ယေဟောဝါထံမှစစ်ဆေးခြင်း—အဘယ်ကြောင့် အကျိုးရှိသနည်း
၁ လူတိုင်း ကျန်းမာရေးကောင်းလိုကြသည်။ ယင်းသည် အသက်ရှင်ရကျိုးနပ်စေသည်။ သို့တိုင် ကျန်းမာရေးကောင်းသူတို့ပင် ရံဖန်ရံခါ စစ်ဆေးခံရကြသည်။ အဘယ်ကြောင့်နည်း။ ကျန်းမာရေးထိခိုက်နေမည်ဆိုလျှင် လိုအပ်သလို ကုသပေးရန်အတွက်ဖြစ်သည်။ ကျွန်ုပ်တို့၏ ဝိညာဏကျန်းမာရေးကို ဂရုစိုက်ခြင်းသည် ထိုထက်ပင်အရေးကြီးသည်။ ကျွန်ုပ်တို့သည် “ယုံကြည်ခြင်း၌ကျန်းခံ့” နေမှသာလျှင် ယေဟောဝါ၏အလိုတော်နှင့်တွေ့နိုင်မည်ဖြစ်သည်။—တိ. ၁:၁၃၊ ကဘ။
၂ ဤအချိန်အခါသည် ယေဟောဝါထံမှစစ်ဆေးခြင်းကိုခံယူရန် သင့်တော်သောအချိန်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ ယေဟောဝါသည် သန့်ရှင်းသောဗိမာန်တော်၌ ကျိန်းဝပ်တော်မူ၍ လူအပေါင်းတို့၏နှလုံးကို စစ်ဆေးစုံစမ်းနေတော်မူသည်။ (ဆာ. ၁၁:၄၊ ၅; သု. ၁၇:၃) ဒါဝိဒ်နည်းတူ ကျွန်ုပ်တို့ကို စေ့စပ်သေချာစွာ စစ်ဆေးတော်မူပါဟု ယေဟောဝါအား တောင်းဆိုကြသည်– “အိုထာဝရဘုရား၊ အကျွန်ုပ်ကို စစ်ဆေးစုံစမ်း၍ နှလုံးကျောက်ကပ်ကို ဆေးကြောတော်မူပါ။”—ဆာ. ၂၆:၂။
၃ ကျွန်ုပ်တို့၏မစုံလင်မှုကြောင့် ကျွန်ုပ်တို့၏ ဝိညာဏကျန်းမာရေးကို ထိခိုက်နိုင်သည့်ကျွန်ုပ်တို့အတွင်းမှဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို သတိပြုသင့်သည်။ နယပုံပြင် ၄:၂၃ ကဤသို့သြဝါဒပေးသည်– “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့။”
၄ ကျွန်ုပ်တို့ကိုဝန်းရံနေသော စာရိတ္တယိုယွင်းသည့်လောကသည်လည်း ကျွန်ုပ်တို့၏ဝိညာဏကျန်းမာရေးကို ထိပါးနိုင်သည်။ ဤစနစ်ဆိုးနှင့် အလွန်ပင်နီးကပ်စွာပေါင်းသင်းမည်ဆိုလျှင် ယင်းကဲ့သို့တွေးတောဆင်ခြင်ကာ လောကီဆန်သောစိတ်ထားများ ရှိလာနိုင်သည်။ သို့မဟုတ် လောကီဆန်သောဘဝပုံစံကိုယူတင်ကာ လောကစိတ်ဓာတ်က ကျွန်ုပ်တို့ကို လွှမ်းမိုးသွားနိုင်သည်။—ဧ. ၂:၂၊ ၃။
၅ စာတန်သည် နှိပ်စက်ညှဉ်းပန်းခြင်း သို့မဟုတ် တိုက်ရိုက်အတိုက်အခံပြုခြင်းအားဖြင့် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးကို ပျက်စီးသွားစေပါမည်။ သို့ရာတွင် ထိုသို့ပြုသည်ထက် လောကီဆွဲဆောင်မှုများကို လိမ္မာပါးနပ်စွာအသုံးပြုပြီး ကျွန်ုပ်တို့ကို သွေးဆောင်တတ်သည်ကများသည်။ စာတန်သည် “ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ” သောကြောင့် “သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့” ဟုပေတရုတိုက်တွန်းထားသည်။ ကျွန်ုပ်တို့သည် ‘ယုံကြည်ခြင်း၌တည်၍ မာရ်နတ်ကိုဆီးတားကြ’ ရန် တိုက်တွန်းခံရသည်။—၁ ပေ. ၅:၈၊ ၉။
၆ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအမြဲထက်သန်နေစေခြင်း၊ နေ့စဉ်ပိုခိုင်ခံ့လာစေခြင်းဖြင့် ကျွန်ုပ်တို့၏ဝိညာဏကျန်းမာရေးကို ကာကွယ်ဖို့လိုသည်။ တမန်တော်ပေါလုက မိမိ၏ယုံကြည်ခြင်းကို အဆက်မပြတ် စစ်ဆေးရန် အားပေးထားသည်။ ကျွန်ုပ်တို့သည် ကျွမ်းကျင်သောဆရာဝန်တစ်ဦး၏ လက်တွေ့ကျအကြံပြုချက်ကို ပညာရှိရှိ လိုက်နာတတ်သည်နည်းတူ ယေဟောဝါထံမှဝိညာဏစစ်ဆေးခြင်းကို ခံယူပြီးနောက် ပြုပြင်စရာလိုနေကြောင်းသိလျှင် ကိုယ်တော်၏စကားကို နားထောင်ကြမည်။ ဤသို့ပြုခြင်းအားဖြင့် ကျွန်ုပ်တို့သည် “ပြုပြင်နှိုင်းညှိ” ခံရဖို့အကြောင်းရှိသည်။—၂ ကော. ၁၃:၅၊ ၁၁၊ ကဘ။
၇ ယေဟောဝါသည် အမှန်တကယ်ပင် ကြီးမြတ်တော်မူသော စစ်ဆေးသူဖြစ်တော်မူသည်။ ကိုယ်တော်၏စစ်ဆေးချက်သည် အမြဲတိကျမှန်ကန်သည်။ ကျွန်ုပ်တို့လိုအပ်နေသည့်အရာကို ကိုယ်တော်အတိအကျသိတော်မူ၏။ ကိုယ်တော်၏နှုတ်ကပါဌ်တော်နှင့် ‘သစ္စာရှိသောကျေးကျွန်’ အားဖြင့် ဝိညာဏကျန်းမာရေးနှင့်ညီညွတ်သောအစာကို ကိုယ်တော်ချမှတ်ပေးတော်မူသည်။ (မ. ၂၄:၄၅; ၁ တိ. ၄:၆) ဤအာဟာရပြည့်ဝသော ဝိညာဉ်အစာကို အိမ်၌လည်းကောင်း၊ အသင်းတော်အစည်းအဝေးများ၌လည်းကောင်း မှန်မှန်သုံးဆောင်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအရ ကျန်းကျန်းမာမာရှိနေကြမည်။ ဓမ္မအမှုတွင် ဝိညာဏလေ့ကျင့်မှုများကို မှန်မှန်ခံယူခြင်းနှင့် အခြားခရစ်ယာန်လုပ်ငန်းများ၌ ပါဝင်ခြင်းသည်လည်း အကျိုးရှိ၏။ ထို့ကြောင့် ယေဟောဝါသည် ကျွန်ုပ်တို့ကို ဝိညာဏကျန်းမာရေးအခြေအနေကို အကောင်းဆုံးဖြစ်စေမည်ဟု စိတ်ချလျက် ကိုယ်တော်၏စမ်းသပ်စစ်ဆေးမှုကို မှန်မှန်ခံယူလိုကြပါသည်။