သူတစ်ပါးကိုစာနာမှုပြပါ
၁ ကျွန်ုပ်တို့၏ရပ်ကွက်သူရပ်ကွက်သားများနှင့် အသင့်အတင့်ရှိရန် ကျွန်ုပ်တို့အတတ်နိုင်ဆုံးကြိုးစားလိုကြသည်။ ယင်းအတွက်ကြောင့်သူတို့အားစာနာမှုပြကာ သူတို့၏အခွင့်အရေးနှင့်ခံစားချက်များကိုလေးစားဖို့လိုသည်။
၂ ယေဟောဝါသက်သေများသည် အမူအကျင့်ကောင်းသူများဖြစ်သည်ဟူ၍ လူသိများသည်။ ရပ်ကွက်တွင်လည်းကောင်း၊ ကျောင်းနှင့်အလုပ်ခွင်တွင်လည်းကောင်း၊ စည်းဝေးပွဲကြီးများတွင်လည်းကောင်း ကျွန်ုပ်တို့၏ယဉ်ကျေးသိမ်မွေ့သော စံနှုန်းများကို ချီးကျူးပြောဆိုခဲ့ကြပြီ။—သစတ အပိုင်း (၂) စာမျက်နှာ ၄၇ ရှု။
၃ အမူအကျင့်ကောင်းခြင်းတွင် ရိုးသားဖြောင့်မတ်ခြင်း၊ ဝီရိယစိုက်ထုတ်ခြင်းနှင့် စာရိတ္တကောင်းခြင်း အစရှိသည်တို့ပါဝင်သည်။ နိုင်ငံတော်ခန်းမဝန်းကျင်တွင်နေထိုင်သူများကို လေးစားခြင်းလည်းပါဝင်သည်။ အိမ်နီးနားချင်းတို့ကိုစာနာမှုမပြလျှင် အခြားနည်းများဖြင့် ဘုရားရေးရာအမူအကျင့်တင်ပြခြင်းကို ဥပေက္ခာပြုနိုင်သည်။ ကျွန်ုပ်တို့သည် “သတင်းတော်မြတ်နှင့် ထိုက်လျော်စွာပြုမူကြ” ရမည်ဟုပေါလုတိုက်တွန်းသည်။—ဖိ. ၁:၂၇၊ သမ။
၄ နိုင်ငံတော်ခန်းမအချို့အနီးအနားတွင်နေထိုင်သူတို့က စည်းဝေးတက်သူများ၏ စာနာမှုကင်းမဲ့ခြင်းအကြောင်းကို ရံဖန်ရံခါတိုင်တန်းကြသည်။ ညီအစ်ကိုညီအစ်မများသည် နိုင်ငံတော်ခန်းမရှေ့ လမ်းဘေးတွင်စုရုံးခြင်း၊ အနီးအနားရှိအိမ်များအထိကြားနိုင်လောက်အောင် အားပါးတရစကားပြောဆိုခြင်းတို့ကို ရှောင်ကြဉ်သင့်သည်။ ကလေးများကို နိုင်ငံတော်ခန်းမအတွင်းအပြင်သို့ ပြေးဝင်ပြေးထွက်ခွင့်မပြုသင့်။ မော်တော်ကားတံခါးများကို ဆင်ခြင်မှုမရှိဆောင့်ပိတ်ခြင်း၊ စက်ဘီးခေါင်းလောင်းများ၊ ကားဟွန်းများ၊ မော်တော်ဆိုင်ကယ်ဟွန်းများတီးခြင်းတို့သည် အိမ်နီးနားချင်းတို့အတွက် အနှောင့်အယှက်ဖြစ်နိုင်သည်။ ဤကဲ့သို့ပြုမူခြင်းက အသင်းတော်ကိုကဲ့ရဲ့စရာဖြစ်နိုင်သည်။ ထို့ပြင်ကားမောင်းသည်ဖြစ်စေ၊ စက်ဘီးစီးသည်ဖြစ်စေ လမ်းစည်းကမ်းအားလုံးကိုလိုက်နာသင့်သည်။—ရော. ၁၃:၁၊ ၂၊ ၅။
၅ သမ္မာကျမ်းစာက “ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြလော့” ဟုတိုက်တွန်းထားသည်။ ယင်းတွင် ယုံကြည်ခြင်းမတူသူများကို စာနာမှုပြခြင်းပါ ပါဝင်သည်။ (၁ ကော. ၁၀:၃၁-၃၃) ကျွန်ုပ်တို့သည် ‘သူ့အမှုအရာကိုရှုမှတ်’ မည်ဆိုလျှင် သူတစ်ပါးပိုင်ဆိုင်မှုကို အဆင်အခြင်ကင်းမဲ့စွာနှောင့်ယှက်မည်မဟုတ်ပါ။ (ဖိ. ၂:၄) ဒေသခံကုန်သည်များ၏စီးပွားရေးလုပ်ငန်းများကိုလည်း အနှောင့်အယှက်ဖြစ်စေမည်မဟုတ်။
၆ အသင်းတော်အတွင်းအပြင်ရှိ သူများကိုစာနာမှုပြခြင်းသည် မိမိစိတ်နှလုံးကို အထင်အရှားဖော်ပြခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏အပြောအဆိုအပြုအမူက ‘ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်’ ကြောင်းထင်ရှားစေသင့်သည်။—မ. ၇:၁၂; ၂၂:၃၉။