လာကြရန်ဖိတ်ခေါ်လော့
၁ “လာကြလော့။ ထာဝရဘုရား၏တောင်တော် . . . သို့တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့လိုက်သွားကြမည်” ဟူ၍လွန်ခဲ့သောနှစ်ရာစုပေါင်းများစွာက ထုတ်ပြန်ခဲ့သည့် ဖိတ်ခေါ်ချက်တစ်ရပ်ကို ယခုအခါ ကမ္ဘာတစ်ဝန်းရှိနိုင်ငံပေါင်း ၂၃၃ နိုင်ငံတွင် ကြားနေရသည်။ (ဟေရှာ. ၂:၃) လူများကို ယေဟောဝါ၏အဖွဲ့အစည်းသို့လမ်းညွှန်ပေးခြင်းသည် သူတို့အား ထာဝရအသက်ရစေသော ဝိညာဏတိုးတက်မှုရှိရန် ကူညီပေးနိုင်သည့် အကောင်းဆုံးနည်းများအနက် တစ်ခုဖြစ်သည်။
၂ ကြေညာသူအချို့သည် အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုတွင် အတော်အသင့်တိုးတက်မှုတွေ့ရသည့်အချိန်အထိ လူတို့အား နိုင်ငံတော်ခန်းမသို့ဖိတ်ခေါ်ရန် တွန့်ဆုတ်ကြပေမည်။ သို့ရာတွင် တစ်ခါတစ်ရံ လူတို့သည် သူတို့နှင့်ကျမ်းစာသင်အံမှုမစမီအချိန်၌ပင် အသင်းတော်စည်းဝေးများကို စတက်ကြပေလိမ့်မည်။ ကျွန်ုပ်တို့သည် လူတို့အား အစည်းအဝေးများသို့လာရန် လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်ရာတွင်နှင့် အားပေးရာတွင် ဖင့်နွှဲမနေသင့်ပါ။
၃ ဘာလုပ်ရမည်နည်း– ကျွန်ုပ်တို့၏ဒေသခံအစည်းအဝေးများအကြောင်း လူတို့သိရှိရန် လက်ကမ်းဝေစာများကို ကောင်းစွာအသုံးပြုပါ။ အစည်းအဝေးများသည် အခမဲ့ဖြစ်ကြောင်း၊ မည်သည့်ကောက်ခံမှုကိုမျှမပြုကြောင်း ပြောပြပါ။ အစည်းအဝေးများကို မည်သို့ကျင်းပကြောင်း ရှင်းပြပါ။ ယင်းတို့သည် အမှန်တကယ်ကျမ်းစာသင်တန်းများဖြစ်ကြောင်း၊ လေ့လာသည့်အကြောင်းအရာကို အားလုံးလိုက်ကြည့်နိုင်ရန် စီမံထားကြောင်း ပြညွှန်ပါ။ တက်ရောက်သူများ၏နောက်ခံနှင့် လူတန်းစားမျိုးစုံကို သိရှိစေပါ။ သူတို့သည် ဤနယ်မြေမှလူများဖြစ်ကြောင်း၊ အသက်အရွယ်မရွေးကလေးတိုင်းကို လာရန်ကြိုဆိုကြောင်း ပြောပြပါ။ ကျွန်ုပ်တို့သည် မိမိတို့နှင့်ကျမ်းစာသင်နေသူများကိုဖိတ်ခေါ်ကာ တက်ရောက်နိုင်ရန် တစ်နည်းနည်းဖြင့် အကူအညီပေးသင့်သည်။
၄ သမ္မာကျမ်းစာတွင်မှတ်တမ်းတင်ထားသည့် နောက်ဆုံးအကြောင်းအရာများအနက်တစ်ခုမှာ အသက်အတွက် ယေဟောဝါပြင်ဆင်ပေးရာများကို ပါဝင်သုံးဆောင်ရန်ဟူသော လှိုက်လှဲသည့်ဖိတ်ခေါ်ချက်တစ်ရပ်ဖြစ်သည်– “ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက၊ ‘လာခဲ့ပါ’ ဟုဆိုကြ၏။ . . . ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ။” (ဗျာ. ၂၂:၁၇) ကျွန်ုပ်တို့၏အစည်းအဝေးများကိုတက်ရန် အခြားသူများအား ဖိတ်ခေါ်ခြင်းအတွက် အစားထိုးစရာမရှိပါ။
၅ ဟေရှာယ ၆၀:၈ ကဘုရားသခင့်လူမျိုးတော်၏အသင်းတော်များထဲသို့ ယခုဝင်လာနေသောချီးမွမ်းသူလူသစ် ထောင်ပေါင်းများစွာကို “မိုးတိမ်ကဲ့သို့လည်းကောင်း၊ မိမိတို့အိမ်သို့ပျံသောချိုးများကဲ့သို့လည်းကောင်း ပျံလာသော” ချိုးများအဖြစ် ပရောဖက်ပြုသရုပ်ဖော်ထားသည်။ ကျွန်ုပ်တို့အားလုံးသည် အစည်းအဝေးများသို့ လူသစ်များအားဖိတ်ခေါ်ကာ ကြိုဆိုခံရသည်ဟု သူတို့အားခံစားရစေနိုင်ပါသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် စုသိမ်းခြင်းလုပ်ငန်းကို ယေဟောဝါအရှိန်မြှင့်တင်စဉ် ကိုယ်တော်နှင့်အတူ ပူးပေါင်းလုပ်ဆောင်နေကြမည်ဖြစ်သည်။—ဟေရှာ. ၆၀:၂၂။