မေးခွန်းသေတ္တာ
▪ အရန်ရှေ့ဆောင်ခြင်းကို မည်သို့သဘောထားသင့်သနည်း။
အရန်ရှေ့ဆောင်ခြင်းကို အခွင့်အရေးအဖြစ်လည်းကောင်း၊ ကြီးလေးသောတာဝန်အဖြစ်လည်းကောင်း ယူမှတ်သင့်သည်။ လစဉ် ကမ္ဘာတစ်ဝန်းတွင် အရန်ရှေ့ဆောင်များအဖြစ် ခန့်အပ်ခံရသူ ထောင်ပေါင်းများစွာရှိ၍ အချို့က တစ်လပြီးတစ်လ ဆက်တိုက်ရှေ့ဆောင်ကြပါသည်။ အရန်ရှေ့ဆောင်အဖြစ် လစဉ်လယ်ကွင်းလုပ်ငန်း၌ လိုအပ်သည့် နာရီ ၆၀ ပါဝင်နိုင်သည့် အခြေအနေရှိ ဤဇွဲလုံ့လရှိကြေညာသူများကို ချီးမွမ်းပါသည်။ အရန်ရှေ့ဆောင်လုပ်ငန်း၌ပါဝင်ရန် လျှောက်လွှာတင်သည့်ကြေညာသူများသည် မိမိတို့၏ခန့်အပ်ချက်ကို အလေးအနက်သဘောထားကာ ပေါ့ပေါ့ဆဆသဘောထားခြင်းကို လုံးဝရှောင်ကြဉ်ရန် အကြီးအကဲများနှင့် အခြားသူများပါ အားပေးသင့်ပါသည်။
မှန်မှန်ရှေ့ဆောင်များနည်းတူ တစ်လနှစ်လခန့် အရန်ရှေ့ဆောင်များအဖြစ် စေတနာ့ဝန်ထမ်းသူများသည် ဦးဆုံး မိမိလုပ်ကိုင်နိုင်မနိုင် ချင့်ချိန်သင့်သည်။ (လု၊ ၁၄:၂၈) ယင်းသို့ချင့်ချိန်ခြင်းတွင် အခြားခရစ်ယာန်တာဝန်များကို မပျက်မကွက်ထမ်းဆောင်လျက်ပင် လယ်ကွင်းလုပ်ငန်း၌ လိုအပ်သောအချိန်ကို ထည့်သွင်းနိုင်မနိုင် ကြိုတင်စဉ်းစားသင့်သည်။ မိမိ၏ကိုယ်ပိုင်အခြေအနေကို ဆုတောင်းသုံးသပ်ပြီးနောက် အရန်ရှေ့ဆောင်ရန် ဆုံးဖြတ်ချက်ကို ချသင့်သည်။ အခြားသူများ လျှောက်နေကြသည့်အတွက် စိတ်လှုပ်ရှားစွာဖြင့် ပြုလုပ်ခြင်း မဖြစ်သင့်ပါ။ အသေအချာစဉ်းစားပြီး ဆုံးဖြတ်သည့်အပြင် လိုအပ်ချက်များကို ဖြည့်စွက်ပေးနိုင်ရန် အစီအစဉ်ဇယားရေးဆွဲထားသင့်သည်။ လျှောက်လွှာစာကို အသေအချာဖတ်ရှုပြီးနောက် တောင်းဆိုချက်များကို ဟုတ်ကဲ့ဟု မိမိနှလုံးတွင်ရိုးသားစွာဖြေဆိုရန် အရေးကြီးပါသည်။
ပိုမိုကြိုးစားအားထုတ်ဖို့လိုမည်ကား အမှန်။ တစ်နှစ်တာအတွင်း အချို့လတို့သည် သတင်းကောင်းဟောပြောခြင်းကို ‘အားသွန်ခွန်စိုက်လုပ်ဆောင်ရန်’ အခွင့်အခါပေးသည်။ (တ၊ ၁၈:၅) ယင်းလများတွင် သတိရအောက်မေ့ပွဲအချိန်ဖြစ်သည့် မတ်လနှင့်ဧပြီလများ၊ အသင်းတော်ထံ တိုက်နယ်လည်ပတ်သည့်လများ ပါဝင်ပါသည်။ ဤအထူးလုပ်ငန်းဆောင်ရွက်ချိန်များအတွင်း ဟောပြောခြင်းလုပ်ငန်း၌ တိုး၍ပါဝင်နိုင်ရန်ကြေညာသူများသည် မိမိကိုယ်ကို ကြပ်တည်းစွာ စည်းကမ်းသတ်မှတ် ပေးလိုကြပါသည်။ သို့ပြု၍လည်း အများအားဖြင့် ကြွယ်ဝသောကောင်းချီးများခံစားရကြောင်း သိနားလည်ခဲ့ကြပါသည်။ (၂ ကော၊ ၉:၆) အားလပ်ချိန်လများနှင့် စနေတနင်္ဂနွေအပတ် ငါးပတ်ရှိသောလများအတွင်း ရှေ့ဆောင်ရန် ကြေညာသူများစွာ အထူးကြိုးစားကြပါသည်။ သို့သော် စာရင်းသွင်းကြရာတွင် အရန်ရှေ့ဆောင်သည့်လများ၌ နာရီ ၆၀ သို့မဟုတ် ထိုထက်မက မှတ်တမ်းသွင်းနိုင်ရန် အတတ်နိုင်ဆုံးကြိုးစားခြင်းအားဖြင့် ‘သင်၏အဟုတ်ကိုအဟုတ်’ ဟူသည့်မူအတိုင်း လိုက်နာရန်လိုကြောင်း သူတို့သဘောပေါက်ပါသည်။—မ၊ ၅:၃၇။
ရှေ့ဆောင်နိုင်သည့်အခြေအနေတွင်မရှိသောကြေညာသူများသည် အရန်ရှေ့ဆောင်များနှင့် အသေအချာ ချိန်းချက်ပြီး တွဲအမှုဆောင်ခြင်းဖြင့် အကူအညီပေးနိုင်ပါသည်။ ဖြစ်နိုင်မည်ဆိုလျှင် ရှေ့ဆောင်များနှင့် လုပ်ငန်းတော်တွင် အချိန်ကြာပါဝင်ခြင်းသည် များစွာအကူအညီဖြစ်သည်။ နံနက်စောစောပိုင်း၊ မွန်းလွဲပိုင်း၊ ညနေချိန်များတွင် အခြားကြေညာသူများ၏ ထောက်ပံ့ကူညီမှုကို ရှေ့ဆောင်များ အထူးကျေးဇူးတင်ပါသည်။ ပြန်လည်ပတ်မှုများပြုလုပ်ခြင်း၊ ကျမ်းစာသင်အံမှုများစပေးခြင်းငှာ အရန်ရှေ့ဆောင်များ ဖိတ်ခေါ်ခံရခြင်းကို လိုလားကြပါသည်။ ဤနည်းဖြင့် အရန်ရှေ့ဆောင်များကို ထောက်ပံ့ကူညီပေးနိုင်သူများသည် ပေးကမ်းခြင်းမှ ရရှိသော သာ၍များသော ပျော်ရွှင်မှုကို အမှန်ခံစားရလိမ့်မည်။—တ၊ ၂၀:၃၅။
ဝီရိယစိုက်ထုတ်သည့် အရန်ရှေ့ဆောင်များစွာ၏အလုပ်ကို အလွန်တန်ဖိုးထားလေးမြတ်ပါသည်။ သူတို့နှင့်တွဲဖက်အမှုဆောင်နိုင်သူများလည်း ကြွယ်ဝစွာကောင်းချီးခံစားနိုင်ပါသည်။ (သု၊ ၁၀:၄) အရန်ရှေ့ဆောင်အဖြစ် လုပ်ငန်းတော်ကို တိုး၍လုပ်ကိုင်ခြင်းမှ ပျော်ရွှင်မှုများကို အဘယ်အချိန်တွင် နောက်တစ်ဖန်ခံစားခွင့် အသင်ရနိုင်မည်နည်း။