ဟောပြောခြင်း—ဂုဏ်အသရေရှိအခွင့်ထူး
၁ သတင်းကောင်းဟောပြောခြင်းသည် ယေဟောဝါပေးသနားတော်မူသော ဂုဏ်အသရေရှိအခွင့်ထူးဖြစ်သည်။ (ရော. ၁၅:၁၆; ၁ တိ. ၁:၁၂) သင်ဤသို့ယူမှတ်သလော။ ကုန်လွန်ခဲ့သည့်အချိန်ကာလကြောင့်ပင်ဖြစ်စေ၊ ကဲ့ရဲ့ခံရခြင်းကြောင့်ပင်ဖြစ်စေ ဤအရေးကြီးသောလုပ်ငန်းကို အထင်မသေးသင့်ပေ။ ဘုရားသခင်၏နာမတော်ကို လူနည်းစုသာလျှင်ခံယူခွင့်ရရှိထားသည်။ ဤဂုဏ်အသရေရှိအခွင့်အရေးကို မည်သို့ပိုမိုတန်ဖိုးထားနိုင်မည်နည်း။
၂ နိုင်ငံတော်သတင်းဟောပြောခြင်းကြောင့် လောကနှင့်ပနံစားမည်မဟုတ်။ လူအများက ကျွန်ုပ်တို့လုပ်ငန်းကိုစိတ်မဝင်စား၊ ဥပေက္ခာပြုကြသည်။ ကဲ့ရဲ့ရှုတ်ချ၍ အတိုက်အခံပြုသူတို့လည်းရှိသည်။ လုပ်ဖော်ဆောင်ဖက်ချင်း၊ အိမ်နီးချင်း၊ တစ်မိသားစုထဲမှ သူတို့ပင် အတိုက်အခံပြုပေမည်။ သူတို့အမြင်၌ ကျွန်ုပ်တို့သည်လမ်းလွဲနေကာ သရော်စရာပင်ဖြစ်နေမည်။ (ယော. ၁၅:၁၉; ၁ ကော. ၁:၁၈၊ ၂၁; ၂ တိ. ၃:၁၂) ကျွန်ုပ်တို့ဇွဲပျောက်သွားပြီး အရှိန်လျှော့ပစ်ဖို့၊ ဂုဏ်အသရေရှိအခွင့်ထူးကို လက်လွှတ်လိုက်ဖို့ စိတ်ပျက်စရာစကားများကိုသူတို့ပြောဆိုကြပေမည်။ “ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား၏အရောင်သည် အလင်းကိုမပေးစေခြင်းငှာ . . . ဉာဏ်မျက်စိကိုကွယ်စေ” သောစာတန်သည် အပြုသဘောမပါသည့်အယူအဆများကို လှုံ့ဆော်ပေးသည်။ (၂ ကော. ၄:၄) ထိုအခါ မည်သို့တုံ့ပြန်သနည်း။
၃ ယနေ့ကျွန်ုပ်တို့လုပ်ကိုင်နိုင်သည့်လုပ်ငန်းတို့တွင် နိုင်ငံတော်သတင်းဟောပြောခြင်းသည် အရေးအကြီးဆုံးဖြစ်ကြောင်းကို စွဲမှတ်ထားရန်အရေးကြီးသည်။ အခြားအဘယ်နည်းဖြင့်မျှမရနိုင်သည့် အသက်ကယ်ခြင်းသတင်းကို ကျွန်ုပ်တို့ဟောပြောခွင့်ရသည်။ (ရော. ၁၀:၁၃-၁၅) လူ့အလိုမဟုတ် ဘုရားသခင်၏အလိုတော်နှင့်တွေ့ဖို့ရန်ကား အဓိကဖြစ်သည်။ ဟောပြောခြင်းလုပ်ငန်းကိုအပြုသဘောမပါသည့် လောကအမြင်က သတင်းကောင်းကိုရဲရင့်စွာဟောပြောခြင်းမှ ကျွန်ုပ်တို့အားရပ်တန့်စေနိုင်မည်မဟုတ်ပါ။—တ. ၄:၂၉။
၄ ခမည်းတော်အလိုဆောင်ရွက်ခွင့်ကို ယေရှုအလွန်တန်ဖိုးထားသည်။ (ယော. ၄:၃၄) ဓမ္မအမှုဆောင်ရွက်ခြင်းကိုသာ ကိုယ်တော်အဓိကထားပြီး အာရုံပျံ့လွင့်စေသည့်အရာများ၊ အတိုက်အခံပြုသူများကြောင့် ဇွဲမလျှော့ခဲ့ပါ။ ကိုယ်တော်.အသက်တာတွင် နိုင်ငံတော်သတင်းဟောပြောခြင်းကို အစဉ်ဦးထိပ်ထားခဲ့သည်။ (လု. ၄:၄၃) ကိုယ်တော်၏ပုံသက်သေကိုတုပရန် ကျွန်ုပ်တို့အားမိန့်မှာထားသည်။ (၁ ပေ. ၂:၂၁) ဤသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့သည် “ဘုရားသခင်ထံ၌အလုပ်လုပ်သောသူချင်း” ဖြစ်ကြသည်။ (၁ ကော. ၃:၉) ဤအခွင့်ထူးကို အပြည့်အဝအသုံးပြုနေကြပါသလော။ ထုံးစံအရလည်းကောင်း၊ အလွတ်သဘောအရလည်းကောင်း သတင်းကောင်းဟောပြောခွင့်ကိုရှာကြံနေသလော။ ယေဟောဝါသက်သေများအဖြစ် “နာမတော်ကိုဝန်ခံ” ရန်အမြဲအသင့်ရှိနေရမည်။—ဟေ. ၁၃:၁၅၊ သမ။
၅ ဓမ္မအမှုတွင် မည်မျှပါဝင်ဆောင်ရွက်ခြင်းဟူသည် ကျွန်ုပ်တို့သဘောထားအပေါ်အခြေပြုသည်။ ကျွန်ုပ်တို့အတွက် ယေဟောဝါပြုလေသမျှကို အမှန်တကယ်တန်ဖိုးထားသလော။ လုပ်ငန်းတော်တွင်အတတ်နိုင်ဆုံးပါဝင်စေသည့် ယေဟောဝါအားချစ်မြတ်နိုးသောစိတ်ကိုမွေးမြူထားသလော။ ယခုခံစားနေရသောကောင်းချီးများနှင့် ယေဟောဝါ၏အနာဂတ်ကတိတော်များကိုပါ တွေးတောဆင်ခြင်ခြင်းက ဖန်ဆင်းရှင်အား များစွာချစ်မြတ်နိုးကြောင်း တင်ပြစေသည်။ ဤချစ်ခြင်းက နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းကို အခြေအနေခွင့်ပြုသ၍ ဇွဲလုံ့လနှင့်မှန်မှန်လုပ်ကိုင်ရန် လှုံ့ဆော်တိုက်တွန်းပေးသည်။ ကျွန်ုပ်တို့၏ဇွဲကလည်း ယေဟောဝါကိုလည်းကောင်း၊ ကိုယ်နှင့်စပ်ဆိုင်သူကိုလည်းကောင်း ချစ်ကြောင်းသက်သေထူသည်။—မာ. ၁၂:၃၀၊ ၃၁။
၆ တစ်စုံတစ်ရာကို မည်မျှတန်ဖိုးထားခြင်းဟူသည် ယင်းကိုမည်သို့သုံးစွဲသည်၊ ယင်းအကြောင်းမည်သို့ပြောဆိုသည်တို့ကဖော်ပြသည်။ နိုင်ငံတော်သတင်းဟောပြောခွင့်ကို အမှန်တကယ်တန်ဖိုးထားသလော။ ဓမ္မအမှုကို ဂုဏ်တင်ပါသလော။ အတိုက်အခံများကြား ဤအရေးကြီးလုပ်ငန်းကို ဇွဲဖြင့်ဆောင်ရွက်ရန်စိတ်ပိုင်းဖြတ်ထားသလော။ ဤထူးမြတ်သောအခွင့်အရေးကို များစွာတန်ဖိုးထားမည်ဆိုလျှင် စိတ်နှလုံးအပြည့်ဇွဲလုံ့လဖြင့် အမှန်ပင်ဆောင်ရွက်ကြမည်ဖြစ်သည်။—၂ ကော. ၄:၁၊ ၇။