မေးခွန်းသေတ္တာ
▪ ကျမ်းစာဆိုင်ရာမေးခွန်းများအတွက်အဖြေ၊ သို့မဟုတ် ကိုယ်ရေးကိုယ်တာအကြံဉာဏ် ရလိုလျှင် အသင်းမထံ ဖုန်းဆက်မေးမြန်းသင့်ပါသလော။
ကိစ္စတစ်ခုကို အလျင်အမြန်ပြီးစီးရန် ဖုန်းဆက်တတ်ကြသည်မှန်သော်လည်း မကြာခဏဆိုသလို ပါဝင်ပတ်သက်သည့်အခြားကိစ္စများ ဝင်လာတတ်ပါသည်။ လောကသားများသည် ကိုယ်တိုင်အဆင်ပြေမှုကို ဦးစားထားတတ်ကြသည်။ ကိုယ်တိုင် ကြိုးစားပမ်းစားပြုလုပ်ခြင်းကို ရှောင်ကြဉ်တတ်ကြသည်။
ဘုရားသခင့်အကြံပေးချက်နှင့် တခြားစီဖြစ်နေပါသည်တကား။ ကိုယ်တော်က ဝှက်ထားသောဘဏ္ဍာကိုရှာသည့်နည်းတူ အသိပညာကို ရှာဖွေရန် တိုက်တွန်းပါသည်။ သို့ဖြစ်၍ ကိုယ်တိုင်ကြိုးစားအားထုတ်ရန်လိုကြောင်း တင်ပြနေသည်။ ယင်းသို့ပြုခြင်းမှ မြဲမြံသောကျေနပ်မှု သာ၍ရရှိနိုင်ကြောင်း အတွေ့အကြုံက သက်သေထူသည်။—သု၊ ၂:၁-၄။
စည်းဝေး၌ပါဝင်ရန် ကြိုတင်ပြင်ဆင်သည့်အခါ၊ သို့မဟုတ် ကိုယ်ရေးကိုယ်တာပြဿနာတစ်ခု ကြုံတွေ့သည့်အခါ သိလိုသည့်အချက်တစ်ခုခုပေါ်လာလျှင် ဤသို့ကြိုးစားအားထုတ်မှုသည် လျောက်ပတ်ပေသည်။ အသင်းမထံ ဖုန်းဆက်လိုက်ရုံပြုမည့်အစား သမ္မာကျမ်းစာနှင့် အသင်းမစာပေများ၊ အထူးသဖြင့် Watch Tower Publications Index ကိုအသုံးပြုကာ ယင်း၏တန်ဖိုးရှိ ကျမ်းချက်နှင့် အကြောင်းအရာမာတိကာကို လေ့လာသုံးသပ်ခြင်းမှ ကိုယ်တိုင်အကျိုးခံစားရစရာရှိသည်။
ဤနည်းဖြင့် ‘ဝှက်ထားသောဘဏ္ဍာကိုဆည်းပူး’ ပြီးနောက်ပင်လျှင် အကူအညီလိုအပ်နေသေးမည်ဆိုလျှင် ဒေသခံအကြီးအကဲများထံ ချဉ်းကပ်အကူအညီတောင်းခံနိုင်ပါသည်။ အကြီးအကဲများ၌ ကျမ်းစာပညာအတော်အသင့်ရှိကြ၍ သိလိုသောအကြောင်းကို ရှာဖွေပေးရန် အတွေ့အကြုံလည်းရှိကြပါသည်။ ကိုယ်ရေးကိုယ်တာပြဿနာ၊ သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခုအတွက် အကြံပေးချက်လိုအပ်မည်ဆိုလျှင် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့အခြေအနေကို သူတို့ကောင်းစွာသိသဖြင့် သူတို့၏မျှတသောကူညီမစမှုသည် အထူးလျောက်ပတ်ပေမည်။—တ၊ ၈:၃၀၊ ၃၁ နှိုင်းယှဉ်။
အသင်းမထံမှ ထပ်ဆင့်အကြောင်းအချက်များကို တိုက်ရိုက်ကြားသိစရာအကြောင်း လိုအပ်နေသေးသည်ဟုထင်လျှင် စာရေးအကြောင်းကြားခြင်းသည် အများအားဖြင့် သာ၍ကောင်းပါသည်။ ယင်းကိုရေးသားရာတွင် အကြီးအကဲများ ကူညီပေးနိုင်ပါလိမ့်မည်။ ဤသို့စာရေးလိုက်ခြင်းအားဖြင့် လုံလောက်စွာဆည်းပူးလေ့လာ၊ သုံးသပ်မှုပြု၍ ဖြေဆိုပေးရန် အချိန်ရရှိစေပါသည်။ ဖုန်းဆက်မည်ဆိုလျှင် ထိုသို့မပြုပေးနိုင်သည်က များပါသည်။