ထပ်၍တိုးတက်ခြင်းငှာ အပြုသဘောပါပါလုပ်ကိုင်ခြင်း
၁ ဤအချိန်ဆိုလျှင် 1992 Yearbook ကို ဖတ်ပြီးသူများဖြစ်ကြလိမ့်မည်။ ၁၉၉၁ ကမ္ဘာချီနှုန်းသစ်ဖြစ်သည့် နိုင်ငံပေါင်း ၂၁၁ နိုင်ငံ၌ ၆.၅ ရာခိုင်နှုန်းဖြစ်သည့် လေးသန်းခွဲနီးပါးရှိနိုင်ငံတော်ကြေညာသူများအကြောင်း သိရှိသည့်အတွက် ပီတိဖြစ်နိုင်ကြပါသည်။ ဟေရှာယ ၂:၂-၄ နှင့် မိက္ခာ ၄:၁-၄ သည်ထူးခြားစွာပြည့်စုံနေကြောင်း ယခုကမ္ဘာတစ်ဝန်း နိုင်ငံတော်တိုးတက်မှုက ထင်ရှားစေသည်။
၂ ၁၉၉၂ လုပ်ငန်းတော်နှစ်အတွက်မှတ်တမ်း မပြည့်စုံသေးသော်လည်း ထူးခြားသောတိုးတက်မှုများစွာဖြင့် ဤလုပ်ငန်းတော်နှစ်ကို ယေဟောဝါအောင်မြင်စွာပြီးမြောက်စေကြောင်း သက်သေထူသည်။ ကျွန်ုပ်တို့၏ အပြည်ပြည်ဆိုင်ရာ ကြီးမားသောညီအစ်ကိုများအသင်းအပင်းအဝင်ဖြစ်လာရန် ဖိတ်ကြားချက်ကိုဆက်ပြုလုပ်နေဆဲရှိသည်။ သတိရအောက်မေ့ပွဲနှင့် ခရိုင်စည်းဝေးပွဲတက်ရောက်သူဦးရေအရ နိုင်ငံတော်သတင်းတရားကို နားစွင့်နေသူ သန်းပေါင်းများစွာရှိနေကြောင်း တင်ပြပါသည်။ “လာကြလော့၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏တောင်တော်၊ ယာကုပ်အမျိုး၏ဘုရားသခင့်အိမ်တော်သို့တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကိုပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေတော်ရာသို့လိုက်သွားကြမည်” ဟူသောဖိတ်ခေါ်ချက်ကို တိုင်းနိုင်ငံအသီးသီးမှသူတို့သည် တုံ့ပြန်နေကြပါသည်။
၃ တိုးတက်ခြင်းငှာ စိတ်ဆုံးဖြတ်ပါ။ ယေဟောဝါ၏အဖွဲ့အစည်းသည် ချီတက်လှုပ်ရှားနေသည်။ ယေဟောဝါ၏စစ်မှန်သောဝတ်ပြုရေးတောင်တော်သို့ မြောက်မြားစွာသောလူသစ်တို့သည် တဖွဲဖွဲတက်သွားနေကြသည့်အတွက် ဝိညာဉ်ရေးဘက် တစ်ဦးစီတိုးတက်နေပြီး မိမိထက်နောက်ကျဝင်လာသောလူသစ်များအားလည်း ထပ်တူပင်ပြုလုပ်စေရန် ကူညီပေးဖို့အရေးကြီးပါသည်။ ယေဟောဝါတောင်ပေါ်သို့လာကြရန် ဖိတ်ကြားချက်ကိုလက်ခံသူများအနေနှင့် အခြားသူများအား “လာကြပါ” ဟုထပ်ဆင့်ဖိတ်ခေါ်ရမည်ဟုဆိုထားခြင်းက ဤသို့တိုးတက်ရန်လိုကြောင်း သဘောပေါက်စေသည်။ ဗျာဒိတ် ၂၂:၁၇ တွင်တမန်တော်ယောဟန်သည် ဤသို့ထပ်တူဆိုထားသည်။ “ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးတို့က ‘လာခဲ့ပါ’ ဟုဆိုကြ၏။ ကြားသောသူကလည်း ‘လာခဲ့ပါ’ ဟုဆိုပါစေ။”
၄ ဤဖိတ်ကြားချက်ကို မည်သို့ပေးကြရမည်အကြောင်း ယေရှုဖော်ပြထားသည်။ ကိုယ်တော်၏သွန်သင်ချက်ကို လူတို့လက်သင့်ခံကြသည့်အခါ ဓမ္မအမှု၌ပါဝင်ရန်နှင့် ယင်းကို မည်သို့ဆောင်ရွက်ရန် ကိုယ်တော်သွန်သင်ပေးခဲ့သည်။ (မ၊ ၄:၁၉။ ၁၀:၅-၇၊ ၁၁-၁၄) တပည့်တော်များသည် ကိုယ်တော်နောက်လိုက်၍ မည်သို့ပြုလုပ်ဆောင်ရွက်သည်ကို ဂရုပြုခြင်းအားဖြင့် ထိရောက်သောနည်းလမ်းများကို သင်ယူခဲ့သည်။ ထိုနောက် ဓမ္မအမှုကို ကိုယ်တော်ဆောင်ရွက်သည့်အတိုင်း ဆောင်ရွက်ကြသည်။ ကိုယ်တော်၏နည်းလမ်းများကို ကောင်းစွာတတ်မြောက်ခဲ့ကြသောကြောင့် သူတို့၏ ရဲရင့်ခြင်းသတ္တိနှင့်သက်သေခံချက်ကို ရန်သူများတွေ့မြင်ပြီး သူတို့သည် ယေရှုတပည့်တော်များဖြစ်ရမည်ကို သိရှိခဲ့ကြသည်။ တမန်တော် ၄:၁၃ ကဤသို့မှတ်တမ်းတင်သည်။ “ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ရဲခြင်းသတ္တိကိုမြင်၍ . . . အထက်ကယေရှုနှင့်အတူရှိသည်ကို သတိရ” ကြသည်။
၅ တပည့်တော်များသွန်သင်ခံခဲ့ရသည်နည်းတူပင် တစ်ဆင့်သွန်သင်ပေး၍ တပည့်သစ်များဖြစ်စေခြင်းအားဖြင့် ခရစ်ယာန်ဓမ္မအမှုကို ဆက်ပြုလုပ်သွားကြရန် ယေရှုကောင်းကင်သို့ပြန်မတက်မီ မိန့်မှာတော်မူခဲ့သည်။ မဿဲ ၂၈:၁၉၊ ၂၀ တွင်ယေရှုဤသို့မိန့်တော်မူသည်။ “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . ငါသည် သင်တို့အားပေးသမျှသောပညတ်တော်တို့ကိုစောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။” ဤလုပ်ငန်းကို ကျွန်ုပ်တို့ခေတ်သမယတိုင် ဆက်လုပ်ကိုင်သွားစေလိုကြောင်း ဤသို့ထပ်ဆင့်အာမခံတော်မူသေးသည်။ “ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်။”
၆ ယေရှုခရစ်၏စစ်မှန်သောတပည့်တော်များသည် မိန့်မှာခံရသည်အတိုင်း ကိုယ်တော်သွန်သင်ခဲ့သမျှကို တပည့်အသစ်များအားပို့ချပေးခဲ့ပြီ။ သို့ရာတွင် ယေဟောဝါသက်သေများ၏ ကမ္ဘာချီအသင်းတော်၏ ထူးခြားသောတိုးတက်မှုကြောင့် အသင်းတော်ရှိ နှစ်ခြင်းယူခါစလူသစ်များနှင့် နှစ်ခြင်းမယူရသေးသည့် ကြေညာသူများအပြင် ကျွန်ုပ်တို့နှင့်ကျမ်းစာလေ့လာနေပြီး အသင်းတော်အစည်းအဝေးများကို တက်ရောက်စပြုနေသူများ၏ အထူးလိုအပ်ရာများကို ထည့်စဉ်းစားပေးဖို့လိုပါသည်။
၇ ၁၉၉၂ လုပ်ငန်းတော်နှစ်စတွင် ကြေညာသူ ၉ ယောက်အနက် ၁ ယောက်သည် ဓမ္မအမှု၌ပါဝင်နေသည်မှာ တစ်နှစ်သာရှိသေးသည်။ ၆ ယောက်အနက် ၁ ယောက်မှာမူ သုံးနှစ်ခန့်သာရှိသေးသည်။ ၄ ယောက်အနက် ၁ ယောက်ဆိုလျှင် ဓမ္မအမှု၌စပါဝင်ချိန် ငါးနှစ်မကျော်သေးပါ။ လူသစ်အမြောက်အမြားတို့သည် အသင်းသားများဖြစ်လာကတည်းက သူတို့၏တိုးတက်မှုနှုန်းသည် ချီးမွမ်းထိုက်သော်လည်း သူတို့၏ဝိညာဏတိုးတက်မှုကို လျင်မြန်စေရန် အချို့ကဏ္ဍများတွင် ထပ်ဆင့်ကူညီပေးစရာလိုနေသေးသည်။
၈ ဟေဗြဲ ၆:၁ က “စုံလင်သောအဖြစ်သို့တက်ကြ” ရန်အားပေးတိုက်တွန်းထားသည်။ ခရစ်ယာန်ပါရမီရင့်ကျက်မှုသည် မှတ်တမ်းသွင်းရုံထက်မကပါ။ ကိုယ်ပိုင်လေ့လာမှု၊ မှန်မှန်စည်းဝေးတက်ခြင်းနှင့် လယ်ကွင်းဓမ္မအမှုတွင် ဇွဲရှိရှိပါဝင်ခြင်းတို့တွင် တိုးတက်နေခြင်းလည်းပါဝင်သည်။ ကယ်တင်ခြင်းရရန် သမ္မာတရားပညာကို သူတစ်ပါးအားရစေခြင်းလည်း ပါဝင်သေးသည်။ ‘ကျမ်းစာကိုအမှီပြု၍ ဆွေးနွေးနှီးနှောခြင်း’ အစွမ်းထက်မြက်လာရန် ကြိုးစားဖို့လည်းလိုပါသည်။ (တ၊ ၁၇:၂) ပါရမီရင့်ကျက်လာရန် အချိန်ပေးဖို့လိုသည်။ ကိုယ်ကိုယ်တိုင်၏ဘုရားရေးရာဆက်ကပ်အပ်နှံခြင်းဝတ် နှင့် လယ်ကွင်းဆင်း၍ အတွေ့အကြုံရယူခြင်းတို့အပေါ် များစွာမူတည်သည်။ ကိုယ်ကိုယ်တိုင်၏ ဘုရားရေးရာဆက်ကပ်အပ်နှံခြင်းဝတ် မည်မျှနက်ရှိုင်းသည်ကို ထိန်းသိမ်းပေးနိုင်သည်မှန်သော်လည်း အတွေ့အကြုံများလာရန် ပါရမီရင့်ကျက်သော အခြားညီအစ်ကို၊ ညီအစ်မများထံမှ အကူအညီတောင်းခံခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်ပါသည်။ အထူးသဖြင့် လယ်ကွင်းဓမ္မအမှုတွင် သူတို့၏အတွေ့အကြုံမှ သင်ယူစရာများစွာရှိသည်။ မိမိဖာသာစမ်းတဝါးဝါးဖြင့် အရာခပ်သိမ်းကို သင်ယူတတ်မြောက်လာစရာမလိုပါ။
၉ အတွေ့အကြုံမရှိသူများအတွက် အကူအညီ။ အကူအညီပေးခြင်းပုံစံကို ခရစ်ယာန်အသင်းတော်တည်ထောင်ခါစကတည်းက ချမှတ်ထားသည်။ တပည့်တော်များကို ယေရှုသွန်သင်ပေးတော်မူခဲ့သည်။ (မာ၊ ၃:၁၄။ လု၊ ၉:၁။ ၁၀:၁) သူတို့သည်လည်း အခြားသူများကို တစ်ဆင့်သွန်သင်ပေးသည်။ တိမောသေသည် တမန်တော်ပေါလုထံမှ အထူးအားပေးမှုနှင့်အကူအညီရရှိခဲ့ပါသည်။ တပည့်တော်အာပေါလုသည် သူ့ထက်ရင့်ကျက်သော အာကုလနှင့်ပြစ်ကိလတို့၏ အကူအညီကြောင့် တိုးတက်လာခဲ့ပါသည်။ (တ၊ ၁၈:၂၄-၂၇။ ၁ ကော၊ ၄:၁၇) ယနေ့လည်း ခရစ်ယာန်အသင်းတော်ရှိ ပါရမီရင့်ကျက်သောအသင်းသားများသည် သူတို့ပုံသက်သေကိုအတုယူကာ အတွေ့အကြုံနုနယ်သေးသည့် အထူးသဖြင့် လူသစ်များနှင့်လူငယ်များကို သွန်သင်အားပေးကြပါသည်။ ရောမ ၁၅:၁၊ ၂ ဆိုသည်အတိုင်းပင် “အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက်၊ အားနည်းသောသူတို့၏အားနည်းခြင်းကို သည်းခံရကြမည်။”
၁၀ မိမိသားသမီးများ ဝိညာဉ်ရေးဘက်တိုးတက်ရန် အပြုသဘောပါပါလုပ်ကိုင်ခြင်းငှာ မိဘများမှာတာဝန်ရှိသည်။ ယင်းသို့ပြုရန် မိသားစုသင်အံမှု၊ ကိုယ်ပိုင်လေ့လာမှုပြုတတ်ရန် သားသမီးများကိုသွန်သင်ပေးခြင်း၊ စည်းဝေးများကိုမှန်မှန်တက်၍ ပါဝင်ဖြေဆိုခြင်း၊ သင်ယူတတ်မြောက်လာသည့်အရာများကို ကျင့်သုံးခြင်းတို့ပါဝင်သည်။ (ဧ၊ ၆:၄။ ၁ တိ၊ ၅:၈) အထူးသဖြင့် အသင်းတော်စာအုပ်ကြီးသင်တန်းမှူးများသည် မိမိတို့၏စာအုပ်ကြီးသင်တန်းနှင့် လယ်ကွင်းလုပ်ငန်းအုပ်စုရှိသူအပေါင်းအား ဝိညာဉ်ရေးဘက်တိုးတက်ရန် စီစဉ်ပေးဖို့ ဦးစီးဦးဆောင်သင့်သည်။ လုပ်ငန်းတော်ကြီးကြပ်မှူးနှင့် အခြားအကြီးအကဲများအပြင် ဓမ္မအမှုထမ်းများနှင့် အခြားအသင်းသားများလည်း ကူညီပေးနိုင်ပါသည်။
၁၁ လိုအပ်ရာကိုပေးကမ်းပါ။ ကိုယ်ပိုင်လေ့လာမှုပြုလုပ်ခြင်းအစရှိသည့် ခရစ်ယာန်လုပ်ငန်းတစ်မျိုးတစ်မည်၌သာ အကူအညီလိုနေခြင်းဖြစ်ကောင်းဖြစ်မည်။ လက်တွေ့ကျလေ့လာမှုအစီအစဉ်ရှိဖို့အတွက် အကြံပြုချက်ပေးရန်လိုနေသူတစ်ဦးဖြစ်မည်။ အခြားတစ်ဦးမူကား အဖြေများရှာ၍ပေးခြင်း၊ သို့မဟုတ် စည်းဝေး၌တာဝန်များပြင်ဆင်တတ်ခြင်းဘက် အကူအညီလိုနေပေမည်။ အခြားသူများမှာမူ ကျမ်းစာအကြောင်းများကို ဆည်းပူးလေ့လာတတ်ရန် အကူအညီလိုနေပေမည်။
၁၂ လူသစ်အမြောက်အမြားကျလျှင် လယ်ကွင်းဓမ္မအမှုတွင် အကူအညီလိုကြပါသည်။ ကြေညာသူတစ်ဦးသည် တစ်အိမ်မှတစ်အိမ်လုပ်ငန်း၊ ပြန်လည်ပတ်မှုပြုခြင်း၊ ကျမ်းစာသင်အံမှုစပေး၍ ဆက်ကျင်းပနိုင်ခြင်းဘက် ပိုမိုထိရောက်သူဖြစ်လိုပေမည်။ Reasoning စာအုပ်၊ သို့မဟုတ် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှု တွင်အကြံပြုထားသောနိဒါန်းနှင့် တင်ဆက်ပုံများကိုအသုံးပြုကာ တစ်ကြိမ်နှစ်ကြိမ်လေ့ကျင့်လိုက်ရုံသာလိုပေမည်။ အခြားသူများအတွက်မူ လယ်ကွင်းလုပ်ငန်းတွင် လက်တွေ့ကျအစီအစဉ်ရှိရန် အကြံပြုချက်များနှင့် ယင်းအစီအစဉ်အရ လုပ်ဆောင်သွားခြင်းဘက် အကူအညီပေးဖို့သာလိုအပ်ပေမည်။ အကူအညီလိုသူနှင့်အတူတွဲအမှုဆောင်ရန် အတိအကျစီစဉ်ပေးခြင်းဖြင့် ရည်ရွယ်ချက်ပန်းတိုင်သို့တိုးတက်ရန် အကူအညီပေးနိုင်ပေမည်။
၁၃ ကျွန်ုပ်တို့၏ဝိညာဏတိုးတက်မှုကို ထင်ရှားစေရန် ဘုရားသခင့်နှုတ်ကပါဌ်တော်က အားပေးတိုက်တွန်းထားပါသည်။ ဤသို့ပင် လုပ်ဖော်ဆောင်ဖက်ချင်းတိမောသေအား ပေါလုမှာကြားခဲ့သည်။ (၁ တိ၊ ၄:၁၅) ထိုအားပေးမှုနှင့်အညီ အားကစားပြိုင်ပွဲဝင်ဖို့အတွက်၊ သို့မဟုတ် ဝိညာဏစစ်ပွဲတွင်အောင်မြင်စွာတိုက်ခိုက်နိုင်ရန်အတွက် လေ့ကျင့်ပေးရန်လိုအပ်ကြောင်း တမန်တော်အလေးအနက်ဖော်ပြခဲ့သည်။ (၁ ကော၊ ၉:၂၄-၂၇။ ၂ ကော၊ ၁၀:၅၊ ၆) ကျွန်ုပ်တို့တွင် စစ်မှန်သောခရစ်ယာန်ယုံကြည်ခြင်း၏ ရှင်သန်သောပုံသက်သေများထင်ရှားပေါ်လွင်နေရန် ဘုရားသခင့်အလိုတော်နှင့်ပတ်သက်၍ သိရှိလာသမျှကို လက်တွေ့ကျင့်သုံးရန်လျင်မြန်သင့်သည်။ ထိုနည်းတူပင် ယေရှုခရစ်၏ဆက်ကပ်အပ်နှံတပည့်များဖြစ်လာကြရန် သူတစ်ပါးကိုသွန်သင်ပေးနိုင်စွမ်းတိုးတက်နေသင့်သည်။—ယာ၊ ၁:၂၂-၂၅။ ၁ တိ၊ ၄:၁၂-၁၆။
၁၄ တိုးတက်မှုတွင် စုံစမ်းခြင်းများကိုခံရပ်နိုင်ခြင်းပါဝင်။ ယေရှုခရစ်ပင်လျှင် ဆင်းရဲဒုက္ခခံခြင်းအားဖြင့် တန်ဖိုးဖြတ်မရသင်ခန်းစာများရရှိခဲ့သည်။ (ဟေ၊ ၅:၈) ကျွန်ုပ်တို့လည်း ထပ်တူအကျိုးခံစားနိုင်သည်။ ထိုနည်းလည်းကောင်းပင် ယာကုပ် ၁:၂၊ ၃ တွင်ထောက်ခံထားသည့် အပြုသဘောပါသည့်စိတ်ထားရှိခြင်းအားဖြင့် ဝိညာဏတိုးတက်မှုတိုးပွားလာလိမ့်မည်။ “ငါညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကိုပွားစေတတ်သည်ဟုသိမှတ်လျက် အထူးထူးအပြားပြားစုံစမ်းနှောင့်ယှက်ခြင်းနှင့်တွေ့ကြုံသောအခါ ဝမ်းမြောက်စရာအကြောင်းသက်သက်ဖြစ်သည်ဟုမှတ်ကြလော့။” သို့ဖြစ်၍ နာတာရှည်ရောဂါများ၊ စီးပွားရေးအခက်အခဲများ၊ ယုံကြည်ခြင်းမတူသူနှင့် အိမ်ထောင်ဖက်ခြင်း၊ ရပ်ကွက်တွင် အတိုက်အခံကြုံရခြင်း၊ သို့မဟုတ် ဆိုးရွားသောအခြားအခြားအခြေအနေများကို ရင်ဆိုင်နေရဦးတော့ ယေဟောဝါ၏အကူအညီဖြင့် ယင်းတို့ကိုအောင်မြင်စွာဖြေရှင်းနိုင်၍ ကိုယ်တော့်ဝတ်ပြုရေးတွင် ဆက်တိုးတက်နေနိုင်ကြောင်း ယေဟောဝါ၏အာမခံချက်ကို ရရှိထားပါသည်။ (၁ ကော၊ ၁၀:၁၃။ ၂ ကော၊ ၁၂:၉။ ၁ ပေ၊ ၅:၈-၁၁) အခြေအနေအမျိုးမျိုးအောက်တွင် တည်ကြည်ခြင်းအားဖြင့်၊ ‘ဘုရားသခင်သည် အရာရာ၌ ယေရှုခရစ်အားဖြင့်ဘုန်းတော်ထင်ရှားစေမည်အကြောင်း၊ ဘုရားသခင်၏ဗျာဒိတ်တော်နှင့်အညီ ဟောပြောကာ ဘုရားသခင်ပေးသနားတော်မူသောအစွမ်းသတ္တိအတိုင်း ဆောင်ရွက်’ ခြင်းအားဖြင့် ဖြစ်မြောက်အောင်မြင်ပါလိမ့်မည်။—၁ ပေ၊ ၄:၁၁။
၁၅ ထပ်၍တိုးတက်ခြင်းငှာ အကူအညီကိုလက်ခံပါ။ ဝိညာဉ်ရေးဘက်ထပ်ဆင့်တိုးတက်ဖို့ရန် အကူအညီလိုအပ်နေသူဖြစ်ပါက အသင်းတော်ရှိ သာ၍အတွေ့အကြုံရင့်ကျက်သောသူ၏အကူအညီကို လက်ခံယူရန်အသင့်ရှိပါ။ အကူအညီပေးမည်ဟု ကမ်းလှမ်းချက်မရသည်တိုင် အကူအညီရရှိနိုင်သည့်အခွင့်အရေးကို လက်မလွတ်စေပါနှင့်။ မရှက်ပါနှင့်။ အကူအညီတောင်းခံပါ။ အသင်းတော်ရှိအတွေ့အကြုံရင့်သူ မည်သူမဆို၏အကူအညီကို လွတ်လပ်စွာတောင်းယူပါ။ သို့မဟုတ်လျှင်လည်း သင့်အသင်းတော်စာအုပ်ကြီးသင်တန်းမှူး၊ လုပ်ငန်းတော်ကြီးကြပ်မှူး၊ အခြားအကြီးအကဲတစ်ဦးဦးထံမှ လိုအပ်နေသောအကူအညီကို တောင်းဆိုနိုင်ပါသည်။—ကမ္ဘာဦး ၃၂:၂၆။ မဿဲ ၇:၇၊ ၈ နှိုင်းယှဉ်။
၁၆ ယေဟောဝါ၏စစ်မှန်သောဝတ်ပြုရေးတောင်တော်သို့ တဖွဲဖွဲတက်သွားနေကြသည့် အရေအတွက်တိုး၍များလာနေသော အပြည်ပြည်ဆိုင်ရာ “လူအုပ်ကြီး” အဝင်ဖြစ်ရခြင်းသည် ထူးမြတ်လှသောအခွင့်အရေးပါတကား။ (ဗျာ၊ ၇:၉) ကျွန်ုပ်တို့နှင့်အတူ တက်သွားကြရန် သူတစ်ပါးကိုပါဖိတ်ခေါ်ပေးနိုင်ခြင်းသည်လည်း အခွင့်ထူးဖြစ်သည်။ ယင်းကိုတန်ဖိုးထားစွာဖြင့်၊ ထပ်ဆင့်တိုးတက်ခြင်းငှာ အပြုသဘောပါပါ ဆက်လုပ်ကိုင်နေပြီး ကိုယ်တိုင်၌ဝိညာဉ်ရေးစိတ်ထားတိုးပွားစေခြင်း၊ ယေဟောဝါ၏လုပ်ငန်း၌ ကျွန်ုပ်တို့နှင့်အတူ သူတစ်ပါးလည်းတိုးတက်နိုင်ရန် အတတ်နိုင်ဆုံးကြိုးစားကူညီပေးနေကြစို့လေ။