကျမှန်ကန်မှုတွေ၊ လက်တွေ့ကျ အချက်တွေကို ဆွေးနွေးနိုင်တယ်။

၁၇။ ကျွန်တော်တို့ရဲ့ မေတ္တာက လူတွေအပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။

၁၇ ဘာသာတရား ရှိသူကိုဖြစ်စေ၊ မရှိသူကိုဖြစ်စေ မေတ္တာပြခြင်းအားဖြင့် ခရစ်တော်ရဲ့ တပည့် ဖြစ်လာအောင် ကျွန်တော်တို့ ကူညီပေးကြတယ်။ (၁ ကော. ၁၃:၁) ပန်းတိုင်ကတော့ ဘုရားက ကျွန်တော်တို့ကို ချစ်ကြောင်း၊ မိမိကို ပြန်ချစ်စေချင်ကြောင်း သိလာစေဖို့ပဲ။ ဘာသာရေးကို စိတ်မဝင်စားသူ ထောင်ပေါင်းများစွာဟာ ဘုရားကို ချစ်လာတဲ့အတွက် နှစ်တိုင်း နှစ်ခြင်းခံနေကြတယ်။ ဒါကြောင့် အပြုသဘော ရှိပါ။ လူအမျိုးမျိုးကို မေတ္တာပြပါ။ စိတ်ဝင်စားပါ။ နားထောင်ပေးပါ။ နားလည်ပေးပါ။ ခရစ်တော်ရဲ့ တပည့်ဖြစ်လာအောင် ပုံသက်သေနဲ့ သွန်သင်ပေးပါ။

သင် ဘယ်လို ဖြေမလဲ

  • အမှုဆောင်လုပ်ငန်းမှာ အပြုသဘော ဘယ်လို ဆက်ရှိနိုင်မလဲ။

  • ဘာသာတရားမဲ့သူတွေကို ဘယ်လို ကူညီပေးနိုင်မလဲ။

  • လူတိုင်းကို အမှန်တရားအကြောင်း ဘာကြောင့် ဝေမျှသင့်သလဲ။

သီချင်း ၇၆ ဘယ်လို ခံစားရလဲ

a ဘာသာတရားမဲ့သူတွေကို အရင်ကထက် ပိုတွေ့လာရတယ်။ သူတို့ကို ကျမ်းစာအမှန်တရား ဘယ်လို ဝေမျှနိုင်ကြောင်း၊ ကျမ်းစာနဲ့ ယေဟောဝါကို ယုံကြည်လာအောင် ဘယ်လို ကူညီနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

b စစ်တမ်းကောက်ချက်တွေအရ အဲဒီနိုင်ငံတချို့ကတော့ အယ်လ်ဘေးနီးယား၊ ဩစတြေးလျ၊ ဩစတြီးယား၊ အဇာဘိုင်ဂျန်၊ ကနေဒါ၊ တရုတ်၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အိုင်ယာလန်၊ အစ္စရေး၊ ဂျပန်၊ တောင်ကိုရီးယား၊ နယ်သာလန်၊ နော်ဝေ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ယူကေ၊ ဗီယက်နမ်တို့ ဖြစ်တယ်။

c စကားလုံး ရှင်းလင်းချက်– ဘာသာတရားမဲ့သူတွေ ဆိုတဲ့ အသုံးအနှုန်းက ဘာသာရေးအဖွဲ့ တစ်ခုခုမှာ မပါဝင်သူ၊ ဘုရားကို မယုံသူတွေကို ဆိုလိုတယ်။

d ပုံအညွှန်း– အတူအလုပ်လုပ်တဲ့ ဆေးရုံဝန်ထမ်းကို ညီအစ်ကိုတစ်ယောက် သက်သေခံနေ။ သူဟာ နောက်ပိုင်းမှာ အင်္ဂလိပ်လို jw.org ထဲက အွန်လိုင်း ကျမ်းစာ လေ့လာမှု သင်ခန်းစာများကို ဝင်ကြည့်နေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ