ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၉၃ စာ. ၅-၈
  • လူငယ်များ—ယေဟောဝါ၏နှလုံး ရွှင်လန်းစေလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူငယ်များ—ယေဟောဝါ၏နှလုံး ရွှင်လန်းစေလော့
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဝတ်ပြုရေး ကျွန်ုပ်၏ရွေးချယ်မှုလော၊ မိဘ၏ရွေးချယ်မှုလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • လူငယ်တို့၊ ဘုရားရေးရာ ပန်းတိုင်တွေကို အာရုံစိုက်နေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ဝိညာဉ်ရေးခိုင်ခံ့သောမိသားစု တည်ဆောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • လူငယ်တို့—ယေဟောဝါအား အမှုဆောင်လိုသည့် သင်တို့၏ဆန္ဒကို ထက်သန်နေစေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နဓ ၁၁/၉၃ စာ. ၅-၈

လူငယ်များ​—ယေဟောဝါ၏နှလုံး ရွှင်လန်းစေလော့

၁ လူငယ့်စွမ်းပကား ခွန်အားသတ္တိရှိချိန်သည် အမှန်ပျော်ရွှင်ကြည်နူးဖွယ်ရာ ဖြစ်သည်။ ပညာရှိရှောလမုန်မင်းကြီးက– “အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်းရှိလော့” ဟုရေးသားခဲ့သည်။ (ဒေ. ၁၁:၉) သို့ရာတွင် သင့်အပြုအမူများကို ဘုရားသခင်ရှေ့ ထုချေဖြေရှင်းရဦးမည်ဖြစ်ကြောင်း အသင်လူငယ်များ သတိရနေရန် လိုသည်။

၂ သင်အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ အသင် မည်သို့အသက်ရှင်နေထိုင်သည်ကား အရေးကြီးသည်။ ဥပမာ၊ သင့်မိဘများအတွက် ထူးခြားစရာဖြစ်စေသည်။ သု. ၁၀:၁ က “ပညာရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက်သောသားမူကား အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏” ဟုဆိုသည်။ သို့သော် ထိုထက်အရေးကြီးသည်ကား အသင်အသက်ရှင်ပုံသည် သင့်ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်ကိုပင် ထိခိုက်နိုင်ပါသည်။ သုတ္တံ ၂၇:၁၁ တွင် လူငယ်များကိုပါ ယေဟောဝါ တိုက်တွန်းသည်ကား “ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကို ရွှင်လန်းစေလော့” ဟူ၍ဖြစ်သည်။ ယနေ့ အသင်လူငယ်များသည် ယေဟောဝါ၏နှလုံးကို မည်သို့ ရွှင်လန်းစေနိုင်မည်နည်း။ အသင်းတော်၏ ဝိညာဉ်ရေးကို ထူးခြားစွာ အကျိုးပြုခြင်းအားဖြင့်ဖြစ်သည်။ ယင်းကို နည်းမျိုးစုံဖြင့် တင်ပြနိုင်ပါသည်။

၃ သင့်လျော်သောပုံသက်သေဖြင့်– အသင်လူငယ်များသည် လူသားအပေါင်းတို့အတွက် သမ္မာကျမ်းစာကြိုတင်ဟောထားသည့် “ခဲယဉ်းသောကာလ” ကိုကြုံတွေ့နေကြရသည်။ (၂ တိ. ၃:၁) မယုံကြည်သောကျောင်းနေဘက်များနှင့် ကျမ်းစာအခြေခံသည့် သင့်ရှုမြင်ချက်များကို ကဲ့ရဲ့သောဆရာဆရာမများ၏ ဖိစီးမှုတို့ကိုလည်း အသင်ခံနေရပေမည်။ ဥပမာ၊ ကြေညာသူတစ်ဦး၏ဆရာသည် ဆင့်ကဲသီအိုရီကို ဖြစ်ရပ်မှန်၊ သမ္မာကျမ်းစာကို ကား ဒဏ္ဍာရီအဖြစ်တင်ပြခဲ့သည်။ သို့ရာတွင် ကြေညာသူလူငယ်သည် သမ္မာကျမ်းစာဘက်ရပ်တည်၍ ခုခံပြောဆိုနိုင်ခဲ့သည်။ ယင်းကြောင့် သူမသည် ကျမ်းစာသင်အံမှုများစွာကို စနိုင်ခွင့်ရခဲ့သည်။ စိတ်ဝင်စားမှုရှိသူအချို့ပင် စည်းဝေးများကို တက်လာကြပါသည်။ ညီအစ်ကိုညီအစ်မငယ်များ၏ယုံကြည်ခြင်းသည် ဘုရားတရားမဲ့လောကကို ပြစ်တင်ရှုတ်ချ၍ စိတ်နှလုံးရိုးဖြောင့်သူများအား သမ္မာတရားသို့ သွေးဆောင်ပေးပါသည်။​—ဟေဗြဲ ၁၁:၇။

၄ ကျောင်းတွင်၊ အိမ်တွင်၊ အသင်းတော်တွင် ပုံသက်သေကောင်းတင်ပြခြင်းအားဖြင့် အခြားညီအစ်ကိုညီအစ်မငယ်များ၏ ယုံကြည်ခြင်းကို တည်ဆောက်ပေးနိုင်ပါသည်။ အသင်းတော်ရှိ သင့်သက်တူရွယ်တူ များသည် အဆိုးကို အားမကျကြရန် သင်၏ပုံသက်သေသည် အားပေးတည်ဆောက်မှု ဖြစ်စေနိုင်မည်လော။ (ရော. ၁:၁၂) အခြားသူများယေဟောဝါအား သစ္စာရှိစေရန် အသင်သည် ပုံသက်သေကောင်းပြခြင်းဖြင့် ကိုယ်တော့်နှလုံးကို မည်မျှ ရွှင်လန်းစေသည်တကား!

၅ ဝတ်စားဆင်ယင်မှုအားဖြင့်– ဣန္ဒြေရရဝတ်စားဆင်ယင်သည့်အတွက် အစခံရ၍ “အထိမခံသူ” ဟုကဲ့ရဲ့ခံနေရသော်လည်း ညီအစ်မငယ်တစ်ဦးသည် လောက၏ ဘုရားတရားမဲ့စံချိန်များကို လုံးဝ မလက်ခံခဲ့ပါ။ ယင်းအစား မိမိသည် ယေဟောဝါသက်သေတစ်ဦးဖြစ်ကြောင်း၊ ယင်း၏စံချိန်ကိုသာ မိမိလိုက်လျှောက်ကြောင်း ရှင်းပြပါသည်။ ဤညီအစ်မ၏ ခံနိုင်ရည်မျိုး အသင်၌ရှိပါသလော။ သို့မဟုတ် စာတန့်လောက၏ အတွေးအခေါ်အကျင့်အကြံကို လက်ခံကျင့်သုံးရန် အသင်ပုံသွင်းခံပါသလော။ အသင်လူငယ်များစွာတို့သည် ယေဟောဝါ၏ သွန်သင်ချက်များကို လိုက်နာခံယူ၍ လောက၏ ခေတ်စားရာနောက်မလိုက်၊ ဤလောကအမွှမ်းတင်ထားသူများကို အထင်မကြီး၊ လောကနှင့် လောကီရှင်ဘုရင်၊ နတ်ဆိုးတို့၏ သွန်သင်ချက်များကို ငြင်းပယ်နေကြကြောင်း အစီရင်ခံနိုင်သည့်အတွက် အလွန်ရွှင်လန်းအားရစရာပါတကား!​—၁ တိ. ၄:၁။

၆ ဖျော်ဖြေအပန်းဖြေမှုကို ရွေးချယ်ခြင်းအားဖြင့်–နည်းမှန်လမ်းကျအပန်းဖြေရန် ဖျော်ဖြေမှုကောင်းကို ပညာရှိရှိရွေးချယ်တတ်ရန် သားသမီးများအား ကူညီပေးဖို့လိုကြောင်း မိဘများ သတိရနေသင့်သည်။ မိမိအလွန်ချစ်ခင်ရင်းနှီးသော အိမ်ထောင်စုတစ်စုအကြောင်း ညီအစ်ကိုတစ်ဦးပြောပြပါသည်။ သူတို့သည် ဝိညာဉ်ရေးစိတ်ထားရှိကြ၍ မိဘ၏လမ်းပြမှုသည် မိသားစုအပန်းဖြေရေးကိစ္စတွင်ပင် တွေ့ရှိခဲ့ရသည်။ “သူတို့သည် မိသားစုလိုက် လုပ်ကိုင်တတ်ခြင်းကို ချီးမွမ်းသည်။ လုပ်ငန်းတော်အတွက် သားသမီးများကို မိဘနှစ်ပါး အသင့်ပြင်ဆင်ပေးရုံမက အပန်းဖြေချိန်တွင်လည်း မိသားစုလိုက် ပျော်ရွှင်စရာအချိန် ဖြစ်စေကြသည်။ သူတို့သည် အတူတကွ ခြေလျင်ခရီးထွက်၊ ပြတိုက်များသို့ လေ့လာရေးသွားကြ၏။ သို့မဟုတ် အိမ်တွင်နေ၍ မိသားစုလိုက် ပျော်ပါးကြ၏။ သို့မဟုတ် မိသားစုစီမံကိန်းတစ်ခုတွင် ဝိုင်းဝန်းကူညီ လုပ်ကိုင်ကြသည်။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သော်လည်းကောင်း၊ အခြားသူတို့အား သော်လည်းကောင်း မေတ္တာပြပုံက နောက်နောင်တွင် မည်သည့်အရာပေါ်လာစေကာမူ သမ္မာတရားလမ်းပေါ် လျှောက်သွားကြလိမ့်မည်ဟု ယုံကြည်စိတ်ချစေပါသည်” ဟူ၍ ပြောပြသည်။

၇ အပန်းဖြေမှုတိုင်း၊ ဖျော်ဖြေမှုတိုင်းတွင် တစ်အိမ်ထောင်လုံး မပါဝင်နိုင်သည့်အခါများ ရှိပါသည်။ အသင်လူငယ်များ ဂရုစိုက်ကြရမည်ကား သင့်အားလပ်ချိန်တွင် အဘယ်အမှုကိုပြုလုပ်ရန် ရွေးချယ်ခြင်းသည် အလွန်အရေးကြီးကြောင်း ဖြစ်သည်။ စာတန်သည် မြောက်မြားစွာသောသူတို့အား လမ်းလွဲစေလိုသည်ကား အမှန်ပင်။ ငယ်ရွယ်၍အတွေ့အကြုံ နုနယ်သူများသည် သူ၏ပါးနပ်ကျင်လည်သော သွေးဆောင်မှုနောက် လိုက်ပါသွားရန် အလွန်လွယ်ကူပါသည်။ (၂ ကော. ၁၁:၃။ ဧ. ၆:၁၁) ထိုကြောင့် မတရားသောလမ်းတွင် အတ္တဆန်ဆန် ပျော်ပါးနေစေရန် စာတန်သည် နည်းအမျိုးမျိုးဖြင့် သင့်အား ယနေ့သွေးဆောင်နေပါသည်။

၈ ရုပ်ပိုင်းဆိုင်ရာနှင့် စာရိတ္တယိုယွင်းသော ဘဝပုံစံမျိုးကိုလိုက်ရန် ရုပ်မြင်သံကြားက အထူးသွေးဆောင်ပါသည်။ ရုပ်မြင်သံကြားနှင့် ဗွီဒီယိုများကလည်း အဓမ္မမှုနှင့်လိင်နှီးနှောခြင်းကို ကွင်းကွင်းကွက်ကွက် ဖော်ပြနေပါသည်။ ခေတ်ပေါ်တေးသီချင်းတို့သည် တိုး၍တိုး၍ညစ်ညမ်းပျက်ပြားလာနေပါသည်။ စာတန်၏ သွေးဆောင်မှုများသည် မှားယွင်းမှုမရှိဟန်တူသော်လည်း ထောင်ပေါင်းများစွာသော ခရစ်ယာန်လူငယ်တို့အား အတွေးချော်စေ၍ မှားယွင်းစေခဲ့ပေပြီ။ ဤကဲ့သို့သောဖိစီးမှုများကို ငြင်းပယ်နိုင်ရန် ဖြောင့်မတ်ခြင်းတရားကို မှီအောင်လိုက်နေရမည်။ (၂ တိ. ၂:၂၂) အပန်းဖြေခြင်း၊ ဖျော်ဖြေမှုရွေးခြင်းနှင့်ပတ်သက်၍ သင့်အတွေးအခေါ်အပြုအမူကို ပြုပြင်စရာလိုနေပါက ယင်းတို့ကို မည်သို့ ပြုလုပ်နိုင်မည်နည်း။ ဆာလံဆရာ ဖြေဆိုသည်ကား– “အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာပါ၏။ ပညတ်တော်လမ်းမှ လွဲစေတော်မမူပါနှင့်။”​—ဆာ. ၁၁၉:၁၀။

၉ အားကစားသမားများ၊ နာမည်ကြီး အဆိုအကသမားများကို အမွှမ်းတင်တတ်ကြသည်။ ယေဟောဝါကို ကြောက်ရွံ့ခြင်းမူကား မစုံလင်သူများအား အမွှမ်းတင်ခြင်းကို ရှောင်ကြဉ်စေပါလိမ့်မည်။ စာရိတ္တယိုယွင်းမှုကိုပင် ယနေ့ လူမြောက်မြားစွာ ကိုးကွယ်နေကြသည်။ အပြာရုပ်ပုံနှင့်စာပေများ၊ ညစ်ညမ်းသောတေးသီချင်းများကို ရှောင်ကြဉ်ခြင်းအားဖြင့် အဆိုပါစိတ်ထားမှ မိမိကိုယ်ကို ကာကွယ်ထားနိုင်သည်။ တေးဂီတနှင့်ပတ်သက်၍ ၁၉၉၃ ဧပြီ ၁၅ ရက်ထုတ်ကင်းမျှော်စင်က “တေးဂီတသည် ဘုရားသခင်ပေးသနားသည့် လက်ဆောင်ဖြစ်သည်။ သို့သော် ယင်းသည် လူများစွာတို့အတွက် ကောင်းကျိုးမပေးသည့် လိုက်စားစရာတစ်ခုဖြစ်လာသည်။ . . . တေးဂီတကို သူ့နေရာနှင့်သူ ထားရှိပြီး ယေဟောဝါ၏အမှုတော်ကို သင်အဓိကအာရုံစိုက်ရာဖြစ်စေပါ။ သင်ရွေးချယ်သောတေးဂီတများနှင့်ပတ်သက်၍ ဂရုတစိုက်စိစိစစ်စစ်ရှိပါ။ သို့အားဖြင့် ဤဘုရားပေးလက်ဆောင်ကို အလွဲသုံးခြင်းမဟုတ်ဘဲ တော်လျော်စွာ အသုံးပြုနိုင်ပေမည်။”

၁၀ မကောင်းသောအရာပေါ် လုံးလုံးရွံမုန်းခြင်းကို မွေးမြူပါ။ (ဆာ. ၉၇:၁၀) မကောင်းမှုကိုပြုရန် သွေးဆောင်ခံရသည့်အခါ ယင်းကိစ္စကို ယေဟောဝါ မည်သို့သဘောထားတော်မူကြောင်း စဉ်းစားကာ အကျိုးဆက်များဖြစ်သော– မလိုလားသည့်ကိုယ်ဝန်များ၊ သံဝါသပြုခြင်းဖြင့် စွဲကပ်သောရောဂါများ၊ စိတ်ဓာတ်ရေးဆိုင်ရာ ပျက်စီးယိုယွင်းမှု၊ ကိုယ့်သိက္ခာကိုယ် လေးစားမှု ပျောက်ဆုံးခြင်း၊ အသင်းတော်တွင် အခွင့်အရေးများ ဆုံးရှုံးခြင်းကို သတိရပါ။ ဆိုးသွမ်းမှုကို မြှောက်ထိုးပင့်ကော်ပြုသည့် တီဗွီဇာတ်လမ်း၊ ရုပ်ရှင်၊ ဗွီဒီယို၊ သီချင်းနှင့် စကားစမြည်များကို မကြားမမြင်ရန် ကိုယ့်ကိုယ်ကို ရှောင်ကြဉ်ပါလေ။ သမ္မာကျမ်းစာက “မိုက်သောသူတို့” ဟူ၍သတ်မှတ်သည့်သူများနှင့် မပေါင်းသင်းမိရန် သတိပြုပါ။ (သု. ၁၃:၁၉) အထူးဂရုစိုက် ရွေးချယ်ပါ။ ယေဟောဝါနှင့် ကိုယ်တော်၏ဖြောင့်မတ်သောစံချိန်များကို မြတ်နိုးသည့် အသင်းတော်ရှိသူများနှင့်သာ ခင်မင်ရင်းနှီးမှုကို ရှာကြံပါ။

၁၁ မှန်ပါသည်။ ယေဟောဝါ၏နှလုံးကို အမှန်ရွှင်လန်းစေလိုသူများသည် ဧဖက် ၅:၁၅၊ ၁၆ ပါကောင်းမွန်သောသြဝါဒကို လိုက်နာကြပါမည်။ “ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ် ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနှုတ်ကြလော့။” ဤနောက်ဆုံးကာလတွင် သင့်တိုးတက်မှုကို “စေ့စေ့မြေ့မြေ့ သတိပြု” နေရန် အဘယ်အရာက အကူအညီဖြစ်မည်နည်း။

၁၂ ဝိညာဏရေးရာများကို ဂရုပြုခြင်း– မဿဲ ၅:၃ တွင်ယေရှုက– “ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများသည် ဝမ်းမြောက်စရာရှိကြ၏” ဟုမိန့်တော်မူသည်။ ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်း အသင်သတိပြုခြင်းအားဖြင့် သင်လည်း ဝမ်းမြောက်နိုင်ပေမည်။ လိုလျက်နေသည့် ထိုအရာကို အသင်ဖြည့်စွက်ပေးခြင်းတွင် ဇွဲလုံ့လဖြင့် သတင်းကောင်းဟောပြောခြင်းပါဝင်သည်။ အကြောင်းမူကား၊ ယင်းသို့ပြုခြင်းဖြင့် မိမိသိရှိလာသည့်အရာများတွင် ယုံကြည်ခြင်းကိုတည်ဆောက်မှုဖြစ်စေပါသည်။​—ရော. ၁၀:၁၇။

၁၃ ဓမ္မအမှုတွင် မှန်မှန်ပါဝင်ခြင်းသည် အမြဲမလွယ်ကူကြောင်း ကိုယ်တိုင်တွေ့ကြုံမှုမှ သိရှိပေမည်။ ယင်းသို့ဖြစ်ရခြင်းမှာ ယုံကြည်စိတ်ချမှု လျော့နည်းသည့်အတွက် ဖြစ်နိုင်သည်။ ထိုကြောင့် စိတ်ဆုံးဖြတ်ချက် ကောင်းစွာချရန် လိုသည်။ ဓမ္မအမှုတွင် မှန်မှန်ပါဝင်ခြင်းအားဖြင့် သင့်သက်သေခံခြင်းစွမ်းရည်ကို တိုးတက်စေပြီး ဟောပြောနိုင်စွမ်းကို ပိုမိုစိတ်ချလာပေမည်။

၁၄ အသင်းတော်ရှိ အတွေ့အကြုံရင့်ကျက်သော မှန်မှန်ရှေ့ဆောင်များ၊ အကြီးအကဲများနှင့် တွဲအမှုဆောင်နိုင်ရန် စီစဉ်ပါ။ သူတို့ ဟောပြောတင်ဆက်ပုံကို ဂရုစိုက် နားထောင်ပါ။ တံခါးဝတွင် ဆင်ခြေပေးချက်များကို မည်သို့ချေပကြောင်း သတိပြုပါ။ ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်အပြင် (နှင့်ဆွေးနွေးရန် ကျမ်းစာအကြောင်းများကိုပါ) ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှုပါ အကြံပြုချက်များကို ကောင်းစွာအသုံးပြုပါ။ သို့ပြု၍ အတန်ကြာလေသော် သင်သည် ယေဟောဝါအမှုတော်ကို အတတ်နိုင်ဆုံးဆောင်ရွက်နေသဖြင့် အမှုတော်ဆောင်ခြင်းမှ ရွှင်လန်းမှု တိုးများလာပေမည်။​—တ. ၂၀:၃၅။

၁၅ အချို့သည် ကျောင်းတွင် သက်သေခံခွင့်ရရှိခဲ့၍ တပည့်ဖြစ်စေနိုင်ခဲ့ပြီ။ (မ. ၂၈:၁၉၊ ၂၀) ခရစ်ယာန်လူငယ်တစ်ဦးက– “အားလပ်ချိန်၊ အထူးသဖြင့် ကျောင်းပိတ်ချိန်တွင် သက်သေခံရန်အခွင့်ကောင်းများ ရပါသည်။ ကျမ်းစာစာပေများကို ကျွန်တော့်စားပွဲပေါ် မြင်သာနိုင်သည့်နေရာတွင် တင်ထားခြင်းအားဖြင့် စိတ်ဝင်စားမှုပြသည့် ကျောင်းသူကျောင်းသားများက လာမေးမြန်းပါသည်။” နောက်ဆုံး ကျောင်းသူကျောင်းသား အတော်များများနှင့် ဆရာပင်လျှင် ခရစ်ယာန်အစည်းအဝေးများကို စတက်လာပါသည်။ အမှန်သော်ကား ဆရာသည်ဆက်ကပ်အပ်နှံနှစ်ခြင်းခံထားသည့် သက်သေခံတစ်ဦးအဖြစ်သို့တိုင် တိုးတက်လာခဲ့ပါပြီ။ အသင်ကဲ့သို့သော ဝတ်ပြုကိုးကွယ်သူလူငယ်များသည် ယေဟောဝါ၏နာမတော်ကို ဂုဏ်တင်ချီးမွမ်းမှု ဖြစ်စေကြသည့်အခါ ကိုယ်တော်အထူးဝမ်းမြောက်ပါသည်။

၁၆ သင့်ဝိညာဉ်ရေးလိုအပ်ရာကို ဖြည့်စွက်ပေးနိုင်သည့် အခြားတစ်နည်းမှာ ကိုယ်ပိုင်လေ့လာမှုဖြင့်ဖြစ်သည်။ ယေဟောဝါ၏နှလုံးကို ရွှင်လန်းစေရန် ကိုယ်တော်အကြောင်း၊ ရည်ရွယ်တော်မူချက်များနှင့် တောင်းဆိုချက်များကို သိကျွမ်းလာရမည်။ ကိုယ်ပိုင်လေ့လာမှုအတွက် အချိန်ကန့်သတ်ထားပါသလော။ မှန်မှန်အစာစားတတ်သကဲ့သို့ မှန်မှန်လေ့လာမှု ပြုပါသလော။ (ယော. ၁၇:၃) သီအိုကရက်တစ်ဓမ္မအမှုဆောင်ကျောင်းအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ကို အသင်လိုက်နာရုံမက ကိုယ်တိုင် ကျမ်းစာဖတ်ခြင်းအစီအစဉ်ရှိပါသလော။ အစည်းအဝေးအားလုံးအတွက် ကောင်းစွာပြင်ဆင်ပါသလော။ ကင်းမျှော်စင်နှင့်နိုးလော့! မဂ္ဂဇင်းများကို မှန်မှန်ဖတ်ရှုပါသလော။

၁၇ သမ္မာကျမ်းစာနှင့် သီအိုကရက်တစ်စာပေများကို သင်လေ့လာသည့်အခါ ယင်းတို့သည် ယေဟောဝါအကြောင်း၊ ကိုယ်တော်စဉ်းစားဆင်ခြင်ပုံနှင့် ကိုယ်တော့်ရည်ရွယ်ချက်များအကြောင်း သိရှိစေပါသည်။ ယင်းအကြောင်းသည် သင့်အတွက် အဘယ်နည်းဖြင့် အကူအညီဖြစ်နိုင်မည်ကို သုံးသပ်ကြည့်ပါ။ ဖတ်ဖူးခဲ့သည့်အကြောင်းနှင့် ဖတ်နေသည့်အကြောင်းကို ဆက်စပ်ကြည့်ပါ။ ယင်းကား ဆင်ခြင်သုံးသပ်ခြင်းဖြစ်သည်။ ဆင်ခြင်သုံးသပ်ခြင်းသည် တတ်သိလာသည့်အကြောင်းကို နှလုံးထဲထိမိစေ၍ သင့်အား တိုက်တွန်းလှုံ့ဆော်စေသည်။​—ဆာ. ၇၇:၁၂။

၁၈ ဝိညာဉ်ရေးလိုအပ်လျက်နေကြောင်း အသိအမှတ်ပြုသူ လူငယ်များ အသင်းတော်အစည်းအဝေးတက်နေကြသည်ကို တွေ့ရသဖြင့် ဝမ်းသာပါသည်။ အစည်းအဝေးအတွင်း တည်ဆောက်မှုဖြစ်စေသော အဖြေများကို မှန်မှန်ပေးကြခြင်းအားဖြင့်လည်း ခရစ်ယာန်လူငယ်များသည် တစ်ဦးကိုတစ်ဦး အားပေးနိုင်ပါသည်။ အစည်းအဝေးတိုင်းတွင် အနည်းဆုံးတစ်ခါ ဖြေဆိုရန် ပန်းတိုင်ထားပါ။ အစည်းအဝေးအစီအစဉ် မစမီနှင့် ပြီးနောက်တွင် တည်ဆောက်မှုဖြစ်စေမည့် ပေါင်းသင်းမှုအားဖြင့် အရွယ်အသီးသီးရှိသူများနှင့် ခင်မင်ရင်းနှီးဖို့ကြိုးစားပါ။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) အစည်းအဝေးတက်တိုင်း အသက်ကြီးရင့်သော ညီအစ်ကို၊ သို့မဟုတ် ညီအစ်မ အနည်းဆုံးတစ်ယောက်ယောက်နှင့် စကားစမြည်ပြောဆိုဖြစ်ရမည်ဟု မိဘများ မှာကြားထားကြောင်း ညီအစ်ကိုငယ်တစ်ဦး ပြောပြပါသည်။ ယနေ့အသင်းတော်ရှိ အသက်ကြီးရင့်သူများနှင့် ပေါင်းသင်းခဲ့ခြင်းမှ ရရှိသောအတွေ့အကြုံကို သူ များစွာတန်ဖိုးထားပါသည်။

၁၉ ဝိညာဏပန်းတိုင်များကို မီအောင်လိုက်– လူငယ်များစွာ၏ဘဝအသက်တာတွင် ရည်ရွယ်ချက်မရှိ လမ်းပြညွှန်ကြားမှု ကင်းမဲ့နေခြင်းကား ဝမ်းနည်းစရာဖြစ်သည်။ သို့ရာတွင် သီအိုကရက်တစ်ပန်းတိုင်များထားကာ ယင်းတို့ကို အောင်မြင်စွာလိုက်မီနိုင်သည့်အတွက် ပျော်ရွှင်သည်မဟုတ်ပေလော။ မြင့်မြတ်သောပညာအလင်းကို ရရှိထားသဖြင့် ဤပန်းတိုင်များကို မီအောင်လိုက်ခြင်းသည် ယခုပင် ကိုယ်တိုင်ကျေနပ်မှုရရှိရုံမက နောက်ဆုံး ထာဝရကယ်တင်ခြင်းရရှိစေပါလိမ့်မည်။​—ဒေ. ၁၂:၁၊ ၁၃။

၂၀ ပန်းတိုင်များချမှတ်သောအခါ၊ ယင်းအားဆုတောင်းခြင်းကိစ္စတစ်ခုဖြစ်စေပါ။ သင့်မိဘများနှင့် အကြီးအကဲများကို ဆွေးနွေးတိုင်ပင်ပါ။ သင့်ကိုယ်ကိုနှင့် သင့်စွမ်းရည်များကိုပါ စစ်ဆေးကြည့်ပါ။ အခြားသူတစ်ဦးကို ယှဉ်ပြိုင်ရန်မဟုတ်ဘဲ မိမိတတ်နိုင်ရာနှင့်အညီ လက်တွေ့ကျပန်းတိုင်များ ထားပါ။ လူတစ်ဦးနှင့်တစ်ဦး တည်ဆောက်ပုံ​—ကာယရေး၊ စိတ်ဓာတ်ရေး၊ စိတ်လှုပ်ရှားမှုနှင့် ဝိညာဉ်ရေးဘက်​—ချင်းမတူညီကြပါ။ ထိုကြောင့် အခြားသူတစ်ဦး ပြုလုပ်နိုင်သမျှကို ဆောင်ရွက်နိုင်မည်ဟု မမှန်းထားပါနှင့်။

၂၁ သင်လက်လှမ်းမီနိုင်သော ပန်းတိုင်အချို့ကား အဘယ်နည်း။ သင်သည် ကြေညာသူမဖြစ်သေး၊ သို့မဟုတ် နှစ်ခြင်းမခံရသေးလျှင် ယင်းကို ပန်းတိုင်များအဖြစ် ချမှတ်ထားပါ။ ကြေညာသူဖြစ်နေပြီဆိုလျှင် ပတ်စဉ် ဓမ္မအမှုဆောင်လုပ်ငန်း၌ အချိန်မည်မျှပါဝင်မည်ဟု သတ်မှတ်ထားပါ။ ပြန်လည်ပတ်မှုများတွင် တတ်ကျွမ်းသောဆရာတစ်ဦးဖြစ်လာပါက ကျမ်းစာသင်အံမှုစတင်နိုင်ရန်ပန်းတိုင်ကို ထား၍မီအောင်ကြိုးစားပါ။ ကျောင်းနေရွယ် နှစ်ခြင်းခံပြီးသောလူငယ်ဖြစ်မည်ဆိုလျှင် နွေရာသီ ကျောင်းပိတ်သည့်လများတွင် အရန်ရှေ့ဆောင်ရန် ပန်းတိုင်ထားပါ။ ‘သခင်အရှင်၏လုပ်ငန်းတွင် လုပ်ကိုင်စရာ များစွာရှိပါသည်။’​—၁ ကော. ၁၅:၅၈။

၂၂ မိဘများထံမှ အကူအညီရရှိရန် အရေးကြီး– အသက်ရရေးအတွက် မိမိတို့ကြိုးစားအားထုတ်ရာတွင် အကူအညီမရှိဟူ၍ အသင်းတော်ရှိ လူငယ်များမယူမှတ်သင့်ပါ။ ယေဟောဝါသည် အဖွဲ့အစည်းအားဖြင့် နေ့စဉ်ဆုံးဖြတ်ချက်များချရာတွင်လည်းကောင်း၊ ဘဝအခက်အခဲများကို ကျော်လွှားရန်သော်လည်းကောင်း ဤလူငယ်များကို အကူအညီပေးမည့်သူများစွာကို တာဝန်အပ်နှင်းထားပါသည်။ ဆက်ကပ်အပ်နှံထားသောမိဘများသည် တိကျမှန်ကန်သောဆုံးဖြတ်ချက်များချနိုင်ဖို့ သားသမီးများကို အကူအညီပေးရန် အဓိကတာဝန်ရထားပါသည်။ ၁ ကောရိန္သု ၁၁:၃ တွင် သမ္မာကျမ်းစာက အိမ်ထောင်၏ခေါင်းအဖြစ် လင်ယောက်ျားကို ခန့်အပ်ထားပါသည်။ ထိုကြောင့် ခရစ်ယာန်အိမ်ထောင်တစ်ခုတွင် သူနှင့်အတူ ဇနီးသည်မိန်းမဖြစ်သူသည် တွဲဖက်လုပ်ဆောင်ခြင်းအားဖြင့် ဖခင်ဖြစ်သူသည် သားသမီးတို့အား ဘုရားသခင့်မိန့်မှာချက်များကို သွန်သင်ပေးခြင်းငှာ ဦးစီးဦးဆောင် ပြုမူပါသည်။ (ဧ. ၆:၄) ယင်းကို နို့စို့ အရွယ်မှစတင်၍ တာဝန်သိတတ်စွာ သွန်သင်ပေးခြင်းအားဖြင့် ပြုမူဆောင်ရွက်ပါ။ ကလေးသူငယ်၏ဦးနှောက်သည် ပထမတစ်နှစ်တွင် သုံးဆကြီးထွားလာတတ်သောကြောင့် ကလေးငယ်၏ သင်ယူနိုင်စွမ်းရည်ကို မိဘများ အထင်မသေးသင့်ပါ။ (၂ တိ. ၃:၁၅) သားသမီးများ ကြီးထွားလာသည်နှင့်အမျှ ယေဟောဝါကို ချစ်မြတ်နိုးပြီး၊ ကိုယ်တော်နှင့် ကောင်းသောဆက်ဆံရေးရှိလာရန် မိဘများသည် တစ်ဖြည်းဖြည်း သွန်သင်ပေးဖို့လိုပါသည်။

၂၃ အကောင်းဆုံး သွန်သင်နည်းကား မိဘနှစ်ပါး၏ ပုံသက်သေကောင်းဖြင့် စတင်ခြင်း ဖြစ်သည်။ သားသမီးများအား လုပ်သင့်မလုပ်သင့် စည်းကမ်းချက် မြောက်မြားစွာကို ပြောဆိုခြင်းထက် ကလေးတို့၏ဝိညာဉ်ရေးအတွက် များစွာအကူအညီပေးခြင်းသည် သာပါလိမ့်မည်။ မိဘများသည် ပုံသက်သေကောင်းတင်ပြရာ၌ အိမ်တွင်း မိမိကြင်ဖော်နှင့်၊ သားသမီးများအား ဝိညာဉ်အသီးများ သီးပွင့်ပြခြင်း ပါဝင်ပါသည်။ (ဂလ. ၅:၂၂၊ ၂၃) ကောင်းကျိုးအတွက် ဘုရားသခင့်ဝိညာဉ်တော်သည် တန်းခိုးသြဇာရှိကြောင်း တွေ့ ကြုံမှုမှ များစွာသောသူတို့ တွေ့ရှိခဲ့ကြပြီ။ ယင်းသည် သင့်သားသမီးများ၏ စိတ်နှလုံးကို ပုံသွင်းပေးခြင်းငှာ အထောက်အကူဖြစ်ပါလိမ့်မည်။

၂၄ ကိုယ်ပိုင်လေ့လာမှုအစီအစဉ်၊ စည်းဝေးတက်ခြင်းနှင့် လယ်ကွင်းဓမ္မအမှု၌ မှန်မှန်ပါဝင်ခြင်းဘက်၌လည်း မိဘများ ပုံသက်သေကောင်းတင်ပြပေးရန် လိုပါသည်။ အိမ်တွင်း၌ သမ္မာတရားအကြောင်း အားတက်သရောပြောဆိုမည်၊ ဓမ္မအမှုတွင် ဇွဲလုံ့လဖြင့် ပါဝင်မည်၊ ကိုယ်ပိုင်လေ့လာမှုကို အပြုသဘောရှိရှိ ပြုလုပ်မည်ဆိုလျှင် သင့်သားသမီးများသည် ဝိညာဉ်ရေးရာများကို စိတ်ဝင်စားပါလိမ့်မည်။

၂၅ ကောင်းစွာ ဆင်ခြင်စဉ်းစားထား၍ ပြင်ဆင်ထားမည်ဆိုလျှင် မှန်မှန်ပြုလုပ်သည့် မိသားစုကျမ်းစာသင်အံမှုသည် အဓိပ္ပာယ်လေးနက်၍ စိတ်ဝင်စားစရာ၊ ပျော်ရွှင်ဖွယ်ရာ မိသားစုစိတ်ဓာတ်အားတက်ဖွယ် အချိန်ဖြစ်နိုင်ပါလိမ့်မည်။ သင့်သားသမီးများ၏နှလုံးကို ထိမိရန် အချိန်ကုန်ခံပါ။ (သု. ၂၃:၁၅) ဤအချိန်တွင် အိမ်ထောင်စုအများသည် ပတ်စဉ်ကင်းမျှော်စင် သင်တန်းအတွက် ပြင်ဆင်ကြသည်ဖြစ်သော်လည်း တစ်ခါတစ်ရံ မိသားစု အထူးလိုအပ်ရာကို သုံးသပ်ဆင်ခြင်လျှင် အားရှိစရာဖြစ်ပါလိမ့်မည်။ ရှုထောင့်မေးခွန်းများမေးခြင်းနှင့် မိသားစုအဝင် တစ်ဦးစီ၏စကားများကို နားထောင်ခြင်းသည် သိသင့်သိအပ်ရာများကို သိရှိစေရုံမက ပြန်လည်လန်းဆန်းမှုလည်း ပေးပါလိမ့်မည်။ အိမ်သူအိမ်သားတိုင်းကို အကျိုးပြုမည့် သင်အံမှုကို ကျင်းပခြင်းသည် အိမ်ထောင်ဦးစီးအတွက် စိန်ခေါ်ချက်တစ်ရပ်ဖြစ်ပါသည်။ သို့သော် ဝိညာဉ်ရေးဘက် အားလုံး ကြီးထွားတိုးတက်ခြင်းသည် အလွန်အားရစရာပင်! အားလုံးကို ပါဝင်ပတ်သက်စေခြင်းအားဖြင့်ဝိညာဏ ပျော်ရွှင်လွှမ်းမိုးမှုဖြစ်စေပါလိမ့်မည်။

၂၆ ယခုပင် မေတ္တာပါပါ အထူးအာရုံစိုက် လေ့ကျင့်သွန်သင်ပေးခြင်းသည် သင့်သားသမီးများ၏ အသက်ကယ်ဆယ်ရေးအတွက် အရေးကြီးပါသည် (သု. ၂၂:၆) ယင်းကို မှတ်မိစွဲလန်းလျှင် ဤသွန်သင်မှုသည် အရေးတကာ့အရေးအကြီးဆုံးဖြစ်ကြောင်း သဘောပေါက်ရန် လွယ်ကူပါမည်။ ဤထူးခြား၍ အရေးကြီးသောတာဝန်ကို သင်တစ်ဦးတစ်ယောက်တည်းဆောက်ရွက်သည်ဟူ၍ မယူမှတ်ပါနှင့်။ အိမ်ထောင်ရေးတာဝန်များကို ပြုစုဆောင်ရွက်ရာတွင် ယေဟောဝါ၏လမ်းပြညွှန်ကြားမှုကို အားကိုးအားထားပြုရန် သင်ယူပါ။ ထို့ထက်မကပါ။ အကူအညီပေးနိုင်မည့်သူ မြောက်မြားစွာရှိပါသေးသည်။

၂၇ အကူအညီပေးရန် အခြားသူများ ဘာပြုလုပ်နိုင်– နိုင်ငံတော်ခန်းမတွင် လူငယ်များလုပ်ကိုင်နိုင်စရာများကို အကြီးအကဲများတင်ပြပြောဆိုပါ။ သူတို့မိဘများ၏ခွင့်ပြုချက်ဖြင့် နိုင်ငံတော်ခန်းမ သန့်ရှင်းရေး၊ ထိုင်ခုံများ စီခြင်း၊ အသံချဲ့စက်ကို ပြန်သိမ်းဆည်းခြင်း၊ ကျွန်ုပ်တို့၏နိုင်ငံတော် ဓမ္မအမှု နှင့် သီအိုကရက်တစ်ဓမ္မအမှုဆောင်ကျောင်း တာဝန်ခန့်အပ်လွှာများ ဝေငှပေးရန် အကူအညီပေးစေနိုင်သည်။ အသင်းတော်အစည်းအဝေးများတွင် ငယ်ရွယ်စဉ်ကတည်းက ပါဝင်ကြရန် ကလေးများကို အားပေးပါ။ လုပ်ငန်းတော် အစည်းအဝေးတွင် တာဝန်ကျသော အကြီးအကဲများနှင့် ဓမ္မအမှုဆောင်များသည် ထောင်နေသည့် လက်ကလေးများကို အထူးသတိပြုသင့်သည်။ သရုပ်ပြပွဲများတွင် လူငယ်များကို သူတို့မိဘများနှင့်ပါဝင်စေရန် အခွင့်ကောင်းများရှာယူပါ။ သူတို့အား လူတွေ့ခေါ်မေး၍ စကားတစ်ခွန်းနှစ်ခွန်း ပါဝင်ပြောဆိုရန်အခွင့်ရေးများပေးပါ။

၂၈ သူတို့၏ကြိုးပမ်းမှုများကို လျစ်လျူမရှုပါနှင့်။ လူငယ်များသည် အသင်းတော်တွင် အကျိုးများစွာပြုခဲ့ပါပြီ။ သူတို့၏ကောင်းသောအကျင့်အားဖြင့် ‘ကယ်တင်တော်မူသောအရှင် ဘုရားသခင်၏သြဝါဒကို တန်ဆာဆင်’ ခဲ့သူမြောက်မြားစွာရှိပါသည်။ (တိ. ၂:၆-၁၀) အသေးအဖွဲကိစ္စ၌ပင်လျှင် ပါဝင်ကူညီခဲ့သော ငယ်ရွယ်သူများကို ချီးမွမ်းပေးရန် လိုကြောင်း အမြဲသတိပြုပါ။ ယင်းသို့ပြုခြင်းကား ကြိုတင်ပြင်ဆင်ရန် သူတို့အား တိုက်တွန်းမှုဖြစ်သည်။ နောက်နောင်လည်း ထိုသို့ပြုလုပ်ရန် ဆန္ဒရှိစေပါသည်။ ဤစိတ်ဝင်စားမှုမျိုးကို တန်ဖိုးဖြတ်မရပါ။ သင်သည် အကြီးအကဲတစ်ဦး၊ ဓမ္မအမှုဆောင်တစ်ဦးအနေနှင့် အသင်းတော်ရှိ ငယ်ရွယ်သူများထံသွား၍ ဟောပြောချက်တစ်ခု၊ စည်းဝေးတွင် ပါဝင်တင်ပြခဲ့သည့်သရုပ်ပြပုံတစ်ခုကို ချီးမွမ်းဖူးပါသလော။

၂၉ အသင်ရှေ့ဆောင်များ၊ အကူအညီပေးရန် ဘာလုပ်နိုင်မည်နည်း။ သင့် နေ့လည်ချိန်နှင့် စနေတနင်္ဂနွေအစီအစဉ်တွင် ကျောင်းနေရွယ်ကလေးများကို မည်သို့ပါဝင်စေနိုင်မည်ကို ပြန်သုံးသပ်ကြည့်ပါ။ အချိန်ပြည့်လုပ်ငန်း သင်ရွေးချယ်လုပ်ကိုင်ခဲ့ခြင်းကို အပြုသဘောပါစွာ ပြောဆိုသလော။ ဓမ္မအမှုတွင် သင်အမှန်ပျော်ရွှင်မှုရကြောင်းကို မျက်နှာထားဖြင့် ပေါ်လွင်စေပါသလော။ အထူးသဖြင့် ငယ်ရွယ်သူ သူတစ်ပါးအား ယင်းလုပ်ငန်းကိုလုပ်ကိုင်ရန် အမြဲအားပေးပါသလော။ တစ်အိမ်မှတစ်အိမ် အမှုဆောင်ရာတွင် သင့်အပြောအဆိုသည် တည်ဆောက်မှုဖြစ်ပြီး အပြုသဘောပါသလော။ သို့ဖြစ်လျှင် ရှေ့ဆောင်တစ်ဦးအနေနှင့် ဤအရေးအကြီးဆုံးသော လေ့ကျင့်ပေးရေးလုပ်ငန်းတွင် သင် ပါဝင်နေပါသည်။

၃၀ ငယ်ရွယ်သူများကို လေ့ကျင့်ပေးရန် အရေးကြီးသည့်လုပ်ငန်းဖြစ်ကြောင်း အသင်းတော်ရှိသူအားလုံး သတိပြုသင့်သည်။ သူတို့နှင့်အတူ လယ်ကွင်းလုပ်ငန်း၌ပါဝင်ရန် အသေအချာ စီစဉ်နိုင်မည်လော။ တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ဟောပြောနိုင်မည့်နည်းတစ်နည်းကို သူတို့နှင့် လေ့ကျင့်ထားနိုင်ပါမည်လော။ အတူတကွ ဓမ္မအမှုဆောင်ရွက်ရာတွင် ဆက်၍လုပ်ကိုင်နိုင်သည့် ဝိညာဏလုပ်ငန်းများအတွက် အားပေးတည်ဆောက်နိုင်သည့် အခွင့်အရေးများကို သတိပြုမိပါသလော။ လူငယ်၏ ထာဝရအကျိုးဖြစ်စေမည့် ဝိညာဏပန်းတိုင်များ ထားကြရန် အပြုသဘောပါ စကားတစ်ခွန်းမျှဖြင့်ပင် အားပေးနိုင်ကြောင်း ကြေညာသူတစ်ဦးစီ သတိပြုသင့်သည်။

၃၁ လူငယ်များသည် ကိုယ့်ကိုယ်ကို အကူအညီပေးနိုင်– လူငယ်များ၊ ယေဟောဝါ၏သွန်သင်ချက်များကို အမြဲသတိပြုကာ လောကကမ်းလှမ်းရာကို ငြင်းပယ်ကြရန် သင်တို့တစ်ဦးစီကို အားပေးတိုက်တွန်းပါသည်။ သင့်အပြုအမူ နှင့် အတွင်းစိတ်သဘောများကို စစ်ဆေးကြည့်ခြင်းအားဖြင့် သင့်ကိုယ်သင် အစဉ်အမြဲစမ်းသပ်ကြည့်ပါ။ နေ့စဉ်အသက်ရှင်ရေးတွင် သင့်ထံမှ ယေဟောဝါမျှော်လင့်သည့်အရာနှင့်ပတ်သက်၍ သင့်သဘောထားကား အဘယ်နည်း။ စာတန့်အကြံအစည်များ၏သြဇာကို သင်ကြိုးစားတိုက်လှန်နေပါသလော။ လူသားတို့တွင် အထူးသဖြင့် လူငယ်များသည် သက်တူရွယ်တူ၏ နှစ်သက်သဘောကျမှုကို ရလိုစိတ်ရှိတတ်သဖြင့် အများစုနည်းတူ မကောင်းမှုကိုပြုလုပ်ရန် အသင်သွေးဆောင်ခံနေရပါသလော။ ရောမ ၇:၂၁-၂၃ တွင်တမန်တော်ပေါလုပြောထားသကဲ့သို့ပင် လောကီလမ်းစဉ်ကိုလိုက်ကြရန် တွန်းအားမည်မျှကြီးမားကြောင်းကို တမန်တော် ကောင်းစွာသဘောပေါက်ပါသည်။

၃၂ လောကဩဇာအောက်မရောက်ဘဲ လောကီအကျင့်အကြံရှိ သက်တူရွယ်တူတို့၏လမ်းစဉ်နှင့် ထူးခြားသောလမ်းစဉ်ကိုလိုက်၍ ဘုရားသခင်၏သွန်သင်ချက်များကို လိုက်နာရန် သတ္တိလိုပါသည်။ ရှေးလူများသည် ထိုသို့ အောင်မြင်စွာ ပြုမူခဲ့ကြပါသည်။ နောဧ၏ သတ္တိကို သုံးသပ်ကြည့်ပါ။ သူ၏ယုံကြည်ခြင်းနှင့် မိမိခေတ်ရှိ မတရားသဖြင့်ပြုမူသူများကို မစပ်ဆိုင်ဘဲနေခြင်းအားဖြင့် တစ်လောကလုံးကို ရှုတ်ချပြစ်တင်ခဲ့ပါသည်။ (ဟေဗြဲ ၁၁:၇) ကြိုးစားအားထုတ်ရကျိုးနပ်အောင် အပြင်းအထန်တိုက်လှန်ခုခံပါ။ စာတန့်အဖွဲ့နောက် လိုက်ပါခဲ့သော ကျောရိုးမရှိ ပျော့ညံ့၍ ကြောက်တတ်သူများကို အတုမယူပါနှင့်။ ယင်းသို့ပြုမည့်အစား ယေဟောဝါ၏မျက်နှာသာရသူများနှင့် ပေါင်းသင်းမှုပြုခြင်းကို ရှာကြံပါ။ (ဖိ. ၃:၁၇) ဘုရားသခင်ကတိထားရာ ကမ္ဘာသစ်ထဲသို့ သင်နှင့်အတူ ရင်ပေါင်တန်း၍ ချီတက်ကြမည့် အပေါင်းအသင်းများနှင့် ဝိုင်းဝန်းနေပါ။ ထာဝရအသက်သို့ပို့ဆောင်မည့် ရွေးချယ်စရာလမ်း တစ်ခုတည်းသာရှိကြောင်းကို သတိရပါ။​—မ. ၇:၁၃၊ ၁၄။

၃၃ ကျွန်ုပ်တို့၏ဘုရားသခင်ကို ချီးမွမ်းဂုဏ်တင်ကြသောလူငယ်များ၌ ကျွန်ုပ်တို့ရွှင်လန်းကြမည်ဆိုလျှင် ယင်းကို ကိုယ်တော်မည်မျှ အားရလိမ့်မည်အကြောင်း စဉ်းစားကြည့်ပါ! ယေဟောဝါ၏ကြီးမြတ်သောရည်ရွယ်တော်မူချက်များကို လူငယ်များ အပြည့်အဝပါဝင်ကြွေးကြော်ခြင်း၌ ကိုယ်တော်ရွှင်လန်းအားရလိမ့်မည်ကား သံသယရှိစရာမလိုပါ။ သူတို့သည် ကိုယ်တော်ထံမှ “အမွေဥစ္စာ” ဖြစ်ကြပါသည်။ သင်တို့အား အကောင်းဆုံးကိုသာ သူရစေလိုတော်မူသည်။ (ဆာ. ၁၂၇:၃-၅; ၁၂၈:၃-၆) ခမည်းတော်နည်းတူပင် ခရစ်တော်ယေရှုသည်လည်း ကလေးငယ်များနှင့် ပေါင်းသင်းခြင်းမှ ရွှင်လန်းမှုရရှိခဲ့၍သူတို့လေးတွေ ယေဟောဝါအား ဝတ်ပြုကြရန် အချိန်ယူအားပေးစကားပြောဆိုတော်မူခဲ့သည်။ သူတို့အား ကြင်နာမှုပြတော်မူခဲ့သည်။ (မာ. ၉:၃၆၊ ၃၇; ၁၀:၁၃-၁၆) ကျွန်ုပ်တို့၏လူငယ်များကို ယေဟောဝါနှင့်ခရစ်တော်ယေရှု ယူမှတ်သကဲ့သို့ ကျွန်ုပ်တို့လည်း ယူမှတ်ကြပါသလော။ သူတို့လေးများ၏ သစ္စာတည်ကြည်မှုနှင့် ကောင်းသောပုံသက်သေကို ယေဟောဝါရှင်နှင့် ကောင်းကင်တမန်များ မည်သို့သဘောထားကြောင်း ကျွန်ုပ်တို့လူငယ်များ ကောင်းစွာသိရှိကြပါသလော။ ဝိညာဏပန်းတိုင်များထား၍ လက်လှမ်းမီရန် ကြိုးစားခြင်းအားဖြင့် ယေဟောဝါ၏နှုလုံးကို ရွှင်လန်းစေကြရန် ချီးမွမ်းအားပေးသင့်ပါသည်။ လူငယ်များ၊ အားထုတ်ရကျိုးနပ်ပါလိမ့်မည်။ သို့ပြုခြင်းဖြင့် ယခုနှင့် လာလတ္တံ့သောနှစ်ပေါင်းများစွာတွင် အသင် ကောင်းချီးများစွာ ခံစားရလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ