ယေဟောဝါသက်သေများ—စစ်မှန်သောဧဝံဂေလိဟောပြောသူများ
၁ ယေရှုခရစ်သည် မိမိ၏တပည့်တော်အားလုံးအား ဧဝံဂေလိတရားဟောရန်တာဝန်ကို ပေးအပ်ပြီး အထူးသဖြင့် နိုင်ငံတော်နှင့်ယှဉ်သောသတင်းကောင်းကိုဟောရန် ညွှန်ကြားသည်။ (မ. ၂၄:၁၄; တ. ၁၀:၄၂) ဤသို့ပြုရာတွင် ကိုယ်တော်၏အစောပိုင်းတပည့်တော်များသည် အရှိန်မလျော့ဘဲ နိုင်ငံတော်အကြောင်းကို ဝတ်ပြုသည့်နေရာများတွင်သာမက လူစုဝေးရာများ၌လည်းကောင်း၊ တစ်အိမ်မှတစ်အိမ်သွား၍လည်းကောင်း တွေ့သည့်လူတိုင်းကိုဟောခြင်းဖြင့် ပုံနမူနာပြသခဲ့ကြသည်။ (တ. ၅:၄၂; ၂၀:၂၀) ယနေ့ ယေဟောဝါသက်သေများအနေဖြင့် ကျွန်ုပ်တို့သည် နိုင်ငံတော်သတင်းတရားကို ၂၃၂ နိုင်ငံတွင် ဟောပြောခြင်းဖြင့်လည်းကောင်း၊ လွန်ခဲ့သောသုံးနှစ်ခန့်တွင် တပည့်သစ်တစ်သန်းကျော်ကို နှစ်ခြင်းပေးခြင်းဖြင့်လည်းကောင်း မိမိတို့ကိုယ်ကို စစ်မှန်သောခရစ်ယာန်ဧဝံဂေလိတရားဟောသူများဖြစ်ကြောင်း သက်သေထူခဲ့ကြသည်! ကျွန်ုပ်တို့၏ဧဝံဂေလိတရားဟောခြင်းလုပ်ငန်းသည် အဘယ်ကြောင့် ဤမျှအောင်မြင်နေရသနည်း။
၂ သတင်းကောင်းက ကျွန်ုပ်တို့ကိုလှုံ့ဆော်– ဧဝံဂေလိတရားဟောသူများသည် သတင်းကောင်း၏ ဟောပြောသူများ သို့မဟုတ် စေတမန်များဖြစ်သည်။ သို့အားဖြင့် စိတ်သောကရောက်နေသောလူသားများကို ဝေမျှပေးနိုင်သည့် တစ်ခုတည်းသောသတင်းကောင်းအစစ်—ယေဟောဝါ၏နိုင်ငံတော်ကို ကြေညာရသည့် စိတ်တက်ကြွဖွယ်အခွင့်ထူးကို ကျွန်ုပ်တို့ရရှိထားသည်။ လာမည့်ပရဒိသုတွင် သစ္စာရှိသောလူသားတို့ဖြင့်ဖွဲ့စည်းထားသည့် မြေကြီးသစ်ကို ဖြောင့်မတ်စွာအုပ်စိုးတော်မူမည့် ကောင်းကင်သစ်နှင့်ဆိုင်သော ရှေ့ပြေးသည့်အသိပညာကိုရရှိထား၍ ကျွန်ုပ်တို့ အလွန်ပင်စိတ်အားတက်ကြွကြသည်။ (၂ ပေ. ၃:၁၃၊ ၁၇) ကျွန်ုပ်တို့သာလျှင် ဤမျှော်လင့်ချက်ကို လက်ခံယုံကြည်သူများဖြစ်ကြပြီး အခြားသူများအား ယင်းကိုမျှဝေရန် စိတ်အားထက်သန်ကြသည်။
၃ မေတ္တာစစ်က ကျွန်ုပ်တို့ကိုလှုံ့ဆော်– ဧဝံဂေလိတရားဟောခြင်းသည် အသက်ကယ်ခြင်းလုပ်ငန်းဖြစ်သည်။ (ရော. ၁:၁၆) ယင်းကြောင့် နိုင်ငံတော်သတင်းတရားကို ဖြန့်ချိရာတွင် ကျွန်ုပ်တို့အလွန်ပျော်ရွှင်ကြသည်။ စစ်မှန်သောဧဝံဂေလိတရားဟောသူများအနေနှင့် ကျွန်ုပ်တို့သည် လူတို့ကိုချစ်ကြရာ ယင်းက ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏မိသားစုများ၊ အိမ်နီးချင်းများ၊ အသိအကျွမ်းများနှင့် လူများနိုင်သလောက်များများကို သတင်းကောင်းမျှဝေရန် လှုံ့ဆော်ပေးပါသည်။ ဤလုပ်ငန်းကို စိုးလ်အကြွင်းမဲ့လုပ်ဆောင်ခြင်းသည် အခြားသူများကို မေတ္တာစစ်ဖြင့်ချစ်ကြောင်း ကျွန်ုပ်တို့တင်ပြနိုင်သည့် အကောင်းဆုံးနည်းများမှတစ်ခုဖြစ်သည်။—၁ သက်. ၂:၈။
၄ ဘုရားသခင့်ဝိညာဉ်တော်က ကျွန်ုပ်တို့ကိုထောက်ကူပေး– နိုင်ငံတော်မျိုးစေ့ကို စိုက်ပျိုးခြင်းနှင့်ရေလောင်းခြင်းလုပ်ငန်းကို ကျွန်ုပ်တို့လုပ်ဆောင်သောအခါ “အပင်ကိုကြီးပွားစေ” သူကား ယေဟောဝါဖြစ်ကြောင်း ဘုရားသခင့်နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့ကိုအာမခံထားသည်။ ယနေ့ ကျွန်ုပ်တို့၏အဖွဲ့အစည်းတွင် ထိုသို့ပင်ဖြစ်ပျက်နေကြောင်း တွေ့ မြင်ရသည်။ (၁ ကော. ၃:၅-၇) ဘုရားသခင့်ဝိညာဉ်တော်သည် ဧဝံဂေလိတရားဟောခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ကို ထောက်ကူပေးပြီး ကြီးစွာသောအောင်မြင်မှုကိုပေးသည်။—ယောလ ၂:၂၈၊ ၂၉။
၅ ၂ တိမောသေ ၄:၅ (ကဘ) တွင် “ဧဝံဂေလိတရားဟောသူတစ်ဦး၏ လုပ်ငန်းကိုလုပ်ဆောင်” ရန်အားပေးတိုက်တွန်းထားပြီး လူတိုင်းကိုချစ်ခြင်းကြောင့် ကျွန်ုပ်တို့သည် အခွင့်အရေးရတိုင်း စိတ်တက်ကြွဖွယ်နိုင်ငံတော်သတင်းကောင်းကို မျှဝေရန်လှုံ့ဆော်ခံရကာ ကျွန်ုပ်တို့၏လုပ်ငန်းကို ယေဟောဝါဆက်၍ကောင်းချီးပေးတော်မူမည်ကို ယုံကြည်စိတ်ချနိုင်ကြပါစေ။