ငယ်ရွယ်သူများသည် ပုံသက်သေကောင်း လိုနေ
၁ ‘ယေဟောဝါ၏နာမတော်ကို ချီးမွမ်း’ နေသည့် လူငယ်များအရေအတွက် တိုးများလာနေသည်ကို တွေ့ရှိရ၍ ကျွန်ုပ်တို့ဝမ်းသာအားရပါသည်။ (ဆာ. ၁၄၈:၁၂၊ ၁၃) သူတို့အများစုမှာ အလွန်ငယ်ရွယ်ကြသေးသည်။ သူတို့၏တိုးတက်မှုသည် သူတို့မိဘများနှင့် အသင်းတော်ရှိ အခြားအသက်ပိုကြီးသူတို့၏ လေ့ကျင့်မှုနှင့် ပုံသက်သေပေါ် များစွာမူတည်သည်။ သို့ရာတွင် လျစ်လျူမရှုနိုင်သည့်အရာကား အခြားလူငယ်များဖြစ်သည့် အထူးသဖြင့် အနည်းငယ်ပိုအသက်ကြီးသည့် ဆယ်ကျော်သက်တို့နှင့် လူရွယ်များ ညောင်းသော ဩဇာပင်ဖြစ်သည်။ သင်သည် ဤအသက်အရွယ်ရှိသူတို့အဝင်ဖြစ်ပါက ဤအချက်အလက်များသည် သင့်အတွက် အကျိုးရှိပေမည်။
၂ ဆယ်ကျော်သက်အရွယ် မရှိသေးသော လူငယ်များသည် မိမိတို့ထက်ကြီးသော ဆယ်ကျော်သက်များကို အတုယူတတ်ကြသည်။ သူတို့သဘောကျသော အပေါင်းအသင်းများနှင့် တူလိုတတ်ကြသည်။ သိနားလည်ပုံပေါက်သော၊ ပို၍တိုးတက်ပုံရှိသော ပိုအသက်ကြီးသည့် အခြားလူငယ်များကို စံထားတတ်ကြသည်။ ရလဒ်အဖြစ် သင့်အပြောအဆို၊ သင့်အပြုအမူနှင့် ဝိညာဉ်ရေးရာကို သင်တန်ဖိုးထားပြီး အသင်းတော်တွင် ပါဝင်ဆောင်ရွက်ပုံတို့ကို အတုယူကောင်းယူလိမ့်မည်။
၃ ပိုအသက်ကြီးသော ဆယ်ကျော်သက်တစ်ဦးအနေနှင့် အသင်၌ အခွင့်အရေးရှိရုံမက ကြီးလေးသောတာဝန် ရှိပါသည်။ ယခုပင်လျှင် သင့်ပုံသက်သေသည် သင်ထက်အသက်ငယ်သော အပေါင်းအသင်းများကို ဩဇာညောင်းနေမည်။ မိမိကိုယ်ကို မေးကြည့်ပါ၊ ‘ပိုငယ်သူတို့အတွက် အကျွန်ုပ်အဘယ်သြဇာ ညောင်းအောင်ပြုနေသနည်း။ အကျွန်ုပ်သည် အလေးအနက်သဘောထားပြီး မိုက်မဲမှုနှင့် “လူပျိုတို့၏တပ်မက်” မှုအမှားများကို ရှောင်ကြဉ်နေသလော။” အကျွန်ုပ်မိဘများ၊ အကြီးအကဲများနှင့် ပိုအသက်ကြီးသောအခြားသူတို့၏စကားကို နားထောင်ပြီး ရိုသေလေးစားကြောင်းပြသပါသလော။ (၂ တိ. ၂:၂၂; ကော. ၃:၂၀) သင့်အား ဂရုပြုနေသော ပိုငယ်ရွယ်သည့် အခြားသူတို့၏ ဝိညာဏတိုးတက်မှုအတွက် သင့်အပြောအဆို၊ အပြုအမူသည် များစွာတာသွားပေမည်။
၄ နိုင်ငံတော်သတင်းဟောပြောခြင်းသည် အသင်းတော်၏ အဓိကလုပ်ငန်းဖြစ်သည်။ ဤလုပ်ငန်းတွင် အသင် တလိုတလားနှင့် မှန်မှန်ပါဝင်နေခြင်းက ယင်း၌ သင့်သူငယ်ချင်းများ တက်ကြွစွာပါဝင်ရန် အားပေးမှုဖြစ်နိုင်သည်။ ရှေ့ဆောင်လုပ်ငန်းတွင် သင်ပါဝင်နိုင်မည်ဆိုလျှင် သင့်သူငယ်ချင်းများလည်း ထပ်တူပြုလုပ်လိုကြမည်။ အစည်းအဝေးတွင် ပါဝင်ဖြေဆိုခြင်း၊ နိုင်ငံတော်ခန်းမတွင် လိုအပ်သလို ဝိုင်းဝန်းကူညီခြင်းသည်လည်း ပုံသက်သေကောင်း ဖြစ်ပေမည်။
၅ အောက်ပါအကြံပြုချက်ကို တိမောသေအား ပေါလုပေးခဲ့ချိန်တွင် သူသည် ဆယ်ကျော်သက်အရွယ် မဟုတ်တော့သော်လည်း အသင်ဆယ်ကျော်သက်များ လိုက်နာကျင့်သုံးနိုင်ပါသည်– “သင်၏အသက်အရွယ် နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင် မပြုစေနှင့်။ စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ သူတစ်ပါးကို ချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ၊ ယုံကြည်သောသူတို့အား ပုံသက်သေကို ပြလော့” (၁ တိ. ၄:၁၂) ယေဟောဝါ၏လုပ်ငန်းတော်တွင် သင်အားတက်သရော စိုလ်းအကြွင်းမဲ့ပါဝင်ခြင်းသည် သင့်အပေါင်းအသင်းများနှင့် သင့်အားဂရုစိုက်နေသည့် ငယ်ရွယ်သူများ ဝိညာဉ်ရေးတွင် ကြီးရင့်သောသူများ ဖြစ်လာနိုင်ရေးအတွက် လှုံ့ဆော်အားပေးမှုဖြစ်မည်။ (ဧ. ၄:၁၃) သင်အံမှု စတင်ပြုလုပ်ရုံသာရှိသော မိသားစုအဝင်ဖြစ်သည့် ဆယ်ကျော်သက်များသည် သင့်ကိုသဘောကျသဖြင့် သမ္မာတရားကို နှစ်သက်လာပေမည်။
၆ ထိုထက်အရေးကြီးသည်ကား ဘုရားရေးရာအရည်အချင်းများကို ဝီရိယရှိရှိ တင်ပြခြင်းအားဖြင့် ယေဟောဝါနှင့် ကိုယ်တော်၏အဖွဲ့အစည်းအပေါ်ဂုဏ်သရေရှိစေနိုင်ပါသည်။ (သု. ၂၇:၁၁) သင်သည် လောကရှိ လူငယ်များနှင့်မတူ အလွန်ကွာခြားကြောင်းကို စိတ်ရင်းမှန်ဖြင့် သင့်အား ဂရုစိုက်ရှုစားနေသူများသည် အံ့သြကြလိမ့်မည်။ ထိုကြောင့် ယေဟောဝါ၏ ဘုန်းထင်ရှားရေးတွင် အသင်သည် တန်ဖိုးရှိစွာ ပါဝင်ဆောင်ရွက်နေစဉ် သင့်ထက် ပိုငယ်ရွယ်သူများကို ကူညီပေးရန် ထူးခြားသောအခွင့်အရေး အသင်၌ ရှိသည်။—ဆာ. ၇၁:၁၇။