သင်တို့သည် အဘယ်သို့သောသူ ဖြစ်အပ်ကြသနည်း
၁ လူအပေါင်း စစ်ကြောစီရင်ခံရမည့်အချိန် နီးလာပြီ။ ၎င်းကို သမ္မာကျမ်းစာက ‘ယေဟောဝါ၏နေ့’ ဟုခေါ်ထားသည်။ ယင်းသည် လူဆိုးတို့ကို ဘုရားသခင်တရားစီရင်မည့်အချိန်ဖြစ်သည်; ဖြောင့်မတ်သောသူတို့ကို ကယ်တင်မည့်အချိန်လည်းဖြစ်သည်။ ထိုအခါ အသက်ရှင်သူအပေါင်းသည် သူတို့အသက်ရှင်နေထိုင်ခဲ့ပုံနှင့်အညီ စစ်ကြောစီရင်ခြင်းခံရမည်ဖြစ်သည်။ ယင်းကိုရည်စောင်ပြီး ပေတရုက စူးစမ်းစစ်ဆေးသည့် မေးခွန်းကို ဤသို့မေးသည်– “သင်တို့သည် . . . အဘယ်သို့သောသူ ဖြစ်အပ်ကြသနည်း။” ‘သန့်ရှင်းသောအကျင့် ကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယေဟောဝါ၏နေ့ကို မျှော်လင့်တောင့်တခြင်း’ ရှိသည့်အပြင် ‘အညစ်အကြေးနှင့်ကင်းစင်၍ အဘယ်အပြစ်မျှမပါဘဲ ငြိမ်ဝပ်စွာနေ’ ဖို့အရေးကြီးကြောင်း အလေးအနက်ဖော်ပြသည်။—၂ ပေ. ၃:၁၁-၁၄။
၂ သန့် ရှင်းသောအကျင့် ကျင့်ခြင်းနှင့် ဘုရားဝတ်၌မွေ့လျော်ခြင်း– သန့်ရှင်းသောအကျင့်များတွင် ကျမ်းစာမူကိုလေးစားကြောင်း ထင်ရှားပြသည့် နမူနာယူထိုက်သောအကျင့်များပါဝင်သည်။ (တိ. ၂:၇၊ ၈) ခရစ်ယာန်တစ်ဦးသည် အတ္တဆန်သော ကိုယ်ကာယ၏တပ်မက်ခြင်းစိတ်ကလှုံ့ဆော်သည့် လောကီအကျင့်ကို ရှောင်ကြဉ်ရမည်။—ရော. ၁၃:၁၁၊ ၁၄။
၃ “ဘုရားဝတ်၌မွေ့လျော်ခြင်း” သည် “ဘုရားသခင်၏နှစ်လို့ဖွယ်အရည်အချင်းများကို အလွန်တန်ဖိုးထားလေးမြတ်ခြင်းမှဖြစ်ပေါ်လာသည့် ဘုရားသခင်ကိုတွယ်တာခြင်း” ဖြစ်သည်ဟု ဖော်ပြထားသည်။ ဓမ္မအမှုကို ဇွဲရှိရှိဆောင်ရွက်ခြင်းသည် ဤအရည်အချင်းကို ထူးခြားထင်ရှားစွာတင်ပြနည်းတစ်နည်းဖြစ်သည်။ ဟောပြောခြင်းလုပ်ငန်း၌ ကျွန်ုပ်တို့ပါဝင်သည့်အကြောင်းရင်းမှာ တာဝန်ကျေပွန်ဖို့အတွက်သာမဟုတ်ဘဲ ယေဟောဝါကို အလွန်ချစ်မြတ်နိုးခြင်းကြောင့်ဖြစ်သည်။ (မာ. ၁၂:၂၉၊ ၃၀) ဤကဲ့သို့သောမေတ္တာ၏ လှုံ့ဆော်မှုကိုခံရသောကြောင့် ကျွန်ုပ်တို့၏ဓမ္မအမှုသည် ဘုရားဝတ်၌မွေ့လျော်ခြင်းကို အလေးအနက်တင်ပြခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ခံယူကြသည်။ ဘုရားသခင်ကိုအမြဲမြတ်နိုးရမည်ဖြစ်သောကြောင့် ဟောပြောခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့မှန်မှန်ပါဝင်သင့်သည်။ ကျွန်ုပ်တို့၏ပတ်စဉ်လုပ်ငန်းဆောင်တာအစီအစဉ်တွင် ယင်းလုပ်ငန်းမပါဝင်လျှင်မဖြစ်ပါ။—ဟေဗြဲ ၁၃:၁၅။
၄ ယေဟောဝါ၏နေ့ရက်ကို “မျှော်လင့်တောင့်တ” နေခြင်းဟူသည့်အဓိပ္ပာယ်မှာ ကျွန်ုပ်တို့နေ့စဉ်တွေးတောသည့်အရာများတွင် ယင်းကိုအဓိကထားခြင်း၊ ဘယ်သောအခါမျှ ယင်းကိုကျွန်ုပ်တို့အသက်တာတွင် အသေးအဖွဲကိစ္စဟုသဘောထားကာ ဘေးဖယ်မထားခြင်းဖြစ်သည်။ နိုင်ငံတော်ရေးရာများကို ရှေ့ ဦးထားခြင်းကိုဆိုလိုသည်။—မ. ၆:၃၃။
၅ အညစ်အကြေးနှင့်ကင်းစင်၍ အဘယ်အပြစ်မျှမပါဘဲ၊ ငြိမ်ဝပ်စွာနေခြင်း– လူအုပ်ကြီးအဝင်အနေနှင့် ကျွန်ုပ်တို့သည် ‘ဝတ်လုံများကို သိုးသငယ်၏အသွေး၌လျှော်၍ ဖြူစေ’ ခဲ့ပြီ။ (ဗျာ. ၇:၁၄) ထို့ကြောင့် “အညစ်အကြေးနှင့်ကင်းစင်” သည်ဟူသည့်အဓိပ္ပာယ်ကား ကျွန်ုပ်တို့၏သန့်ရှင်းသော ဆက်ကပ်အပ်နှံထားသည့်ဘဝကို လောကအညစ်အကြေးများနှင့် မစွန်းထင်းရန် အမြဲသတိထားရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ခရစ်ယာန်ဥပဓိရုပ်ကို ဘုရားတရားကင်းမဲ့သော လောကီစည်းစိမ်နောက်လိုက်ခြင်းဖြင့် ပုံပျက်သွားစေမည့်အစား မိမိကိုယ်ကို “အဘယ်အပြစ်မျှမရှိ” ရန် ဂရုစိုက်မည်။ (ယာ. ၁:၂၇; ၁ ယော. ၂:၁၅-၁၇) လူအပေါင်းတို့နှင့် ဆက်ဆံရာတွင် “ဘုရားသခင်၏ငြိမ်သက်ခြင်း” ကိုထင်ရှားပြခြင်းအားဖြင့် ကျွန်ုပ်တို့သည် “ငြိမ်ဝပ်စွာနေ” ကြောင်းသက်သေထူသည်။—ဖိ. ၄:၇; ရော. ၁၂:၁၈; ၁၄:၁၉။
၆ လောကီအညစ်အကြေးကို အောင်မြင်စွာ ရှောင်ကြဉ်နိုင်မည်ဆိုလျှင် ယေဟောဝါစီရင်ချက်ချထားတော်မူသည့် “လောကီပုံသဏ္ဌာန်ကို” ဘယ်သောအခါမျှ “ဆောင်” မည်မဟုတ်ပါ။ ယင်းအစား ကျွန်ုပ်တို့၏ကောင်းမွန်သောအကျင့်များက “ဘုရားသခင်၏အမှုတော်ကိုဆောင်သောသူ၊ မဆောင်သောသူတို့ကို” ပိုင်းခြားသိမြင်နိုင်ရန် အခြားသူများအား အကူအညီပေးပါလိမ့်မည်။—ရော. ၁၂:၂; မာလ. ၃:၁၈။
၇ ကျွန်ုပ်တို့အားလုံးသည် ဝိညာဏလန်းဆန်းမှုရရှိပြီး ဘုရားဝတ်၌မွေ့လျော်ကြောင်းကို ပိုမိုတင်ပြနိုင်ရန် “ရွှင်လန်းသောချီးမွမ်းသူများ” ခရိုင်စည်းဝေးပွဲကြီးကို တက်ရောက်ဖို့ စိတ်အားထက်သန်သင့်သည်။ လူသစ်မြောက်မြားစွာလည်း ဤစိတ်ဆန္ဒရှိဖို့လိုသည်။ ဩဂုတ်လအတွင်း လယ်ကွင်းလုပ်ငန်း၌ ပါဝင်ရန် သူတို့ကိုအကူအညီပေးခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကောင်းချီးတစ်ရပ်ဖြစ်နိုင်သည်။
၈ အသိစိတ်ဖြင့် “ကောင်းသောအကျင့်” ကိုကြိုးစားတင်ပြနေလျှင် ယေဟောဝါ၏နာမတော်ထင်ရှားမည်၊ အသင်းတော်လည်း ခွန်အားရှိလာပြီး အခြားသူများပါ အကျိုးခံစားရမည်။ (၁ ပေ. ၂:၁၂) ကျွန်ုပ်တို့သည် ထိုသို့သောသူ အမြဲဖြစ်ပါလေစေ။