၁၉၉၆ ခုနှစ်အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှအကျိုးခံစား—အပိုင်း ၂
၁ ၁၉၄၃ ခုနှစ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း စတင်ဖွင့်ပြီးနောက် များမကြာမီအချိန်တွင် အသင်းမ၏ဌာနခွဲတစ်ခုက ဤသို့အကြောင်းကြားခဲ့သည်– “ဤအလွန်ကောင်းသောအစီအစဉ်သည် အချိန်တိုကလေးတွင် တစ်ချိန်က မိမိသည် လူထုဟောပြောချက်ပေးနိုင်မည်မဟုတ်ဟု အထင်ရှိခဲ့သော ညီအစ်ကိုများစွာကို စင်မြင့်ပေါ်တွင် ကျွမ်းကျင်စွာဟောပြောသူများဖြစ်စေရန်နှင့် လယ်ကွင်းတွင် ပိုမိုထိရောက်စွာ ဟောပြောတတ်သူများ ဖြစ်လာစေရန် ကူညီပေးနိုင်ခဲ့ပြီ။” ဤကျောင်းသည် ကျွန်ုပ်တို့အားလုံးလိုအပ်နေသည့် အလွန်ကောင်းသောလေ့ကျင့်မှုကို ဆက်ပေးနေပါသည်။
၂ ကျမ်းစာဖတ်ရှုခြင်း– ဟောပြောခွင့်ရသူများသာလျှင် ဤကျောင်းအစီအစဉ်မှ အကျိုးခံစားနေရသည်မဟုတ်ပါ။ အမှန်မှာ ကျွန်ုပ်တို့အားလုံး ပတ်စဉ်ကျမ်းစာဖတ်ရှုရန် တာဝန် ရရှိထားကြသည်။ ကျောင်းအစီအစဉ်က အဘယ်ကျမ်းပိုဒ်များကို ပတ်စဉ် ဖတ်ရှုရမည်ဟူ၍ ဖော်ပြထားသည်။ သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်းသည် အရေးကြီးကြောင်း အလေးအနက်ဖော်ပြသော ကျမ်းချက်မြောက်မြားစွာရှိသည်။ (ယောရှု ၁:၈; ဆာ. ၁:၂; တ. ၁၇:၁၁) ဝိညာဉ်ရေးကျန်းခံ့ရန် ကျမ်းစာဖတ်ရှုခြင်းသည် မရှိမဖြစ်လိုအပ်သည်; စိတ်နှလုံးကို အင်အားပြည့်တင်းစေသည်။ သမ္မာကျမ်းစာကို နေ့စဉ်နေ့တိုင်း ငါးမိနစ်ခန့်သာဖတ်မည်ဆိုလျှင် အစီအစဉ်အတိုင်းလိုက်မီနိုင်ပါလိမ့်မည်။ နှစ်ကုန်သည့်အခါ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ အခန်း ၁၅၀ ကျော်ကိုဖတ်ပြီးသားဖြစ်လိမ့်မည်။ ကျမ်းစာကို အလွယ်တကူလှမ်းယူနိုင်သည့်နေရာတွင် ထားမည်ဆိုလျှင် ၎င်းမှနေ့စဉ် အနည်းငယ်ဖတ်နိုင်သင့်ပေသည်။
၃ သွန်သင်ဟောပြောချက်– ညီအစ်ကိုများကို သစ္စာစောင့်သိစွာ ဇွဲနပဲရှိရှိ အမှုဆောင်ကြရန် တိုက်တွန်းအားပေးနိုင်ဖို့ သွန်သင်ဟောပြောချက်ပေးသောသူသည် သွန်သင်ခြင်းဆိုင်ရာနည်းကောင်းများကို အသုံးပြုရန်လိုသည်။ သဘောပေါက်နားလည်စေပြီး ယေဟောဝါကိုလည်းကောင်း၊ ကိုယ်တော်၏နှုတ်ကပါဌ်တော်နှင့် ကိုယ်တော်၏အဖွဲ့အစည်းကိုလည်းကောင်း ပိုမိုတန်ဖိုးထားလေးမြတ်တတ်လာစေရမည်။ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် ကောင်းစွာပြင်ဆင်ခြင်း၊ အဓိကအချက်အပေါ်မူတည်ပြီး ဟောပြောခြင်း၊ ခံယူချက်အပြည့်နှင့် ဟောပြောခြင်း၊ အကြောင်းအရာကို သက်ဝင်စေခြင်းအားဖြင့် ထိုသို့ ပြုလုပ်နိုင်ပါသည်။ (ဟေဗြဲ ၄:၁၂) ဟောပြောသူသည် သူ့အားကန့်သတ်ထားချိန်အတွင်း ဟောပြီးရန် အရေးကြီးသည်။ စည်းလုံးသောဝတ်ပြုရေး စာအုပ်တွင် ကျမ်းချက်များစွာပါပြီး ဝိညာဉ်ရေးဘက် ကျွန်ုပ်တို့ကို အကျိုးပေးနိုင်သော အားတက်ဖွယ်ကျမ်းစာအကြောင်းအရာများစွာ ပါသည်။ စည်းလုံးသောဝတ်ပြုရေး စာအုပ်သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်း၊ ဇွဲလုံ့လ၊ ဆည်းကပ်ဝတ်ပြုမှုနှင့် ချစ်ခြင်းကို တိုးပွားခိုင်ခံ့စေလိမ့်မည်။ ယေဟောဝါသည် မျက်မှောက်အချိန်တွင် ကိုယ်တော်၏လူမျိုးအား ပေးသနားထားတော်မူသည့် စည်းလုံးသောဝတ်ပြုမှုအကြောင်း ကျွန်ုပ်တို့သင်ယူစရာ များစွာရှိပါသည်။
၄ ကျမ်းစာပေါ်လွင်ချက်များ– ဤတာဝန်ကိုရသောညီအစ်ကိုများသည် အသင်းတော်အတွက် အကျိုးပြုမည့် လက်တွေ့ကျသောနည်းဖြင့် အသုံးပြုနိုင်သော ကျမ်းချက်များကို ရွေးချယ်ဖော်ပြသင့်သည်။ ဤသို့ပြုရန် သတ်မှတ်ထားသည့်အခန်းကြီးများကိုဖတ်ပြီး ယင်းတို့ကို ဆင်ခြင်သုံးသပ်ကာ ရွေးချယ်ထားသည့်ကျမ်းချက်များကို သုတေသနပြုပြီး ထိုအခန်းငယ်များ၏အဓိပ္ပာယ်ကို ပေါ်လွင်စေသင့်သည်။ ကင်းမျှော်စင် စာအုပ်စာတမ်းများ မာတိကာ [လိပ်] ၏အနောက်တွင် “ကျမ်းချက်မာတိကာ” ရှိသည်။ ယင်းက အချို့ကျမ်းချက်များနှင့်ဆိုင်သော အကြောင်းအရာများကို ရှာဖွေလေ့လာရန် များစွာအထောက်အကူပြုသည်။ ဤတာဝန်ကိုရသောညီအစ်ကိုများသည် ကောင်းစွာချင့်ချိန်ပြီး မသက်ဆိုင်သောအကြောင်းများကို မဖော်ပြရန် သတိပြုသင့်သည်။ ခြောက်မိနစ်အတွင်း ပြောဆိုတင်ပြနိုင်စရာထက်ပိုပြီး ပြင်ဆင်မထားသင့်ပါ။
၅ ကျွန်ုပ်တို့အားလုံး သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှ အကျိုးခံစားနိုင်သည်။ ကျွန်ုပ်တို့၏ ဟောပြောသွန်သင်ပေးသည့်စွမ်းရည် တိုးတက်လာစေပါသည်။ ဤအစီအစဉ်ကို အပြည့်အဝအသုံးပြုခြင်းအားဖြင့် ကျွန်ုပ်တို့၏ ‘တိုးတက်မှုသည် လူအပေါင်းတို့ရှေ့ ထင်ရှားလိမ့်မည်။’—၁ တိ. ၄:၁၅။