ကျွန်ုပ်တို့ဘုရားသခင်၏အိမ်တော်ကို လျစ်လျူမရှုခြင်း
၁ “ဘုရားသခင့်အိမ်တော်သို့ သွားသောအခါ သင့်ခြေတို့ကို စောင့်လော့။ . . . တရားနာခြင်းအမှုကို သာ၍ကြိုးစားလော့။” (ဒေ. ၅:၁) မှန်ပါသည်၊ ယေဟောဝါအား ဝတ်ပြုသောနေရာသည် ကျွန်ုပ်တို့အတွက် ထူးမြတ်သောနေရာဖြစ်ရာ နိုင်ငံတော်ခန်းမအပေါ် ကျွန်ုပ်တို့၏ဂရုစိုက်မှုနှင့် ထိုတွင်ရှိစဉ် ကျင့်ကြံပြုမူပုံတို့က ထိုနေရာကို ‘ယေဟောဝါဆုံးမသွန်သင်’ ရာနေရာတစ်ခုအဖြစ် အသိအမှတ်ပြုကြောင်း ဖော်ပြသင့်သည်။ (ဟေရှာ. ၅၄:၁၃) သင်၏နိုင်ငံတော်ခန်းမကို ထိုသို့ပင် တန်ဖိုးထားပါသလော။
၂ နိုင်ငံတော်လုပ်ငန်းကျယ်ပြန့်လာသည်နှင့်အမျှ များစွာသောသူတို့သည် အသင်းမ၏နိုင်ငံတော်ခန်းမရန်ပုံငွေအတွက် လှူဒါန်းခြင်းဖြင့် တန်ဖိုးထားမှုကို တင်ပြခဲ့ကြသည်။ ယေဟောဝါသည် စစ်မှန်သောဝတ်ပြုရေးအတွက် ထိုသို့သော အမြော်အမြင်ရှိသည့်ရက်ရောမှုနှင့် ပေးဆက် မှုတို့ကို ကောင်းချီးပေးတော်မူ၏။ သို့သော် ကျွန်ုပ်တို့၏ဝတ်ပြုရာနေရာကို အခြေအနေကောင်းမွန်နေစေရန် ကျွန်ုပ်တို့ မည်သည့်အရာများလုပ်ဆောင်နေသနည်း။
ကျင့်ကြံပြုမူပုံ အရေးကြီး
၃ အစည်းအဝေးများသို့ အခြားသူများကို ကျွန်ုပ်တို့ဖိတ်ခေါ်သည့်အခါ ထိုတွင် သူတို့တွေ့မြင်ရမည့်အရာများသည် ယေဟောဝါ၏နာမတော်နှင့် နိုင်ငံတော်ကို ကောင်းစွာကိုယ်စားပြုမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချစွာ ဖိတ်ခေါ်သင့်သည်။ စစ်မှန်သောဘုရားသခင်အနေနှင့် ကိုယ်တော်၏ “ဘုန်းတော်သည် မြေကြီးနှင့် ကောင်းကင်အပေါ်ထက်၌ရှိ” ရာ နိုင်ငံတော်ခန်းမတွင်ရှိစဉ် ကျွန်ုပ်တို့၏ကျင့်ကြံပြုမူပုံက ဤဘုန်းအသရေကို ချီးမြှောက်သင့်သည်။ (ဆာ. ၁၄၈:၁၃) ကျွန်ုပ်တို့၏ဝတ်စားဖြီးလိမ်းပုံ သို့မဟုတ် ကျင့်ကြံပြုမူပုံကြောင့် ညီအစ်ကို၊ ညီအစ်မများကို အနှောင့်အယှက်ဖြစ်စေခြင်း၊ ဧည့်သည်တစ်စုံတစ်ဦးကို ထိမိလဲစေခြင်း မည်သည့်အခါမျှ မဖြစ်စေလိုကြပါ။
၄ တစ်ဦးစီသည် အိမ်နီးချင်းမေတ္တာပြသင့်ကာ အာရုံပျံ့လွင့်စရာမဖြစ်စေရန် ဂရုပြုသင့်သည်။ တီးတိုးစကားပြောခြင်း၊ အစာစားခြင်း၊ ပီကေဝါးခြင်း၊ သကြားလုံးအခွံများကို အသံမြည်အောင်ခွာခြင်း၊ မလိုအပ်ဘဲ အိမ်သာသို့သွားခြင်းနှင့် အမြဲနောက်ကျရောက်ခြင်းတို့သည် အခြားသူများ၏အာရုံစိုက်မှုကို အနှောင့်အယှက်ဖြစ်စေကာ ယေဟောဝါ၏ ဝတ်ပြုရာနေရာနှင့် ထိုက်တန်သောအသရေကို ယုတ်လျော့စေသည်။ “မေတ္တာသည် . . . မလျောက်ပတ်စွာမကျင့်တတ်” ရာထိုသို့သော မကောင်းသည့်အမူအကျင့်များသည် နိုင်ငံတော်ခန်းမနှင့်လိုက်ဖက်မှုမရှိချေ။ (၁ ကော. ၁၃:၄၊ ၅; ဂလ. ၆:၁၀) လောကသားတို့၏ အစည်းအဝေးနေရာများသည် များသောအားဖြင့် တင့်တယ်မှုမရှိဘဲ တက်ရောက်သူများက ပီကေ၊ သကြားလုံးနှင့် အစားအစာတို့ကိုစားပြီး စည်းမဲ့ကမ်းမဲ့စွန့်ပစ်ကြသဖြင့် ပျက်စီးမှုပင်ဖြစ်တတ်သည်။ ကျွန်ုပ်တို့အားလုံးအနက် အထူးသဖြင့် ကလေးသူငယ်များ၏ မိဘတို့သည် ဤနည်းဖြင့် ယေဟောဝါ၏အိမ်တော်ကို မပျက်စီးစေရန် ဂရုပြုသင့်သည်။—တရားဟောရာ ၂၃:၁၄ နှင့်နှိုင်းယှဉ်ပါ။
သန့်ရှင်းရေးအစီအစဉ်များ
၅ အကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးသည် နိုင်ငံတော်ခန်းမအမှုထမ်းအဖြစ် တာဝန်ယူကာ သူသည် သန့်ရှင်းရေးကို လိုအပ်သလိုဆောင်ရွက်နိုင်ရန် ဇယားတစ်ခုပြုလုပ်ဖို့တာဝန်ရှိသည်။ များသောအားဖြင့် သန့်ရှင်းရေးကို နိုင်ငံတော်ခန်းမအမှုထမ်းရေးဆွဲထားသည့် စာရင်းအတိုင်း စာအုပ်ကြီးသင်တန်းအုပ်စုအလိုက် အပတ်စဉ်ပြုလုပ်လေ့ရှိ၏။ ခန်းမကို အားလုံး “လျောက်ပတ်စွာ စနစ်တကျ” ဂရုစိုက်နိုင်ရန် ပေးထားသည့်ဇယားအတိုင်း စေ့စပ်သေချာစွာပြုလုပ်လိုပေမည်။ (၁ ကော. ၁၄:၄၀၊ သတင်းကောင်း) ထို့ပြင် အသေးစိတ်သန့်ရှင်းရေးအတွက် သီးသန့်ရက်တစ်ရက်ကို တစ်ခါတစ်ရံ စီစဉ်ပေးနိုင်သည်။ စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူးများနှင့် ၎င်းတို့၏လက်ထောက်များသည် မိမိတို့၏အုပ်စုအား ခန်းမသန့်ရှင်းရေးတာဝန်ကျသည့်အပတ်များကို ကြိုတင်သတိပေးရန် နိုးကြားနေသင့်သည်။
၆ ကျွန်ုပ်တို့အားလုံးသည် နိုင်ငံတော်ခန်းမသန့်ရှင်းရေးတာဝန်ကျသည့်အပတ်တွင် မိမိတို့၏အုပ်စုကို ကူညီပံ့ပိုးလိုကြမည်။ သို့ပြုပါက လူအနည်းငယ်အပေါ်၌သာ ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်မဟုတ်ဘဲ အကျိုးရှိသောလုပ်ဆောင်မှုနှင့် ပေါင်းသင်းဆက်ဆံမှုကောင်းတို့မှ ကျွန်ုပ်တို့ အကျိုးကျေးဇူးခံစားရမည်။ သို့သော် မိမိတို့၏သန့်ရှင်းရေးအလှည့်ကျသည့်အထိ စောင့်နေဖို့မလိုချေ။ တစ်ဦးစီအနေနှင့်၊ မိသားစုအနေနှင့် အစည်းအဝေးများပြီးနောက် ခန်းမသန့်ရှင်းသပ်ရပ်နေစေရန် ကူညီပေးနိုင်သည်။ ကြမ်းပြင်ပေါ်တွင် စက္ကူများတွေ့လျှင် ကောက်ပစ်နိုင်သည်။ ထိုင်ခုံများ ညီညီညာညာမရှိလျှင် ပြန်ညှိပေးနိုင်သည်။ ကျွန်ုပ်တို့၏လုံ့လစိုက်ထုတ်မှုများကြောင့် ယေဟောဝါအား ဝတ်ပြုသောနေရာကို နှစ်သက်စရာအဖြစ် တွေ့မြင်ရခြင်းသည် အလွန်အားရှိစရာပင်!
ပြုပြင်ထိန်းသိမ်းရေးအစီအစဉ်များ
၇ ခန်းမကို ပြုပြင်ထိန်းသိမ်းရာတွင် ကျွန်ုပ်တို့လည်းတာဝန်ရှိကြောင်းသိရှိရန် အထူးသဖြင့် အရေးကြီး၏။ ဒေသများစွာတွင် ဌာနခွဲရုံးသည် နိုင်ငံတော်ခန်းမအသစ်များကို မေတ္တာဖြင့်စီစဉ်ပေးထားရာ ယင်းတို့ကို ကောင်းစွာပြုပြင်ထိန်းသိမ်းခြင်းမရှိလျှင် မကြာမီ ပျက်စီးသွားနိုင်သည်။ နိုင်ငံတော်ခန်းမအမှုထမ်းသည် ခန်းမ၏အခြေအနေကို ကြီးကြပ်ရန်နှင့် လိုအပ်သည့် ပြုပြင်မှုတစ်စုံတစ်ရာကို အသင်းတော်အား အသိပေးရန် တာဝန်ရှိသည်။ လစဉ် ပုံမှန်စစ်ဆေးမှုများပြုလုပ်ကာ ပြုပြင်စရာများကို အမြန်ဆုံးပြုပြင်သင့်သည်။ အသင်းတော်တစ်ခုစီတွင် ပြုပြင်စရာများအတွက် ငွေရှိရန် “ပြုပြင်ထိန်းသိမ်းရေးရန်ပုံငွေ” ရှိသင့်သည်။ (၄ ရာ. ၁၂:၄၊ ၅) နယ်လှည့်ကြီးကြပ်မှူးများသည် အသင်းတော်တစ်ခုသို့ လည်ပတ်သည့်အခါ ခန်းမကို စေ့စေ့စပ်စပ်စစ်ဆေးကာ S-303 ပုံစံကိုအသုံးပြုပြီး ဌာနခွဲရုံးသို့ အစီရင်ခံစာတစ်စောင်ပို့သင့်သည်။ နိုင်ငံတော်ခန်းမကို လျစ်လျူရှုထားပုံပေါက်လျှင် သူသည် လည်ပတ်မှုအတွင်း တစ်ချိန်ချိန်တွင် ဦးဆောင်ဦးရွက်ပြုကာ ခန်းမအတွက် လိုအပ်ရာများကို အသင်းတော်လိုက် အတူတကွလုပ်ဆောင်ရန် စီစဉ်နိုင်ပေမည်။ နှစ်စဉ် စက်တင်ဘာတွင် အကြီးအကဲများသည် ခန်းမကိုစစ်ဆေးကာ နိုင်ငံတော်ခန်းမပြုပြင်ထိန်းသိမ်းရေးစာရင်း CN-14 ကိုအသုံးပြုပြီး ဌာနခွဲရုံးသို့ အစီရင်ခံစာတစ်စောင်ပို့သင့်သည်။
၈ နေဟမိသည် “ကျွန်ုပ်တို့ဘုရားသခင်၏အိမ်တော်ကို လျစ်လျူမရှု” ရခြင်း၏ အရေးကြီးမှုကို အသိအမှတ်ပြုခဲ့သည်။ (နေ. ၁၀:၃၉၊ ကဘ; ၁၃:၁၁) နိုင်ငံတော်ခန်းမသည် ကျွန်ုပ်တို့၏ရပ်ကွက်တွင် စစ်မှန်သောဝတ်ပြုရေးဗဟိုဖြစ်ရာ ကျွန်ုပ်တို့၏မေတ္တာပါသောအာရုံစိုက်မှုနှင့် ဂရုစိုက်မှုကိုရထိုက်ကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုကြသည်။ မိမိတို့၏ကျင့်ကြံပြုမူပုံဖြင့်သာမက သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေးအစီအစဉ်များကို ကူညီပံ့ပိုးပေးခြင်းဖြင့် ယေဟောဝါအား ဝတ်ပြုသည့်နေရာ၏ ဘုန်းအသရေကို ကျွန်ုပ်တို့အားလုံး ချီးမြှောက်နိုင်ကြပါစေ။