ဘုရားမဲ့ဝါဒီတစ်ဦးကို သင်မည်သို့ပြောမည်နည်း
၁ “ကျွန်မ ဘုရားမဲ့ဝါဒီတစ်ဦးပါ” ဟုပိုလန်နိုင်ငံမှပါမောက္ခတစ်ဦးက အာဖရိကရှိသာသနာပြုတစ်ဦးကို ပြောခဲ့သည်။ သို့သော် ညီအစ်မသည် ထိုအမျိုးသမီးနှင့်ဆွေးနွေးကာ အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော [လိပ်] စာအုပ်ကိုပေးနိုင်ခဲ့သည်။ သာသနာပြုသည် နောက်အပတ်ပြန်သွားသည့်အခါ ပါမောက္ခက သူ့အား “ကျွန်မ ဘုရားမဲ့ဝါဒီတစ်ဦးမဟုတ်တော့ဘူး” ဟုပြောသည်။ သူမသည် ဖန်ဆင်းခြင်း စာအုပ်တစ်အုပ်လုံးကိုဖတ်ခဲ့ကာ ယခု ကျမ်းစာသင်အံမှုတောင်းဆိုလေသည်။ ဘုရားသခင်ကိုမယုံကြည်ဟုပြောဆိုသူများကို သက်သေခံရာတွင်အောင်မြင်ရန် သင်ဘာလုပ်နိုင်သနည်း။ ဦးဆုံး၊ လူတို့ထိုသို့ပြောရသည့် အကြောင်းရင်းအမျိုးမျိုးကို သုံးသပ်ပါ။
၂ မယုံကြည်မှုကိုဖြစ်စေသည့်အကြောင်းရင်းများ– ဘုရားမဲ့ဝါဒီအားလုံး ယင်းကဲ့သို့ကြီးပြင်းလာခဲ့ကြသည်မဟုတ်။ အများစုသည် ဘာသာရေးပုံစံတစ်ခုကို ထိတွေ့ခဲ့ဖူးကာ တစ်ချိန်က ဘုရားသခင်ကိုယုံကြည်ခဲ့ကြသည်။ သို့သော် သူတို့တွေ့ ကြုံခံစားခဲ့ရသည့် ကြီးလေးသောကျန်းမာရေး သို့မဟုတ် မိသားစုပြဿနာများ သို့မဟုတ် မတရားမှုအချို့ကြောင့် သူတို့၏ယုံကြည်ခြင်းအားနည်းခဲ့သည်။ အခြားသူများမူ အဆင့်မြင့်ပညာရေးကျောင်းများတွင် သင်ကြားခဲ့ရသည့်သင်ရိုးများက ဘုရားသခင်နှင့်ပတ်သက်၍ သူတို့၏ယူဆချက်အပေါ် အပြုသဘောမဆောင်သည့်အကျိုးသက်ရောက်စေခဲ့သည်။ နောက်ဆုံးတွင် ယေဟောဝါဘုရားသခင်၌ ခိုင်မာသောယုံကြည်ခြင်းရှိကာ ကိုယ်တော်၏သက်သေများဖြစ်လာခဲ့ကြသည့် ဘုရားမဲ့ဝါဒီများ၏အောက်ပါပုံနမူနာများကို မှတ်သားပါ။
၃ ပါရီမြို့ရှိအမျိုးသမီးတစ်ဦးသည် မွေးကတည်းက အရိုးချည့်နဲ့သည့်ရောဂါပါလာသည်။ ကက်သလစ်တစ်ဦးအနေနှင့် နှစ်ခြင်းခံခဲ့သော်လည်း မိမိကိုယ်ကို ဘုရားမဲ့ဝါဒီတစ်ဦးဟု ကြေညာခဲ့သည်။ ထိုအမျိုးသမီးက မိမိအား ဤကဲ့သို့မသန်မစွမ်းဖြင့်မွေးဖွားလာရန် ဘုရားသခင်အဘယ်ကြောင့်ခွင့်ပြုခဲ့ကြောင်း သီလရှင်များအားမေးရာ သူတို့၏အဖြေသည် “သူက နင့်ကိုချစ်လို့ပေါ့” ဟူ၍ဖြစ်သည်။ သဘာဝမကျသောထိုအယူအဆကို လက်ခံရန် သူငြင်းဆိုခဲ့သည်။ ထို့အပြင် ကုမရသောကြွက်သားနှင့်ဆိုင်သည့်ရောဂါရှိကြောင်း သိခဲ့ရကာ ဘီးတပ်ကုလားထိုင်ဖြင့်နေခဲ့ရသည့် ဖင်လန်နိုင်ငံရှိလူငယ်တစ်ဦးကိုလည်း သုံးသပ်ကြည့်ပါ။ သူ၏အမေသည် ဖျားနာသူများကို ပျောက်ကင်းအောင်ကုပေးသည်ဟုဆိုသော ပဲန်တီကော့စ္စတယ်လ်အသင်းသားတစ်ဦးထံ သူ့ကိုခေါ်သွားသည်။ သို့သော် သူ့အတွက် အံ့ဖွယ်ကုသမှုမဖြစ်ခဲ့ပါ။ အကျိုးဆက်အနေနှင့် ထိုလူငယ်သည် ဘုရားသခင်ကိုစိတ်ဝင်စားမှုမရှိတော့ဘဲ ဘုရားမဲ့ဝါဒီတစ်ဦးဖြစ်လာခဲ့သည်။
၄ ဟွန်ဒူးရပ်စ်နိုင်ငံရှိအမျိုးသားတစ်ဦးသည် ကက်သလစ်တစ်ဦးအဖြစ်ကြီးပြင်းခဲ့သော်လည်း ဆိုရှယ်လစ်အတွေးအခေါ်ပညာနှင့် ဘုရားမဲ့ဝါဒကို လေ့လာခဲ့သည်။ လူသည် ဆင့်ကဲဖြစ်စဉ်ကြောင့်ဖြစ်လာသည်ဟူသော တက္ကသိုလ်မှသွန်သင်ချက်ကို ယုံကြည်လက်ခံခဲ့ခြင်းကြောင့် ဘုရားသခင်ကိုယုံကြည်မှုမရှိတော့ချေ။ အလားတူပင် ယူနိုက်တက်စတိတ်ရှိအမျိုးသမီးတစ်ဦးသည် မက်သဒစ်တစ်ဦးအဖြစ်ကြီးပြင်းခဲ့သည်။ သူသည် ကောလိပ်တွင် စိတ်ပညာသင်တန်းများကိုတက်ခဲ့သည်။ သူမ၏ယုံကြည်ခြင်း မည်သို့ထိခိုက်ခံခဲ့ရသနည်း။ သူက “တစ်ခုသောနွေရာသီမှာ အဲဒီဟာတွေက ဘာသာတရားနဲ့ပတ်သက်ပြီးကျွန်မမှာရှိခဲ့တဲ့ ယုံကြည်မှုအားလုံးကို ဖျက်ဆီးခဲ့တယ်” ဟုဆိုခဲ့သည်။
၅ စိတ်ရင်းမှန်သောသူများ၏နှလုံးကိုထိမိခြင်း– ဘုရားသခင်ကိုမယုံကြည်ဟုဆိုသူများစွာသည် ကျန်းမာရေးချို့တဲ့ခြင်း၊ မိသားစုစိတ်ဝမ်းကွဲပြားမှု၊ မတရားမှု အစရှိသည်တို့နှင့်ဆိုင်သောပြဿနာများအတွက် ဖြေရှင်းနည်းတစ်ခုရှိမရှိဟူသည်ကို သိလိုကြပါမည်။ သူတို့သည် ‘ဆိုးသွမ်းမှုအဘယ်ကြောင့်တည်ရှိရသနည်း၊’ ‘လူကောင်းများ အဘယ်ကြောင့် အဖြစ်ဆိုးများကြုံရသနည်း’ နှင့် ‘ဘဝ၏ရည်ရွယ်ချက်ကားအဘယ်နည်း’ တို့ကဲ့သို့သောမေးခွန်းများ၏အဖြေကိုရှာဖို့ အရိုးခံဖြင့်စိတ်ဝင်စားကြသည်။
၆ ဆွစ်ဇာလန်နိုင်ငံရှိဇနီးမောင်နှံသည် နှစ်ဦးစလုံး ဘုရားမဲ့ဝါဒီများအဖြစ်ကြီးပြင်းခဲ့ကြသည်။ သူတို့သည် သမ္မာတရားကိုဦးဆုံးတွေ့ချိန်တွင် အပျက်သဘောဖြင့်တုံ့ပြန်ခဲ့ကြသည်။ သို့သော် သူတို့တွင် ကြီးလေးသောမိသားစုပြဿနာများရှိကာ ကွာရှင်းရန်စဉ်းစားနေကြသည်။ သက်သေခံများ နောက်တစ်ခါပြန်လည်ပတ်သည့်အခါ သူတို့၏ပြဿနာများအား အောင်မြင်စွာကျော်လွှားနိုင်ပုံကို မောင်နှံစုံအား သမ္မာကျမ်းစာထဲမှ ပြောပြခဲ့သည်။ မောင်နှံစုံသည် ကျမ်းစာတွင်ပါသည့်လက်တွေ့ကျအကြံဉာဏ်ကြောင့် အံ့အားသင့်ကာ ကျမ်းစာသင်ဖို့သဘောတူခဲ့သည်။ သူတို့၏အိမ်ထောင်သည် ခိုင်မြဲပြီး ဝိညာဉ်ရေးဘက်တိုးတက်ကာ နှစ်ခြင်းခံခဲ့ကြသည်။
၇ ဘုရားမဲ့ဝါဒီတစ်ဦးကို သင်ပြောနိုင်သည့်အရာ– တစ်စုံတစ်ဦးက သူသည် ဘုရားမဲ့ဝါဒီတစ်ဦးပါဟု သင့်အားပြောလာသည့်အခါ ထိုသို့သူပြောရသည့်အကြောင်းရင်းကိုသိရန် ကြိုးစားပါ။ ထိုသို့ပြောရခြင်းမှာ သူရရှိထားသည့်ပညာရေးကြောင့်လော၊ သူကြုံတွေ့ခဲ့ရသည့်ပြဿနာများကြောင့်လော သို့မဟုတ် သူတို့တွေ့မြင်ခဲ့ရသည့်ဘာသာရေးအရေခြုံမှုနှင့် မှားယွင်းသောသွန်သင်ချက်များကြောင့်လော။ သူ့အား “မိတ်ဆွေအမြဲတမ်းဒီလိုပဲသဘောထားခဲ့သလား” သို့မဟုတ် “ဘာအကြောင်းကြောင့် မိတ်ဆွေဒီလိုကောက်ချက်ချရသလဲ” ဟူ၍မေးနိုင်သည်။ သူ၏အဖြေက သင်ဘာပြောရမည်ကိုပိုင်းဖြတ်ရန် အကူအညီဖြစ်စေပါမည်။ ပိုင်နိုင်သည့်အကြောင်းပြချက်များလိုအပ်သည့်အခါ သင့်ကိုဂရုစိုက်သောဖန်ဆင်းရှင်တစ်ပါးရှိသလော [လိပ်] စာအုပ်သည် အကောင်းဆုံးဖြစ်ပေမည်။
၈ သင်သည် ဤသို့မေးခြင်းဖြင့် ဘုရားမဲ့ဝါဒီတစ်ဦးနှင့်စကားစမြည်ဆက်ပြောနိုင်ပေမည်–
◼ “‘ဘုရားတစ်ဆူရှိမယ်ဆိုရင် ကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခနဲ့မတရားမှုတွေ ဘာကြောင့်ဒီလောက်များနေရသလဲ’ လို့မိတ်ဆွေတွေးမိဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီအကြောင်းနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာရဲ့ရှုမြင်ပုံကို မိတ်ဆွေကိုပြပါရစေ။” ယေရမိ ၁၀:၂၃ ကိုဖတ်ပြပါ။ ယင်းကိုဖတ်ပြပြီးနောက် ကျမ်းချက်နှင့်ပတ်သက်၍ သူ့ယူဆချက်ကိုမေးပါ။ ထို့နောက် စစ်မဲ့ကမ္ဘာရှိနိုင်ပါဦးမည်လော [လိပ်] ဘရိုရှာရှိ စာမျက်နှာ ၁၆ နှင့် ၁၇ ကိုသူ့အားပြပါ။ သို့မဟုတ် ယင်းအစား ဖန်ဆင်းရှင် စာအုပ်၏အခန်း ၁၀ ကိုသင်အသုံးပြုနိုင်သည်။ စာအုပ်ကိုလက်ခံဖို့နှင့် အကြောင်းအရာကိုဖတ်ရှုဖို့ မေတ္တာရပ်ခံပါ။—ထပ်ဆင့်အကြံပြုချက်များအတွက် ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၂၀၀-၂ ကိုကြည့်ပါ။
၉ ဝန်ခံရမည်မှာ ဘုရားမဲ့ဝါဒီအားလုံးသည် သမ္မာတရားကိုလက်ခံကြမည်မဟုတ်ပါ။ သို့သော် အခြားရှုထောင့်ကိုသုံးသပ်လိုကြသူ များစွာရှိသည်။ သူတို့အား သမ္မာတရားကိုသိမြင်ရန်ကူညီပေးဖို့ ကျိုးကြောင်းဆင်ခြင်ခြင်း၊ သွေးဆောင်ခြင်းနှင့် ထိုထက်ကား ဘုရားသခင့်နှုတ်ကပါဌ်တော်၏အစွမ်းတန်ခိုးတို့ကို အသုံးပြုပါ။—တ. ၂၈:၂၃၊ ၂၄; ဟေဗြဲ ၄:၁၂။