ယေရှုကိုတုပကာ သမ္မာတရားကို နေ့စဉ်ကြွေးကြော်ခြင်း
၁ ယေရှုသည် ကမ္ဘာပေါ် လာစဉ်က ကိုယ်တော်ပြီးစီးရမည့်လုပ်ငန်းတစ်ခု ရှိတော်မူခဲ့သည်။ ယင်းကား ထူးခြားရိုးရှင်းသော ‘သမ္မာတရားကို သက်သေခံခြင်း’ လုပ်ငန်းဖြစ်သည်။ (ယော. ၁၈:၃၇) ကိုယ်တော်သည် ခမည်းတော်၏ အံ့ချီးဖွယ်အရည်အချင်းများနှင့် ရည်ရွယ်ချက်များဆိုင်ရာ သမ္မာတရားကို ကြွေးကြော်တော်မူခဲ့သည်။ ယင်းလုပ်ငန်းသည် ကိုယ်တော့်အတွက် စားစရာနှင့်တူသည်; ကိုယ်တော်၏ဘဝအသက်တာသည် ယင်းအပေါ်လုံးလုံးလျားလျားဗဟိုပြုထားသည်။ (ယော. ၄:၃၄) ယေရှုသည် “နေ့တိုင်း ဗိမာန်တော်၌ ဆုံးမသြဝါဒပေးတော်မူ၏” ဟု လုကာကတင်ပြသည်။ (လု. ၁၉:၄၇) ယေရှုသည် ရရှိသမျှအချိန်ကို အပြည့်အဝအသုံးပြုတော်မူခဲ့သည်။ (ယော. ၉:၄) ကိုယ်တော်မသေမီ အချိန်အနည်းငယ်တွင် ခမည်းတော်အား ကိုယ်တော်က “အကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက်စရာဖို့ အကျွန်ုပ်၌ အပ်ပေးတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက်၍ ပြီးပါပြီ” ဟုလျှောက်ကြားနိုင်တော်မူခဲ့သည်။—ယော. ၁၇:၄။
၂ ယေဟောဝါပြုတော်မူသမျှအပေါ် တန်ဖိုးထားစိတ် ပြည့်လျှံသည့်အခါ ကိုယ်တော့်အကြောင်း နေ့စဉ်ပြောဆိုရန် ကျွန်ုပ်တို့တိုက်တွန်းခံကြရသည်။ ထိုအခါ “ငါတို့သည် ကြားလျက်မြင်လျက်ရှိသော အရာတို့ကို မဟောမပြောဘဲမနေနိုင်” ဟုရဲရင့်စွာကြွေးကြော်ခဲ့သော ယေရှု၏တပည့်တော်များနည်းတူ ဖြစ်လာကြသည်။ (တ. ၄:၂၀) သူတို့သည် “နေ့စဉ် မပြတ် သွန်သင်ဟောပြောလျက်နေကြ၏” ဟုမှတ်တမ်းတင်ထားရာ ယေဟောဝါအကြောင်းကို သူတို့အဆက်မပြတ် ပြောဆိုခဲ့ကြသည်။ (တ. ၅:၄၂၊ သမ) ‘ကျွန်တော်ဟာ ကျွန်တော်.ဆရာယေရှုကို တုပနေသလား’ ဟု မိမိကိုယ်ကိုမေးသင့်သည်။
၃ အရေးတကြီး ဟောပြောခြင်း– နိုင်ငံတော်သတင်းကို ကမ္ဘာတစ်ဝန်း ဟောပြောပြီးပြီဆိုလျှင် “အဆုံးသည်ဖြစ်လတ္တံ့” ဟုယေရှုကြိုတင်ဟောတော်မူသည်။ (မ. ၂၄:၁၄) ယင်းကြောင့် ကျွန်ုပ်တို့၏လုပ်ငန်းသည် မည်မျှအရေးကြီးသည်၊ ယင်းကို အရေးတကြီးပြုလုပ်ရန်လိုသည်ကို သဘောပေါက်သင့်သည်။ သန်းပေါင်းများစွာသောသူတို့၏ အသက်သေရေးရှင်ရေး ကိစ္စဖြစ်နေသောကြောင့် ဤလုပ်ငန်းတော်ထက် ပိုအရေးကြီးသော၊ သို့မဟုတ် ပို၍အကျိုးသက်ရောက်သောလုပ်ငန်း မရှိပါ။ ဤအစီအစဉ်စနစ်၏အဆုံး နီးပြီဖြစ်၍ ယင်းလုပ်ငန်းကို ထမ်းဆောင်ရမည့်အချိန်သည် တိုတောင်းနေပါသည်!
၄ ယေဟောဝါသည် သိုးကဲ့သို့သောသူများအား စုသိမ်းခြင်းလုပ်ငန်းကို အရှိန်မြှင့်လျက်ပြုလုပ်နေစေတော်မူကြောင်း မှတ်တမ်းများကတင်ပြသည်။ (ဟေရှာ. ၆၀:၂၂) ကမ္ဘာ့ဒေသမြောက်မြားစွာတွင် သမ္မာတရားကို အစုလိုက်အပြုံလိုက် ဝမ်းသာအားရစွာဖြင့် လက်ခံနာယူနေကြပြီး “ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ၍ သင်တို့နှင့်အတူ လိုက်ပါမည်” ဟုပြောဆိုနေဘိသကဲ့သို့ဖြစ်ချေပြီ! (ဇာ. ၈:၂၃) ယခင် မည်သည့်အချိန်ကထက်မဆို “စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ . . . လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှာ စေလွှတ်တော်မူမည်အကြောင်း စပါးရှင်ကို ဆုတောင်းကြလော့” ဟူသောယေရှု၏စကားသည် ယခုပို၍မှန်ကန်နေပါသည်။ (မ. ၉:၃၇၊ ၃၈) ယင်းက “ဗိမာန်တော်တွင် ဘုရားသခင်၏ဂုဏ်တော်ကို အစဉ်မပြတ် ချီးမွမ်းလျက်ရှိနေကြ” သောယေရှု၏တပည့်တော်များနည်းတူ ဇွဲလုံ့လရှိရန် ကျွန်ုပ်တို့ကို တိုက်တွန်းသည်မဟုတ်ပေလော။—လု. ၂၄:၅၃၊ သမ။
၅ သမ္မာတရားကို နေ့စဉ် သိကြားစေပါ– သူတစ်ပါးအား သမ္မာတရားသိရှိစေနိုင်မည့်နည်းလမ်းများကို ကျွန်ုပ်တို့ နေ့စဉ်ရှာကြံနေသင့်သည်။ အခွင့်အရေးများစွာ အဆင်သင့်ရှိနေသည်။ မိတ်ဆွေတစ်ဦးကို မိနစ်အနည်းငယ် ဖုန်းဆက် စကားပြောနိုင်မည်လော။ သို့မဟုတ် လက်ခံနာယူကောင်းနာယူမည့် အသိအကျွမ်းတစ်ဦး ရှိသလော။ သို့မဟုတ် အိမ်တွင် မတွေ့ရှိခဲ့ရသော သူတစ်ဦးထံ စာရေးနိုင်မည်လော။ ဈေးဝယ်သည့်အခါ ဆိုင်ရှင်ကို ဝေစာကမ်းလှမ်းဖို့ စဉ်းစားဖူးသလော။ သင့်မျှော်လင့်ချက်အကြောင်းကို သူတစ်ပါးအား နေ့စဉ်ပြောပြနိုင်သည့် အခြားအခွင့်အရေးမြောက်မြားစွာကို သင်တွေးတောမိပေမည်။ သင်သည် ကြိုးစားပြီး သတ္တိအနည်းငယ်တင်ပြမည်ဆိုလျှင် ယေဟောဝါကကူညီပါလိမ့်မည်။—၁ သက်. ၂:၂။
၆ ထို့ကြောင့် တစ်နေ့တာလုပ်ငန်းများကို စတင်သည့်အခါ ‘ဒီနေ့ အခွင့်အရေးပေါ်လာမယ်ဆိုရင် ငါ့မျှော်လင့်ချက်ကို ငါကိုယ်တိုင်စပြီး ပြောပြဖို့ နည်းလမ်းရှာမလား’ ဟူ၍မိမိကိုယ်ကို မေးသင့်သည်။ “ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို . . . ဟောပြောရ ” မည်။ ထိုသို့ ပြုရန် ကမ္ဘာပေါ်သို့ စေလွှတ်ခံရကြောင်း ရှင်းပြတော်မူခဲ့သော ယေရှု၏စိတ်ထားကို တုပပါ။ (လု. ၄:၄၃) ကျွန်ုပ်တို့၏ဆရာနည်းတူ ဖြစ်လိုကြလျှင် ထပ်တူပင်ပြုကြပါလိမ့်မည်။—လု. ၆:၄၀။