ဆက်၍အပြုသဘောရှိပါ
၁ နိုင်ငံပေါင်းများစွာတွင် ဖြစ်ပျက်နေသည့် အံ့သြဖွယ်တိုးတက်မှုများအကြောင်း ဖတ်ရှုရခြင်းသည် မည်မျှပီတိဖြစ်စရာပါတကား! သို့တိုင် အချို့နေရာများတွင် ကျွန်ုပ်တို့၏ ဟောပြောခြင်းလုပ်ငန်းကို ဥပေက္ခာပြုခြင်း၊ စိတ်မဝင်စားခြင်း သို့မဟုတ် အတိုက်အခံပြုခြင်းကို နိုင်ငံတော် ကြေညာသူများ မကြာခဏတွေ့ကြုံနေရကြောင်း သိရှိရသည်။ ကျွန်ုပ်တို့ရပ်ကွက်တွင် ဤအတိုင်းဖြစ်နေပါက ဆက်၍အပြုသဘောရှိရန် မည်သို့ပြုလုပ်နိုင်မည်နည်း။ ပျော်ရွှင်မှု ပျောက်ပျက်စေသည့် အပြုသဘောမပါသောစိတ်ထား၊ သို့မဟုတ် တပည့်ဖြစ်စေခြင်းလုပ်ငန်း၌ ဇွဲလျော့နည်းစေသည့်စိတ်ထား မပေါ်လာရန် မည်သို့ပြုလုပ်နိုင်မည်နည်း။
၂ အပြုသဘောရှိခြင်းက ဟန်ချက်ညီသောအမြင်ရှိနေရန် အကူအညီပေးမည်။ မလွယ်ကူသောအခြေအနေများ ကြုံရသည့်တိုင်အောင် အဖျက်သဘော၏ လွှမ်းမိုးမှုကို မခံသင့်ပါ။ ကျွန်ုပ်တို့အတွက် ယေရှုသည် ပုံသက်သေကောင်းဖြစ်သည်။ ကိုယ်တော်၏သွန်သင်မှုကို လက်ခံသူ အလွန်နည်းသည်။ အချို့သူများသည် ထိမိ၍လဲခဲ့ကြသည်။ ခံနိုင်ရည်ကို စုံစမ်းသောအခြေအနေများစွာနှင့် ကိုယ်တော်ကြုံတွေ့တော်မူခဲ့သည်။ ဘာသာရေးခေါင်းဆောင်များကလည်း ကိုယ်တော်၏လုပ်ငန်းကို ပြစ်တင်ရှုတ်ချပြီး သတ်ပစ်ဖို့ရန် ကြံစည်ခဲ့ကြသည်။ ကိုယ်တော်သည် တံတွေးထွေးခံခဲ့ရသည်၊ ပါးရိုက်ခံရသည်၊ ကဲ့ရဲ့ခံရသည်၊ ရိုက်နှက်ခံရသည်၊ နောက်ဆုံးတွင် အသတ်ခံခဲ့ရသည်။ သို့ဖြစ်ခဲ့လျက်ပင် လုပ်ငန်းတော်၌ ကိုယ်တော်ပျော်ရွှင်မှုရှိခဲ့သည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင့်အလိုတော်ဆောင်ခြင်းသည် အရေးကြီးကြောင်း အသိအမှတ်ပြုကာ အရှုံးပေးတော်မမူခဲ့ချေ။—ယော. ၄:၃၄; ၁၃:၁၇; ဟေ. ၁၂:၂။
၃ ကျွန်ုပ်တို့၏ဓမ္မအမှုနှင့်စပ်လျဉ်း၍ အမြင်မှန်ရှိခြင်း– ထိုသို့ပြုရန် သိရှိထားရမည့် အချက်အလက်များစွာရှိသည်။ လူအများစု ဥပေက္ခာပြုသော သို့မဟုတ် အတိုက်အခံပြုသော သတင်းတရားကို ကျွန်ုပ်တို့ဟောပြောနေကြကြောင်း သတိရပါ။ (မ. ၁၃:၁၄၊ ၁၅) ယေရှု၏နာမကိုအမှီပြု၍ မဟောကြရန် တမန်တော်များ အမိန့်ရခဲ့သော်လည်း ဟောပြောခြင်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသောကြောင့် အကျိုးများစွာဖြစ်ထွန်းလေသည်။ (တ. ၅:၂၈၊ ၂၉; ၆:၇) အချို့ရပ်ကွက်များတွင် နားထောင်မည့်သူ အလွန်နည်းလိမ့်မည်ဟု ကျွန်ုပ်တို့ကြိုတင် သိရှိထားကြသည်။ (မ. ၇:၁၄) ထို့ကြောင့် ရပ်ကွက်တွင် နားထောင်သူ တစ်ဦးတည်းကိုသာ တွေ့ဆုံရဦးတော့ အလွန်ဝမ်းသာကြရသည်။ အတိုက်အခံပြုသူများပင်လျှင် ကြားနာခွင့်ရကြမည်ဖြစ်ကြောင်း သတိရပါ။ (ယေဇ. ၃၃:၈) အတိုက်အခံပြုသူအချို့သည် နောက်ဆုံး ပြောင်းလဲလာပြီး ယေဟောဝါကိုဝတ်ပြုသူများ ဖြစ်လာကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ဓမ္မအမှုကို အမြင်မှန်ဖြင့် ကြည့်သော် လူနည်းစုသာ နားထောင်ဦးတော့ ဖြစ်မြောက်အောင်မြင်သည်ဟု ခံစားရသည်။ ဘုရားသခင့်နိုင်ငံတော်သတင်းကို အိမ်တိုင်းလိုက်ဟောပြောခြင်းက ယင်း၏သက်သေသာဓကဖြစ်သည်။—ယေဇ. ၂:၄၊ ၅။
၄ ကျွန်ုပ်တို့တွင် အပြုသဘောရှိနိုင်ရန် အကြောင်းကောင်းရှိသည်။ ဤကမ္ဘာချီလုပ်ငန်း တိုးတက်ကြီးပွားခြင်း၊ ကြီးစွာသောဒုက္ခနီးကြောင်း သာဓကများ တိုးများလာခြင်းတို့က ဘုရားဝတ်၌ မွေ့လျော်သောစိတ်ထားနှင့် အတတ်နိုင်ဆုံးကြိုးစားကြရန် လှုံ့ဆော်မှုဖြစ်သင့်သည်။ (၂ ပေ. ၃:၁၁၊ ၁၄) ဩဂုတ်လအတွင်း ဇွဲလုံ့လနှင့် လုပ်ဆောင်ခြင်းအားဖြင့် တတ်သိလာသမျှကို ကျွန်ုပ်တို့တန်ဖိုးထားလေးမြတ်ကြောင်း တင်ပြနိုင်သည့် နည်းလမ်းကောင်းဖြစ်သည်။ အသင်းတော်နှင့်ပေါင်းသင်းခါစ လူသစ်များလည်း သူတို့သင်ယူနေသောအရာများကို အသုံးပြုခြင်းနှင့်ပတ်သက်၍ အပြုသဘောရှိစိတ်ထား သူတို့၌ရှိကြောင်းကို တင်ပြစေလိုပါသည်။ ကျွန်ုပ်တို့နှင့် ကျမ်းစာလေ့လာနေသူအချို့သည် နှစ်ခြင်းမယူရသေးသော ကြေညာသူများဖြစ်ကြရန် အသင့်ရှိသည်အထိ တိုးတက်လာကြပြီဆိုလျှင် ကြေညာသူဖြစ်လာကြရန် အစပြုဖို့ ဩဂုတ်လသည် အကောင်းဆုံးလဖြစ်သည်။
၅ ကြေညာသူများအနေနှင့်ဖြစ်စေ၊ ရှေ့ဆောင်များအနေနှင့်ဖြစ်စေ ကျွန်ုပ်တို့ထံမှ ယေဟောဝါတောင်းဆိုသောအရာသည် ဝန်ထုပ်ဝန်ပိုးမဟုတ်ကြောင်းကို စွဲမှတ်ထားခြင်းက များစွာအကူအညီဖြစ်သည်။ (၁ ယောဟန် ၅:၃) ကျွန်ုပ်တို့အား ကိုယ်တော်မစတော်မူမည်ဟု ကတိတော်ရှိသည်။ (ဟေ. ၁၃:၅ခ၊ ၆) လူအများစုက စိတ်ဝင်စားမှုနည်းမည်၊ ဥပက္ခောပြုမည် သို့မဟုတ် ငြင်းဆိုမည်ဖြစ်သော်လည်း အပြုသဘောနှင့် ဆက်လက်ဟောပြောနေကြရန် ဘုရားသခင် အလိုရှိတော်မူသောကြောင့် ထိုသို့ပြုမူကြရမည်။—၁ တိ. ၂:၃၊ ၄။