နှိုးဆော်သံကို နေ့စဉ်ထုတ်ဆင့်ပါ—တစ်နေ့ ပြီးတစ်နေ့ ယေဟောဝါကို ဝမ်းမြောက်စွာ ချီးမွမ်းလော့!
၁ “တံပိုးခရာသည်လည်း မမှန်သောအသံနှင့်မြည်လျှင် အဘယ်သူသည် စစ်တိုက်ခြင်းငှာ မိမိကိုယ်ကို ပြင်ဆင်မည်နည်း” ဟုတမန်တော်ပေါလုမေးခဲ့သည်။ (၁ ကော. ၁၄:၈) ယေဟောဝါသည် မိမိ၏မျက်မြင်ရအဖွဲ့အစည်းမှတစ်ဆင့် ‘ဝမ်းမြောက်စွာနှင့် ယေဟောဝါကို နေ့စဉ်ချီးမွမ်းလော့’ ဟု နှိုးဆော်တော်မူသည်။ ဤနှိုးဆော်ချက်က သင့်ကို အားတက်စေသလော။ အသင်းမ၏စာပေများတွင် ထာဝရဘုရင် ယေဟောဝါကို အဆက်မပြတ်ချီးမွမ်းနေသင့်သည့် အကြောင်းကောင်းမြောက်မြားစွာ ပါရှိသည်။—ဆာ. ၃၅:၂၇၊ ၂၈။
၂ အံ့သြကြောက်မက်ဖွယ်ရာ မိုးကောင်းကင်သည် ယေဟောဝါ၏ဘုန်းတော်ကို “နေ့စဉ်ရက်ဆက်” ကြေညာသည်။ (ဆာ. ၁၉:၁-၃၊ ကဘ) အသံမပြုနိုင်သည့် သက်မဲ့တို့သည် ယေဟောဝါကို အစဉ်မပြတ် ချီးမွမ်းနေသည်ဆိုလျှင် အသိဉာဏ်ရှိသော ကျွန်ုပ်တို့သည် ကိုယ်တော်၏ တုမနှိုင်းနိုင်သည့်အရည်အချင်းများနှင့် အောင်မြင်မှုများကို အချိန်မရွေး ချီးမွမ်းထောမနာပြုနေသင့်သည်မဟုတ်လော။ ကျွန်ုပ်တို့၏ ဘုန်းအသရေကြီးမားတော်မူသော ဖန်ဆင်းရှင်ထက် မည်သူသည် ကျွန်ုပ်တို့၏ဝမ်းမြောက်စွာပြုသော ချီးမွမ်းခြင်းကိုခံထိုက်သနည်း။—ဆာ. ၁၄၅:၃၊ ၇။
၃ တစ်နေ့ပြီးတစ်နေ့– ဝိညာဉ်တော်မှုတ်သွင်းခံရသော ဆာလံဆရာက ဤသို့ရေးသားသည်– “ကယ်တင်တော်မူခြင်းတရားကို တစ်နေ့ထက်တစ်နေ့ ညွှန်ကြားကြလော့။ ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။” (ဆာ. ၉၆:၂၊ ၄) ယင်းသည် ရှေ့ဆောင်များနှင့်သာ သက်ဆိုင်သလော။ မဟုတ်ပါ! ယင်းကြောင့် တစ်အိမ်မှတစ်အိမ် ဓမ္မအမှုဆောင်ခြင်းလုပ်ငန်း၌ မပါဝင်သည့်နေ့ရက်များတွင်ပင် ယေဟောဝါအကြောင်းကို သူတစ်ပါးအား ပြောဆိုနိုင်သည့် မည်သည့်နေရာ၊ မည်သည့်အချိန်မဆိုပြောဆို နေသင့်သည်ဟုဆိုလိုနေခြင်းလော။ မှန်သည်! ယေဟောဝါကို နေ့စဉ်ချီးမွမ်းကာ ကိုယ်တော်ကယ်တင်တော်မူမည့်နည်းလမ်းအကြောင်း သူတစ်ပါးအား ပြောပြခြင်းသည် အရေးတကြီးဖြစ်နေသည်။ ယေဟောဝါသည် ထာဝရဘုရင်ဖြစ်တော်၍ ဘုန်းထင်ရှားသောသားတော် ယေရှုခရစ်အား ကမ္ဘာကိုစိုးမိုးခွင့် အပ်နှင်းထားတော်မူကြောင်း လူအပေါင်းကြားသိရမည်ဖြစ်သည်။ ယေဟောဝါကိုလည်းကောင်း၊ လူတို့ကိုလည်းကောင်း ချစ်ခြင်းက လူတို့အား ကိုယ်တော်၏ကယ်တင်ခြင်းအစီအစဉ်အကြောင်း အမြဲပြောဆိုနေစေမည်။—ဆာ. ၇၁:၁၅။
၄ ယေရှုခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်တွင် ဓမ္မအမှုဆောင်စဉ် နေ့စဉ်ယေဟောဝါအကြောင်းကို အတိအလင်းချီးမွမ်းထောမနာပြုသူအဖြစ် ပုံသက်သေကောင်း တင်ပြတော်မူခဲ့သည်။ ကိုယ်တော်က ဤသို့ဆိုသည်– “ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသောအဘ . . . ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။” (မ. ၁၁:၂၅) ကိုယ်တော်သည် အပြောနှင့်အညီ နေရာတိုင်းတွင် ယေဟောဝါကို လူသိရှင်ကြား ချီးမွမ်းထောမနာပြုတော်မူသည်။ လူစုဝေးရာနေရာတိုင်း—တရားဇရပ်၌ဖြစ်စေ၊ ယေရုရှလင်မြို့ဗိမာန်တော်၌ဖြစ်စေ၊ တောင်ပေါ် သို့မဟုတ် ပင်လယ်ကမ်းနားမှာဖြစ်စေ—တွင်ယေဟောဝါကို ကိုယ်တော်ချီးမွမ်းထောမနာပြုတော်မူသည်။ ကျွန်ုပ်တို့သည် နေ့စဉ်ယေဟောဝါ၏ဘုန်းတော်ကို လူသိရှင်ကြား ထင်ရှားစေခြင်းအားဖြင့် ယေရှု၏ခြေရာကိုအနီးကပ်လိုက်လျှောက်မည်ဆိုလျှင် အလွန်ဝမ်းမြောက်ရွှင်လန်းဖွယ် အကျိုးကျေးဇူးများကို ခံစားရလိမ့်မည်။
၅ ဖိတ်ခေါ်ချက်ကို လက်ခံခြင်း– နေ့စဉ်ယေဟောဝါကို လူသိရှင်ကြားချီးမွမ်းရန် ဖိတ်ကြားချက်ကို သင်လက်ခံမည်လော။ အသက်အရွယ်မရွေး ပါဝင်နိုင်သည်ကို သတိရပါ။ ဆာလံ ၁၄၈:၁၂ ကလူပျိုနှင့်အပျို၊ လူအိုနှင့်လူကလေးများတို့ ယေဟောဝါကို ချီးမွမ်းကြဟု ဖိတ်ခေါ်သည်။ လူငယ်များ၊ ဤစာသင်ကျောင်းနှစ်သစ်အတွင်း သင့်ကျောင်းနေဖက်များနှင့် ဆရာဆရာမများအလယ်တွင် ယေဟောဝါကို ချီးမွမ်းထောမနာပြုကြမည်လော။ လူကြီးများ၊ အခွင့်အရေးရတိုင်း သင်တို့အလုပ်ခွင်ရှိ လုပ်ဖော်ကိုင်ဖက်များကို ယေဟောဝါအကြောင်းနှင့် ကိုယ်တော်၏ရည်ရွယ်တော်မူချက်များအကြောင်း ပြောပြလေ့ရှိခြင်းဖြင့် သူတို့သည်ကြားဖူးနားဝရှိနေကြသလော။ ကျွန်ုပ်တို့၏ အသက်တာဘဝတွင် အသက်ရှူခြင်း၊ အစာစားခြင်းတို့သည် အရေးပါသကဲ့သို့ ယေဟောဝါအကြောင်း ပြောဆိုခြင်းလည်း အရေးပါသင့်သည်။ စိတ်မပါသူများသည် ကျွန်ုပ်တို့၏စကားကို ဂရုမစိုက်ကြစေကာမူ ဂရုစိုက်တော်မူသောအရှင်တစ်ပါးရှိသည်။ ကိုယ်တော်ကျွန်ုပ်တို့ကို ဆုချတော်မူလိမ့်မည်။—မာလ. ၃:၁၆။
၆ ဤစနစ်ကြီးဆုံးခန်းတိုင်လုနီးလေ “ထာဝရဘုရား . . . ကိုချီးမွမ်းကြလော့!” ဟူသောဖိတ်ကြားချက်သည် မြေကြီးစွန်းတိုင်အောင် ရောက်နေပါသည်။ (ဆာ. ၁၀၆:၁) ယေဟောဝါသည် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားသခင်ဖြစ်တော်မူကြောင်းကို လူအပေါင်းသိစေရန် ကျွန်ုပ်တို့၏ချီးမွမ်းထောမနာပြုသံသည် တစ်နေ့ထက်တစ်နေ့ ပိုကျယ်လောင်လာပါစေ။—ဆာ. ၈၃:၁၈။