ရှေ့ဆောင်ခြင်း—ကြွယ်ဝသောဆုကျေးဇူးများ ရရှိစေသည့်လုပ်ငန်း
၁ ယေဟောဝါရှင်သည် ကျွန်ုပ်တို့ကြိုးစားအားထုတ်လေသမျှ၏အကျိုး၌ ပျော်မွေ့စေလိုတော်မူသည်။ (ဒေ၊ ၅:၁၈) ကျွန်ုပ်တို့ပါဝင်နေနိုင်သည့် အရေးအကြီးဆုံးလုပ်ငန်းကား နိုင်ငံတော်အကြောင်းဟောပြော၍ တပည့်ဖြစ်စေခြင်းလုပ်ငန်းဖြစ်သည်။ တိမောသေအား ပေါလုဤသို့မှာကြားသည်။ “ဓမ္မဆရာအရာ၌ခန့်ထား၍ ပြုရသောဝတ်များကို အကုန်အစင်ပြုလော့။ (၂ တိ၊ ၄:၅) တိမောသေကိုအားပေးခဲ့သောပေါလု၏စကားများသည် ယနေ့ကျွန်ုပ်တို့အားလုံးဓမ္မအမှု၌စိုးလ်အပြည့်ပါဝင်ရန် တိုက်တွန်းပေးသည်။ အချို့သူများအတွက် စိုးလ်အပြည့်လုပ်ငန်းသည် မှန်မှန်ရှေ့ဆောင်လုပ်ခြင်းဖြစ်မည်။ အချိန်ပြည့်ဓမ္မအမှုကိုသင်ဆောင်ရွက်နိုင်ရန် သင့်အခြေအနေကခွင့်ပြုမပြု ဆုတောင်းသုံးသပ်ကြည့်ပါ။
၂ အပြုသဘောဖြင့်ပြုမူရန်လို။ ရှေ့ဆောင်လုပ်ငန်း၌ပါဝင်ရန် ဆုတောင်းချက်များနှင့်အညီ ဆုံးဖြတ်လုပ်ကိုင်ရန်လိုအပ်သည်။ ယေဟောဝါ၏လုပ်ငန်းတော်ကိုမြတ်နိုးသောသဘောမွေးမြူပါ။ လူတို့ကိုလည်း ချစ်မြတ်နိုးပါ။ လယ်ကွင်း၌ သင့်လုပ်ငန်းကိုတိုးတက်စေပြီး ပြန်လည်ပတ်မှု၊ ကျမ်းစာသင်အံမှုတိုးများစေပါ။ လက်တွေ့ကျအစီအစဉ်ရှိရန်၊ အပြုသဘောရှိရန်ကြိုးစားပါ။ အကြီးအကဲများနှင့်ရှေ့ဆောင်များထံမှ အကြံဉာဏ်များတောင်းခံပါ။ ဟောပြောခြင်းလုပ်ငန်း၌ပါဝင်ရန် အသေအချာစဉ်းစားထားသောအစီအစဉ်ကိုတိကျစွာလိုက်လျှောက်ပါ။ ကိုယ်ကိုယ်ကိုပဲ့ပြင်ခြင်း၊ ဖြတ်ထိုးဉာဏ်နှင့်ဇွဲရှိရန်လိုသည်။ (၁ ကော၊ ၉:၂၃၊ ၂၅၊ ၂၇) မြန်မာပြည်ရှိ ၄၈ ဦးမကသောမှန်မှန်ရှေ့ဆောင်တို့သည် ဤအပြုသဘောမျိုးရှိကြသည်။
၃ ပန်းတိုင်ထားသည်အတိုင်းကြိုးစားခြင်းသည် အရည်အချင်းပိုရှိလာပြီး ဟောပြောခြင်းလုပ်ငန်း၌တိုးတက်လာရန် ကျွန်ုပ်တို့အားများစွာအထောက်အကူပြုမည်။ နိဒါန်းများ၊ သို့မဟုတ် ကန့်ကွက်ချက်များကိုင်တွယ်ရာတွင် ကျွန်ုပ်တို့တိုးတက်စေနိုင်သလော။ ရှိရှိသမျှစာပေများကို အပြည့်အဝအသုံးပြုကြပါသလော။ တိုးတက်မှုရှိ ကျမ်းစာသင်အံမှုပြုလုပ်နေပါသလော။ နောင်တွင်မှန်မှန်ရှေ့ဆောင်ရန် ယခုအရန်ရှေ့ဆောင်အဖြစ်စတင်ဝင်အမှုဆောင်နိုင်ပါသလော။ ကျွန်ုပ်တို့ပန်းတိုင်များသည် လက်တွေ့ကျရမည်။ မိမိတတ်နိုင်ရာဖြစ်ရမည်။ ဤပန်းတိုင်များကိုမီခြင်းသည် ကျွန်ုပ်တို့၏ထိရောက်မှုကိုတိုးတက်စေပြီး ကျေနပ်မှုပေးပါလိမ့်မည်။—၁ တိ၊ ၄:၁၅၊ ၁၆။
၄ အကျိုးကျေးဇူးရှိဘဝပုံစံ။ ရည်ရွယ်ချက်မှန်နှင့်ရှေ့ဆောင်ခြင်းအပြင် ဝိညာဉ်ရေးဘက်တိုးတက်လိုစိတ်သည် အကျိုးများစွာဖြစ်ထွန်းစေ၏။ ဤနည်းဖြင့် ယေဟောဝါကိုပိုအားထားစိတ်တိုးပွားလာသည်။ ဓမ္မအမှု၌ကျမ်းစာကိုမှန်မှန်အသုံးပြုခြင်းအားဖြင့် ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုကျွမ်းကျင်စွာသုံးတတ်လာမည်။ ကျွန်ုပ်တို့၏ဇွဲကိုမြင်ပြီး အသင်းတော်သားတို့ဓမ္မအမှုတွင်တိုးတက်ပါဝင်ရန်အတွက် အားပေးတိုက်တွန်းမှုဖြစ်စေနိုင်သည်။ ရှေ့ဆောင်ခြင်းသည် မိမိအသက်တာကို ဝိညာဏအမြင်မျိုးဖြင့်ကြည့်မြင်စေပြီး လောကီစိတ်ဆန္ဒများ၊ အပေါင်းအသင်းများနှင့်ကြီးပွားတိုးတက်လိုစိတ်များမှ အကာအကွယ်ဖြစ်စေသည်။
၅ တပည့်များအားယေရှုဤသို့ဆိုသည်။ “စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည်နည်းကြ၏။ ထိုကြောင့်လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှာစေလွှတ်တော်မူမည်အကြောင်း၊ စပါးရှင်ကိုဆုတောင်းကြလော့။” (မ၊ ၉:၃၇၊ ၃၈) ယေရှုခေတ်ထက် ယခုလုပ်သားများစွာလိုအပ်နေပါသည်။ ရှေ့ဆောင်ခြင်းက ဤအရေးကြီးလှသောအသက်ကယ်ဆယ်ရေးလုပ်ငန်း၌ အပြည့်အဝပါဝင်ခွင့်ရရှိစေသည်။ ကျွန်ုပ်တို့၏ကြီးမြတ်သောဖန်ဆင်းရှင်၏ အချိန်ပြည့်လုပ်ငန်း၌ မိမိအသက်တာကိုအသုံးပြုခြင်းမှရသောကျေနပ်မှုမျိုးကို အခြားမည်သည့်လုပ်ငန်းမျှမပေးနိုင်ပါ။ —သု၊ ၁၀:၂၂။