သမ္မာတရားစကားကိုကျွမ်းကျင်စွာအသုံးပြုခြင်း
၁ ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို ကျွန်ုပ်တို့ကျွမ်းကျင်စွာအသုံးပြုခြင်းဖြင့် သတင်းကောင်းကို လူတို့ကောင်းစွာတုံ့ပြန်စေသည်။ ထို့ကြောင့်ပေါလုက ဓမ္မအမှုတွင်တတ်ကျွမ်းမှုတိုးပွားရန် ဤသို့အားပေးသည်။ “သင်မူကားဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ သမ္မာတရားကိုမှန်ကန်စွာပိုင်းခြားနိုင်သောဆရာသမားဖြစ်လျက် ဘုရားသခင်ရှေ့၌ကိုယ်ကိုဆက်သခြင်းငှာ ကြိုးစားအားထုတ်လော့။”—၂ တိ၊ ၂:၁၅။
၂ ကျမ်းစာကိုကျွမ်းကျင်စွာအသုံးပြုနိုင်ခြင်း၌ တိုးတက်နေရမည်။ ကိုယ်ပိုင်လေ့လာမှုနှင့်အစည်းအဝေးများတက်ခြင်းအတွက် အချိန်ကန့်သတ်ထားရမည်။ ထို့ပြင် ဓမ္မအမှုတွင်ကျမ်းစာကိုအမြဲအသုံးပြုခြင်းအားဖြင့် လေ့လာထားရာများကိုလက်တွေ့သုံးကြောင်းတင်ပြရမည်။ သို့ဖြစ်နိုင်ရန် ဘုရားသခင်၏လမ်းညွှန်မှုနှင့်အကူအညီကိုရယူပြီး ဆက်တိုက်ကြိုးစားသွားရမည်။—၁ ယော၊ ၃:၂၂။
၃ ဘုရားနှုတ်ကပါဌ်တော်ကိုအခြေစိုက်ခြင်း။ ကျွန်ုပ်တို့ဟောပြောသောသတင်းသည် ကိုယ်ပိုင်အာဘော်မဟုတ်ဘဲ ဘုရားနှုတ်ကပါဌ်တော်ကိုအခြေပြုကြောင်း လူများသဘောပေါက်ရန်အရေးကြီးသည်။ (ယော၊ ၇:၁၈) ဘုရားသခင်၏စကားတော်တို့ကိုသမ္မာကျမ်းစာမှဖော်ပြခြင်းသည် အလွန်ထိရောက်သည်။ ကျမ်းစာ၏အားပါသောသတင်းများက နှလုံးဖြောင့်မတ်သူတို့ကိုဆွဲဆောင်သည်။ ကျွန်ုပ်တို့ကျမ်းစာကိုများများသုံးလေ၊ ပိုကျွမ်းကျင်လေဖြစ်ပြီး သူတစ်ပါးအတွက်အကျိုးဖြစ်ထွန်းစေမည့် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ပိုမိုဖွင့်ဆိုတင်ပြနိုင်မည်။
၄ လူအများသည် ကျမ်းစာနှင့်အကျွမ်းမဝင်ကြသောကြောင့် ဖတ်ပြရုံထက်မကပြုရန်လိုသည်။ ကျမ်းစာနှင့်မည်သို့ဆက်သွယ်ပေးမည်နှင့်ပတ်သက်၍ ဂရုတစိုက်ပြင်ဆင်ထားဖို့လိုသည်။ မေးခွန်းသို့မဟုတ်ပြဿနာတစ်ခုကိုတင်ပြပြီး စိတ်ဝင်စားမှုနှိုးဆွနိုင်သည်။ ကျမ်းစာကိုဖတ်ပြီးနာက်ပြောသည့်စကားကိုလည်း ဂရုစိုက်သင့်သည်။ တစ်ခါတည်းဖတ်ပြရုံနှင့် ဆိုလိုရင်းကိုအာရုံစိုက်နိုင်မည်မဟုတ်သေးချေ။ အဓိကစကားလုံးကိုပြန်ထောက်ပြပြီး အာရုံစိုက်စေခြင်းဖြင့် အကြောင်းအရာအပေါ်စိတ်စွဲစေနိုင်သည်။—ကျောင်းညွှန်းစာအုပ် သင်ခန်းစာ ၂၄ နှင့် ၂၅ ကိုကြည့်။
၅ ဝေငှခြင်း။ နိုဝင်ဘာလအတွင်းတွေ့ရှိသည့်အမှန်စိတ်ဝင်စားသူများကို ကျွန်ုပ်တို့တွင်ရှိသည့် မည်သည့်စာအုပ်ကိုမဆိုဝေငှကြမည်။ ဤသို့ပြုရန် လူများကိုမည်သို့ချဉ်းကပ်မည်နည်း။ မိမိကိုယ်ကိုမိတ်ဆက်ပြီး ဤသို့ပြောနိုင်သည်။ “ဒီနေ့လူတွေဟာလူအမျိုးမျိုး၊ စာအုပ်အဖုံဖုံဆီကလမ်းညွှန်မှုတွေကို အားထားကြတယ်။ လက်တွေ့အကျဆုံးလမ်းညွှန်မှုအခြေအမြစ်ရှိတယ်ဆိုတာ သင်ယုံသလား။ (ဖြေစေပါ။) ဉာဏ်ပညာရဲ့အခြေအမြစ်မှန်နဲ့ပတ်သက်ပြီး ကျမ်းစာဘယ်လိုပြောသလဲဆိုတာစဉ်းစားကြည့်ပါ။ [သု၊ ၂:၆၊ ၇ ကိုဖတ်။] လူ့ဉာဏ်ပညာဟာချွတ်ချော်မှုတွေမကင်းဘဲ အကြောင်းမလှစိတ်ပျက်စရာတွေပဲဖြစ်စေတယ်။ ဘုရားသခင်ဉာဏ်ပညာတော်ကိုတော့ အမြဲပဲယုံကြည်အားထားနိုင်ပြီး အကျိုးဖြစ်ထွန်းစေနိုင်တယ်။ [ဟေရှာ၊ ၄၈:၁၇၊ ၁၈ ကိုဖတ်။] ဒါကြောင့်ကျွန်ုပ်တို့ပြဿနာကိုဖြေရှင်းနိုင်ဖို့လမ်းညွှန်မှုပေးတဲ့ ဘုရားသခင်ကိုအားကိုးသင့်တယ်။” ထို့နောက် စာအုပ်မှသက်ဆိုင်သည့်အချက်ဖြင့် ဆက်သွယ်ပေးနိုင်သည်။
၆ ကျမ်းစာကိုသင်အဘယ်ကြောင့်လေးမြတ်တန်ဖိုးထားကြောင်း အိမ်ရှင်အားရှင်းပြပါ။ ကျမ်းသွန်သင်ချက်တို့သည် အကျိုးဖြစ်ထွန်းစေပြီး ခိုင်မာသောအနာဂတ်မျှော်လင့်ချက်ပေးမည်ကို အိမ်ရှင်အားသိစေပါ။ ယင်းသို့ဆွေးနွေးစဉ် နေ့စဉ်ပြဿနာအတွက်ကျမ်းစာ၏ပညာရှိလမ်းညွှန်ချက်တို့ကိုထောက်ပြနိုင်ပြီး ကျမ်းစာသင်အံမှုစတင်နိုင်ပေမည်။
၇ စိတ်ရင်းမှန်ရှိသူများကိုကူညီရန်၊ မိမိကိုဆန့်ကျင်သူများအားချေပရန် ယေရှုကျမ်းစာကိုအမြဲကိုးကားခဲ့သည်။ မိမိသွန်သင်ရာနှင့်ပတ်သက်၍ “ရှင်းပြပြီးကိုးကားထောက်ထားခြင်း” သည်ပေါလု၏ထုံးစံဖြစ်သည်။ (တ၊ ၁၇:၂၊ ၃) သမ္မာတရားစကားကိုပိုမိုကျွမ်းကျင်စွာအသုံးချနိုင်ရန် ထက်သန်စွာကျွန်ုပ်တို့ကြိုးစားသည်နှင့်အမျှ ဓမ္မအမှုတွင်ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုနှင့်ပျော်ရွှင်မှုတိုးပွားလာပေမည်။