စိတ်ဝင်စားမှုတင်ပြသူအားလုံးကို ကူညီပေးခြင်း
၁ နိုင်ငံတော်သတင်းတရား၌ စိတ်ဝင်စားမှုတင်ပြခဲ့သူအားလုံးကို ကူညီပေး၍ သတိရအောက်မေ့ပွဲသို့ ခေါ်ဖိတ်ပေးရန် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းနှင့် မေတ္တာက မတ်လအတွင်း တိုက်တွန်းပေးပါလိမ့်မည်။ ခရစ်တော်၏ ရွေးဖိုးပူဇော်သက္ကာကို အခြေခံသည့် ယေဟောဝါ၏ ကယ်တင်ခြင်းအစီအစဉ်ကို ဤသူများအား သိရှိလာစေသင့်သည်။—ဟေဗြဲ၊ ၉:၂၈။
၂ သတိရအောက်မေ့ပွဲသို့ သင်ဖိတ်ခေါ်လိုသူများ၏ နာမည်စာရင်းကို ရေးဆွဲထားခြင်းသည် အကြံဉာဏ်ကောင်း ဖြစ်ပါသည်။ တစ်ခါတစ်ရံ အစည်းအဝေးများတက်ခဲ့သူနှင့် ယခင်က ကျမ်းစာလေ့လာခဲ့သူ၊ သို့မဟုတ် အခြားနည်းများဖြင့် စိတ်ဝင်စားမှု တင်ပြခဲ့ဖူးသူများကို ထိုစာရင်းတွင် ရေးမှတ်ထားပါ။ မယုံကြည်သောအိမ်ထောင်ဖက်များနှင့် မိသားစုရှိ အခြားအိမ်သူအိမ်သားများကိုလည်း မေ့မထားပါနှင့်။ စာရင်းရေးဆွဲပြီးနောက် တစ်ဦးစီထံ ပြန်လည်ပတ်သွားရန် အထူးကြိုးစားပေးပါ။ အချို့သောပြန်လည်ပတ်မှုများကို ပြုလုပ်နိုင်ရန် အကြီးအကဲများ၏ အကူအညီကို သင်တောင်းခံလိုပေမည်။
၃ ပြန်လည်ပတ်သွားရာတွင် သင်ဘာပြောဆိုနိုင်မည်နည်း။
လှိုက်လှဲစွာ နှုတ်ခွန်းဆက်ပြီးနောက် ဤသို့ပြောဆိုနိုင်ပါသည်–
▪ “အရင်က ဝိညာဉ်ရေးကို ခင်ဗျားစိတ်ပါဝင်စားပုံရှိတယ်။ ဒါကြောင့် ဒီအထူးအစီအစဉ်ကို ဖိတ်ခေါ်ခံရတာကို ခင်ဗျားသဘောကျလိမ့်မယ်လို့ ထင်မိတယ်။ [အိမ်ရှင်အား သတိရအောက်မေ့ပွဲအတွက် ဖိတ်စာကို ကမ်းပေးပါ။] ခရစ်တော်ရဲ့သေခြင်းကို သတိရအောက်မေ့ဖို့ ပွဲကျင်းပပါလို့ တပည့်တော်များကို မှာခဲ့တဲ့ပွဲဟာ ဒီပွဲတော်တစ်ခုအတွက်ပဲ ဖြစ်တယ်။ ခရစ်တော်အသေခံခဲ့တဲ့အတွက် ဘာတွေကိုဖြစ်စေခဲ့တဲ့အကြောင်းနဲ့ အဲ့ဒီအတွက် ဘယ်လိုထာဝရအသက် ရနိုင်မဲ့အကြောင်းကို ပြန်သတိရနိုင်တဲ့အခွင့်အရေးကို တန်ဖိုးထားတယ်။ မနှစ်ကဆိုရင် ဒီအထူးအစည်းအဝေးကို တက်ရောက်ခဲ့သူ ၁၁ သန်းကျော်ရှိတယ်။ ဒီနှစ် ခင်ဗျားတို့ပါတက်ရောက်ကြမယ်ဆိုရင် ကျွန်တော်အရမ်းဝမ်းသာမယ်။” သတိရအောက်မေ့ပွဲကို သင့်အသင်းတော်သည် မည်သည့်နေရာ၊ မည်သည့်နေ့ရက်တွင် ကျင်းပလိမ့်မည်အကြောင်း အသေအချာရေးမှတ်ထားပေးပါ။ ထို့ပြင်လိုအပ်မည်ဆိုလျှင် ကြိုပို့ပေးဖို့အတွက် စီစဉ်ပေးပါ။
၄ လူသစ်များ သတိရအောက်မေ့ပွဲသို့ တက်ရောက်လာသည့်အခါ သူတို့အား လှိုက်လှဲစွာကြိုဆိုပါသည်ဟု ခံစားစေပါ။ ဒေသခံ ကြေညာသူများနှင့် အကျွမ်းတဝင်ဖြစ်လာရန် ကူညီပေးပြီး သူတို့အိမ် အနီးအနားတွင် နေထိုင်သောစိတ်ဝင်စားသူများနှင့် မိတ်ဆက်ပေးပါ။ သူတို့၏အိမ်နီးချင်းများပင် သမ္မာတရားကိုစိတ်ဝင်စားနေကြောင်း သိရှိကြသည့်အခါ အားရှိပါလိမ့်မည်။ ဖြစ်နိုင်မည်ဆိုလျှင် သတိရအောက်မေ့ပွဲကျင်းပနေချိန်တွင် သူတို့အား သင့်မိသားစုနှင့်အတူထိုင်ဖို့ ဖိတ်ခေါ်ပေးပါ။
၅ သတိရအောက်မေ့ပွဲတက်ရောက်ရုံဖြင့် သူတို့ ကယ်တင်ခြင်းရလိမ့်မည်ဟု မသေချာစေပါ။ သို့သော် သင်ဖိတ်ခေါ်သူများစွာအတွက် ယေရှုသွန်းလောင်းခဲ့သောအသွေး၌ ယုံကြည်ခြင်းကိုတင်ပြခြင်းငှာ ပထမခြေလှမ်းပင်ဖြစ်နိုင်ပါမည်။ စည်းဝေးမှအပြန်တွင် လာမည့်အပတ်တွင် လူထုဟောပြောချက်နှင့် ကင်းမျှော်စင်သင်တန်းကို တက်ရောက်လိုမည်လောဟု ဧည့်သည်အား မေးမြန်းပါ။ လှိုက်လှဲစွာ ကူညီပေးရန် အတတ်နိုင်ဆုံးကြိုးစားမည်ကို သူ့အား နားလည်စေပါ။ ကျွန်ုပ်တို့နှင့်မှန်မှန်စပေါင်းသင်းရန် အမြန်ဆုံးပြုလေလေ သူ၏ဝိညာဏတိုးတက်မှုသည် လျင်မြန်လာလေဖြစ်မည်။ ကျွန်ုပ်တို့ကူညီပေးနိုင်ခွင့် ရရှိခဲ့သောသူများစွာတို့နှင့်အတူ “ကြီးစွာသောဒုက္ခ” ကိုကပ်ကျော်ရလျှင် တကယ်ပျော်ရွှင်၍ ကျေနပ်မှုရရှိပါမည်တကား။—ဗျာ၊ ၇:၉၊ ၁၄။