သတင်းကောင်း ဝေငှခြင်း—နှစ်စဉ်ကြေးများကို ရဲရင့်စွာ ဝေငှခြင်းအားဖြင့်
၁ ကင်းမျှော်စင်သည် ကမ္ဘာပေါ်တွင် ကျမ်းစာလေ့လာရန် အကောင်းဆုံးမဂ္ဂဇင်းဖြစ်သည်ကား ဆိုဘွယ်ရာမရှိ။ ယင်းကို သင်တကယ်ယုံသလော။ ယုံပါက ယင်းကိုနှစ်စဉ်ကြေးယူရန် အခွင့်မပေးသင့်သလော။
၂ ကင်းမျှော်စင်ကိုဖတ်ရှုခြင်းအားဖြင့် သင်ကိုယ်တိုင် အဘယ်အကူအညီ ရရှိခဲ့ပြီနည်း။ ဤမဂ္ဂဇင်းမှ ကျွန်ုပ်တို့တစ်ဦးစီရရှိခဲ့သော အကူအညီအမျိုးမျိုးကို တင်ပြနိုင်ကြပေမည်။ အချို့က ကျွန်ုပ်တို့အသက်ရှင်သည့်အချိန်ကာလ၏ အဓိပ္ပာယ်ရှိခြင်းကို သိနားလည်စေရန် အဓိကနည်းဖြစ်သည်ဟုဆိုမည်။ သို့မဟုတ် ယနေ့လူသားတို့ နားမလည်နိုင်သည့် ‘ခေတ်ကာလ၏နိမိတ်’ များ၏ အဓိပ္ပာယ်မှန်ကို သိလာရန်ကူညီပေးခဲ့ပြီဟုဆိုမည်။ (မ၊ ၁၆:၃) အခြားသူတို့က လူလူချင်းကို ဖိစီးသူတို့အား ဘုရားသခင့်နိုင်ငံတော် ဖျက်ဆီးပစ်တော့မည် ဟူသောသတင်းကောင်းကြောင့် နှစ်သိမ့်မှုရရှိခဲ့ပြီဟု ဆိုကြမည်။ ဤနားလည်မှုကို ကင်းမျှော်စင်က အင်္ဂလိပ်ဘာသာဖြင့် စထုတ်ဝေသည့် အနှစ် ၁၁၀ ကျော်ကတည်းက ဖေါ်ပြခဲ့ပြီ။ Awake! မူကား နှစ်ပေါင်း ၇၀ ကျော် ကျွန်ုပ်တို့ခေတ်၌ ဖြစ်ပျက်လေသမျှ၏ အဓိပ္ပာယ်ကို လူတို့အား ပေးသိခဲ့ပေပြီ။ ဤထူးခြားသော ကျမ်းစာဂျာနယ်များသည် မစုံလင်သော လူသားတို့အား ထာဝရအသက်ရရှိခွင့်ပေးသည့် ရွေးနှုတ်ဘိုးအစီအစဉ်ကို တိုး၍ယုံကြည်အားထားရန် များစွာကူညီပေးသည်ဟု အားလုံးဝန်ခံကြမည်။ ဤအမှန်တရားများကို အခြားသူများလည်း သိရှိလာရန်လိုသည်။
သင်ကြည့်မြင်ပုံသည် အပြုသဘောရှိပါစေ
၃ လူ့အတွေးအခေါ်မဟုတ် ဘုရားသခင့်ဉာဏ်ပညာကို ကင်းမျှော်စင် နှင့် Awake! တွင် အလေးအနက်ဖေါ်ပြထားသည်။ (ဟေရှာ၊ ၅၅:၈၊ ၉) ဤကဲ့သို့သော ဉာဏ်ပညာကို ယနေ့ လူတိုင်းလိုအပ်နေသည်။ ဘဝအသက်တာကို တိုးတက်စေမည်သာမက မှန်ကန်သောရည်ရွယ်ချက်များကိုမွေးမြူပေးရန်လည်း အကူအညီပေးမည်။ ‘ဆက်အသက်ရှင်’ နိုင်ရန် ဤဉာဏ်ပညာလိုသည်။ (သု၊ ၉:၁-၆) ယင်းတို့ကို သိရှိထားသဖြင့် နှစ်စဉ်ကြေးကို အပြုသဘောပါပါဝေငှကြမည်။ ကျွန်ုပ်တို့တွင် လူအများလိုအပ်ရာရှိသည်ကို အသိအမှတ်ပြုကြမည်။ အိမ်ရှင်များအတွက် အထောက်အကူဖြစ်မည်ဟု အထင်ရှိသော ဝါကျများကို တွေ့ရှိရန် လဝက်ထုတ်တိုင်းတွင် အသေအချာ ရှာယူပါ။ ဤသို့ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ဤမဂ္ဂဇင်းများကို ဓမ္မအမှု၌ ဝေငှသည့်အခါ အပြုသဘောတင်ပြရန် အကူအညီရပေမည်။
၄ ယခင်က နှစ်စဉ်ကြေးဝေရာတွင် အပျက်သဘောထားရှိခဲ့မည်။ နှစ်စဉ်ကြေးခကြောင့် အချို့ မဝေငှဘဲနေကြမည်။ သတင်းကောင်းဝေငှသူအားလုံးအတွက် စိတ်လှုပ်ရှားစရာဖြစ်စေမည်ကား နှစ်စဉ်ကြေးများကို အလှူငွေပေး သဘောသက်သက်ဖြင့် ဝေငှခြင်းဖြစ်နိုင်သည်။ စိန်ခေါ်ချက်လည်း ဖြစ်ပေသည်။ အဘယ်ကြောင့်နည်း။ စာပို့ခ၊ စက္ကူနှင့် ပုံနှိပ်ခတို့သည် တက်မြဲတက်နေသည်။ ကျွန်ုပ်တို့၏ တန်ဘိုးရှိ မဂ္ဂဇင်းများကို အချည်းနှီး မဖြစ်စေနိုင်။ အသင်းမ၏ နှစ်စဉ်ကြေးပေး အစီအစဉ် ဆက်တည်ရှိနိုင်စေရန် အသင်းမ၏ ကမ္ဘာတစ်ဝှန်းလုပ်ငန်းအတွက် အလှူငွေများ တိုးလာနေရမည်။
၅ ညီအစ်မတစ်ဦးသည် နှစ်စဉ်ကြေးများရယူရန် စိတ်ပိုင်းဖြတ်ကာ နှစ်လအတွင်း နှစ်စဉ်ကြေး ၅၀ ရရန်ပန်းတိုင်ထားခဲ့သည်။ ပထမလတွင်ပင် နှစ်စဉ်ကြေး ၃၁ ခုရရှိခဲ့၍ ထိုနှစ်လပိုင်းအတွင်း ၅၀ ပြည့်မှီခဲ့သည်။ အချို့မှာ နှစ်စဉ်ကြေးယူလိုသော်လည်း ငွေမရှိသေးလျှင် အိမ်ရှင်သည် နှစ်စဉ်ကြေးခစုနိုင်ရန် သုံးလေးကြိမ်ပြန်သွားခဲ့ရသည်ဟု သူပြောပြသည်။ (နှစ်ချုပ်၈၉၊ စာမျက်နှာ ၆၀-၁။ ၁၉၉၀ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၄၇-၉ ကိုလည်းကြည့်ပါ။) နှစ်စဉ်ကြေးခသည် မြန်မာငွေ ၉၈ ကျပ်နှင့်ညီမျှသည့် ဂျပန်ပြည်တွင် ညီအစ်ကိုများသည် အောက်တိုဘာလအတွင်း နှစ်စဉ်ကြေး ၇၁၆၀၀ ဝေနိုင်ခဲ့ရာ နှုန်းသစ်ဖြစ်ပြီး ပြီးခဲ့သောနှစ် ထပ်တူလထက် ၅၇ ရာခိုင်နှုန်းတိုးတက်မှုဖြစ်သည်။
ရဲရင့်စွာ ဆက်ကြိုးစား
၆ ကျွန်ုပ်တို့ဓမ္မအမှုတွင် ရဲရင့်ရန်အကြောင်း အပြည့်ရှိသည်။—ယေဟောဝါ၏ ကျောထောက်နောက်ခံမှုကို ကျွန်ုပ်တို့ရရှိထားသည်။ (တ၊ ၁၄:၃) သတင်းကောင်းဝေငှရန် ယနေ့ယေဟောဝါအသုံးပြုနေသည့် အဓိကနည်းတစ်နည်းကား ကင်းမျှော်စင်အားဖြင့် ဖြစ်သည်။ နှစ်စဉ်ကြေးများဝေငှပြီးနောက် မဂ္ဂဇင်းများကို ဖတ်ရှုကြရန် ပြန်လည်အားပေးမည်ဆိုလျှင် ကျွန်ုပ်တို့၏ကြိုးပမ်းမှုကြောင့် လူတို့အသက်ရကောင်းရပေမည်။ ထိုကြောင့် ကျွန်ုပ်တို့သိရှိသူတိုင်းနှင့် လယ်ကွင်းဓမ္မအမှုတွင် တွေ့ရှိသူတိုင်းအား နှစ်စဉ်ကြေးများကို ရဲရင့်စွာ ဝေငှကြစို့လေ။